“ ငြိမ်းချမ်းရေးအတွက် အကြီးမားဆုံးအဟန့် အတား (သို့ ) အဂတိတရားလေးပါး ”

အမေရိကန်နိုင်ငံ နယူးယောက်ခ်မြို့မှာ စက်တင်ဘာ ၂၁ ရက်နေ့  ညနေပိုင်းက ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ နိင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ မိန့်ခွန်းပြောခဲ့ပါတယ်။

သူမရဲ့မိန့် ခွန်းအစပိုင်းမှာ “နှစ်ပေါင်း (၆၀) ကျော် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံ တနိုင်ငံအဖို့ အဓွန့်ရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ရရှိဖို့ဆိုတာထက် ဘယ်အရာမှ ပိုပြီး အရေးမကြီးနိုင်ပါဘူး၊ ဒါဟာမြန်မာနိုင်ငံအစိုးရသစ်အနေနဲ့ အဓိကစိန်ခေါ်မှုကြီးတရပ်အဖြစ် အဆင့်မြင့် ဦးစားပေးဆောင်ရွက်နေတဲ့ ခက်ခဲရှုပ်ထွေးတဲ့လုပ်ငန်းကြီးတရပ် ဖြစ်ပါတယ် ” ဆိုတဲ့သဘောမျိုး ပြောကြား ခဲ့သလို .. သူမရဲ့ မိန့် ခွန်းနိဂုံးပိုင်းမှာတော့ “ လောဘ၊ ဒေါသ၊ ကြောက်ရွံ့ မှု့၊ မသိနားမလည်မှု့ တွေဟာ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု့ရဲ့အကြောင်းအရင်းများဖြစ်ပါတယ်။ အဂတိလိုက်စားမှု့လို့ ပြောရာမှာ လာဘ်ပေးလာဘ်ယူမှု့သက်သက်ကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ လူ့ သဘာဝကျင့်ဝတ်ပျက်ခြင်းကိုဆိုလိုပါ တယ်။ လောဘ၊ ဒေါသ၊ ကြောက်ရွံ့ မှု့၊ မသိနားမလည်မှု့တွေဟာ လူ့ သဘာဝကျင့်ဝတ်ပျက်စေသလို ကမ္ဘာကြီးကို ကျင့်ဝတ်ပျက်စေပါတယ်။ ဒါကြောင့် ကျွန်မတို့ အားလုံးအတူတကွ ဒေါသ အမုန်းတရား၊ အကြောက်တရားနဲ့ မသိနားမလည်မှု့တွေကို ဆန့် ကျင်ရပ်တည်ကြပါစို့ ” လို့ ပြောကြားတိုက်တွန်းသွား ခဲ့ပါတယ်။

ဟုတ်ပါတယ် အဲ့ဒီ လောဘ၊ ဒေါသ၊ အကြောက်တရားနဲ့ မသိနားမလည်မှု့ဆိုတဲ့ အဂတိတရားလေးပါးဟာ မြန်မာနိုင်ငံငြိမ်းချမ်းရေးလမ်းမထက်မှာပိတ်ဆို့ နေတဲ့အကြီးမားဆုံး အဟန့် အတားတွေပါဘဲ။ မြန်မာနိုင်ငံမှာ အဂတိလိုက်စားတယ်ဆိုတာ အစိုးရဝန်ထမ်းနဲ့ အုပ်ချုပ်တဲ့အာဏာပိုင်တွေကနေ အိမ်ထောင်စုအတွင်း၊ မိတ်ဆွေသူငယ်ချင်းအခြင်းခြင်းကြား၊ လူ့မှု့အသင်းအပင်းအဖွဲ့တွေထဲမှာလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေ တာပါ။

တကယ်တော့ ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်တိုင်က သင်္ဂါလ သတို့သားရဲ့လျှောက်ထားတောင်းပန်ချက် အရ သင်္ဂါလောဝါဒသုတ်ခေါ် ဂိဟိဝိနယလို့ ခေါ်ကြတဲ့ လူ့ဝိနည်းကျင့်ဝတ်တရားတော်များဖြစ်တဲ့ ကမ္မကိလေသတရားလေးပါး၊ အဂတိတရားလေးပါး၊ ဥစ္စာပျက်စီးကြောင်းခြောက်ပါး အရပ်မျက်နှာခြောက်ပါး တို့ကို အကျယ်ဝေဖန်၍ ဟောကြားတော်မူခဲ့ပါတယ်။

