အမေရိကန်-မြန်မာ စီးပွားရေးအဆက်အဆံ

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin နဲ့ voa မြန်မာပိုင်း သီးခြားတွေ့ဆုံမေးမြန်းမှု
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin နဲ့ voa မြန်မာပိုင်း သီးခြားတွေ့ဆုံမေးမြန်းမှု

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်ကုမ္ပဏီတွေအပေါ် ကန့်သတ်ချက်အားလုံးကို အမေရိကန်အစိုးရအနေနဲ့ ဖယ်ရှားပေးခဲ့ပြီး၊ မြန်မာအပေါ် ကျန်နေတဲ့ အရေးယူမှု ၂၀ ရာခိုင်နှုန်းဟာ တဦးချင်း ပစ်မှတ်ထားအရေးယူမှုတွေသာဖြစ်တယ်လို့ စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းများဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin က ဗွီအိုအေနဲ့ သီးခြားတွေ့ဆုံမေးမြန်းမှုမှာ ပြောဆိုခဲ့ပါတယ်။ ကိုသားညွန့်ဦးက မေးမြန်းထားတာပါ။

“ မေး။ ။ အရင်ဆုံးတော့ အခုလာတဲ့ ခရီးစဉ်အကြောင်းသိချင်ပါတယ်။ နေပြည်တော်မှာ မြန်မာအစိုးရ ၀န်ကြီးအချို့နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော် ခရီးစဉ်အခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ဗွီအိုအေ အမေရိကန်အသံနဲ့ အခုလို ပြောခွင့်ရတာကို ကျေးဇူးတင်တယ်ဆိုတာ အရင်ဆုံး ပြောပါရစေ။ ကျနော် မြန်မာနိုင်ငံကို လာရောက်တာ အခုဆိုရင် ဒါ ဒုတိယအကြိမ်ပါ။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက တခေါက်ရောက်သေးတယ်။ ရန်ကုန်မှာရော နေပြည်တော်မှာပါ အတော်လေး ရလဒ်ကောင်းတွေရှိတဲ့ တွေ့ဆုံစည်းဝေးမှုတွေ လုပ်ခွင့်ရခဲ့ပါတယ်။ ကျနော်နဲ့အတူ စီးပွားရေးကိုယ်စားလှယ်တွေပါ ပါဝင်ကြပြီး၊ အဲဒီအထဲ အချို့ကတော့ အမေရိကန်ပြည်ထောင်စုက အကြီးဆုံးကုမ္ပဏီတွေ ဖြစ်ကြပါတယ်။ ဒီအတွက်မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးတော့ ရင်းနှီးမြုပ်နှံဖို့ အခွင့်အလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။

မေး။ ။ နောက်မေးခွန်းကတော့ အမေရိကန် ရင်းနှီးမြုပ်နှံမှုအကြောင်းပါ။ ၀န်ကြီးသိတဲ့အတိုင်းပဲ မြန်မာအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ် စင်ကာပူ ဂျပန်နိုင်ငံတွေဟာ မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုအကြိးဆုံးနိုင်ငံတွေပါ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေဝင်ဖို့ အခုအချိန် အရမ်းကို နောက်ကျနေပြီလို့ ထင်မိပါလား။

ဖြေ။ ။ တဖက်ကကြည့်ရင်တော့ နောက်ကျနေတာမှန်ပါတယ်။ ခုမှ စပြီး လုပ်ကြရမှာပါ။

အခုချိန်မှာတော့ နှိုင်းယှဉ်ချက်အရဆိုရင်တော့ အမေရိကန်ပြည်ထောင်စုရဲ့ တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုက ရာခိုင်နှုန်းအားဖြင့် နည်းပါးသေးတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းအခြေအနေတွေကို ကြည့်ရင် ဒါ ပြောင်းလဲသွားမယ်ဆိုတာ ကျနော် ယုံတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ကုန်သွယ်မှုနဲ့ပတ်သက်လို့ ရင်းနှီးမြုပ်နှံမှုတွေနဲ့ပတ်သက်လို့ သယ်ယူပို့ဆောင်ရေးနဲ့ပတ်သက်လို့ အပြန်အလှန်ထိစပ်ဆက်သွယ်မှုတွေနဲ့ပတ်သက်လို့ အစည်းအဝေးတွေ ကျနော်တို့လုပ်ခဲ့ကြတယ်။ ကျနော်နဲ့အတူပါလာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အခွင့်အလမ်းကောင်းတွေကို အရင်နဲ့မတူအောင် မြင်လာရတယ်။ ပထ၀ီ အနေအထားအရ တခုတည်းကိုကြည့်ရင်ပဲ မြန်မာနဲ့ကပ်နေတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့အိနိယနိုင်ငံ စုစုပေါင်း လူဦးရည် စုစုပေါင်း ၂ ဘီလီယံခွဲလောက်ရှိနေပါတယ်။ မြန်မာ လူဦးရည်အများစုဟာ လူငယ်တွေဖြစ်ကြပါတယ်။ ယဉ်ကျေးမှုနဲ့ သဘာဝအရင်းအမြစ် ပေါကြွယ်ပါတယ်။ ဒါတွေဟာ အမေရိကန်ရင်းနှီးမြုပ်နှံသူတွေအတွက် တကယ့်ကို ဆွဲဆောင်မှုဖြစ်စေပါတယ်။

