တိုင်းရင်းသားများနှင့် ပတ်သက်၍ ခွဲခြားလိုစိတ်မရှိ ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

တိုင်းရင်းသားများနှင့် ပတ်သက်၍ ခွဲခြားလိုစိတ် မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၇ ရက် တွင်နယူးယောက်မြို့ မြန်မာသံရုံး၌ မြန်မာနိုင်ငံသားအချို့နှင့် တွေ့ဆုံစဉ်ပြောဆိုခဲ့သည်။

“ကျမတို့အနေနဲ့ကတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ဘာမှ ခွဲခြားလိုစိတ်မရှိဘူး။ ဒါပေမဲ့ ၀မ်းနည်းစွာ ပြောရမယ်ဆိုရင် ကျမ ကြီးလာတာနဲ့အမျှ ဒါမျိုးတွေရှိတယ်ဆိုတာ မြင်လာတယ်။ မြင်လာတော့ အဲဒါတွေလည်း ကျမတို့ အတတ်နိုင်ဆုံး ပြုပြင်ပြောင်းလဲနိုင်အောင် ကျမတို့ ကြိုးစားပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့အတူ ဒေါ်အောင်ဆန်းစုကြည်က “ကိုယ့်ကိုယ်ကို အမွှန်းတင်ပြီးတော့ ပြောတာ မဟုတ်ပါဘူး။ ကျမတို့ရဲ့ မိသားစုထဲမှာလည်း တခါမှ တိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံဖို့ကို အဲ့လိုမျိုး ကျမတို့ကို ပြုစုပျိုးထောင်ခဲ့တာ မရှိတော့ ကျမတို့က လုံးဝနားမလည်ဘူး။ နည်းနည်း ကြီးလာတော့မှ ဒီလို တိုင်းရင်းသားတွေကို ခွဲခြားနိုင်ပါလားဆိုတာ ကျမတို့ သဘောပေါက်တယ်။ မေမေက အမြဲပဲ ကျမတို့ကို သင်ပြတာက တိုင်းရင်းသားတွေက ဖေဖေ့အပေါ်မှာ အင်မတန်မှ သစ္စာရှိတယ်ဆိုတာ ဖေဖေမရှိတဲ့ နောက်ပိုင်းမှာ ကျမတို့မိသားစုကို ပုံစံမပျက် စောင့်ရှောက်ခဲ့တာ တိုင်းရင်းသားတွေပဲ ဖြစ်တယ်လို့ အမြဲပဲ ကျမတို့ကို သင်ခဲ့ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

တိုင်းရင်းသားများနှင့် ပတ်သက်၍ တိုင်းရင်းသားများကြားထဲတွင် အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးကိစ္စ ကို ထောက်ခံသည် ဆိုခြင်းကြောင့် အားတက်မိကြောင်း၊ အမျိုးသားရင်ကြားစေ့ရေး အမှန်တကယ် ဖြစ်နိုင်ရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရဖို့ရန်အတွက် တိုင်းရင်းသားများ အားလုံးကို ခဏခဏ သတိပေးရကြောင်း၊ ဗမာသည်လည်း တိုင်းရင်းသားဖြစ်ကြောင်း၊ ခက်နေသည်မှာ ဗမာသည် အများစုဖြစ်နေခြင်းကြောင့် မည်သူကမှ မကျေနပ်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“တစ်ခါတလေကျ ဗမာတွေကလည်း သိပ်ချစ်စရာမကောင်းဘူး။ ကျမကိုယ်တိုင်ကလည်း ဗမာဆိုတော့ အဲ့လိုပြောလို့ရတယ်။ အဲဒါ ကျမတို့ တိုင်းရင်းသားတွေကလည်း နားလည်မှုတော့ ရှိရမယ်။ တစ်ခါတလေဆိုရင် လူနည်းစု တိုင်းရင်းသားတွေဖြစ်လို့ လူများစုအပေါ်မှာ လုံးဝ အမြင်မကြည်ဘူး။ ဘာလုပ်လုပ် မကြိုက်ချင်ဘူး။ ဒါကလည်း သူ့သဘာဝပဲ။ ဒါပေမဲ့ ဗမာတိုင်းရင်းသားတွေကလည်း အနိုင်ကျင့်ခဲ့တာ နည်းနည်းကြာပြီနဲ့ တူပါတယ်။ ဗိုလ်ကျတယ်။ အနိုင်ကျင့်တဲ့ အခါကျတော့ ကျမတို့ကို မြင်တဲ့အခါမှာ သံသယနဲ့ မြင်ကြပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာတွင် တိုင်းရင်းသားနှင့် ပတ်သက်၍ ယင်းသို့ ထည့်သွင်းပြောဆိုခဲ့သည်။

ဇော်မင်းထွန်း
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.