အင်္ဂုတ္တရနိကာယ် ၂ - စရ၀ဂ်၊ ၇ - ပဌမ အဂတိဂမနသုတ်တော် မြန်မာပြန်မှာလည်း အောက်ပါအတိုင်း ဖေါ်ပြထားပါတယ်။

“ ရဟန်းတို့  အဂတိလိုက်စားမှု့တို့ သည် ဤလေးမျိုးတို့ တည်း။ အဘယ်လေးမျိုးတို့ နည်းဟူမူ -
ချစ်ခြင်းကြောင့် အဂတိလိုက်စား၏။ မုန်းခြင်းကြောင့် အဂတိလိုက်စား၏။ မသိခြင်းကြောင့် အဂတိလိုက်စား၏။ ကြောက်ရွံ့ ခြင်းကြောင့် အဂတိလိုက်စား၏။ ရဟန်းတို့  အဂတိလိုက်စားမှု့တို့ သည် ဤလေးမျိုးတို့ တည်းဟု (မိန့် တော်မူ၏) ။
( ‘‘စတ္တာရိမာနိ, ဘိက္ခဝေ, အဂတိဂမနာနိ။ ကတမာနိ စတ္တာရိ၊ ဆန္ဒာဂတိံ ဂစ္ဆတိ, ဒေါသာဂတိံ ဂစ္ဆတိ, မောဟာဂတိံ ဂစ္ဆတိ, ဘယာဂတိံ ဂစ္ဆတိ – ဣမာနိ ခေါ, ဘိက္ခဝေ, စတ္တာရိ အဂတိဂမနာနိ။ )

အဂတိတရားလေးပါးကို မြန်မာလိုနားလည်လွယ်အောင် ရေးရရင်
၁။ ဆန္ဒာဂတိ။ ။ချစ်ခင်သဖြင့် မလားအပ်သည်သို့ လားရခြင်း။ ချစ်၍ဘက်လိုက်မှုပြုခြင်း၊
၂။ ဒေါသာဂတိ။ ။မုန်းသဖြင့်မလားအပ်သည် သို့ လားရခြင်း။ မုန်း၍ဘက်လိုက်မှုပြုခြင်း၊
၃။ မောဟဂတိ။ ။တွေဝေမိန်းမောသဖြင့် အမှန်ကို မသိသဖြင့် မလားအပ်သည်ကို လားရခြင်း။ မသိ၍ဘက်လိုက်မှုပြုခြင်း၊
၎။ ဘယာဂတိ။ ။ကြောက်သဖြင့် မလားအပ်သည် သို့ လားရခြင်း။ ကြောက်၍ဘက်လိုက်မှုပြုခြင်း
စတာတွေဘဲမဟုတ်လား။

တရားနည်းလမ်းအတိုင်းမဆောင်ရွက်ဘဲ ချစ်ခြင်း၊မုန်းခြင်း၊မသိခြင်း၊ ကြောက်ခြင်းတို့ကြောင့်ဘက်လိုက် ဆောင်ရွက်မိရင် အဂတိလိုက်စားတယ်လို့ ဆိုရမှာပါ။ အိမ်တအိမ်မှာဖြစ်ဖြစ်၊ စာသင်ကျောင်းတွေမှာဖြစ်ဖြစ်၊ လုပ်ငန်းခွင်ထဲမှာဖြစ်ဖြစ် အမိအဖ၊ ဦးရီးအဒေါ် မောင်ရင်းနှမ၊ ဆရာသမား ကျောင်းသူကျောင်းသား၊ သူငယ်ချင်း လုပ်ဖေါ်ကိုင်ဖက်အခြင်းခြင်းကြားမှာ တောင် မိမိပိုချစ်တဲ့သူဖက်က မှားနေမှန်းသိရက်နဲ့ မျက်နှာသာပေးရပ်တည်ရင် ဆန္ဒာဂတိလို့ခေါ်တဲ့ အဂတိလိုက်စားမှု့ပါဘဲ။

