ကျေးလက်မှာ ဆန်လိုအပ်ချက် အရမ်းကြီးသွားတာ တွေ့ရတယ် – ဒေါက်တာသောင်းထွန်း


Dr Thaung Htun

 မြန်မာနိုင်ငံမှာ ၂ နှစ်ဆက်တိုက် ကြုံတွေ့ခဲ့ရတဲ့ ရေကြီးရေလျှံမှုတွေကြောင့် တောင်သူလယ်သမားတွေ ကြုံတွေ့နေရတဲ့ အခြေနေတွေနဲ့ မြန်မာနိုင်ငံရဲ့ လယ်ယာကဏ္ဍဖွံ့ဖြိုးမှု အခြေနေတွေ အကြောင်းကို ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဒေါက်တာသောင်းထွန်းနဲ့ ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး – ဟုတ်ကဲ့ဆရာ ဒီနှစ်ဆိုလည်း ရေတွေကြီးနေပြီပေါ့နော်။ မြန်မာနိုင်ငံမှာ ရေတွေ တော်တော်များများ ကြီးနေပြီးတော့ လယ်မြေတွေလည်း နစ်မြုပ်ပြီးတော့ ဆုံးရှုံးတဲ့ နေရာတွေ ရှိနေပြီပေါ့နော်။ သြဂုတ်လ ၈ ရက်နေ့က လယ်ယာမြေစီမံခန့်ခွဲရေး စာရင်းအင်းဌာနက ထုတ်ပြန်တာတွေက မြန်မာတနိုင်ငံလုံးမှာ လယ်မြေဧက လေးသိန်းကျော် နစ်မြုပ်ပြီးတော့ တသောင်းခြောက်ထောင်ကျော် ဆုံးရှုံးပျက်စီးနေပြီလို့ စာရင်းထွက်လာတာ တွေ့ရတယ်ဆရာ။ မနှစ်နဲ့ ဒီနှစ်နဲ့ယှဉ်ရင် ပျက်စီးမှုအနေအထားပေါ့။ အခုချိန်ထိ ဒါ ရှေ့လျှောက်လည်း ရေက ဆက်ကြီးဦးမယ်ဆိုတော့ပေါ့။ ဆုံးရှုံးမှုအနေအထားလေးကို နည်းနည်းလောက် ပြောပြပေးပါဦးဆရာ။

ဖြေ – ဒီနှစ်က သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှု တော်တော်ကြီးမားပါတယ်။ ကျနော်တို့ ဆန်စပါးစိုက်ပျိုးတဲ့ လယ်ယာမြေတင် မဟုတ်ဘူး။ ကျနော်တို့ မြေပဲ၊ ပြောင်း၊ နှမ်း စတဲ့ မိုးကြိုသီးနှံတွေ စိုက်ပျိုးတဲ့ယာတွေလည်း တော်တော်ပျက်စီးတယ်။ ပျက်စီးတာက ရေကြီးရေလျှံ မစခင်ကတည်းက အယ်နီညိုကာလမှာ အထက်အညာဘက်က တောင်သူလယ်သမားတွေအနေနဲ့ နှမ်းစိုက်ပျိုးမှုတွေမှာ ရေမရလို့ ပျက်စီးမှုတွေရှိသလို တခါ အခု ဇွန်လအဆန်းပိုင်းလောက်မှာ အယ်နီညိုနဲ့ ဆက်စပ်ပြီးတော့ ဆိုက်ကလုန်းက ၀င်လိုက်တဲ့အခါမှာ နှမ်းရိက်သိမ်းချိန်တွေမှာလည်းပဲ မိုးရွာသွန်းမှုကြောင့်မို့ ပျက်စီးဆုံးရှုံးမှုတွေ အများကြီးရှိတယ်။ အခုမှာတော့ ဒါ ရေကြီးတဲ့အတွက်ကြောင့်မို့ မိုးရွာသွန်းမှုတွေများတယ်၊ ရေကြီးတဲ့အတွက်ကြောင့် လယ်ယာမြေတွေ၊ စပါးခင်းတွေ တော်တော်ဆုံးရှုံးနေတယ်။ ဧရာဝတီဘက်မှာဆိုရင် အခု ရေကြီးမှုဟာ ဒါ အစပိုင်းပဲ ရှိသေးတယ်လို့ ပြောလို့ရပါတယ်။ အဲတော့ ဒီနှစ်မှာ ဆုံးရှုံးမှုက တော်တော့်ကို မနှစ်ကထက် ကြီးမားပါတယ်။

မေး – ခုနပြောသလိုပေါ့နော်။ ဧရာဝတီဘက်မှာဆို အစဖြစ်နေပြီပေါ့နော်။ မိုးလေ၀သ ပညာရှင်တွေက ပြောထားတာလည်း ဒါ ရေကြီးရေလျှံမှုက ထပ်ပြီးတော့ ဖြစ်ဖို့ရှိတယ်ပေါ့နော်။ အဲဒီအခါကျတော့ လယ်သမားတွေအနေနဲ့ ကြိုတင်ပြီးတော့ အခုချိန်မှာ ဘယ်လိုလုပ်ဆောင်လို့ ရသေးလဲရှင့်။

ဖြေ – ဟုတ်ကဲ့ လယ်သမားတွေအတွက် ထိခိုက်မှုကို ကျနော်တို့ သက်သာဖို့ဆိုရင်တော့ ဒါ ရေပြန်ကျသွားတဲ့အချိန်မှာ သက်တမ်းနုစပါးတွေပေါ့နော်။ သက်တမ်းနုဆိုတာ ရက် ၉၀ စပါးလို ဟာမျိုးတွေပေါ့နော်။ စိုက်ပျိုးဖို့ပေါ့။ အဲဒီနေရာမှာက မျိုးစပါးနဲ့ ကျနော်တို့ စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုတွေပေါ့။ ထွန်တာယက်တာမှာ စက်ပိုင်းဆိုင်ရာ ထွန်စက်ပိုင်းဆိုင်ရာတွေရော၊ နောက် မြေသြဇာ၊ ပိုးသတ်ဆေး စတဲ့ သွင်းအားစုတွေပေါ့။ အဲတော့ မျိုးစေ့အပိုင်းမှာ ကျနော်တို့ ဒီအစိုးရသစ်တက်လာတဲ့အချိန်မှာ၊ အမှန်မှာတော့ ဒီအစိုးရသစ်က မနှစ်က ၁၆-၁၇ ဘတ်ဂျက်ဆိုတာ မနှစ်က ဆွဲပြီးသားပါ။ ပြီးခဲ့တဲ့အစိုးရက။ သို့သော်လည်းပဲ ကျနော်တို့ ရက် ၁၀၀ ခရီးစဉ်ထဲမှာ ကျနော်တို့ကတော့ သွယ်ဝိုက်တဲ့နည်းနဲ့ အကြံပြုတာပေါ့လေ။ နီးစပ်ရာ အဆက်ဆက်မေးတယ်။ ဒါ ပေါ်လစီပိုင်းဆိုင်ရာ လုပ်နိုင်ကိုင်နိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်တွေကို။ အသိအမှတ်ပြုတာ။ ကျနော်တို့ ဒီနှစ် အယ်နီညိုရှိတယ်၊ လာနီညာလည်း ရှိတယ်။ သဘာဝဘေးအန္တရာယ်က လာမှာ။ ဒါကြောင့်မို့ ကျနော်တို့ အရန်မျိုးစပါးတွေ၊ အရန်ဆန်လည်း ၀ယ်ဖို့လိုသလို ဆန်အဖြစ်နဲ့ မသုံးရင်တောင် မျိုးစပါးအဖြစ်နဲ့ သုံးနိုင်အောင် ကြိုတင်ပြင်ဆင်စေချင်တယ်။ ဘတ်ဂျက်အနေနဲ့ သဘာဝဘေးအန္တရာယ်က