ပုလင်း ပန်းချီဖြင့် အနုပညာ ပုံဖော်သူ


သည်တစ်ခေါက် သူ ပုလင်းပန်းချီ ရေးဆွဲနေရသည်မှာ ထူးခြားနေသည်။ သို့သော် စိုးရိမ်မှု တစ်စုံတစ်ရာ မရှိ။ သည်အတွက် ဂုဏ်ယူဝမ်းမြောက် နေမိပြီ။ သူကား ပုလင်းပန်းချီ ချစ်မြ။ မန္တလေးမြို့က တစ်ဦးတည်းသော ပုလင်းပန်းချီပညာရှင် ဖြစ်သည်။

သူ့ရှေ့တွင် ဖြူဖြူ ချောချော၊ သန့်သန့်အမျိုးသမီးကြီး တစ်ဦးနှင့် ဧည့်သည်တော်များ ရှိနေသည်။ ယခုကဲ့သို့ အထူး ဧည့်သည်တော်များ၏ ရှေ့မှောက်တွင် မိမိ တတ်ကျွမ်းသော အနုပညာ တစ်ရပ်ကိုတင်ဆက်ရလိမ့်မည်ဟု အိပ်မက်မျှပင် မမက်ဖူးပါ။ သူ့အတွက် အလွန် ကံထူးနေသည်။ ထိုအမျိုးသမီးကြီးသည်ကား ပြည်သူ့အစိုးရသစ် နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်၏ ဇနီးဖြစ်နေသောကြောင့်ဖြစ်သည်။

သူသည် မန္တလေးမြို့သို့ အလည်အပတ် ရောက်ရှိလာသည့် သမ္မတကတော်မှတစ်ဆင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ လက်ဆောင် တစ်ခု ပါးလိုသည်။ ယင်းကြောင့် သူသည် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများမှတစ်ဆင့် လတ်တလော ရေးဆွဲနေသော ပုလင်း ပန်းချီလက်ရာ တစ်ခုကို လက်ဆောင်အဖြစ် ပါးလိုက်သည်။ သူ ပါးလိုက်သော လက်ဆောင်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူ ပုလင်းပန်းချီပင် ဖြစ်သည်။

ဒေါ်စုပုံတူ ပုလင်းပန်းချီ လက်ထဲ ရောက်သွားပြီးသည်နှင့် နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် သမ္မတကတော်သည် ပုလင်းပန်းချီကို စိတ်ဝင်စား သွားဟန် ရှိသည်။ သူ၏ အလုပ်ခန်း ဖွင့်လှစ်ခဲ့ဖူးသော အမရပူရမြို့ရှိ မင်္ဂလာ အနုပညာပြခန်းသို့ သမ္မတကတော် ကိုယ်တိုင် ရောက်လာကာ သူ၏ ပုလင်းပန်းချီ ရေးဆွဲပြသခွင့်ကို ထူးထူးခြားခြား ရခဲ့သည်။ သမ္မတကတော်သည်လည်း စိတ်ဝင်တစား ကြည့်ရှုနေသည်ကို ပုလင်းပန်းချီ ရေးဆွဲနေရာမှ သူ သတိထားမိသည်။ သမ္မတကတော် ဒေါ်စုစုလွင်၏ ချီးကျူး ဂုဏ်ပြုစကားကိုလည်း ရရှိခဲ့လေသည်။

“သမ္မတကတော်ကို လက်တွေ့ ပြသခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ နိုင်ငံတော် အနေနဲ့လည်း ဒီလို ပညာရှင် တစ်ယောက် ရှိတယ်ဆိုတာ သိခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်”ဟု သူက ကျေနပ်ပီတိဖြင့် ပြောသည်။

