မျက်ရည်လည်ရပါသည် || မောင်ဟစ် ||



“ဆရာဟစ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ကို ခရီးသွားနေတယ် ဆရာဟစ်”

“ဟုတ်တယ်လေ။ တရုတ် ဖိတ်လို့သွားတယ်မဟုတ်လား။ နိုင်ငံ့ခေါင်းဆောင်တွေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ဖိတ်ကြတာပဲ မဟုတ်လား”
“ဒါတော့ ဆရာဟစ်ရာ၊ စီးပွားရေးတို့၊ နယ်စပ်ရေးရာတို့ကို ဆွေးနွေးကြမှာပေါ့”

“ပြန်ရောက်တဲ့ နောက်မှာ အမေရိကန်ပြည်ထောင်စုကိုလည်း သွားဦးမယ်တဲ့”
“၂၁ ရာစု ပင်လုံကို ကျင်းပမယ်တဲ့၊ ဆရာဟစ် ဘာပြောချင်သေးလဲ”

အတော်ခက်သည့် ကွန်ညက်ပါလား။ ကွန်ညက်က ဂျာနယ်လစ်ဇင်သင်တန်းတွေ တက်လာသည်။ ပြီးတော့ သူက နေ့စဉ် သတင်းစာတိုက်တစ်ခုမှာ အလုပ်ဝင် လုပ်နေသည်။ သည်လို လုပ်ရင်း နိုင်ငံရေးကို စိတ်ဝင်စားလာပါသည်။ ဒါကြောင့် သူ့ကို ရှင်းပြရသည်။

“အင်း၊ ရက်တစ်ရာနောက်ပိုင်း နိုင်ငံရေး စတင်လှုပ်ရှားတာပေါ့။ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုမယ်ဆိုရင် အရေးပါတာက တရုတ်နဲ့ အမေရိကန်တို့ ဖြစ်နေတယ်”

“မဟုတ်တာ ဆရာဟစ်ရယ်။ ဒါက ပြည်တွင်းကိစ္စတွေ မဟုတ်လား”

“မှန်တယ် ကွန်ညက်။ မင်းမသိတာတွေ အများကြီးရှိသေးတယ်။ မင်းသိတယ် မဟုတ်လား ဆီးရီးယားနိုင်ငံ ဆိုတာ”

“သိပါတယ်”

“ဘယ်သူအုပ်ချုပ်လဲ”

“အာဆတ်ပါ”

“ဒီလို အချုပ်အခြာပိုင်တဲ့ နိုင်ငံမှာ နေတိုးက ဗုံးကြဲလိုက်၊ ရုရှားက ဗုံးကြဲလိုက်၊ အမေရိကန်တွေက ဒုံးတွေနဲ့ ပစ်လိုက်နဲ့ ဘာဆိုင်လို့ သူတို့က ပြည်တွင်းကိစ္စမှာ ၀င်ပြီး ပါဝင်လာတာလဲ”

“အင်း၊ ဆရာဟစ် ပြောတာလည်း ဟုတ်တာပဲ။ တရုတ်တို့ အမေရိကန်တို့က ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဆက်နွှယ်နေတဲ့ လုပ်ရပ်တစ်ခုလောက် ပြောပြပါလား”

“ဒါကတော့ လက်နက်ကိစ္စပေါ့။ သူတို့က လက်နက်ရောင်းလို့ရတယ်။ လက်နက်ပေးလို့လည်း ရတယ်”
“စစ်ဖြစ်အောင် လုပ်တာပေါ့”

“ဒီလိုလည်း မဟုတ်ဘူးကွ။ လက်နက်ဟာ စစ်ကိုလည်း ငြိမ်းစေတာပဲကွ”
**** **** ****
လက်နက်နဲ့ ပတ်သက်ပြီး ကွန်ညက်ကို ပြောပြပါသည်။



“မြန်မာပြည် လွတ်လပ်ရေး ဘယ်နှစ်ကရလဲ”

“ ၁၉၄၈ ခုနှစ်ကပါ”