မေး။ ။ ဒါပေမယ့်လည်း သမ္မတ အိုဘားမားအမိန့်နဲ့ အရင်တုန်းက ဒဏ်ခတ်ပိတ်ဆို့မှုအတော်များများကို ရုပ်သိမ်းတာတွေ ဆိုင်းငံတာတွေ လုပ်ခဲ့ပါတယ်။ အမေရိကန်ကုမ္ပဏီတွေဘက်ကလည်း ရင်းနှီးမြုပ်နှံဖို့ လိုလိုလားလားရှိတယ်ဆိုတာ အမြဲပြပါတယ်။ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ချက်အရဆိုရင်တော့ အမေရိကန်ရင်းနှီးမြု့ပ်နှံမှုတွေက အတော့်ကို နည်းနေတုန်းပါ။

ဖြေ။ ။ ဒါဘာကြောင့်လဲဆိုတော့ အချိန်ကာလတခုအထိ အမေရိကန်ပြည်ထောင်စုအနေနဲ့က မြန်မာအပေါ် အရေုးယူဒဏ်ခတ်မှုတွေ လုပ်ခဲ့တာကြောင့်ပါ။ မကြာသေးခင်နှစ်တွေအတွင်း သမ္မတအိုဘားမား လက်ထက်ကျတော့မှ ဒီအရေးယူမှုတွေကို ဖြေလျော့ပေးခဲ့တာပါ။ အမေရိကန်နိုင်ငံခြားရေးဌာနမှာဆိုရင် ကျနော့်တာဝန်က စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းများဆိုင်ရာကိစ္စရပ်တွေကို တာဝန်ယူရပါတယ်။ ကုန်သွယ်ရေး၊ စီးပွားရေး၊ သယ်ယူပို့ဆောင်ရေး ဆက်သွယ်ရေးလုပ်ငန်းတွေကို ကြီးကြပ်တာဝန်ယူရတာပါ။ ဒါ့အပြင် အရေးယူဒဏ်ခတ်မှုဆိုင်ရာမူဝါဒတွေကိုလည်း ကျနော့်အနေနဲ့ တာဝန်ယူကြီးကြပ်ဆောင်ရွက်ရပါတယ်။ ဒါကြောင့် ကျနော်ပြောနိုင်တာကတော့ အရေးယူဒဏ်ခတ်မှုတွေရှိတုန်းက စီးပွားရေးအပေါ်မှာ တစုံတရာ ထိခိုက်သက်ရောက်မှုတွေ ရှိပါတယ်။ ဖြေလျှော့လိုက်တယ်ဆိုပေမယ့် စီးပွားရေးလုပ်ငန်းတွေ ပြန်ဝင်ဖို့ အချိန်တော့ယူရပါတယ်။ ဒါပေမယ့် သမ္မတအိုဘားမားအနေနဲ့ ပြီးခဲ့တဲ့မေလအတွင်းတုန်းက အမေရိကန်စီးပွားရေးလုပ်ငန်းတွေအပေါ် အကန့်အသတ်အားလုံးကို ဖြေလျှော့ပေးလိုက်ပါပြီ။ ဒဏ်ခတ်အရေးယူမှုတွေရဲ့ ၂၀ ရာခိုင်နှုန်းပဲ ကျန်နေသေးပြီး၊ ဒါတွေဟာ တဦးချင်း ပစ်မှတ်ထားတဲ့ အရေးယူမှုတွေဖြစ်ပါတယ်။ ကျနော်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က စီးပွားရေးဆိုင်ရာအကြီးတန်းတာဝန်ရှိသူတဦးပါ။ ဒါ့အပြင် အမေရိကန်အကြီးတန်းတာဝန်ရှိသူတွေအတော်များများလည်း လာရောက်နေတာရှိပါတယ်။ ဒီရက်ပိုင်းထဲဆိုရင် အမေရိကန် ဒုတိယ အမျိုးသားလုံခြုံရေးအကြံပေး ဘန်ရုဒ် လာရောက်တာရှိပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာန အထူးအတိုင်ပင်ခံပုဂိုလ် Kristie Kenney လာရောက်တာရှိပါတယ်။ ဒါဟာ အစပိုင်းပဲ ရှိပါသေးတယ်။ နောက်ပိုင်းမှာ ပိုပြီး တိုက်ရိုက်ထိစပ်မှုတွေ တွေ့ရမှာပါ။ ဒီလို ဖြစ်ထွန်းမှုတွေမှာ စီးပွားရေးကိစ္စဟာ အဓိကပါပဲ။