နေပြီးတော့ ရန်ပုံငွေကနေပြီးတော့ ဒါလုပ်ထားစေချင်တယ်လို့ ကျနော်တို့ ဆွေးနွေးတင်ပြခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့်လို့ ဘယ်လောက်အရန်ဆန်၊ မျိုးစပါး သိုလှောင်ဖြစ်တယ်ဆိုတာကို မသိဘူး။ သိပ်မကြားရဘူး။ ဒါအတွက် ကျနော်တို့ စိတ်ပူတယ်။ နောက် မျိုးစပါးရပြီးတဲ့ နောက်ပိုင်းမှာလည်းပဲ ရေကြီးပြီးရင် များသောအားဖြင့် ပိုးကျတယ် လယ်တွေက။ မနှစ်ကလည်း ဒီလိုပဲ ဖြစ်ခဲ့တာပဲ။ အဲဒီအတွက် လိုအပ်တဲ့ ပိုးသတ်ဆေး ဖြန့်ဖြူးနိုင်ဖို့၊ အဲဒါတွေ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ပြန်လည်ထူထောင်ရေး ကဏ္ဍမှာကတော့ ပြန်လည်စိုက်ပျိုးနိုင်ဖို့ပေါ့။ အချိန်မီ ဒါကတော့ အစိုးရအနေနဲ့ အများကြီး ကူညီပေးသင့်တယ်လို့ မြင်ပါတယ်။

မေး – အမှန်တော့ လယ်သမားတွေအတွက် မျိုးစပါးတွေ ပြန်လည် ထောက်ပံ့ဖို့အတွက်က အသက်လိုဖြစ်နေတာပေါ့နော်။ အဲတော့ မျိုးစပါးတွေ ပြန်လည်ထောက်ပံ့ဖို့အတွက် ဘယ်လောက်ထိ အရေးပါလဲပေါ့နော်။ အရေးကြီးလဲဆိုတာလေး ပြောပြပေးပါဦး။

ဖြေ – တခုကတော့ အချိန်မီရဖို့ပေါ့နော်။ နောက် ဒီ ပျက်စီးဆုံးရှုံးမှုများတဲ့အခါမှာ မျိုးစပါးက ပထမတခါ ဇွန်လအစပိုင်းမှာ စိုက်လိုက်တော့ တောင်သူလက်ထဲမှာ မရှိတော့ဘူး။ အဲဒီအခါမှာ အချိန်မီရရှိဖို့နဲ့ အလုံအလောက်ရရှိဖို့။ အဲဒါက အစိုးရကနေပြီးတော့ ကူညီဆောင်ရွက်မှု မရှိဘူးဆိုရင်တော့ လယ်သမားတွေအနေနဲ့ သူတို့ဘာသာသူတို့ ကြိုးစားအားထုတ်ဖို့ တော်တော်လေး ခဲယဉ်းတဲ့အပိုင်း ကျနော်တို့တွေ့ရပါတယ်။ နောက် လယ်သမားမှာ ပိုက်ဆံလည်းမရှိတော့ဘူး။ ရေကြီးတာက ၂ နှစ်ဆက်တိုက် ဖြစ်တာကိုး။ ကျနော်တို့ လေ့လာတွေ့ရှိချက်တွေအရ လယ်သမားတယောက်က တခါရေကြီးနစ်မြုပ်ပြီး ဆုံးရှုံးသွားတယ်ဆိုရင် ဆုံးရှုံးသွားတဲ့ဟာကို ကာမိအောင် ၂ နှစ်လောက် ပြန်ပြီးတော့ ကြိုးစားရတယ်။ အခုက ဆက်တိုက်ဖြစ်လာတဲ့ အတွက်ကြောင့်မို့ ဒီနှစ်ရေကြီးမှုမှာ လယ်သမားအတွက် စိန်ခေါ်မှုရှိတယ်။ ကျနော်တို့စိုးရိမ်နေတာက လယ်သမားတွေဟာ ကျနော်တို့လည်း တွေ့လည်းတွေ့နေရတယ်ပေါ့နော်။ ဒီလိုမျိုး သဘာဝဘေးအန္တရာယ်တွေနဲ့ ခဏခဏ ရင်ဆိုင်နေရတယ်။ ဒါ နာဂစ်ဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာ ဗမာပြည်ရဲ့ ရာသီဥတုက လုံးဝပြောင်းသွားတယ်။ အဲဒီအခါမှာ လယ်ယာပေါ်မှာ ယုံကြည်မှု နည်းပါးလာတာ တွေ့ရတယ်။ ဘာကြောင့်လဲဆို သူတို့ဆုံးရှုံးတာကိုး။ လယ်သမားတွေက များသောအားဖြင့် လယ်စိုက်ရင် အကြွေးတင်တယ်ဆိုတဲ့ဟာမျိုး ဖြစ်လာတယ်။ ကျနော်တို့ မေးကြည့်ပါတယ်။ မကိုက်ဘူးပေါ့လေ။ ဒီသွင်းအားစုတွေကလည်း ဈေးကြီးတယ်။ နောက် လယ်ယာလုပ်သား ရှားပါးမှုတွေ၊ ခိုင်းကျွဲ၊ ခိုင်းနွား ရှားပါးမှုတွေ၊ မကိုက်ဘူးဆိုရင် ဘာဖြစ်လို့ စိုက်တာလဲလို့ မေးကြည့်တဲ့အခါမှာ ကြွေးချေးလို့ရအောင် စိုက်တာတဲ့။ လယ်စိုက်ထားမှ ဒီလယ်ကိုပြပြီးတော့ တမိုးတွင်းလုံး စားဖို့သောက်ဖို့ ပိုက်ဆံချေးလို့ရမှာ။ ဒါပေမယ့်လို့လည်း ဘယ်လိုဖြစ်လာလဲဆိုတော့ ရာသီဥတု ဖောက်ပြန်မှုတွေ များလာတဲ့အခါမှာ လယ်ယာကဏ္ဍအပေါ်မှာ တကယ်ရင်းနှီးမြှုပ်နှံမှုတွေ လယ်သမားတွေက လုပ်ချင်တဲ့ဆန္ဒ သိပ်မရှိတော့ဘူး။ အဖြစ်စိုက်ကြတာ တွေ့ရတယ်။ ဒီဟာက ကျနော်တို့နိုင်ငံရဲ့ အနာဂတ် လယ်ယာကဏ္ဍအတွက် အင်မတန်စိုးရိမ်စရာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နဂိုကတည်းက ကျနော်တို့က လယ်ယာစိုက်ပျိုးရေးကဏ္ဍက အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းတို့ ဗီယက်နမ်တို့နဲ့ ယှဉ်လိုက်ရင် မြန်မာနိုင်ငံက လယ်ယာထုတ်လုပ်မှုဟာ လယ်ယာထွက်ကုန်တွေဟာ အရည်အသွေးအရရော၊ အရေအတွက်အရပါ ယှဉ်ပြိုင်နိုင်စွမ်း အင်မတန်နည်းနေတဲ့အချက်။ အဲဒီအချိန်မှာ လယ်သမားတွေဘက်က လယ်ယာကဏ္ဍအပေါ်မှာ စိတ်ပျက်လာပြီဆိုရင် ကျနော်တို့တိုင်းပြည် အနာဂတ် စားနပ်ရိက္ခာဖူလုံဖို့နဲ့ ဈေးကွက်မှာ ပြိုင်ဆိုင်နိုင်ရေးအတွက် အင်မတန် စိုးရိမ်စရာ ဖြစ်ပါတယ်။

