တရုတ်ရဲ့ မြန်မာအပေါ်နိုင်ကွက်၊ မြန်မာရဲ့ တရုတ်အပေါ်နိုင်ကွက် [သရ၀ဏ်(ပြည်)]


နိုင်ငံတကာဆက်ဆံရေးမှာ နိုင်ငံတွေဟာ တနိုင်ငံနဲ့တနိုင်ငံ ဘယ်လောက်ပဲစေတနာရှိပါတယ်၊ ကူညီချင် ပါတယ်၊ မိတ်ဆွေရင်းချာလို ဆက်ဆံကြပါမယ်ပဲပြောပြော တကယ်တမ်းကတော့ မိမိနိုင်ငံရဲ့ အကျိုး စီးပွားအတွက်ပဲ အဓိကစဉ်းစားပြီးမှ အရာရာကိုပြောဆို ဆုံးဖြတ်လုပ်ကိုင်ကြစမြဲပါ။ ဒါပေမဲ့ သံတမန် စကားလှလှလေးတွေနဲ့တော့ မိတ်ဝတ်မပျက်ဆက်ဆံရေးတို့၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးတို့၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့၊ သာတူညီမျှဝါဒတို့၊ ဘန်ဒေါင်းအခြေခံမူတို့၊ နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေးတို့စသည် ဖြင့် လူကြားကောင်းအောင်တော့ ပြောကြ၊ ရေးကြ၊ အကြောင်းပြကြ ရတာပေါ့။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီနေ့ ကမ္ဘာပေါ်မှာ နိုင်ငံတွေ အားလုံးဟာ အပေးအယူ အလျှော့အတင်းတွေနဲ့ ကိုယ့်နိုင်ငံအကျိုးရှိအောင်ပဲ လုပ်ကိုင်နေကြတာပါ။ ဒါကြောင့်ပဲ ပင်လယ်သမုဒ္ဒရာထဲက လူမနေတဲ့ ကျွန်းတွေကိုတောင် သူပိုင်ငါပိုင်ဆိုပြီး လုယက်နေကြတာ ရှက်ဖွယ်လိလိပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်ခြောက်ဆယ်လောက်က ဒီကျွန်းတွေကနေ ဘာအကျိုးအမြတ်မှမရှိခင်တုန်းက သက်ဆိုင်ရာ အိမ်နီး ချင်းနိုင်ငံတွေဟာ ဘယ်သူကမှ ဒီကျွန်းတွေကို သူတို့ပိုင်တယ်လို့ အသည်းအသန် မပြောခဲ့ကြပါဘူး။ အားလုံးဟာ ဘာသိဘာသာနေခဲ့ကြတာပါပဲ။ ဒါပေမဲ့ ဒီနေ့ ခေတ်သိပ္ပံပညာတိုးတက်လာပြီး သဘာဝ သယံဇာတတွေ အဲဒီလူမနေတဲ့ကျွန်းတွေပေါ်မှာရှိတယ်ဆိုတာလဲ သိလာကြရော လောဘဇောတိုက်ပြီး သူပိုင်ငါပိုင်လုလာလိုက်ကြတာ မြင်မကောင်း ရှုမကောင်းအောင်ပါပဲ။

ဒါ့ကြောင့် အိမ်နီးနားချင်းဆိုတာ တကယ်တော့ သူတော်ကောင်းယောင်ဆောင်နေတဲ့ ရန်သူတွေပါပဲ။ တကယ်တမ်း လောဘတက်လာစရာရှိလာတဲ့အခါ သူတို့ရဲ့မင်းသားခေါင်းဆောင်းထားတဲ့ မျက်နှာဖုံးတွေ ကွာကျပြီး ဘီလူးခေါင်းဟာ အစွယ်တဖွေးဖွေးနဲ့ ထွက်လာကြစမြဲ မဟုတ်ပါလား။ ဒါ့ကြောင့် တောင်တရုတ် ပင်လယ်ထဲက ကျွန်းတချို့ကို ဖိလစ်ပိုင်နိုင်ငံက ပိုင်ဆိုင်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂခုံရုံးက ဆုံးဖြတ်ပေးခဲ့ ပေမယ့် တရုတ်နိုင်ငံကလက်မခံဘဲ သူတို့အပိုင်လုပ်ပြီး လူလုပ်ကျွန်းတုတွေဆောက်ပြီး မောင်ပိုင်စီးထားတာ ခုထိ ကမ္ဘာမှာရော၊ ဒေသတွင်းမှာ ပါရှင်းမရ ပြုမရတဲ့ ပြဿနာကြီးဖြစ်နေတော့တာမဟုတ်လား။ အဲဒီတော့ နိုင်ငံတွေဟာ မနိုင်နိုင်ရာကိုင်ကြတာများပါတယ်။ ဖိလစ်ပိုင်ဟာ ကုလသမဂ္ဂဆုံးဖြတ်ချက်ကိုကိုင်တယ်၊ သူဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်လို့ အာဆီယံထိပ်သီးအစည်းအဝေးမှာ တောင်တရုတ်ပင်လယ်က အငြင်းပွားကျွန်းကိစ္စမှာ တရုတ်ကိုရှုတ်ချတဲ့ဆုံးဖြတ်ချက် ချမှတ်ထုတ်ပြန် ကြေညာဖို့ သံတမန်ရေးကြိုးစား တယ်။ အာဆီယံကို အားကိုးရှာတယ်။ ဒါပေမဲ့ တရုတ်က သူ့ထက်ပိုပြီးလည်တယ်။ ဒီလိုကိစ္စတွေမှာ အံခွနေပြီမို့ အာဆီယံရဲ့ အားနည်းချက်ကိုရှာတယ်။ တွေ့ပြီ။ အာဆီယံမှာ ကမ္ဘောဒီးယားဟာ ဆင်းရဲတယ်။ တရုတ်ရဲ့ ချေးငွေတွေကို မီခိုအားထားနေရတယ်။ အဲဒီကမ္ဘောဒီးယားကို တရုတ်ဟာ ချေးငွေတွေ၊ ထောက်ပံ့ငွေတွေ ပုံအောပြီး ပေးပစ်လိုက်တယ်။ တရုတ်ရဲ့ တပည့်မွေးဆရာမွေးစီမံကိန်းဟာ အတော် အလုပ်ဖြစ်တယ်။ ကမ္ဘောဒီးယားဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ တနိုင်ငံဖြစ်ပေမယ့် ကိုယ့်အာဆီယံနိုင်ငံဘက်ကမလိုက်ဘဲ တရုတ်ကို ပြစ်တင်ရှုတ်ချမယ့် အဆိုမှန်သမျှကို ခါးခါးသီးသီးကန့်ကွက်တော့တယ်။ သိတဲ့အတိုင်း အာဆီယံဆိုတာကလည်းအသံသာမြည်ပြီး အဆံမရှိတဲ့ သင်္ကြန်အမြောက်ဆိုတော့ အသင်းဝင်တနိုင်ငံက ကန့်ကွက်လိုက်တာနဲ့ ဟိုလိုလိုသည်လိုလိုနဲ့ ပြီးသွားတတ်တာထုံးစံပါပဲ။ ဒါကြောင့် နိုင်ငံတကာဆက်ဆံ ရေးဆိုတာ လူကြားကောင်းအောင် စကားလုံးလှလှလေးတွေနဲ့ ပြောနေကြပေမယ့် တကယ့်တကယ်တမ်း မှာတော့ ကိုယ်နိုင်မယ် ထင်တဲ့ အကွက်တွေကို ကိုင်နေကြတာပါပဲ။ အဲဒါကြောင့် IS လို အကြမ်းဖက်အဖွဲ့ကို တိုက်ဖျက်တာတောင်မှ ကိုယ့်အကျိုးစီးပွားကို အဓိထားပြီး လုပ်နေကြတာပါ။ ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံ ထွက်သွားတာလည်း ဥရောပအိမ်နီးချင်းရယ်၊ ဘာရယ်ဆိုတာထက် သူတို့ ဂရိတ်ဗြိတိန်အတွက် ပိုပြီးအကျိုး ရှိမယ်ထင်လို့ပါ။ မလေးရှားဟာ အရင်က စင်ကာပူနိုင်ငံကို သောက်သုံးရေတင်ပို့ပြီး နိုင်ကွက်တခု ယူထားပါ တယ်။ ဒီအားနည်းချက်ကိုသိတဲ့ စင်ကာပူခေါင်းဆောင်လီကွမ်ယုဟာ သူ့နိုင်ငံမှာပဲ ပင်လယ်ရေငန်ကို ရေချိုဖြစ် အောင်လုပ်နိုင်တဲ့နည်းပညာကိုရအောင် တည်ဆောက်ပြီး မလေးရှားကိုမှီခိုအားထားနေရတဲ့အဖြစ်ကနေ ရုန်းထွက်ခဲ့ပါတယ်။ ဒါ့ကြောင့် ကမ္ဘာကြီးမှာ ပိုက်ဆံချမ်းသာတဲ့နိုင်ငံက ငွေအင်အားနဲ့၊ သဘာဝ သယံဇာတ ချမ်းသာတဲ့နိုင်ငံက သဘာဝသယံဇာတနဲ့၊ ပထ၀ီနိုင်ငံရေးအရ အရေးပါတဲ့နိုင်ငံတွေက ပထ၀ီနိုင်ငံရေးနဲ့ တနိုင်ငံနဲ့ တနိုင်ငံ နိုင်ကွက်တွေ ကိုင်တတ်ကြပါတယ်။