“အေး၊ လွတ်လပ်ရေးရပြီးပြီးချင်း သုံးလအတွင်း တော်လှန်သူတွေ ပေါလာတယ်။ ကရင်သူပုန်တွေဟာ တစ်ပြည်လုံးလိုလိုကို သိမ်းပိုက်နိုင်ခဲ့တယ်။ ရန်ကုန်ဆိုရင် အင်းစိန်အထိ ကရင်သူပုန်တွေ သိမ်းထားတယ်”

“ဒါဆို အတော် နီးနေပြီပဲ”


“ဟုတ်တယ်။ မြန်မာအစိုးရဟာ ရန်ကုန်အစိုးရ ဖြစ်သွားလေတယ်။ ဒါပေမဲ့ ရန်ကုန်ကျသွားလို့မဖြစ်ဘူး။ ဒါဆိုရင် ဘာလုပ်ရမလဲ”
“တိုက်ကြရမှာပေါ့”


“တိုက်ဖို့ လက်နက်တွေမရှိဘူး။ အထူးသဖြင့် ကျည်ဆံတွေ မရှိတော့ဘူး”
“ကျည်ဆံမရှိရင် မတိုက်နိုင်ဘူးပေါ့”


“ဒီအခါ မြန်မာက အိန္ဒိယကို အကူအညီတောင်းတယ်။ အိန္ဒိယက အိမ်နီးနားချင်းကောင်း ပီသစွာ လေယာဉ်နဲ့ လက်နက်တွေကို ပို့ပေးတယ်”

“ပြန်တိုက်တာပေါ့”



“တိုက်တာပေါ့” တိုက်တဲ့အထဲမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေပါတယ်။ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ကလည်း သူ ကိုယ်တိုင် ပါဝင်တိုက်ခိုက်ခဲ့တဲ့ အင်းစိန်တိုက်ပွဲအကြောင်း ငါ့ကိုပြောပြတယ်”

“အစိုးရဘက်က နိုင်တာပေါ့ ဟုတ်လား”

“နိုင်လို့ တို့တစ်တွေ လွတ်လပ်ရေး မဆုံးရှုံးတာပေါ့။ မင်းကိုပြောချင်တာက လက်နက်ဟာ စစ်ကို ငြိမ်းစေနိုင်တယ်ဆိုတာ မင်းမမေ့ဖို့လိုတယ်”


**** **** ****
သို့သော် ကွန်ညက်က ခေသူမဟုတ်ပါ။ သူက ဆက်ပြောပါသည်။

“ဒါပေမဲ့ ဆရာဟစ် ဒါဟာ ၁၄ နှစ်ပဲခံတယ် မဟုတ်လား။ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းလိုက်တယ်လေ။ ဒါဆို လက်နက်ဆိုတာ မကောင်းတာတွေကို လုပ်တယ်လို့ မပြောနိုင်ဘူးလား”

“ဟုတ်တယ်လေ။ တို့တစ်တွေ ကံမကောင်းဘူးလို့ ပြောနိုင်တယ်။ တကယ်တော့ လက်နက်ဟာ စစ်ကိုလည်း ဖန်တီးတာ မဟုတ်သလို ငြိမ်းချမ်းရေးကိုလည်း ဖန်တီးတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ မင်းတွေ့မှာပါ။ တစ်ခါတစ်ခါ လက်နက်တွေဟာ စစ်ကိုရပ်တန့်စေတာတွေ အများကြီးပဲ။ ဥပမာ - ဟီရိုရှီးမားနဲ့ နဂါစကီမှာချတဲ့ အဏုမြူဗုံးလိုပေါ့”

“ရှင်းပြပါဦး ဆရာဟစ်”

“၁၉၄၅ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့နဲ့ ၉ ရက်နေ့တို့မှာ အမေရိကန်တွေဟာ ဟီရိုရှီးမားနဲ့ နဂါစကီမြို့တွေအပေါ် အဏုမြူဗုံးတစ်လုံးဆီ ချတယ်။ လူ သိန်းချီ သေကုန်တယ်”

“အတော်ပြင်းတဲ့ ဗုံးတွေပဲ”