သူသည် ငယ်စဉ်ကတည်းက ပန်းချီပညာကို မွေ့လျော်ခဲ့သည်။

သူ့ကို မန္တလေးမြို့ တာရဲတန်းရပ်ကွက်တွင် မွေးဖွားသည်။ သူ၏ဖခင်မှာ ဗုဒ္ဓဝင်နိပါတ်တော် ဆရာကြီး ပန်းချီဘရီဖြစ်သည်။ သူ၏ ပန်းချီ မျိုးစေ့သည်ကား ဖခင်ထံမှ ရခဲ့လေသည်။ ငယ်စဉ်ကတည်းက ဖခင်၏ ပန်းချီပညာပေါ်တွင် ထိတွေ့ခံစားသည်။ အသက် ၂၃ နှစ်အရွယ်တွင် ဖခင်ထံမှ ပန်းချီပညာကို လေ့လာ ဆည်းပူးခွင့် ရသည်။

သူ၏ လက်ဦးဆရာမှာ ဖခင်ပင် ဖြစ်သည်။ ဖခင်ထံမှ ကြိုးစား သင်ယူသည်။ ဆည်းပူးသည်။ လေ့လာသည်။ တတ်မြောက်သည်။ သူ ပန်းချီလောကတွင် စတင် ရေးဆွဲတော့ ၁၉၈ဝ ပြည့်နှစ် ဝန်းကျင်တွင် ဖြစ်သည်။ အိမ်ထောင်ကျပြီးမှ ပန်းချီ လောကထဲ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ စရေးဆွဲစဉ်က တရုတ်ဆိုင် ဖွင့်ပွဲများ၊ တရုတ် မင်္ဂလာဆောင်များ၊ တရုတ်အိမ် တက်ပွဲများ၊ တရုတ် မွေးနေ့ပွဲများက လက်ဆောင်အဖြစ် ပေးရန် မှာသော မှန် ပန်းချီကားများကို ဆွဲရသည်။ သူသည် မှန် ပန်းချီ လောကတွင် အထိုက်အလျောက် အောင်မြင်သည်ဟု ဆိုနိုင်သည်။ မှန်ပန်းချီကို အခြား ပန်းချီဆရာများလည်း ရေးကြသည်။ သူနှင့် မှန် ပန်းချီခေတ်ပြိုင် ဆရာများမှာ ဆန်းနုယဉ်မောင်ဝင်း၊ မှန်ပန်းချီ ကျော်ဌေး၊ မှန်ပန်းချီ စောမောင်တို့ဖြစ်သည်။

တရုတ်ဆိုင် ဖွင့်ပွဲလက်ဆောင်အဖြစ် မန္တလေး ပန်းချီဆရာများ ရေးဆွဲသော မှန်းပန်းချီ လက်ရာများသည် ဈေးကွက် ဝင်ခဲ့သည်။ မှန်ပန်းချီသည် ၁ဝ နှစ် ဝန်းကျင်အထိ အလုပ်ဖြစ်ခဲ့သည်။ သူ၏ မှန်ပန်းချီ လက်ရာများသည် တရုတ်နိုင်ငံ ရွှေလီမှတစ်ဆင့် တရုတ် ဈေးကွက်အတွင်း ဝင်ရောက်ခဲ့သည်။

“အဲဒီကာလက မှန်ပန်းချီ ချစ်မြဆိုလျှင် မသိသူ မရှိဘူး” သူက အတိတ်ကို ပြန်ပြောင်း ပြောသည်။

ယင်းနောက် မှန်ပန်းချီ ဈေးကွက်သည် ဘောင်ဈေးနှုန်း မြင့်တက်မှုနှင့် တရုတ်မှန်ဈေးနှုန်း မြင့်တက်မှုများကြောင့် အလုပ် မဖြစ်တော့။ ထိုအခါ သူသည် အလုပ် ပြောင်းလုပ်မှ ဖြစ်မည်ကို သွားတွေ့သည်။