အဂတိတရားလေးပါးကိုညွှန်ပြနေတဲ့ နောက်ထပ်ထင်ရှားတဲ့ ဥပမာတရပ်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါဘဲ။ မြန်မာနိုင်ငံကိုငြိမ်းချမ်းသာယာတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံနိုင်ငံဖြစ်လာဖို့  အတွက်မဖြစ်မနေပြင်ဆင်ရမဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုတာ စစ်အာဏာရှင်တွေ အဂတိတရား လေးပါးစလုံးကို လိုက်စားပြီးရေးခဲ့ကြတာပါ။

သူတို့သားသမီးမျိုးဆက်အသိုင်းအ၀ိုင်းတွေအခွင့်ထူးခံ နေရာဦးကောင်းစားနိုင်ဖို့ ချစ်၍ဘက်လိုက်မှုပြုခြင်း ဆိုတဲ့ ဆန္ဒာဂတိ၊ သူတို့ အုပ်စိုးမှု့ကို ဆန့် ကျင်ပြီးတောင်းဆိုခဲ့တဲ့ ပြည်သူလူထုအာဏာပိုင်စိုးမှု့အပေါ် မကြိုက်မနှစ်သက်မှု့နဲ့ အာဏာမလွှဲအပ်လိုတဲ့ ဒေါသဂတိ၊ လုပ်အပ်မလုပ်အပ်မခွဲခြားနှိုင်တဲ့ မောဟဂတိ၊ သူတို့ မတရားရယူထားတဲ့ စည်းစိမ်ဥစ္စာအိမ်မြေယာ အာဏာနဲ့ပိုင်ဆိုင်မှု့တွေကို စွန့်လွှတ်ရမှာစိုးရွံတဲ့ အကြောက်တရားဘယာဂတိ၊ ပြည်သူအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှု့တွေအတွက် ပြန်ခံရမှာ စိုးရွံ့တဲ့ အကြောက်တရားဘယာဂတိ၊ သမိုင်းမှန်တွေပေါ်ပြီး မျက်နှာမဖေါ်နိုင်အောင်အရှက်ရမှာစိုးရွံ့တဲ့ အကြောက်တရားဘယာဂတိ၊ သူတို့ အနာဂါတ်လုံခြုံမှု့တွက်ပူပန်စိုးရွံ့တဲ့အကြောက်တရားဘယာဂတိ စတဲ့ အဂတိတရားတွေကို ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေထဲမှာ ထင်ထင်ရှားရှားတွေ့ နိုင်ပါတယ်။

တနည်းအားဖြင့်ပြောရရင် သမိုင်းမှန်တွေဖုံးကွယ်လို့ လူနည်းစုအတွက် ဥပဒေပြုအကာအကွယ်ယူပြီး အဂတိလိုက်စားရေးဆွဲထားတဲ့ အခြေခံဥပဒေတရပ်ပါ။ ဒါကြောင့်လည်း စစ်အာဏာရှင်အသိုင်းအဝိုင်း အားလုံးက ၂၀၀၈ ဖွဲ့စည်းပုံထဲက သူတို့ကို အခွင့်ထူးခံခွင့်ပေးထားတဲ့၊ အကာအကွယ်ပေးထားတဲ့ ဥပဒေ ပုဒ်မတွေ မပြင်ဆင်နိုင်အောင် နည်းလမ်းမျိုးစုံနဲ့ ဒီကနေ့ အချိန်ထိ ပြင်ဆင်ဖို့ အဆိုပြုတိုင်း လွှတ်တော်ထဲ မှာသာမက လွှတ်တော်ပြင်ပမှာပါ တူးတူးခါးခါး ကာကွယ်တားဆီးခဲ့ကြတာ ပြည်သူတွေမြင်နိုင်ပါတယ်။

အဲ့ဒီလို စစ်အာဏာရှင်တွေ အဂတိလိုက်စားပြီးရေးသားခဲ့တဲ့ ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်ပြည်ထောင်စု စနစ်နဲ့ မကိုက်ညီတဲ့ ဥပဒေပုဒ်မတွေကို ပြင်ဆင်နိုင်ဖို့ဆိုရင် စစ်အာဏာရှင်အသိုင်းအဝိုင်းရဲ့ ရင်ထဲက အကြောက်တရားတွေကိုဖယ်ရှားနိုင်ဖို့လိုပါတယ်။ သူတို့ရဲ့ရင်ထဲမှာ ကိန်းဝပ်တည်နေတဲ့ အကြောက်တရား ကို ဖယ်ရှားဖို့ဆိုရင် သူတို့ဘဝတွေအတွက် သင့်တင့်လျှောက်ပတ်တဲ့ လုံခြုံမှု့ပေးထားတဲ့ အာမခံချက်တွေ ပြသဖို့လိုပါလိမ့်မယ်။ အစိုးရသစ်လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးဟာ တပ်မတော်သားတွေအပါအ၀င် လူတိုင်းအတွက်ဖြစ်တယ်။ လက်စားခြေရေးကိစ္စဟာ အကျိုးမရှိနိုင်ဖူး။ နိုင်ငံကိုဆင်းရဲတွင်းက လွတ်မြောက်ဖို့ နဲ့ မြန်မာပြည်သူပြည်သားအားလုံးအတွက်သာမက နောက်မျိုးဆက်သစ်တွေ ကောင်းကျိုး ချမ်းသာခံစားနိုင်ဖို့ ဖြစ်တယ်ဆိုတာ အားလုံးယုံကြည်လက်ခံလာအောင် ဆောင်ရွက်ရမှာပါ။

တကယ်တော့ လူသားတွေရဲ့သမိုင်းရေစီးဆိုတာ ဘယ်တော့မှ ရပ်တန့်မနေသလို တားဆီးလို့မရနိုင်ပါဘူး။ အမှန်တရားကို အမြဲမဖုံးကွယ်နိုင်ဖူး။ ထာဝစဉ်ရှောင်ပြေးလို့ မလွတ်နိုင်ဘူး။ အတိတ်မှာ အမှားကျူးလွန်ခဲ့ သူတို့အတွက် အသက်သာဆုံးထွက်ပေါက်တခါးကို ဖွင့်ပေးနိုင်တဲ့သော့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့  ပြည်သူမှာဘဲရှိတာမို့ အမှန်တရားကို လိပ်ပြာသန့် သန့် ၊ ရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်ပါလို့ဘဲ စစ်အာဏာရှင်ဟောင်း တွေကို တိုက်တွန်းချင်ပါတယ်။

တကယ့်လွတ်လပ်မှု့ဆိုတာ အကြောက်တရားကလွတ်မြောက်နေခြင်းပါဘဲ။ အကြောက်တရားဆိုတာ မိမိအတွင်းစိတ်ရဲ့စိုးရွံ့ပူပန်ထိတ်လန့်မှု့တွေဘဲမဟုတ်လား။ အဲ့ဒီအကြောက်တရားကလွတ်မြောက်ပြီး သူတယောက်ကို ခြောက်လှန့်နိုင်တဲ့အရာဆိုတာ လောကမှာမရှိနိုင်တော့ပါဘူး။ ဒါကြောင့်ပြည်သူ့လူထု အာဏာကို ၁၀၀%ဖေါ်ဆောင်နိုင်မဲ့ ဒီမိုကရေစီစနစ်ကို လက်မခံချင်ကြတဲ့ တပ်မတော်ခေါင်းဆောင်ပိုင်း အချို့နဲ့ ကြံ့ခိုင်ရေးပါတီဝင်တချို့ အပါအ၀င် နိုင်ငံသားအများစုဟာ ကြောက်လန့် ခြင်းမှကင်းဝေးကြပြီး အဂတိတရားမလိုက်စားမှသာ မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ငြိမ်းချမ်းရေးရနိုင်မှာဖြစ်သလို အားလုံးအတွက် ခွင့်တူညီမျှဝါဒဖြူစင်တဲ့မြေဖြစ်လာပြီး ဖွံ့ ဖြိုးတိုးတက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီင်္ပြည်ထောင်စုနိုင်ငံတနိုင်ငံ အဖြစ်ရောက်ရှိနိုင်မယ်လို့ ယုံကြည်မိပါကြောင်း။


လေးစားစွာဖြင့်
(မင်းကောင်းချစ်)
စက်တင်ဘာလ (၂၃) ရက်နေ့  ၂၀၁၆ ခုနှစ်
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.