“ဟုတ်တယ်။ အမေရိကန်က မင်းတို့ လက်နက်မချရင် တို့ဟာ ဂျပန်တစ်ပြည်လုံးကို ညက်ညက်ကြေအောင် ဗုံးကြဲမယ်လို့ ကြေညာတယ်။ ဒီအခါ ဂျပန်တွေ လက်နက်ချတယ်”

ဒုတိကမ္ဘာစစ်ပြီးပေမယ့် ကမ္ဘာမှာ နောက်ဆက်တွဲစစ်တွေ ရှိနေသေးတယ် မဟုတ်လား”

“ကိုရီးယားစစ်တို့၊ ဗီယက်နမ်စစ်တို့ ရှိတယ်။ အာဖရိကမှာလည်း စစ်ပွဲတွေဖြစ်တယ်။ စစ်ဟာ ဒီနေ့ထက်တိုင် ရပ်မှမရပ်ပဲ”

“ကျွန်တော်တို့ဆီတော့ စစ်အာဏာသိမ်းထားတာ ၂၀၁၀ မှာ အရပ်သားအစိုးရကို စလွှဲတယ် မဟုတ်လား”

“အမှန်အတိုင်းပြောရရင် ၁၉၈၈ ခုနှစ် အရေးအခင်းပြီးတဲ့နောက်မှာ ရွေးကောက်ပွဲ လုပ်သေးတယ်”

“၉၀ ရွေးကောက်ပွဲလား”

“ဟုတ်တယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ လုပ်တယ်။ ပြီးတော့ အာဏာမလွှဲဘူး”
“တကယ်တော့ ရွေးကောက်ပွဲဆိုတာ အာဏာလွှဲဖို့လုပ်တယ် မဟုတ်လား။ ဆရာဟစ်”

“ဟုတ်တယ်လေ။ ဗိုလ်ချုပ်မှူးကြီး စောမောင်တောင် ရွေးကောက်ပွဲပြီးလို့ အာဏာလွှဲပြီးရင် စစ်တန်းလျားပြန်မယ်လို့ ပြောခဲ့တာပဲ”

“အင်း၊ ကျွန်တော် မှတ်မိတယ်။ ကာတွန်းတစ်ခုမှာတောင် ရေးထားတယ်။ ဗိုလ်စောမောင် ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်ဆိုတာ ဘာလုပ်ဖို့လဲဆိုတော့ ဖြေတဲ့သူက သေနတ်ပြန်ယူမလို့တဲ့”

“ဗိုလ်ချုပ်မှူးကြီးစောမောင် နေရာမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တက်လာတယ်။ သူ့ရဲ့ လက်ထောက် ဗိုလ်ချုပ်ခင်ညွန့်က ရွေးကောက်ပွဲဟာ အခြေခံဥပဒေဆွဲဖို့ဆိုပြီး လွှတ်တော်ခေါ်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ဖမ်းပြီး ထောင်ထဲထည့်လိုက်တော့တယ်”

“အခြေခံဥပဒေတော့ ဆွဲလား”
“ဆွဲတယ် ၊ ၁၉၉၃ ကနေ ၂၀၀၈ အထိ ၁၅ နှစ်ကြာအောင် ရေးဆွဲတာပဲ”



**** **** ****

၂၀၁၀ တွင် ရွေးကောက်ပွဲလုပ်သော်လည်း အမတ်အများစုနှင့် အစိုးရအဖွဲ့သည် ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့မှ စစ်ဗိုလ်လူထွက်များသာ ဖြစ်သည်။ ၂၅ ရာခိုင်နှုန်း စစ်ဗိုလ်အစစ်များလည်း အခြေခံဥပဒေအရ အမတ်ဖြစ်လာသည်။ ၂၀၁၅ တွင်မူ NLD ( အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ) သောင်ပြိုကမ်းပြို အနိုင်ရသွားတော့သည်။ သည်အတွက် လွှတ်တော်ထဲ ပင်နီတွေ လွှမ်းခြုံခဲ့ပါသည်။ ဒါကို အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ သဘောကျ နှစ်သက်ကြောင်း ပြောခဲ့ပါသည်။ ဒီအကြောင်းနှင့် ပတ်သက်ပြီး ကွန်ညက်ကို ဆွေးနွေးပါသည်။