မေး။ ။ မြန်မာနိုင်ငံထဲ ရင်းနှီးမြုပ်နှံဖို့ ကုန်သွယ်ရေးအတားအဆီးတွေ ဒါမှမဟုတ် စိန်ခေါ်ချက်တွေ တွေ့ရပါသလား။

ဖြေ။ ။ ကျနော် တွက်ထားတဲ့ထဲမှာတော့ ကုန်သွယ်ရေးအတားအဆီးမျိုးတွေ ထူးထူးခြားခြားရှိမနေပါဘူး။ နိုင်ငံခြားရေးဝန်ကြီး ကယ်ရီရဲ့ ခေါင်းဆောင်မှုအောက်မှာ လက်ရှိဆောင်ရွက်နေတာကတော့ တကမ္ဘာတ၀ှမ်းမှာရှိတဲ့ ကုမ္ပဏီတွေကို စုစည်းပေးနေတာ တခုရှိပါတယ်။ အဲဒါကို Innovation Roadshow တီထွင်ဖန်တီးကြံဆမှုတွေကို မျှဝေတဲ့အစီအစဉ်ဖြစ်ပါတယ်။ အဲဒီ အစီအစဉ်ရဲ့ အစိတ်အပိုင်းအဖြစ်နဲ့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ပုဂ္ဂလိက ကဏ္ဍ လုပ်ငန်းတွေနဲ့ မြန်မာနိုင်ငံ ပုဂ္ဂလိက ကဏ္ဍပိုင်းက စားသုံးသူတွေနဲ့ ဆက်စပ်ပေးဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ကျနော်တို့မှာ အတွေ့အကြုံ ရှိခဲ့တဲ့ ဖန်တီးကြံဆမှုတွေ စွန့်ဦးတီထွင်မှုတွေကိုလည်း ဝေမျှပေးဖို့လည်း ဖြစ်ပါတယ်။ အစိုးရနဲ့ ဆက်စပ်လုပ်ကိုင်ပြီးတော့လည်း ရင်းနှီးမြုပ်နှံမှုတွေ ဆွဲဆောင်နိုင်တဲ့ အစီအစဉ်တွေကို အကူအညီပေးဖို့ပါ။ ပွင့်လင်းမြင်သာမှုပိုရှိလေလေ ကြိုတင်တွက်ဆနိုင်လေလေ တရားဥပဒေစိုးမိုးမှုရှိလေလေ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ သူတို့အရင်းအနှီးတွေကို စိတ်ချလက်ချ မြုပ်နှံလုပ်ကိုင်နိုင်လေလေ ဖြစ်မှာပါ။ တိုးတက်မှုတွေကြည့်ရတာ အတော်လေး ကောင်းပါတယ်။ ရင်းနှီးမြုပ်နှံမှုတွေ ပိုလုပ်နိုင်မယ့်နည်းလမ်းတွေကို ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပြောခွင့်ဆိုခွင့်ရခဲ့ပါတယ်။