မေး – အဲတော့ ခုနကပြောသလိုပဲ လယ်သမားတွေက လယ်စိုက်တဲ့အပေါ်မှာကို စိတ်ဝင်စားမှုမရှိဘူး။ ဒါကလည်း သူတို့အတွက် အကျိုးအမြတ်က မဖြစ်ထွန်းဘူးပေါ့နော်။ သူတို့အတွက် အဲလိုဖြစ်တော့ စိတ်ဝင်စားမှုမရှိဘူး။ အဲတော့ မြန်မာနိုင်ငံရဲ့ လယ်ယာကဏ္ဍက အကျဘက်ကို စိုးရိမ်ဖို့အခြေအနေ ဖြစ်နေပြီပေါ့နော်ဆရာ။ အဲတော့ ဒီဟာတွေကို ပြန်ပြီးတော့ ဖွံ့ဖြိုးဖို့အတွက်ကော ဘယ်လိုမျိုးတွေ လုပ်ဆောင်ပေးဖို့ လိုအပ်လဲဆရာ။

ဖြေ – ဟုတ်ကဲ့ ပထမတခုအနေနဲ့တော့ ကျနော်တို့ သီးနှံအာမခံပေါ့။ အထူးသဖြင့် ကျနော်တို့ သဘာဝဘေးအန္တရာယ်ကြောင့်မို့ ပျက်စီးဆုံးရှုံးသွားရတဲ့ သီးနှံတွေအတွက် အာမခံစနစ်ပေါ့နော်။ ဥပမာ တောင်သူတွေအနေနဲ့ စပါးစိုက်မယ်၊ နှမ်းစိုက်မယ်၊ ပဲစိုက်မယ်ဆိုရင် သူတို့ရဲ့သီးနှံအတွက် ကျနော်တို့ မီးအာမခံတွေလိုပဲပေါ့ ပရီမီယံကြေးသွင်းပြီးတော့ အာမခံထားမယ်ဆိုရင် တကယ်တမ်း သဘာဝဘေးအန္တရာယ်တွေကြောင့် ပျက်စီးဆုံးရှုံးသွားရင် သူတို့ ရင်းနှီးမြှုပ်နှံလိုက်တဲ့ဟာရဲ့ အိန္ဒိယမှာဆိုရင် ၆၈ ရာခိုင်နှုန်း ဒါ အာမခံကုမ္ပဏီက ပြန်ပြီးတော့ ထုတ်ပေးတယ်ပေါ့။ အဲဒါဆိုရင် တောင်သူတွေအတွက် သက်သာတာပေါ့နော်။ အဲဒီလို သီးနှံအာမခံစနစ်မျိုးကို အစိုးရက ထူထောင်ပေးသင့်ပါတယ်။ အဲတော့ လယ်ယာကဏ္ဍမှာဆိုရင် ကျနော်တို့ မျိုးစပါး၊ သွင်းအားစု၊ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုတွေက အများကြီးလိုတယ်။ အဲတော့ ဒီရင်းနှီးမြှုပ်နှံမှုတွေကို ပေးတဲ့အခါမှာ အစိုးရအနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေ တသိန်းရရင် တသိန်း ခွဲပေးရုံလောက်နဲ့ လယ်သမားအတွက်က ဘာမှလည်း ထူးခြားမသွားဘူး။ ချေးငွေတခုတည်းနဲ့လည်း လယ်သမားတွေကို မကယ်တင်နိုင်ဘူး။ လယ်သမားတွေ အနေနဲ့ကလည်း နည်းပညာပိုင်းဆိုင်ရာတွေ သိဖို့လိုသလို လယ်သမားနဲ့ ဈေးကွက်နဲ့လည်း ချိတ်ဆက်ဖို့လိုတယ်။ အဲတော့ လယ်သမားပိုင်းက နိုင်ငံတကာ ဆန်ဈေးကွက် Demand က ဘယ်လောက်ရှိတယ်။ လိုအပ်ချက်က ဘယ်လောက်ရှိလဲ သူမသိဘူး။ ဘယ်လိုမျိုးဆန် အမျိုးအစားတွေလိုသလဲ၊ ဘယ်လိုမျိုး စပါးအမျိုးအစားတွေကို စိုက်မလဲ၊ ဘယ်လိုမျိုး