အခု မနက် ဖြစ်ပျက်ခဲ့တဲ့ "ပြည်တော်ဝင် ဦးမောင်မောင်ဝမ်းနဲ့ ဆိုက်ရောက် ပြည်နှင်ဒဏ် အရှုပ်တော်ပုံ" ဖြေရှင်းတာ ၅၀ ရာခိုင်နှုန်းလောက် ပြေလည်သွားပါပြီ။ ဦးမောင်မောင်ဝမ်းရဲ့ မိတ်ဆွေတွေ ဖြစ်တဲ့ ဦးသူရ Maung Thura၊ ဦးထိန်လင်း Htein Lin တို့ စုစည်း ဦးဆောင်ပြီး ရန်ကုန်တိုင်း ၀န်ကြီးချုပ်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဆီကို အဆင့်ဆင့် တင်ပြပြီး အရေးကိစ္စကို ပြေလည်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ဦးမောင်မောင်ဝမ်း ပြည်တွင်းကို ပြည်တော်ဝင်ဖို့ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် ရပြီ ဆိုပေမယ့် အခု အချိန်မှာ ဦးမောင်မောင်ဝမ်း ဘယ်ရောက်နေသလဲ ဆိုတာကို ဘယ်သူမှ မသိကြပါဘူး။ မနက်တုန်းက သူ ဆိုက်ရောက်လာတဲ့ လေကြောင်း ခရီးစဉ်နဲ့ ပြန်လည် ထွက်ခွာဖို့ တာဝန်ရှိသူတွေက သူ့ကို ချက်ချင်း နှင်ထုတ်လိုက်တဲ့ အချိန်က စပြီး အခု အချိန်အထိ ဦးမောင်မောင်ဝမ်းနဲ့ ပြည်တွင်းက မိတ်ဆွေတွေ အဆက်အသွယ် ပြတ်တောက်နေပါတယ်။ ဦးမောင်မောင်ဝမ်းက လက်ကိုင်ဖုန်းနဲ့ အင်တာနက် သုံးလေ့သုံးထ မရှိတဲ့ အတွက်ကြောင့် လေဆိပ် အကူးအပြောင်းမှာ ဆက်သွယ်ဖို့ အခက်ရှိနေပြန်ပါတယ်။
အခု မနက်ခင်းမှာ ပြည်တော်ဝင်လိုသူကို ပြည်နှင်ဒဏ် ချီးမြှင့်လိုက်တဲ့ အတွက်ကြောင့် ဦးမောင်မောင်ဝမ်း စိတ် အတော်ပဲ ထိခိုက်သွားတယ်လို့ မိတ်ဆွေ အရင်းအခြာတွေက ယူဆကြပါတယ်။ တိုင်းပြေ အတွက် တတ်စွမ်းသမျှ ၀န်းရံဖို့ ပြန်လာသူကို ရင်ဝ ခြေထောက်နဲ့ ဆောင့်ကန်သလို ဖြစ်သွားတဲ့ အတွက်ကြောင့် အခန့်မသင့်ရင် အင်မတန် ပြင်းထန်တဲ့ စိတ် နာကျင်မှု ဖြစ်ပေါ်နိုင်တာက အမှန်ပါပဲ။ စိတ် နာကျင်မှု အဆင့် ကျော်လွန်ပြီး စိတ် နာကျည်းမှု ဖြစ်သွားရင်တော့ ဘာမှ မတတ်နိုင်တော့ပါဘူး။ ဒါက စိတ်ပိုင်းဆိုင်ရာ ထိခိုက် ဆုံးရှုံးမှု ဖြစ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုကိုလည်း ထည့်တွက်ဖို့ လိုပါတယ်။ ဦးမောင်မောင်ဝမ်းက မီလျံနာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ သူ စာပေ ပို့ချဖို့ သူ့ စရိတ်နဲ့ သူ့ ပြန်လာတာ ဖြစ်တာပါတယ်။ အမေရိကန်နဲ့ မြန်မာနိုင်ငံ အသွား အပြန် လေယာဉ်ခက အနည်းဆုံး ဒေါ်လာ ၁၅၀၀ (ကျပ်ငွေ ၁၅ သိန်း) ရှိပါတယ်။ မီလျံနာ မဟုတ်သူ တစ်ယောက် အနေနဲ့ ဒေါ်လာ ၁၅၀၀ ဆိုတာ မနည်းပါဘူး။ သူ စုဆောင်းထားတဲ့ ချွေးနည်းစာ ဆုံးရှုံးပြီပေါ့။ သူ့ အနေနဲ့ ပြည်တော်ဝင်ချင်စိတ် ရှိသေးတယ် ဆိုရင်တောင်မှ ဒီ ငွေကြေး ဆုံးရှုံးမှုက သူ့ အိမ်အပြန်လမ်းကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အိမ်နိမ့်စံဘ၀ ရောက်နေစဉ် ၁၉၉၅ ခုနှစ် လောက်မှာ ဦးမောင်မောင်ဝမ်းဟာ တကသ ရဲဘော် အဖြစ်နဲ့ နိုင်ငံတော် အတိုင်ပင်ခံကို ဦးဆောင် ၀န်းရံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျောင်းသားလူထု အကြား အဆက်အသွယ် ပြတ်တောက်မှု မရှိရေး အတွက် ထောင် မကြောက်၊ တန်း မကြောက် ဆောင်ရွက်ခဲ့ဖူးပါတယ်။ ဒီလို လူမျိုး ပြည်တော်ဝင်ဖို့ ထပ်ပြီး အခက်အခဲ ဖြစ်ရဦးမယ် ဆိုရင်တော့ ရာဇ၀င် အင်မတန် ရိုင်းပေရော့မယ်။
ဦးမောင်မောင်ဝမ်း မြန်မာနိုင်ငံကို ထပ်ပြီး ပြန်လာဖို့ လေယာဉ် လက်မှတ်ခ အခက်အခဲ ရှိနိုင်တယ် ဆိုတာကို အထူးပဲ စဉ်းစားဖို့ လိုပါတယ်။ တကယ်လို့ သူ့ အနေနဲ့ ငွေရေးကြေးရေး အခက်အခဲ ရှိမယ် ဆိုရင် ဖြေရှင်းဖို့ ပန်းချီဦးထိန်လင်းက ဒေါ်လာ ၂၀၀၊ ကျွန်တော်က ဒေါ်လာ ၁၀၀ အသင့်ပြင်ထားပါတယ်။ သူ့ မိတ်ဆွေတွေ၊ တပည့်တပန်းတွေကလည်း သူတို့ ဆရာကို တတ်စွမ်းသမျှ ၀န်းရံဖို့ ပြင်ဆင်နေကြပါတယ်။
Htein Lin
COMMENTS