အမေရိကန်စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ ကျနော် ရှင်းပြချင်ပါတယ်။ ကျနော်တို့ နောက်ကျနေပြီလား ခင်ဗျား မေးတယ်။ မြန်မာ့စီးပွားရေးဟာ ခုန်ပျံကျော်လွှားတိုးတက်နိုင်မယ့် အခွင့်အလမ်းရှိပါတယ်။ နည်းပညာသစ်တွေကို သုံးပြီး လုပ်နိုင်တာကြောင့်ပါ။ အလားတူပဲ အမေရိကန် ကုမ္ပဏီတွေလည်း ခုန်ပျံကျော်လွှားလုပ်လာနိုင်မယ်လို့ ကျနော် တွေးတယ်။ ဥပမာဆိုပါစို့ အခုရန်ကုန်မှာ ကိုကာကိုလာ ကုမ္ပဏီ ရုံးချုပ် ဒီမှာ ရှိနေပြီ။ ကိုကာကိုလာကုမ္ပဏီဟာ ဒီ ဈေးကွက်ကနေ နှစ်အတော်ကြာအောင် ထွက်သွားခဲ့တာ အခု ဒဏ်ခတ်မှုတွေ ပြန်ဖြေလျော့ပေးတဲ့အထိ ဆိုပါစို့။ နှစ်ရာချီ သက်တမ်းရှိတဲ့ ကိုကာကိုလာ ကုမ္ပဏီအနေနဲ့ ဒါဟာ ဒုတိယအကြိမ် ပြန်ဝင်လာတာပါ။ အမေရိကန်ရင်းနှီးမြုပ်နှံမှုဟာ အခြားသူတွေနဲ့မတူပဲ တမူထူးခြားပါတယ်။ ကျနော်တို့ဟာ ရေရှည်အတွက် မြုပ်နှံတာပါ။ လူမှုအသိုက်အ၀န်းတွေထဲမှာ ရင်းနှီးမြုပ်နှံလုပ်ကိုင်တာပါ။ ဒေသခံတွေကို ငှားရမ်းအသုံးပြုပါတယ်။ လူမှုအ၀န်းအ၀ိုင်းကို တာဝန်သိသိ အကျိုးပြုတဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်ပါတယ်။ အမေရိကန်စီးပွားရေးလုပ်ငန်းတွေရဲ့ အမှတ်သင်္ကေတကတော့ အရည်အသွေးမြင့်တဲ့ ရင်းနှီးမြုပ်နှံမှုတွေဖြစ်ပါတယ်။ အမေရိကန်စီးပွားရေးလုပ်ငန်းအချို့ဟာ တကယ့်ကို ကြီးမားတဲ့အမေရိကန်ရင်းနှီးမြုပ်နှံသူတွေဖြစ်ကြပါတယ်။ ဥပမာပြလို့ရပါတယ်။ အခု ကိုကာကိုလာကုမ္ပဏီဆိုရင် မြန်မာ့စီးပွားရေးထဲမှာ ဒေါ်လာ သန်းနှစ်ရာရင်းနှီးမြုပ်နှံမယ်လို့ ဆိုထားပါတယ်။ အခုဆိုရင်ပဲ သန်း ၁၃၀ မြုပ်နှံထားပြီးပါပြီ။ ဒီရင်းနီးမြုပ်နှံမှုနဲ့အတူ ဒေသခံ မြန်မာလူမျိုးတွေအတွက် အလုပ်အကိုင်နေရာပေါင်း နှစ်သောင်းကျော် ဖန်တီးပေးပါတယ်။ အမျိုးသမီး သုံးသောင်းလောက်ကို စွမ်းရည်မြင့်တင်မှုတွေ လုပ်ပေးမှာပါ။ ဒါဟာ ကိုကာကိုလာကုမ္ပဏီရဲ့ လူမှုအသိုင်းအ၀န်း အကျိုးပြုအစီအစဉ်တွေပါ။ လူဦးရည် တသောင်းနှစ်ထောင်ကျော် ကျေးရွာသားတွေအတွက် ရေနဲ့ အညစ်အကြေးသန့်စင်ရေးစနစ်တွေ ရရှိအောင် အကူအညီပေးခဲ့ပါတယ်။ ဒါတွေဟာ ကိုကာကိုလာကုမ္ပဏီက လုပ်ပေးခဲ့တာတွေပါ။ ဒီနိုင်ငံတွင်းက ပြည်သူတွေရဲ့ စားဝတ်နေရေး ကျန်းမာရေးအခြေအနေတွေ တိုးတက်ကောင်းမွန်လာဖို့ အကူအညီတွေ ပေးချင်တာလည်း ပါပါတယ်။ ဒါဟာ မြန်မာနိုင်ငံထဲ ရင်းနှီးမြုပ်နှံလိုတဲ့ အမေရိကန်ုကုမ္ပဏီကြီးတွေအားလုံးရဲ့ လိုလားချက်ကို ကိုယ်စားပြုပါတယ်။