“ကျွန်တော် စဉ်းစားလိုက်တယ်။ မှန်နဲ့ ပုလင်း ရေးတဲ့စနစ်က အတူတူပဲ ဆိုတာကို တွေ့လိုက်ရတယ်”ဟု သူက ဆိုသည်။ သူ ရေးဟန်ပြောင်းခြင်းသည် လုပ်ဖော်ကိုင်ဖက် ပန်းချီဆရာများ၏ တိုက်တွန်းချက်ကြောင့်လည်း ပါသည်။ ပုလင်းပန်းချီတွင် အောင်မြင်လိမ့်မည်ဟု ထင်ကြေး ပေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ပုလင်းပန်းချီကို စတင်ခဲ့သူမှာ ပန်းချီညိုလေး ဖြစ်သည်။ မြန်မာ့ ယဉ်ကျေးမှုရေးရာ ဆောင်းပါးများ ရေးသားသော စာရေးဆရာမကြီး ဒေါ်စောမုံညင်းသည် တရုတ်ပြည်မှ ပြန်လာသောအခါ တရုတ် ပုလင်းပန်းချီ တစ်လုံး ပါလာသည်။ ကျန်းမာရေး မကောင်းသော ပန်းချီ ဦးညိုလေးကို လက်ဆောင်အဖြစ် ပေးသည်။ ပန်းချီဦးညိုလေးက တရုတ်ပုလင်းပန်းချီကို ကြည့်ပြီး လေ့ကျင့်ရေးသားခဲ့ရာ ပုလင်းပန်းချီ ဦးညိုလေးအဖြစ် ထင်ရှားခဲ့သည်။

သူသည် ပုလင်းပန်းချီ ညိုလေး၏ ပုလင်းပန်းချီ အနုပညာ လက်ရာများကို ၁၉၉ဝ ပြည့်နှစ်တွင် စတင် လေ့လာ သင်ယူသည်။ ပန်းချီဦးညိုလေးထံတွင် သွားရောက် သင်ယူနိုင်ရန်မှာလည်း အချိန်မရှိ။ မိသားစု ဝမ်းရေးအတွက် အလုပ် လုပ်ရသေးသည်။ ပုလင်းပန်းချီညိုလေးသည် သူ၏ မြင်ဆရာ တစ်ဦးဖြစ်သည်။ ပုလင်းတစ်လုံးပေါ်တွင် ပန်းချီ အနုပညာမြောက်အောင် ရေးနိုင်ဖို့ လေ့ကျင့်သည်။ ဖန်တီးသည်။

၁၉၉၃ ခုနှစ်၌ ပုလင်းပန်းချီ လေ့ကျင့် ရေးဆွဲခြင်း အောင်မြင်သည်။ မန္တလေး မဟာမုနိ ရုပ်ပွားတော်ပုံကို ငါးလုံးမြောက် ပုလင်းပန်းချီအဖြစ် လေ့ကျင့်ရေးဆွဲရာ အောင်မြင်ခဲ့သည်။ မိမိ စတင် လေ့ကျင့် ရေးဆွဲခဲ့သော ပုလင်းပန်းချီများအနက် မဟာမုနိပုံတူ ပုလင်းပန်းချီသည် အနုပညာ လက်ရာမြောက်သည်ဟု ဆိုနိုင်သည်။

၁၉၉၃ ခုနှစ်တွင် မဟာမုနိ သမိုင်းပန်းချီပြခန်း ဖွင့်မည်ဆိုသောအခါ ယင်းပုံကို ရေးဆွဲဖြစ်ပြီး ယင်း ပုလင်း ပန်းချီလက်ရာကို မဟာမုနိဘုရားကြီး ပန်းချီပြခန်းတွင် ယနေ့တိုင် ပြသထားသည်။

၁၉၉၄ ခုနှစ်မှ ၂ဝဝ၆ ခုနှစ်အထိ ပုလင်းပန်းချီ အလုံး ၁ဝဝ ခန့် သူရေးဆွဲပြီး ဘုရားကြီးစောင်းတန်း နိဗ္ဗာန်ကုန် အရောင်းဆိုင်များတွင် တင်၍ ရောင်းခဲ့ရသည်။ နိုင်ငံခြားသားများက ဝယ်ယူ အားပေးကြသည်။ တစ်လုံး ၂ဝဝဝ ကျပ်၊ ၃ဝဝဝ ကျပ်သာ ဈေးရခဲ့သည်။ အနစ်နာခံ၍ ရေးဆွဲ ရောင်းချခဲ့ရသည်။ သို့သော် သူသည် အားမလျှော့။ ဆက်လက် ကြိုးစား ရေးဆွဲသည်။ ထိုသို့ အနာခံ ရေးဆွဲရခြင်း၏ အသီးအပွင့်သည် ယနေ့အချိန်တွင်တော့ သူ ခံစားနေရပြီဖြစ်သည်။