“ခု လူငယ်တွေ NLD ရဲ့ ပင်နီကို လွှတ်တော်ထဲမှာ မြင်နေရတော့ မျိုးချစ်စိတ်အရမ်းတက်ကြွ ခဲ့တယ်”

“ပင်နီဆိုတာနဲ့ မျိုးချစ်စိတ်ဟာ တွဲလျက်ပေါ်လာတာပဲကွ။ အိန္ဒိယကို လွတ်လပ်ရေးရအောင် ကြိုးပမ်းတဲ့ ခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီကို ကြည့်ပါလား။ သူက ပြည်တွင်းဖြစ် အ၀တ်အထည်ကိုပဲ ၀တ်တယ်”
 
“သူကိုယ်တိုင် ဗိုင်းငင်တဲ့ပုံတွေကို တွေ့ဖူးတယ်”

“နိုင်ငံရေးသုံးသပ်ချက် အများက သူ့ကို စက်မှုဖွံ့ဖြိုးမှုကို ဆန့်ကျင်သူ (Anti- industrialization ) လို့ ယူဆကြတယ်။ ဒါပေမဲ့ ဒီလိုမဟုတ်ဘူး”

“သူဟာ မျိုးချစ်စိတ်ထက်သန်စေဖို့ ရည်ရွယ်တယ် မဟုတ်လား”

“တကယ်တော့ ဂန္ဓီရဲ့ ရည်ရွယ်ချက်ဟာ ဒီထက်ပိုတယ်။ သူဟာ ကိုလိုနီစီးပွားရေးကို ဆန့်ကျင်တာပါ။ ဗြိတိသျှတွေကို အထိနာစေဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာပါပဲ။ လေ့လာသုံးသပ်ချက်အရ အိန္ဒိယရဲ့ အထည်အလိပ် လုပ်ငန်းဟာ ရှေးကတည်းက ထွန်းကားခဲ့တာပဲ။ ကိုလိုနီခေတ်မတိုင်မီ ထွန်းကားနေတဲ့ အထည်အလိပ် လုပ်ငန်းကို အိန္ဒိယက မြောင်းထဲရောက်အောင် လုပ်လိုက်တာပါ”

“ဘယ်လို လုပ်လိုက်တာလဲ”

“သူတို့ရဲ့ ပေါ်လစီကြောင့်ပါ။ နယ်ချဲ့တွေရဲ့ တက္ကနိုလိုဂျီဟာ ပိုမြင့်တယ်။ အရောင်အသွေး လှတယ်။ ဈေးပေါတယ်ဆိုတော့ အ၀ယ်လိုက်တာပေါ့။ ပြည်တွင်းဖြစ် ပစ္စည်းတွေရဲ့ ဈေးကွက် လုံးဝပျက်သွားတယ်ပေါ့။ နယ်ချဲ့တို့ရဲ့ ပေါ်လစီက အိန္ဒိယအထည်အလိပ် လုပ်ငန်း လုံးဝပျက်သွားအောင် လုပ်ဖို့ပါပဲ”

“ဘာလို့ ဒီလိုလုပ်ရတာလဲ”

“သူတို့ဟာ အိန္ဒိယကို ယှဉ်ပြိုင်ပြီးထုတ်လုပ်သူ (Competitor) အနေနဲ့ မလိုချင်ဘူး။ ကုန်ကြမ်းရောင်းသူအနေနဲ့ပဲ လိုချင်တယ်”

“အတော်ဆိုးတာပဲ”

“အိန္ဒိယက ၀ါဂွမ်းတွေ ထွက်တယ်။ ချည်ထည်တွေ ထုတ်တယ်။ ဒါပေမဲ့ သူတို့က ၀ါဂွမ်းပဲဝယ်ချင်တယ်။ အိန္ဒိယ ချည်ထည်တွေ အင်မတန်ကောင်းပေမယ့် ဒီရက်ကန်းတွေ စီးပွားပျက်သွားတယ်”

“ခုလည်း ဒီမှာ တရုတ်ပစ္စည်းတွေ ဈေးပေါပေါ ၀င်လာတော့ မြန်မာဈေးကွက်တွေ ပျက်တယ်၊ တလောက ပြင်ဦးလွင်က ပန်းစိုက်သူတွေက ဆန္ဒတွေပြတယ်။ အဓိကကတော့ တရုတ်ကနေ ၀င်လာတဲ့ ဈေးပေါပေါပန်းတွေကြောင့် ပြင်ဦးလွင်က ပန်းစိုက်တဲ့ တောင်သူတွေ ဒုက္ခရောက်ကုန်သတဲ့”

“ကျွန်တော်တို့ဆီက ဦးနာအောက်နဲ့ ဧရာဝတီကုမ္ပဏီတို့ ယှဉ်ပြိုင်သလို ဖြစ်တာပေါ့ ဟုတ်လား”

“မှန်ပါတယ်။ တကယ်တော့ မုတ္တမ ကူးတို့သင်္ဘောဟာ ဘယ်လောက်မှ ၀င်ငွေကောင်းတာ မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာသူဌေးတွေ ထွက်မလာဖို့ ရည်ရွယ်တယ်။ မြန်မာတွေ လုပ်ငန်းမလုပ်နိုင်အောင် ရည်ရွယ်တာပါပဲ”

“မဟတ္တမဂန္ဓီဟာ အိန္ဒိယမှာ ဒါကိုသဘောပေါက်တယ်ပေါ့”

“ဟုတ်ပါတယ်။ သူက ကိုလိုနီစနစ်ဆိုတာ စီးပွားရေးအခြေခံထားတယ်ဆိုတာကို ကောင်းကောင်း သဘောပေါက်တာပေါ့”

**** **** ****
“မြန်မာပြည်မှာလည်း ပြည်တွင်းဖြစ်ကို အားပေးပါဆိုတဲ့ ဆောင်ပုဒ်ထွက်သေးတယ် မဟုတ်လား”


“ဟုတ်ပါတယ်။ အချို့က ဒါကို မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေးအတွက် လုပ်တယ်လို့ ထင်ကြတယ်။ တကယ်တော့ ဒီလိုသက်သက်ချည်း မဟုတ်ဘူး။ တို့ရဲ့ စီးပွားရေး ၀ါးမျိုခံရလို့ တို့တစ်တွေ ဆင်းရဲသွားတာပဲ”

“တစ်ပြည်လုံး ဆင်းရဲတာ ဒါကြောင့်ပေါ့ ဟုတ်လား”

“ဟုတ်တယ်”

“ဆင်းရဲတွင်းက မတက်နိုင်တာ ဒါကြောင့်ပေါ့ ဟုတ်လား”

“ဟုတ်လား”

“ဆင်းရဲတွင်း ပိုနက် ...”

“တော်ပါပြီ ကွန်ညက်ရယ်။ အထည်မှန်သမျှ နိုင်ငံခြားက ၀င်လာတော့ တို့ မြန်မာပြည်သူ သန်း ငါးဆယ်ပဲထား တစ်နှစ် အကျီတစ်ထည်၊ ပုဆိုး ဒါမှမဟုတ် ဘောင်းဘီတစ်ထည် ၀ယ်မှာပဲ။ ပျမ်းမျှကို ပြောတာပါ။ တစ်ထည်ကို တစ်ဒေါ်လာပဲထား။ အဲဒီ သန်း ငါးဆယ်အတွက် ကျွန်တော်တို့ ဒေါ်လာသန်းတစ်ရာ ဆုံးရှုံးတယ်။ ဒါဟာ တစ်နှစ်တည်း မဟုတ်ဘူး။ နှစ်စဉ်ဆုံးရှုံးနေတော့တာပေါ့”

“အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ဆုံးရှုံးတာပေါ့”

“ဆင်းရဲတွင်းက မတက်နိုင်တာပေါ့”

“တော်ပါပြီကွန်ညက်ရယ်၊ ငါတောင် မျက်ရည်လည်လာပြီ”

“ဗြဲ”
မောင်ဟစ်

The Ladies News
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.