မေး။ ။ ကျနော် သိသလောက်တော့ မြန်မာနိုင်ငံထဲ ရင်းနှီးမြုပ်နှံကြမယ့် အမေရိကန်ကုမ္ပဏီတွေအနေနဲ့ ပုံမှန်အစီရင်ခံစာရေးဖို့အပါအ၀င် လူမှုအကျိုးပြုလုပ်ဆောင်ရမယ့် လမ်းညွှန်ချက်တွေကို အမေရိကန်နိုင်ငံခြားရေးဌာနက ချမှတ်ပေးထားတာရှိပါတယ်။ ကုမ္ပဏီတွေ အနေနဲ့ရော ဒါကို လိုက်နာမှုရှိလား၊ နိုင်ငံခြားရေးဌာနကရော ဘယ်လို စောင့်ကြည့်စစ်ဆေးပါသလဲ။

ဖြေ။ ။ ခင်ဗျားပြောတာမှန်ပါတယ်။ ကျနော်ဦးဆောင်ရတဲ့ ဌာနအနေနဲ့ရော နိုင်ငံခြားရေးဝန်ကြီးဌာနတခုလုံးအနေနဲ့ပါ ACE award လို့ခေါ်တဲ့ အကောင်းဆုံး အမေရိကန်ကုမ္ပဏီဆု နှစ်စဉ် ချီးမြင့်လေ့ရှိပါတယ်။ဲ့ ကမ္ဘာနေရာအနှံက အမေရိကန်ကုမ္ပဏီတွေ ဒေသခံလူမှုအသိုင်းအ၀ိုင်းအပေါ် အကျိုးပြုမှုအပေါ် တည်ပြီးပေးတာပါ။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဆိုရင်တော့ ပုံမှန်အစီရင်ခံစာ ပြန်တင်ရမယ်ဆိုတဲ့ အမေရိကန်ရင်းနှီးမြုပ်နှံသူတွေကို လမ်းညွှန်ချက်ရှိပါတယ်။ အခု မိနစ်ပိုင်းလေးကပဲ ကိုကာကိုလာက အမှုဆောင်တွေနဲ့ ဒီကိစ္စကို ပြောဖြစ်ပါတယ်။ ဒီလို ပုံမှန်အစီရင်ခံစာပြန်တင်ရတာမျိုးကို သူတို့လည်း လိုလိုလားလားရှိပါတယ်။ ဒါဟာ ပွင့်လင်းမြင့်သာမှုကို ပြသလို၊ ဒီမှာ ရင်းနှီးမြုပ်နှံသူတွေ ကြုံရမယ့် စိန်ခေါ်ချက်တွေကိုလည်း သိရပါတယ်။ ဒါဟာ စီးပွားရေးလုပ်ငန်းတွေအတွက်လည်း ကောင်းမွန်တဲ့ အလေ့အထပါ။ မေလတုန်းက သမ္မတအိုဘားမားက ကန့်သတ်ချက်တွေအတော်များများကို ဖယ်ရှားခဲ့တယ်၊ အဲဒီအထဲမှာ တာဝန်သိရင်းနှီးမြုပ်နှံမှုဆိုင်ရာ ပုံမှန်အစီရင်ခံစာတင်ဖို့ လိုအပ်တဲ့ ရင်းနှီးမြုပ်နှံမှုပမာဏ အနည်းဆုံးသတ်မှတ်ချက်ကို ဒေါ်လာငါးထောင်ကနေ ဒေါ်လာငါးသန်းအထိ တိုးမြင့်သတ်မှတ်လိုက်ပါတယ်။ ဒါကြောင့် ရင်းနှီးမြုပ်နှုံအသေးလေးတွေအတွက် ပုံမှန်အစီရင်ခံစာတင်ရမယ်ဆိုတဲ့ ၀န်ထုပ်ဝန်ပိုး လျောသွားစေပါတယ်။ ဘာပဲပြောပြော အမေရိကန်ကုမ္ပဏီတွေအနေနဲ့ ဒေသခံလူမှုအသိုက်အ၀န်းကို အကျိုးပြုစေတာ လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားတာတွေဖြစ်စေဖို့ အမေရိကန်အစိုးရရဲ့ ပိုင်းဖြတ်ဆောင်ရွက်ချက်အပေါ်မှာ ကျနော်တို့ကတော့ ဂုဏ်ယူပါတယ်။