မြန်မာနိုင်ငံဟာ ပထ၀ီနိုင်ငံရေးအရ အိမ်နီးချင်းနိုင်ငံ(၅) နိုင်ငံတောင်ရှိတဲ့ ထူးခြားတဲ့နိုင်ငံဖြစ်ပါတယ်။ ပင်လယ်ထွက်ပေါက်အကျယ်ကြီး ရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ အဲဒီလိုအိမ်နီးချင်း (၅) နိုင်ငံရှိတဲ့အထဲမှာ တရုတ်နိုင်ငံအပါအ၀င်ဖြစ်နေတာလည်း မြန်မာအတွက် ကံမကောင်းစေတဲ့ အချက်တချက်လို ဖြစ်နေခဲ့ပါတယ်။ အိမ်နီးချင်း (၅)နိုင်ငံအနက် မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ လာအိုနိုင်ငံတို့နဲ့ သမိုင်းတလျှောက် စစ်မက်ဖြစ်ပွားခဲ့ခြင်းမရှိဖူးဘဲ တရုတ်၊ ယိုးဒယားနိုင်ငံများနဲ့တော့ စစ်ပွဲများ ဖြစ်ပွားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒါဟာ ရှေးပဒေသရာဇ်ခေတ်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လွတ်လပ်ရေးရပြီးတဲ့နောက် မြန်မာဟာ ဘယ်အိမ်နီးချင်းနိုင်ငံနဲ့မှစစ်မက်ဖြစ်ပွားခြင်းမရှိတော့ပါဘူး။ တရုတ်နဲ့မြန်မာနိုင်ငံဟာ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့အပြင် နယ်နိမိတ်ချင်းထိစပ်နေတဲ့ နယ်စပ်ရှည်လျားတာ၊ အဲဒီနယ်စပ်တလျှောက် မြန်မာနိုင်ငံ ဘက်မှာ တိုင်းရင်းသားလူမျိုးစုတွေနေထိုင်ကြတာကြောင့် အတော်ကို အရေးပါတဲ့အိမ်နီးချင်းနိုင်ငံ ဖြစ်ခဲ့ပါ တယ်။ အရင်ကတော့ တရုတ်ပြည်ဟာ ဆင်းရဲတဲ့နိုင်ငံတနိုင်ငံပါ။ ဒါပေမဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေပြု လုပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွေ ပြင်းပြင်းထန်ထန်လုပ်ဆောင်အပြီးမှာတော့ တရုတ်ဟာ ချမ်းသာ တဲ့နိုင်ငံတနိုင်ငံ ဖြစ်လာပါတယ်။ စီးပွားရေးမှာလည်း ကမ္ဘာ့အင်အားကြီးနိုင်ငံတနိုင်ငံ ဖြစ်လာပါတော့တယ်။

တရုတ်ဟာ စီးပွားရေးနဲ့နိုင်ငံရေးမှာ အင်မတန်အကင်းပါးတဲ့ နိုင်ငံဖြစ်တာကြောင့် သမိုင်းတလျှောက် မြန်မာနဲ့ဆက်ဆံခဲ့တဲ့အခါ ချဉ်းကပ်မှုအမျိုးမျိုးနဲ့ သူ့ဘက်ကအသာစီးရအောင် မူဝါဒပိုင်းကို မျက်ခြည်မပြတ် စောင့်ကြည့်ပြီး ဂရုတစိုက်နဲ့ ပြောင်းလဲခဲ့နိုင်တာတွေ့နိုင်ပါတယ်။ ဥပမာ အရင်က တရုတ်ကွန်မြူနစ်ပါတီဟာ ဦးနုအစိုးရ၊ ဦးနေ၀င်းအစိုးရ လက်ထက်များမှာ အစိုးရနဲ့ထိတွေ့ဆက်ဆံမှုမလုပ်ဘဲ အဓိကစစ်ရေး အတိုက်အခံ အုပ်စုဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ကိုပဲ ပုံအော ထောက်ခံခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ၁၉၈၈ ကစလို့ တရုတ်အစိုးရဟာ သူတို့မူဝါဒကို ဂငယ်ကွေ့ကွေ့ချလိုက်သလို ကွန်မြူနစ် တွေကို ထောက်ခံတာရပ်စဲပြီး အာဏာသိမ်းစစ်အစိုးရကို ထောက်ခံခဲ့ပါတော့တယ်။ အဲဒီအချိန်က မြန်မာအစိုးရ ဘက်က အားနည်းချက်တွေကို တရုတ်အစိုးရဟာ ကောင်းကောင်းသဘောပေါက်ပြီး