အရည်အသွေးကောင်းလာအောင် လုပ်မလဲ သူမသိဘူး။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော်တို့က လယ်သမားနဲ့ ဆန်တင်ပို့တဲ့သူတွေ ကြားထဲမှာ ကန်ထရိုက်လယ်ယာ ပုံစံမျိုးပေါ့နော်။ သဘောတူညီမှုတွေ လုပ်ပြီးတော့ ထုတ်လုပ်မှု ပုံသဏ္ဌာန်တွေကို ပြောင်းဖို့လိုတယ်။ တဦးချင်း ကိုယ့်သဘောနဲ့ကိုယ် စိုက်ချင်တဲ့မျိုးစပါးကို၊ ကိုယ်တတ်နိုင်တဲ့နည်းနဲ့ သွင်းအားစုနဲ့ လုပ်နေမယ်ဆိုရင် ဗမာပြည်စိုက်ပျိုးရေးက နလန်ထူမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ လယ်သမားတွေဘက်ကလည်း အစုအဖွဲ့နဲ့ ကုန်သည်ဘက်နဲ့ ဈေးကွက်ရဲ့ လိုအပ်ချက်နဲ့အညီ ကန်ထရိုက်တွေ လုပ်ဖို့လိုတယ်။ အဲတော့ ကုန်သည်တွေကရော စိုက်ပျိုးရေးကဏ္ဍမှာ ဘယ်လောက် ရင်းနှီးမြှုပ်နှံချင်တဲ့ အလားအလာ တွေ့ရလဲဆိုတော့ အရမ်းနည်းတယ်။ ဘာလို့လဲဆိုတော့ စိုက်ပျိုးရေးက လောလောဆယ်မှာက အရမ်းဆုံးရှုံးမှုများတဲ့ လောင်းကစားလုပ်သလို ဖြစ်နေတယ်။ ဆုံးရှုံးမှုများတဲ့ စီးပွားရေးကဏ္ဍကြီး၊ ဆောက်လုပ်ရေးကဏ္ဍတို့လို အမြတ်မြိုးမြိုးမြက်မြက် ကျန်တဲ့ဟာ မဟုတ်ဘူး။ အဲတော့ ဒီကုန်သည်တွေကလည်းပဲ စိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံချင်အောင် အစိုးရဘက်က ဥပဒေပိုင်းဆိုင်ရာတွေနဲ့ အာမခံပေးဖို့လိုတယ်။ အဲတော့ ဒီကန်ထရိုက်လယ်ယာမှာလည်းပဲ လယ်သမားဘက်လည်း မနစ်နာအောင်၊ ကုန်သည်ဘက်လည်း မနစ်နာအောင် ဒီကန်ထရိုက်လယ်ယာမှာပါတဲ့ သဘောတူညီချက်တွေကို ဘယ်လိုပုံသဏ္ဌာန်နဲ့ လုပ်မလဲဆိုတာ Regulate လုပ်ဖို့၊ ဥပဒေပိုင်းဆိုင်ရာ လုပ်ဖို့လိုတယ်။ တဘက်ကလည်းပဲ သီးနှံအာမခံလိုမျိုး ရှိမယ်ဆိုရင် ကုန်သည်ဘက်ကလည်းပဲ သွင်းအားစုတွေကို ကြိုတင်ပြီးတော့ ပံ့ပိုးရတဲ့အခါမျိုးမှာ သူ့အတွက် စွန့်စားမှုနည်းတယ်၊ ဘာပဲပြောပြော အာမခံစနစ်ရှိတော့ ကုန်သည်ဘက်ကလည်း စိုက်ပျိုးရေးကဏ္ဍမှာ မြှုပ်နှံမှုတွေများလာမယ်။ နောက်တခုကတော့ ဒါ သိုလှောင်ကြိတ်ခွဲတဲ့ ကဏ္ဍတွေမှာ လယ်သမားတင် ငွေလိုတာမဟုတ်ဘူး။ အသေးစား အလတ်စား စီးပွားရေး ကုန်သည်တွေကလည်း သူတို့အတွက် ဆန်စက်တွေ၊ ဂိုဒေါင်တွေ၊ ဒါတွေ ပြင်ဆင်ဖို့ပေါ့နော်။ နောက် နိုင်ငံတကာ ဈေးကွက်မှာ ပြိုင်နိုင်ဖို့၊ ဈေးကွက်အသစ်တွေရဖို့ ဒါကလည်း အစိုးရက သံတမန်ရေးနည်းအရ အစိုးရက သံရုံးတွေမှာ စီးပွားရေးနဲ့ပတ်သက်တဲ့ သံတမန်တွေ ခန့်ထားပြီးတော့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး ထွက်ကုန်သီးနှံတွေကို ကျနော်တို့ ရှာဖွေပေးဖို့ လိုပါတယ်။

မေး – ဟုတ်ကဲ့ပါဆရာ။ နောက်ဆုံးအနေနဲ့ပေါ့။ ရေဘေးအန္တရာယ်တွေ တွေ့ကြုံနေရတဲ့ လယ်သမားတွေရဲ့ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေကို နောက်ဆုံး ခြုံငုံပြီးတော့ ဘာများပြောချင်တာ ရှိသေးလဲ။

ဖြေ – ဟုတ်ကဲ့ လောလောဆယ်မှာတော့ တောင်သူတွေရဲ့ လက်ငင်းလိုအပ်ချက်ပေါ့နော်။ ဆန်ထောက်ပံ့တာပေါ့။ အဲဒီနေရာမှာလည်း ထူးထူးခြားခြား ကျနော်တွေ့ရှိရတဲ့ အပိုင်းက ကျနော်တို့ တက္ကသိုလ်ကျောင်းသားဘ၀က သိထားတာက လယ်သမားဆိုတာ အိမ်နောက်ဖေးမှာ ၀မ်းစာပုတ်ရှိတယ်။ တနှစ်စာဝမ်းစာရှိတယ်။ ဒါပေမယ့် ဒီနေ့ခေတ် လယ်သမားတွေမှာ ၀မ်းစာမရှိဘူး။ စပါးကို ရိတ်ပြီးတာနဲ့ အကြွေးပူတွေ ရှိတဲ့အတွက်ကြောင့် ထိုးရောင်းလိုက်ရတဲ့ သဘောရှိတယ်။ နောက်ပြီးတော့ ကျေးလက်မှာ ဘယ်လိုဖြစ်လာလဲဆိုတော့ လယ်မဲ့ယာမဲ့တွေက အရမ်းများတယ်။ လယ်မဲ့ယာမဲ့တွေ အရမ်းများတဲ့ အတွက်ကြောင့်မို့ လယ်မဲ့ယာမဲ့တွေက တနေ့လုပ် တနေ့စားပေါ့နော်။ အခုလိုမျိုး ရေကြီးလိုက်တဲ့အခါမှာ အလုပ်ကလည်း မရှိတော့ဘူး။ ဆိုတော့ ကျေးလက်မှာ ဆန်လိုအပ်ချက်က အရမ်းကြီးသွားတာ တွေ့ရတယ်။ လယ်သမားကလည်း ၀မ်းစာမထားနိုင်လို့ ရေကြီးတဲ့အခါ ဆန်မရှိဘူး။ အဲလိုမျိုးပဲ လက်လုပ်လက်စားကလည်း အလုပ်မရှိလို့ ငွေမရှိဘူး။ ၀ယ်မစားနိုင်ဘူး။ ဒါကြောင့်မို့ လတ်တလောကတော့ ဆန်၊ ပြီးရင် သောက်သုံးရေပေါ့။ ဒါတွေကို ဖြည့်ဆည်းပေးဖို့ လိုအပ်တယ်လို့ ကျနော်မြင်ပါတယ်။

By နေရီရီ
DVB TV News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.