၂ဝဝ၇ ခုနှစ်တွင် အမေရိကန် Sunbus ခရီသွား ကုမ္ပဏီ တစ်ခု၏ ချိတ်ဆက်ပေးမှုဖြင့် အမေရိကန်၊ ပြင်သစ်၊ အီတလီနိုင်ငံတို့မှ ပန်းချီပညာရှင်၊ ပန်းပုပညာရှင်၊ ဓာတ်ပုံ ပညာရှင်၊ ကြေးသွန်းပညာရှင်များ ပါသောအဖွဲ့ တစ်ဖွဲ့ကို ပြသခွင့်ရသည်။ ခရီးသွားများ လာရောက် ကြည့်ရှုသည်။ ယင်းကုမ္ပဏီ၏ ချိတ်ဆက်ပေးမှုအရ ၂ဝဝ၇ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အထိ နိုင်ငံခြားသား ခရီးသွား ဧည့်များကို ပြပွဲ သဘောမျိုး သီးသန့် ရေးဆွဲ ပေးခဲ့ရသည်။ နိုင်ငံခြားခရီးသွား ဧည့်သည် ဆိုသည်ကလည်း ဝယ်သည့်အခါရှိသလို မဝယ်သည့်အခါလည်း ရှိသည်။ သို့သော် ရလဒ်ကောင်း တစ်ခု ပေါ်လာလိမ့်မည်ဟု သူ ယုံကြည်သည်။

ပုလင်းပန်းချီ တစ်လုံး ဖြစ်ဖို့ဆိုသည်မှာ မလွယ်ကူလှ။ အချိန်ယူရသည်။ အချိန်ယူ ရေးဆွဲရသည့်အပြင် လက်ရာမြောက် ပန်းချီဖြစ်ရန် လွယ်ကူသည်တော့ မဟုတ်။ “ပုလင်းအပေါက် သေးသေးလေးကတစ်ဆင့် ရေးရတာမို့လို့ လွယ်လွယ်နဲ့ ရေးနိုင်ဖို့ ခက်ခဲပါတယ်”ဟု သူက ဆိုသည်။

အနုပညာ ဖန်တီးသူတိုင်း အနုပညာဈာန် ဝင်စားရန်လိုသည်။ တည်ငြိမ်ရမည်။ တည်ငြိမ်မှုကို အခြေခံရသည်။ အေးအေးဆေးဆေး ရှိရမည်။ သို့သော် ပုလင်း ပန်းချီ ရေးဆွဲရခြင်းသည် ကင်းဘတ်ပေါ် ရေးရသည်ထက် အဆများစွာ စိတ်ကို တည်ငြိမ်အောင် ထားရသည်။ ပုလင်းပန်းချီ ရေးဆွဲမှုသည် အပြင်ပန်းက ကြည့်ရင်လွယ်သည်ဟု ထင်ရသော်လည်း အလွန် ခက်ခဲသည်။ ဈာန်ဝင်သည့်အချိန်၊ စိတ်တည်ငြိမ်မှု အားကောင်းသည့်အချိန် ရေးလျှင် ပို၍ ကောင်းသည်။

“စိတ်တည်ငြိမ်ဖို့ နေ့စဉ် ပုတီး စိပ်ရတယ်။ တရား ထိုင်ရတယ်”ဟု သူက ပြောသည်။

ပုလင်း တစ်လုံးပြီးရန် ငါးရက်ခန့် ကြာသည်။ အဆင့် ငါးဆင့် လိုအပ်သည်။

ပုလင်းအတွင်းတွင် ပထမအဆင့် အနေနှင့် ပုံကြမ်း ရေးဆွဲရသည်။ ဒုတိယအဆင့် အရောင် သွင်းရသည်။ တတိယအဆင့် ပုံဖော် ရေးဆွဲရသည်။ စတုတ္ထအဆင့် အနုစိတ်ရသည်။ ပဉ္စမအဆင့် ပုံတူဆွဲရသည်။ အနုစိတ်သည့် အဆင့်နှင့် ပုံတူဆွဲမှုအပေါ် အချိန်ပေးရသည်။