အမိအရဆုပ်ကိုင် အသုံးချ နိုင်ခဲ့ပါတယ်။ မြန်မာစစ်အစိုးရရဲ့ နံပါတ်တစ် အားနည်းချက်ကတော့ ကုလသမဂ္ဂ၊ အမေရိကန်အပါအ၀င် အနောက်ကမ္ဘာနဲ့ ဆက်ဆံရေးဆိုးရွားနေပြီး တကမ္ဘာလုံးနဲ့တယောက်ဆိုသလို မိတ်ဆွေမရှိဘဲ အထီးကျန်နေ တာပါ။ အဲဒါကြောင့် သူတို့ကိုအဆက်အဆံလုပ်မယ့်၊ သူတို့ကို ကုလသမဂ္ဂမှာ ကာကွယ်ပေးမယ့် တရုတ် နိုင်ငံကို လုံးလုံးလျားလျား အလျှော့ပေး လိုက်လျောပြီး ပေါင်းခဲ့ရပါတော့တယ်။ ကုလသမဂ္ဂမှာ လိုအပ်လာတိုင်း တရုတ်က မြန်မာအစိုးရကို အကာအကွယ်ပေးခဲ့ရသလို တရုတ်ဘက်က လိုအပ်နေတဲ့ နိုင်ငံရေး စီးပွားရေး တောင်းဆိုချက် အားလုံးကို ဈေးပေါပေါနဲ့ မြန်မာကဖြည့်ဆည်းပေးခဲ့ရတာပါ။ မြန်မာအစိုးရရဲ့ နံပါတ်နှစ် အားနည်းချက်ကတော့ မြန်မာ့တပ်မတော်အတွက် အစောပိုင်းကာလတွေမှာ စစ်လက်နက်ပစ္စည်းတွေ ဘယ်ကမှ ၀ယ်ယူမရတာဖြစ်ပါတယ်။ အဲဒါကြောင့် တရုတ်အစိုးရဟာ နိုင်ကွက်ကို ကောင်းကောင်းအသုံးချပြီး မြန်မာဘက်က လိုအပ်တဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းချပေးခဲ့ပြီး မြန်မာ့တပ်မတော်ကို ထောက်ခံပေးခဲ့ကာ အပြန်အလှန်အနေနဲ့ သူတို့လိုအပ်တာမှန်သမျှ မြန်မာဘက်က ဖြည့်ဆည်းပေးခဲ့ရတာပါပဲ။ အဲဒီအချိန်တုန်းက မြန်မာစစ်အစိုးရမှာ တရုတ်ကိုအာခံနိုင်တဲ့ နိုင်ကွက်ဆိုတာ မရှိသလောက် နည်းပါးပါတယ်။ မြန်မာနဲ့ တရုတ်ရဲ့ ၁၉၈၈ က ၂၀၁၀ အထိ ဆက်ဆံရေးရာ ဆရာတပည့်ဆက်ဆံရေး အဆင့်ပဲရှိခဲ့တာပါ။ တရုတ်က ဆရာ၊ စစ်အစိုးရကတော့ တရုတ်နောက်လိုက်ပေါ့။

အခုတော့ရောတဲ့။ အခုအခါမှာတော့ မြန်မာဟာအရင်လို နိုင်ငံတကာက ၀ိုင်းကြဉ်ထားတဲ့ အထီးကျန်နိုင်ငံ တနိုင်ငံမဟုတ်တော့ပါဘူး။ နိုင်ငံတကာမှာ ထိုက်သင့်သလောက် လူရာဝင်လာပြီး အားလုံးက တန်ဖိုးထား လေးစားခံလာရပါပြီ။ အဲဒီအချိန်မှာ မြန်မာ-တရုတ်နှစ်နိုင်ငံဆက်ဆံရေးဟာ အရင်လို တလမ်းသွား မဟုတ် တော့ပါဘူး။ နှစ်နိုင်ငံလုံးဘက်မှာ အားနည်းချက်တွေ၊ အားသာချက်တွေနဲ့ နိုင်ကွက်ကိုယ်စီ ရှိနေခဲ့ပါပြီ။ ဒါပေမဲ့ လူဆိုတာ ကိုယ့်အားသာချက်ကို အားသာချက်လို့ သိဖို့လိုသလို သူများအားနည်းချက်ကို နိုင်ကွက် ဟာနိုင်ကွက်လို့ သိဖို့လိုမှာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ တရုတ်ဘက်ကရော မြန်မာဘက်ကပါ နိုင်ကွက်ကိုယ်စီရှိနေကြပြီ ဖြစ်ပါတယ်။ တရုတ်ဘက်က မြန်မာကို နိုင်ကွက်ကတော့ အရင်တုန်းကလို စစ်လက်နက်တွေပြိုင်ဘက်မရှိ ရောင်းချပေးတာ၊ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုအရေးယူမယ့် ဆုံးဖြတ်ချက်မှန် သမျှ ဗီတိုအာဏာနဲ့ပယ်ချပေးတာတွေ မဟုတ်တော့ပါဘူး။ ကမ္ဘောဒီးယားကို ချေးငွေတွေနဲ့ နိုင်ကွက်ယူသလို လည်း မြန်မာအပေါ်မှာ နိုင်ကွက်မယူနိုင်တော့ပါဘူး။ တရုတ်နိုင်ငံရဲ့ နှစ်တိုနှစ်ရှည်ချေးငွေအချို့ မြန်မာအစိုးရ အပေါ်မှာရှိပေမယ့် မြန်မာဟာ တရုတ်တနိုင်ငံတည်းကချေးငွေနဲ့ ရှင်သန်နေရတာတော့ မဟုတ်ပါဘူး။ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့  (IMF)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ဂျပန်နိုင်ငံချေးငွေ၊ ဥရောပသမဂ္ဂထောက်ပံ့ငွေ စတဲ့အဖွဲ့အစည်းနဲ့ နိုင်ငံတွေဆီက ငွေကြေးအကူအညီတွေလည်း ရရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ရုရှားနိုင်ငံလိုနိုင်ငံမျိုးက စစ်လက်နက်ပစ္စည်းတွေလည်း ၀ယ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ စတဲ့နိုင်ငံတွေဆီက စီးပွားရေးပိတ်ဆို့မှု အတော်များများလည်း ကင်းလွတ်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်က မြန်မာနိုင်ငံအပေါ်မှာ ကိုင်ထားနိုင်တဲ့နိုင်ကွက်ဆိုတာ ၀၊ မိုင်း လား၊ ကိုးကန့်စတဲ့ တရုတ်နိုင်ငံနယ်စပ်မျဉ်းတလျှောက်မှာ အခြေပြုလှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအပေါ်မှာ ကြီးကြီးမားမားသြဇာသက်ရောက်နေတာဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေဟာ မြန်မာနိုင်ငံမှာ အခြေစိုက်ပေမယ့် အမေကျော်ဒွေးတော်လွမ်းဆိုသလို တရုတ်ရဲ့ သြဇာကို လုံးလုံးလျားလျားခံယူထားသူများ ဖြစ်ပါတယ်။ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)ဟာ တရားဝင်လက်နက်ကိုင်အင်အားတပ်ဖွဲ့ဝင် ၂၀၀၀ ပဲရှိပေမယ့် သူတို့ရဲ့အဖျက်စွမ်းအားဟာကြီးမားလှကြောင်း၊ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့လောက်ကိုင်စစ်ပွဲဟာ သက်သေခံပဲ ဖြစ်ပါတယ်။ လူ ၂,၀၀၀ ပဲ အင်အားရှိတဲ့အဖွဲ့ရဲ့ နောက်ကွယ်မှာ တရုတ်ရဲ့ သြဇာဟာ ကြီးမားလှပါတယ်။ အဲဒီနေရာမှာတပ်ဖွဲ့ဝင်အင်အား ၃၀,၀၀၀ နဲ့ (အရန်တပ်သား အင်အား ၁၀၀၀၀)ရှိတဲ့ ၀လက်နက်ကိုင်အဖွဲ့ (UWSA) နဲ့သာ ရင်ဆိုင်ရရင် မြန်မာအစိုးရအတွက် ဘယ်လောက်ခက်ခဲမယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ၀အဖွဲ့ဟာ မြန်မာနိုင်ငံထဲမှာရှိနေပေမယ့် တရုတ်သြဇာအကြွင်းမဲ့ သက်ရောက်နေတဲ့ဒေသ ဖြစ်ပါတယ်။ ဥပမာ အထူးဒေသ(၄)ရဲ့ အဓိကမြို့တော် မိုင်းလား(Mong La)ဆိုရင် မြန်မာနိုင်ငံရဲ့ ပထ၀ီပိုင် နက်ထဲမှာရှိတယ်လို့ စာရွက်ပေါ်မှာပြောကြပေမယ့် တကယ့်လက်တွေ့မှာ တရုတ်သြဇာလွှမ်းမိုးမှုအောက်ကို ရာနှုန်းပြည့်နီးပါးကျရောက်နေတဲ့ မြို့ဖြစ်ပါတယ်။ မိုင်းလားမြို့ဟာ မြန်မာပြည်မှာရှိတယ်ဆိုပေမယ့် မြို့မှာရှိတဲ့ ဆိုင်းဘုတ်တွေအားလုံးကို တရုတ်ဘာသာနဲ့ရေးထားပါတယ်။ သုံးတဲ့ငွေကလည်း တရုတ်ယွမ်ငွေဖြစ်ပါတယ်။ ဖုန်းကွန်ရက်တွေကလည်း တရုတ်ဖုန်းလိုင်းတွေ။ ကြည့်တဲ့ရုပ်မြင်သံကြားလိုင်းတွေကလည်း တရုတ်ချန်နယ် တွေ၊ ပြောတဲ့စကားကလည်း တရုတ်စကား၊ ရေးတဲ့စာက တရုတ်စာ၊ အချိန်တောင်မှ နာရီတွေဟာ တရုတ်ပြည် ဘေဂျင်းစံတော်ချိန်ဖြစ်နေတယ်။ မြန်မာနိုင်ငံအလံတော်တောင်မှ အဲဒီမြို့မှ လွှင့်ရဲ့လား။ နိုင်ငံတော်သီချင်း ကိုရတဲ့သူ ဘယ်နှယောက်ရှိသလဲ။ အဲဒီမှာရဲကလည်း မြန်မာပြည်သူ့ရဲ မဟုတ်ဘူး၊ မြို့ကို အုပ်ချုပ်နေတဲ့ခေါင်း ဆောင်တွေ စိတ်ကြိုက်ဖွဲ့စည်းထားတဲ့ ရဲတပ်ဖွဲ့ဖြစ်ပါတယ်။ မြို့ထဲမှာလည်း AK 47 သေနတ်တွေကိုကိုင်ပြီး ကင်းလှည့်နေတဲ့ အစိမ်းရောင်စစ်သားတွေကို တွေ့ရမှာဖြစ်ပါတယ်။ သေချာတာကတော့ အဲဒီစစ်သားတွေဟာ မြန်မာ့တပ်မတော်သားတွေ မဟုတ်ပါဘူး။ မိုင်းလားဟာ မြန်မာ့မြေပိုင်နက်ဆိုပေမယ့် ရွေးကောက်ပွဲကော်မရှင် မရှိပါဘူး။ ရွေးကောက်ပွဲလည်း တခါမှမကျင်းပနိုင်ခဲ့ပါဘူး။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာ သုံးရပ်စလုံးဟာ မြန်မာအစိုးရရဲ့အာဏာ ဘာမှမရှိပါဘူး။ ဆိုရရင် တရုတ်-မြန်မာနယ်စပ်က အဲဒီနယ်မြေတွေ ဟာ မြန်မာကို တရုတ်က နိုင်ကွက်တခုရသလို ဖြစ်နေပါတယ်။

စစ်ရေးတင်းမာမှုဖြစ်ပေါ်လာခဲ့ရင် '၀'စစ်သားလား၊ တရုတ်စစ်သားလားဆိုတာလဲ ခွဲခြားရအတော်ခက်ခဲလာမယ့် သဘောရှိပါတယ်။ ယခုတောင် '၀'နဲ့ မိုင်းလားအဖွဲ့ဟာ အခြားတိုင်းရင်းသားတော်တော်များများမရရှိခဲ့တဲ့ အထူးအခွင့်အရေးတွေအားလုံးကို ရရှိထားပါတယ်။

'၀'အဖွဲ့ဆိုလို့ရှိရင် လေယာဉ်ပစ်အမြောက်တွေ၊ ဟယ်လီကော်ပတာတွေတောင် ရှိတယ်လို့ အချို့က ပြောကြပါတယ် (၀အဖွဲ့ကတော့ ငြင်းပါတယ်)။ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုဥပဒေဟာလည်း မိုင်းလားမှာ အသုံးချနိုင်ခြင်းမရှိပါဘူး။ မိုင်းလားမှာ လောင်းကစားလုပ်ငန်းတွေဟာ တရားဝင်ဖြစ်ပါတယ်။ တားမြစ်ထားတဲ့ သားရဲတိရစ္ဆာန်အားလုံးကို တရားဝင်ရောင်းဝယ်ဖောက်ကားနိုင်ပါတယ်။ ဒီနေရာတွေဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အချိန်မရွေးထပေါက်ကွဲနိုင်တဲ့ ယမ်းပုံကြီးတခုလိုဖြစ်နေပြီး မိုင်းလားနယ်မြေ၊ ၀နယ်မြေ၊ ကိုးကန့်ဒေသများဟာ တရုတ်တို့ရဲ့ မြန်မာ အပေါ်နိုင်ကွက်တခု၊ နောက်ပြီး တရုတ်မြန်မာနယ်စပ်တလျှောက် တပ်စွဲထားကြတဲ့ UWSA, KIA, RCSS, SSPP, MNDAA စတဲ့ လက်နက်ကိုင်တပ်တွေရှိနေတဲ့အဖြစ်ဟာ တရုတ်ရဲ့မြန်မာအပေါ် အချိန်မရွေးအနှောင့်အယှက်ပေးနိုင်တဲ့ နိုင်ကွက်တွေပါပဲ။ ၀န်ကြီးချုပ်ဦးနုလက်ထက်က ဖီမော်၊ ဂေါ်လန်၊ ဂန်ဖန်ဆိုတဲ့ ကချင်ရွာသုံးရွာကို မြန်မာက တရုတ်ကိုပေးလိုက်ရတာကမှ တရားဝင်နယ်နိမိတ် စာချုပ်ချုပ်ရင်း တခြားနယ်တွေနဲ့အပေးအယူလုပ်လိုက်ရတာမို့ ကြားလို့ကောင်းပါသေးတယ်။ အခုဆိုရင် မြန်မာ့ပိုင်နက်အချို့ဟာ တရားဝင်မဟုတ်ဘဲ တရုတ်လက် အောက်ရောက်ရမယ့်ကိန်း ဖြစ်နေပါတယ်။

ဒါဆိုရင် မြန်မာဘက်ကရော တရုတ်ပေါ်မှာနိုင်ကွက်က ဘာလဲဆိုရင် ရှင်းရှင်းလေးပါ။ တရုတ်အသည်းအသန် လုပ်ချင်နေတဲ့ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းဟာ မြန်မာက တရုတ်နဂါးကြီးကို ဇက်ကြိုးတင်း တင်းကိုင်ထား နိုင်တဲ့ နိုင်ကွက်နံပါတ်တစ်ဖြစ်ပါတယ်။ တရုတ်ဟာ အဲဒီမြစ်ဆုံစီမံကိန်းကို လုပ်ချင်လွန်းလို့ ဣနြေ္ဒမရဖြစ် နေပါတယ်။ ဟိုလူကို မြန်မာပြည်ကို လွှတ်လိုက်၊ သည်လူကို မြန်မာပြည်လွှတ်လိုက်၊ ဟိုလူကို တရုတ် ပြည်ဖိတ်လိုက်၊ သည်လူကိုဖိတ်လိုက်နဲ့ ဆောက်တည်ရာမရဖြစ်နေပါတယ်။ မြစ်ဆုံဆည်စီမံကိန်းကို ရပ်တန့် ထားမယ်လို့ ယခင်အစိုးရက ကြေညာလိုက်တော့ တရုတ်အစိုးရဟာ အိမ်မြှောင်အမြီးပြတ်သလို၊ တီကောင် ဆားပက်ခံရသလို ဖြစ်နေတာ အထင်အရှားတွေ့မြင်နိုင်ပါတယ်။ အရင်ကတခါဖူးမှ ဆေးဖော်ကြောဖက် မလုပ်ခဲ့တဲ့ NLD ပါတီနဲ့ ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ အနိုင်ရပြီး အစိုးရဖြစ်ဖို့ အလားအလာလည်းရှိလာရော အာဏာတောင်မရသေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့ ခေါင်းဆောင်တယောက်အဆင့်မျိုးနဲ့ တရုတ်ကိုဖိတ်ခေါ်ခဲ့တာလည်း တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် တို့ကိုချစ်လွန်းလို့ထက် သူတို့အကျိုးစီးပွားအတွက် အဓိကပါ။ အခုလည်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ခေါင်းဆောင်တွေက သူတို့နိုင်ငံကို လေးလေးစားစား ဖိတ်ခေါ်ခဲ့ပါပြီ။ ဒါဟာလည်း မြစ်ဆုံအပါအ၀င် သူတို့ရဲ့လိုလားချက်တွေအတွက် အဓိကဖြစ်ပါတယ်။ မြန်မာဘက်က အဲဒီ အားသားချက်ကို ကောင်းကောင်းချင့်ချိန် အသုံးချရမှာဖြစ်ပါတယ်။

မြစ်ဆုံဆည်ပြန်လည်တည်ဆောက်မှု၊ မတည်ဆောက်မှုဟာ မြန်မာတနိုင်ငံလုံးနဲ့ဆိုင်တဲ့အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲကျင်းပပြီးမှသာ YES (or) NO အဖြေတခုကို ပေးသင့်ပါတယ်။ တရုတ်တို့ရဲ့ပျော့ကွက်ကို မြန်မာဘက်က အချိန်ဆွဲပြီးသေသေချာချာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒီကိစ္စမှာ အညှာမလွယ်သင့်ပါ။ ဒီကိစ္စဆွေးနွေးဖို့ရှိနေသမျှ မြန်မာဘက်က