မေး။ ။ နောက်မေးခွန်းကတော့ SDN လို့ သိကြတဲ့ အမေရိကန်ပြည်ထောင်စုက အမည်မည်းစာရင်း သတ်မှတ်ထားမှုကိစ္စပါ။ မြန်မာနိုင်ငံမှာက နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက် ခရိုနီစီးပွားရေးက အားကောင်းခဲ့တော့၊ အခုအချိန်မှာလည်း မြန်မာ့စီးပွားရေးအပေါ်မှာ သူတို့က သြဇာကြီးနေတုန်းပါပဲ။ ဒါကြောင့် ဒီစာရင်းကြောင့် အမေရိကန် မြန်မာကုန်သွယ်မှု တိုးမြင့်လာရေးအပေါ် ပြသနာဖြစ်စေမယ်လို့ ထင်ပါသလား။

ဖြေ။ ။ ကျနော်ပြောသလိုပါပဲ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု ၈၀ ရာခိုင်နှုန်းကို လျော့ပေးခဲ့ပါပြီ။ ကျန် ၂၀ရာခိုင်နှုန်းက အသေအချာကို ရည်ရွယ်ပစ်မှတ်ထားတဲ့ အရေးယူမှုမျိုးဖြစ်ပါတယ်။ သမတ အကြံပေးလုပ်နေတဲ့ ဘန်ရုဒ်ပြောခဲ့သလိုပါပဲ။ ဒီ အရေးယူဒဏ်ခတ်မှုတွေကို ကျနော်တို့လည်း မရှိစေချင်တော့ပါဘူး။ ကျန်တဲ့အရေးယူမှုတွေဟာ ဒိမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို ပိုမို မြန်ဆန်စေဖို့နဲ့ အနှောက်အတားဖြစ်နေသူတွေကို အသေအချာ ပစ်မှတ်ထားကိုင်တွယ်တာဖြစ်ပါတယ်။ ဒီကိစ္စမှာလည်း ဒီမှာရှိတဲ့ အစိုးရနဲ့ နီးနီးကပ်ကပ်ကို ညှိုနှိုင်းဆောင်ရွက်နေတာပါ။ ဒီနေရာမှာ အမေရိကန်စီးပွားရေးလုပ်ငန်းတွေကို မထိခိုက်စေဖို့လည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်။ အကောင်းဆုံးဖြစ်အောင် ကျနော်တို့လုပ်နေပါတယ်။

မေး။ ။ မြန်မာ့စီးပွားရေးအပေါ် ၀န်ကြီးရဲ့အမြင်မေးချင်ပါတယ်။ အခု မြန်မာနိုင်ငံအပြောင်းအလဲကို ကိုယ်တွေ့လည်း ကြုံရသလို၊ အစိုးရပိုင်းရော စီးပွားရေးပိုင်းကပါ ခေါင်းဆောင်တွေနဲ့လည်း တွေ့ခဲ့ပြီးပါပြီ။ မြန်မာ့စီးပွားရေး တိုးတက်မှုနဲ့ပတ်သက်လို့ ဘယ်လိုမြင်မိပါသလဲ။