ပုလင်းပန်းချီ၏ လိုအပ်သော ကုန်ကြမ်းပစ္စည်းသည် ပုလင်း ဖြစ်သည်။ ပို၍ကောင်းသည်မှာ ဂလူးကို့စ် ပုလင်းဖြစ်သည်။ ပုလင်းတိုင်းလည်း ရေး၍မရ။ ဖန်သား ကြည်လင်ပြီး ရှင်းနေမှသာ ရေး၍ရသည်။ ဖန်သားပါးသည့် ပုလင်းကိုသာ ရွေးဝယ်ရသည်။

မြန်မာနိုင်ငံတွင် ပုလင်းပန်းချီ ရေးဆွဲသူသည် သူ အပါအဝင် နှစ်ဦးခန့်သာ ရှိသည်ဟု ဆိုသည်။ ယောနသံဆိုသော ပုလင်းပန်းချီ ရေးဆွဲသူ တစ်ဦး ပုဂံညောင်ဦးတွင် ရှိသည်။

ယခုနောက်ပိုင်း သူ့ထံ ပုံတူ လာအပ်မှု များသည်။ အချို့က မိမိပုံတူ။ အချို့က မိသားစုပုံ။ အချို့က ချစ်သူပုံ။ ပုံတူ ပုလင်းပန်းချီ တစ်လုံး ရေးဆွဲခ နှစ်သိန်းကျပ်ခန့် ရနိုင်သည်။

ခုရက်ပိုင်း သူ့ထံ ရန်ကုန်ကုန်သည်ကတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပုလင်းပန်းချီများ အမှာဝင်သည်။ ကုန်သည်မှာသည်နှင့် အစီအစဉ် မရှိဘဲ ဒေါ်အောင်ဆန်းစုကြည် ပုံတူ ပုလင်းပန်းချီကို ရေးဆွဲခွင့် ရနေသည်။

ထို့အပြင် ရောက်လာသည့် အခြေအနေအရ ဗိုလ်ချုပ်အောင်ဆန်းပုံတူ၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပုံတူ၊ သမ္မတကတော် ဒေါ်စုစုလွင်ပုံတူတို့ကို ရေးဆွဲနေရသည်။

သူ၏ ပုလင်းပန်းချီသည် ၂ဝ၁၄၊ ၂ဝ၁၅၊ ၂ဝ၁၆ ခုနှစ်တို့တွင် နာမည် ရလာသည်ဟု ဆိုရမည် ဖြစ်သည်။

၂ဝ၁၆ ခုနှစ် မတ်လထဲတွင် ထိုင်းနိုင်ငံ Xcon Co.,Ltd. ၏ ဖိတ်ကြားချက်အရ 5th International Innovative CRAFT Fair 2016 ကို တက်ရောက်ကာ ပုလင်းပန်းချီ ပညာရပ်နှင့် ပတ်သက်ပြီး နှီးနှော ဖလှယ်ခွင့် ရခဲ့သည်။

“ဒီပွဲမှာ နိုင်ငံတကာ လက်မှုပညာရှင်တွေဆီကနေ အတွေ့အကြုံကောင်းတွေ ရခဲ့သလို မိမိအနေနဲ့ ကိုယ့်ပညာကို ကမ္ဘာက သိအောင် ပြသနိုင်ခဲ့တယ်။ သူတို့လည်း စိတ်ဝင်တစား လေ့လာကြတယ်”ဟု သူက ထိုင်းပြပွဲ အတွေ့အကြုံကို ပြန်ပြောင်း ပြောပြသည်။

ထိုင်းပြပွဲမှတစ်ဆင့် သူ့အား နိုင်ငံတကာ အနုပညာ ပြပွဲများတွင် ဖိတ်ကြားမှုများ ရှိလာသည်။