နိုင်ဖဲတချပ် ရှိနေသလို ဖြစ်မှာပါ။ နောက်ထပ်နိုင်ကွက် တခုကတော့ တရုတ်နိုင်ငံဟာ သူတို့နိုင်ငံရဲ့အနောက်ဘက်မှာ ပင်လယ်ထွက်ပေါက်မရှိဘဲ ကုန်းပိတ်နိုင်ငံဖြစ်နေတာကို အတော်လေးမခံချိမခံသာ ဖြစ်နေပါတယ်။ သူတို့ နိုင်ငံက ထွက်ကုန်တွေကို ပင်လယ်ဆီပို့ဆောင်ဖို့ မြန်မာနိုင်ငံထဲကနေ ဖြတ်ထုတ်ဖို့ ကျောက်ဖြူကို မျက်စောင်း ထိုးနေပါတယ်။ ကူမင်းကနေ ကျောက်ဖြူကို ကူမင်းကျောက်ဖြူလမ်းဖောက်ချင်နေပါတယ်။ အဲဒိစီမံကိန်းကို One belt, One road မဟာဗျူဟာမြောက် စီမံကိန်းလို့တောင် အမည်ပေးထားပါတယ်။ မြန်မာနိုင်ငံအတွက် အဲဒိစီမံကိန်းမရှိလည်း ဘာမှအရေးမကြီးပါဘူး။ ဘာမှလဲ တိုင်းပြည်နစ်နာသွား စရာမရှိပါဘူး။ ဒါပေမဲ့ တရုတ်အတွက်တော့ အဲဒီပင်လယ်ထွက်ပေါက်ရသွားစေမယ့်စီမံကိန်းဟာ သူတို့နိုင်ငံကို အကြီးအကျယ် အကျိုးရှိစေမယ့် စီမံကိန်းဖြစ်ပါတယ်။ ဒါ့ကြောင့် မြစ်ဆုံဆည်စီမံကိန်း၊ ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံ ကိန်းတွေဟာ တရုတ်အပေါ်ကို မြန်မာက ကောင်းကောင်းနိုင်ကွက်ရနိုင်တဲ့အချက်တွေ ဖြစ်ပါတယ်။ ဒီစီမံကိန်းတွေကိုခွင့်ပြုပေးရမယ်လို့ မဆိုလိုပါဘူး။ ဒီစီမံကိန်းဟာ မြန်မာ့အချုပ်အခြာအာဏာကို တရုတ်တွေ မြန်မာ့မြေမှာ ၀င်စွက်ဖက်လာနိုင်တဲ့စီမံကိန်းတွေဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံနိုင်ငံဆက်ဆံတဲ့အခါမှာ ကိုယ့်နိုင်ငံ က ပထ၀ီနိုင်ငံရေး(Geo-politics)အရ အားသာချက်တွေ၊ နိုင်ကွက်တွေရှိနေတာကိုသိဖို့ လိုသလို ကိုယ့်နိုင်ငံရဲ့ အားနည်းချက်တွေ ပျော့ကွက်တွေရှိနေတာကိုလည်း သေသေချာချာ ရှင်းရှင်းလင်းလင်းသဘောပေါက်ထားဖို့ လိုမှာ ဖြစ်ပါတယ်။ အဲဒီလိုသဘောပေါက်သွားပြီဆိုရင် သူတို့ခြောက်တိုင်းလည်း ကြောက်စရာမလိုသလို ကိုယ်တွေရထားတဲ့နိုင်ကွက်တွေအတွက် ပေါပေါပဲပဲနဲ့ မြှောက်တိုင်းလဲ မမြောက်ဖို့လိုပါတယ်။ တပည့်တော်တို့ က တရုတ်ကိုလည်း ကြောက်ရပါတယ်ဘုရားဆိုတဲ့ ရာဇ၀င်တွင်မယ့် အငုံ့စိတ်မျိုးလည်းရှိဖို့ မလိုတော့သလို၊ ကိုယ့်နိုင်ငံရဲ့အားသာချက်ကို ဗုံးပေါလအော ဖြုန်းတီးမပစ်ဖို့ လိုပါတယ်။ တကယ်တော့ တရုတ်တို့ မြန်မာနိုင်ငံ မှာ လုပ်ချင်တယ်ဆိုတဲ့ စီမံကိန်းတွေအားလုံးဟာ မြန်မာ့အကျိုးကနည်းနည်း သူတို့အကျိုးကများများ မစားရ ၀ခမန်းစီမံကိန်းတွေဖြစ်ပြီး အဲဒီစီမံကိန်းတွေမဖြစ်ရင် မစားရတဲ့အမဲသဲနဲ့ ပက်လာနိုင်ခြေရှိတဲ့အပေါက်တွေကိုလည်း တိုင်းရင်းသားအားလုံးက ကြိုတင်တွက်ဆထားဖို့လိုမှာဖြစ်ကြောင်းပါ။

သရ၀ဏ်(ပြည်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.