ဖြေ။ ။ အလားအလာကောင်းတွေမြင်ပါတယ်။ မြန်မာဟာ အာဆီယံအစိတ်အပိုင်းတခုပါ။ အာဆီယံဒေသဟာ အမေရိကန်ရဲ့ အကြီးဆုံးကုန်သွယ်ဖက်ထဲမှာ ပါဝင်ပါတယ်။ ဒါအပြင် အာဆီယံဟာ ဖွံဖြိုးမှု အမြင့်ဆုံးဖြစ်လာတဲ့ ဒေသတခုပါ။ ရန်ကုန်မြို့ဟာဆိုရင် ၂၀၂၅ ဆိုရင် ကမ္ဘာ့လူဦးရေ ၅၀ ရာခိုင်နှုန်းဟာ လေယာဉ်ခရီး ငါးနာရီစီးပြီး ရောက်လာနိုင်တဲ့ အချက်အချာနေရာဖြစ်လာပါမယ်။ ဒါဟာ ကမ္ဘာရဲ့ အနာဂတ်မှာ ဖွံဖြိုးလာမယ့် အနေအထားပါ။ အခုဆိုရင် မြန်မာနိုင်ငံရဲ့ ဖွံဖြိုးမှုကို ၈ ရာခိုင်နှုန်းတွက်ဆထားပါတယ်။ ဒီကနေ ဆက်ပြီး တိုးတက်လာမယ်လို့ ထင်ပါတယ်။ အခုက စီးပွားရေးအခြေခံ အဆောက်အဦးတွေ လိုအပ်နေပါတယ်။ ရင်းနှီးမြုပ်နံမှုတွေ ပိုလာဖို့ စည်းမျဉ်းလုပ်ထုံးအတော်များများကို ပြန်လည်ပြင်ဆင်ဖြေလျှော့ရမယ်ဆိုတာကို အစိုးရကလည်း သဘောပေါက်ပါတယ်။ ဒါကို အစိုးရအနေနဲ့ အသေအချာ ဆောင်ရွက်နိုင်မှာပါ။ ကျနော်တို့ဘက်ကလည်း အနီးကပ်ဆုံး ကူညီဆောင်ရွက်နေပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင် အသိုင်းအ၀ိုင်းတွေ၊ ဆန်းသစ်တီထွင်ကြံဆသူတွေနဲ့လည်း ကျနော်တို့ တွဲဖက်ဆောင်ရွက်နေပါတယ်။ စီးပွားရေးအခွင့်အလမ်းတွေကတော့ အတော်ကြီး စိတ်လှုပ်ရှားစရာကောင်းပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က ကျနော်ဒီရောက်ခဲ့တယ်။ အခု ပြန်လာတဲ့အခါမှာ လျင်မြန်မှုတွေနဲ့ စွမ်းအားကောင်းကောင်းတွေ ရှိနေတယ်လို့ ခံစားမိပါတယ်။ ပြောင်းလဲရွေ့လျားနေတဲ့ တိုင်းပြည်တခုလို့ ခံစားမိပါတယ်။ နောက်တခါပြန်ရောက်လာရင် ဘယ်လိုအခြေအနေဖြစ်မလဲဆိုတာ စိတ်လှုပ်ရှားတကြီး စောင့်ကြည့်ချင်ပါတယ်။

မေး။ ။ ဒါပေမယ့် မြန်မာစီးပွားရေးပညာရှင်အချို့ ပြောတာကတော့ အစိုးရသစ်ဖက်က စီးပွားရေးမူဝါဒ အသေးစိတ်ထုတ်ပြန်ပေးဖို့ နောက်ကျနေတယ်၊ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် ပြင်ဆင်ဖွဲ့စည်းတာလည်း နောက်ကျခဲ့တယ်လို့ ဝေဖန်တာတွေရှိပါတယ်။ အစိုးရသစ်ရဲ့ စီးပွားရေးဖွံဖြိုးမှုနဲ့ပတ်သက်တဲ့ ခြေလှမ်းကိုရော ဘယ်လို ယူဆပါသလဲ။

ဖြေ။ ။ စီးပွားရေးမှာ တာဝန်ယူရတဲ့ ပြည်ထောင်စုဝန်ကြီးအားလုံးနဲ့ ကျနော် စကားပြောဖြစ်ပါတယ်။ အခြေအနေကတော့ လမ်းကြောင်းမှန်ပေါ်မှာရှိနေတယ်လို့ ကျနော်ယုံကြည်ပါတယ်။ ရှုပ်ထွေးနေတဲ့အခြေအနေတွေကို သူတို့ကို ကိုင်တွယ်နေရပါတယ်။ အကြမ်းထည်ကနေ ကြီးကြီးမားမား ဖြစ်လာဖို့ စတင် လုပ်ဆောင်နေပါပြီ။ စောတာ နောက်ကျတာအပေါ် ကျနော် မှတ်ချက် မပြောနိုင်ပါဘူး။ ဒါပေမယ့် သူတို့အနေနဲ့ ဘယ်ကိုသွားရမယ်ဆိုတာ နားလည်ပါတယ်။ ဒါကြောင့် လမ်းကြောင်းမှန်ပေါ်မှာရှိတယ်လို့ ကျနော်ကို ယုံကြည်စေပါတယ်။

မေး။ ။ နောက်ဆုံးမေးခွန်းပါ။ မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးအောက်မှာ နှစ် ၅၀ ပိတ်လှောင်ခံခဲ့ရပါတယ်။ ဖြေရှင်းစရာ ပြသနာကလည်း အများကြီးရှိပါတယ်။ အစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေး လူ့အခွင့်အရေးနဲ့ အခြားနိုင်ငံရေးကိစ္စတွေကို ဖြေရှင်းနေချိန်တပြိုင်တည်းမှာ၊ စီးပွားရေးဖွံဖြိုးမှုကို ကိုင်တွယ်သွားနိုင်မယ်လို့ ထင်ပါသလား။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တာပါ။ သမိုင်းမှာ အံသြစရာကောင်းလောက်တဲ့အချိန်ဖြစ်ပါတယ်။ ဒီမိုကရေစီခေါင်းဆောင်တဦးနဲ့အတူ ဒီမိုကရေစီအသက်ဝင်မွေးဖွားလာတာ ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ်ပါ။ အခြေအနေကောင်းတွေဖြစ်လာဖို့ ကျနော်တို့ဖက်က အတတ်နိုင်ဆုံး ကူညီပေးလိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးနီးကပ်ကပ်ဆက်ဆံနေပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲပ လာမယ့် စက်တင်ဘာလထဲကျရင် အမေရိကန်သမ္မတနဲ့ ၀ါရှင်တန်မှာ တွေ့ဆုံဖို့ရှိတာဟာ အတော်လေး စိတ်လှုပ်ရှားစရာပါ။

ကျနော်တို့အတူလုပ်ဆောင်စရာတွေ အများကြီးရှိပါတယ်။ ခင်ဗျားပြောတာရဲ့ တဖက်က အခွင့်အလမ်းတွေရှိတယ်ဆိုတာကိုလည်း ကျနော် ပြပါရစေ။ ကမ္ဘာကြီးနဲ့ ထိစပ် ဆက်ဆံမှုအခွင့်အလမ်းတွေရှိလာပါတယ်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ လာဖို့ အခွင့်အလမ်းတွေရှိပါတယ်။ နိုင်ငံဝင်ငွေရမယ့် စီးပွားရေးပုံစံအမျိုးမျိုးကို ဖန်တီးလို့ရမယ်၊ အလုပ်အကိုင်တွေ ဖန်တီးလို့ရပါတယ်။ အတော်လေး စိတ်လှုပ်ရှားစရာ အချိန်အခါကောင်းပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အပြောင်းအလဲအတွက် အားကြီးတဲ့ တမူထူးတဲ့ ခေါင်းဆောင်ပါ။

မေး။ ။ မေးခွန်းတခုထပ်မေးချင်ပါတယ်။ မြန်မာနိုင်ငံဟာ မကြာခင်အချိန်အတွင်းမှာ အမေရိကန်ရဲ့ GSP ကုန်သွယ်မှုအထူးအခွင့်အရေးရတဲ့ နိုင်ငံ ဖြစ်လာနိုင်ချေရှိပါသလား။

ဖြေ။ ။ ကျနော် နေပြည်တော်ကို ရောက်တုန်းက ပြည်ထောင်စုဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာ ဒီကိစ္စဟာ ထိပ်တန်းအကြောင်းအရာတခုဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဖက်က ဒိကိစ္စနဲ့ပတ်သက်လို့ အတော်လေး တတ်တတ်ကြွကြွရှိပြီး သုံးသပ်မှုတွေ လုပ်နေပါတယ်။ ဒိကိစ္စအပေါ်မှာလည်း ၀န်ကြီးတွေဘက်က စိတ်ဝင်စားမှုရှိပါတယ်။ ဒါဟာ ဦးစားပေး ဆွေးနွေးကြတဲ့ အကြောင်းကိစ္စပါ။

အချိန်ပေးဖြေကြားတဲ့အတွက် ကျေးဇူးပါ။”


အမေရိကန်စီးပွားရေးကုမ္ပဏီတွေအနေနဲ့ မြန်မာ့စီးပွားရေးနဲ့ မြန်မာလူမှုအသိုက်အ၀န်းအပေါ် ဘယ်လို အကျိုးပြုနိုင်မလဲ၊ အမေရိကန်နဲ့ မြန်မာ ကုန်သွယ်ရေးဆက်ဆံမှု အလားအလာ၊ မြန်မာ့စီးပွားရေးတိုးတက်မှုအပေါ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Rivkin ရဲ့ အမြင် စတာတွေကိုတော့ လာမယ့် သီတင်းပတ် တွေ့ဆုံမေးမြန်းခန်းအစီအစဉ်မှာ အသေးစိတ် စောင့်မျှော့် ရှုစားနိုင်ပါတယ်။

ကိုသားညွန့်ဦး
VOA Burmese News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.