ယင်းအပြင် အမေရိကန် တက္ကသိုလ် တစ်ခုကလည်း မှန်ပန်းချီနှင့် ပုလင်းပန်းချီကို သင်ကြားပေးရန် ကမ်းလှမ်းမှု ရှိလာသည်။ မိမိနိုင်ငံမှ လက်မှုပညာများ ကမ္ဘာသိအောင်၊ ကမ္ဘာ့ဈေးကွက် ဝင်အောင် နိုင်ငံတကာ ပြပွဲများဆီ ဝင်ရောက် ပြနိုင်ဖို့လည်း လိုသည်မှာ အထင်အရှား ဖြစ်သည်။

ပုလင်းပန်းချီ၏ မြစ်ဖျားခံရာသည် တရုတ်နိုင်ငံမှ ဖြစ်သော်လည်း ယခုအခါ တရုတ်တွင် ပုလင်းပန်းချီပညာရှင် မရှိတော့ဟု သိရသည်။ တရုတ် ပုလင်းပန်းချီနှင့် မြန်မာ ပုလင်းပန်းချီသည် တစ်မျိုးစီ အနုပညာ မြောက်သည်ဟု သူ ယုံကြည်သည်။ မြန်မာ ပုလင်းပန်းချီ၏ ဖန်တီးမှုသည် ပညာရပ်၊ ရိုးရာ၊ ပုလင်း သုံးမျိုး သတ်မှတ်ထားခြင်း ဖြစ်ကာ ပုလင်းပန်းချီကို မြန်မာ့မူပိုင် ဖြစ်စေရန် ကြိုးစား ရေးဆွဲနေကြောင်း သူက ဆိုသည်။

ယခုအခါ သူ၏ ပညာအမွေ၊ ပုလင်း ပန်းချီအမွေကို သားငယ်ဖြစ်သူအား ပေးဝေလျက် ရှိသည်။ သူသည် ယနေ့ကာလတွင် ပုလင်းပန်းချီ တစ်ခုတည်း ရေးဆွဲနေသူ မဟုတ်။ ရေဆေး၊ ဆီဆေး အကုန် ရေးသည်။ ပုလင်း ပန်းချီကိုကား လမ်းကြောင်း တစ်ခု အနေနှင့် ရေးဆွဲနေခြင်း ဖြစ်သည်။

သူ၏ဆန္ဒမှာ ...

နိုင်ငံတော်အစိုးရ အနေနှင့် မိမိကဲ့သို့ ပုလင်းပန်းချီ ပညာရှင်များကိုသာမက နယ်ပယ် အသီးသီးမှ ပညာရှင်များကို ဖော်ထုတ်၊ မြေတောင်မြှောက်၊ တန်ဖိုး မြှင့်တင်ပေးဖို့ လိုအပ်သည်ဟု ရင်တွင်းစကား ဆိုသည်။

ရဲဝင်းနိုင်

============

The Voice

http://thevoicemyanmar.com/opinion/1733-bot

COMMENTS

Name

art,1,article,1293,cartoon variety,22,crime,63,culture,1,documentary,7,Entertainment,5,health,30,history,2,international,6933,interview,212,knowledge,7,Live,8,LocalNews,15037,news,2842,opinion,757,photos,202,poem,115,satires,38,song,12,speech,12,sports,132,statement,59,technic,52,translate,33,video,1065,voice,76,
ltr
item
dawnmanhon: ပုလင်း ပန်းချီဖြင့် အနုပညာ ပုံဖော်သူ
ပုလင်း ပန်းချီဖြင့် အနုပညာ ပုံဖော်သူ
https://1.bp.blogspot.com/-uK8QwCmXXJE/V9XisMLpqxI/AAAAAAAAZFA/rSa1e9o-D_8kfkRoK9owq2oNohuPkKl8QCLcB/s1600/q1.jpg
https://1.bp.blogspot.com/-uK8QwCmXXJE/V9XisMLpqxI/AAAAAAAAZFA/rSa1e9o-D_8kfkRoK9owq2oNohuPkKl8QCLcB/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2016/09/blog-post_122.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/09/blog-post_122.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy