နိင်ငံခြားသားကြောက်တဲ့ရောဂါ

ကျွန်တော်တို့ နိုင်ငံတွင် နိုင်ငံခြားသားများနှင့်ပါတ်သက်လာလျှင်အစွန်းရောက်သောအမြင်နှစ်ခုသာ တွင်ကျယ်နေလေ့ရှိသည် ။ ပထမ အမြင် မှာ မိမိနိုင်ငံသားချင်းအထင်မကြီး ပဲ နိုင်ငံခြားသား မှအထင်အမြင်ကြီးကြသောဝါဒဖြစ်သည် ။ထို့ ကြောင့်ရာထူးခြင်း အရည်အချင်းခြင်း တူသော်လည်း မိမိလူမျိုးအချင်းချင်း ထက် နိုင်ငံခြားသားများကိုပို၍ ပစာပေးခြင်း ၊ နေရာပေးခြင်း ၊လိုတာထက်အထင်ကြီးခြင်းတို့ဖြစ်ပေါ်လာပေသည် ။ မိမိလူမျိုးချင်း အငုံ့ စိတ်ဝင်နေရာမှ ထိုစိတ်ဓာတ်များဖြစ်ပေါ်လာခြင်းဖြစ်သည် ။ ထို့ ကြောင့်လေကြောင်းလိုင်းများ၊ ဟိုတယ်အချို့  စသည့်နေရာမျာ့းတွင် နိုင်ငံသားအချင်းချင်းအပေါ်မထီမဲ့မြင်ဆက်ဆံကြပြီး နိုင်ငံခြားသားဆိုသည်နှင့်အောက်ကျို့ ဆက်ဆံခြင်းများ လိုတာထက်ပိုသော လိုက်လျောမှုများကိုပြုတတ်ကြသည် ။ကျောင်းများတွင်နိုင်ငံခြားကျောင်းဆရာကိုမှအထင်ကြီးသည် ။ ပညာရေးနှင့်ပါတ်သက်၍ဘွဲ့ရတစ်ယောက်မဟုတ်လည်းအထင်ကြီးကြသည် ။ လမ်းဘေးတွင်အမှိုက်ကောက်သည့်လူလားမသိဘာလားမသိ ၊ အဖြူဆိုသည်နှင့် (နိုင်ငံခြားသားဆိုသည်နှင့် )အချို့ ကစွတ်စက်အထင်ကြီးကြသည် ။ ဒါကအစွန်းရောက်ပုံတစ်မျိုးဖြစ်သည် ။

နောက်ထပ်အစွန်းရောက်မှုမှာ အင်္ဂလိပ်လို Xenophobia ဟုခေါ်သည် ။ မြန်မာဘာသာဖြင့် နိုင်ငံခြားသားကိုမနှစ်သက်ခြင်း ၊နိုင်ငံခြားသားကိုမလိုလားခြင်း ၊ နိုင်ငံခြားသားကိုရွံရှာခြင်း ဟုခေါ်သည် ။ ထိုဓလေ့မှာ လည်းအငုံ့စိတ်တစ်မျိုးမှဖြစ်ပေါ်လာသည် ။ မိမိထက်အရည်အချင်းရှိသောနိုင်ငံခြားသားများအပေါ်မနာလိုမရှုဆိတ်ရာမှ ထိုနိုင်ငံခြားသားမုန်းတီးစိတ် ( Xenophobia ) ပေါက်ဖွားလာခြင်းဖြစ်သည် ။ ထိုဝါဒမှာသီပေါမင်းနှင့် စုဖုရားလတ်တို့ လက်ထက်ကတည်းကမြန်မာ့နိုင်ငံရေးတွင်အမြစ်တွယ်နေပြီဟုဆိုသော်ရ၏ ။ ရန်သူအင်္ဂလိပ်၏ အဆိုးအကောင်း အကျိုးအကြောင်းကို ဥရောပသို့ ရောက်ဖူးသော ကင်းဝန်မင်းကြီးကဲ့သို့သော သက်တော်ရှည်အမတ်ကြီးများက တင်လျှောက်သောအခါ ဘုရင်နှင့် မိဖုရားကသဘောမကျ ။ ကင်းဝန်မင်းကြီးသည် အင်္ဂလိပ်ကိုအထင်ကြီးလွန်းနေသည် ။ကင်းဝန်မင်းကြီးသည် ယောက်ကျားမပီသဟု ထင်ကြသည် ။ တိုင်တားမင်းကြီးကဲ့သို့သော နိုင်ငံခြားသားမုန်းတီးရေးဝါဒီများကို သီပေါဘုရင်နှင့်စုဖုရားလတ်တို့ကသဘောကျသည် ။ဤသို့ဖြင့် မြန်မာ့သမိုင်းမလှဖြစ်ခဲ့ရသည် ။ ထိုနိုင်ငံခြားသားမုန်းတီးရေးဝါဒမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်နု ဆို့လက်ထက်တွင်ပျောက်ကွယ်သွားသော်လည်း ဗိုလ်ချုပ်နေ၀င်း (ဦးနေ၀င်း)လက်ထက်တွင်ပြန်လည်ထွန်းကားလာသည် ။ နိုင်ငံခြားသားများကိုအထင်ကြီးစရာမလို အရာရာကိုမြန်မာ့နည်းမြန်မာ့ဟန်ဖြင့်လုပ်ရမည်ဟူသော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ထွန်းကားလာ၍တိုင်းပြည်မွဲပြာကျရသည် ။ အဓိကကတော့ နိုင်ငံခြားသားပညာရှင်များသည် မြန်မာပြည်မှ လူကြီးအပါးတော်မြဲများလိုအရာရာ ဘောင်းတော်ငြတ် စိတ်တော်သိ ဖော်လိုလုပ်ကြသည်မဟုတ် ။ ကောင်းလျင်ကောင်းသည် ဆိုးလျင်ဆိုးသည် ဟု ပညာရှင်ပြီပြီသုံးသပ်ဝေဖန်ကြသောကြောင့် အားလုံးကောင်းပါသည်ခင်ဗျားဟူသောအသံကိုသာကြားလိုသည့်အာဏာရှင်များကမလိုလားမနှစ်မျို့ ပေ ။ ထိုအချက်ကိုအခြေခံကာ နိုင်ငံခြားသားပညာရှင်များကိုအရည်အချင်းတွင်မယှဉ်နိုင်သူများနှင့် သူတို့ စိတ်ကြိုက်ကပ်ဖားယပ်ဖားမလုပ်သောကြောင့် မူမမှန်သူလူအချို့ကမုန်းတီးခဲ့ကြသည် ။ နိုင်ငံခြားသားများကိုခေါ်မှမဟုတ် ငါတို့လည်းသူတို့လိုလုပ်တတ်ပါသည် ဟု တပိုင်းကြောင်တလွဲမာနများထားလာကြသည် ။ ပုဂံတွင်ဟိုတယ်တစ်ခုကိုသမ၀ါယမအသင်းတစ်ခုကပိုင်၏ ။ထိုဟိုတယ်တွင် အလွန်တော်သော ဂျာမန်လူမျိုး အထွေထွေမန်နေဂျာတစ်ယောက်ရှိ၏ ။ ထိုမန်နေဂျာရုတ်တရက်ကွယ်လွန်သောအခါ နောက်ထပ် နိုင်ငံခြားသားမန်နေဂျာတစ်ယောက်ငှားရမှာပိုက်ဆံနှမျောသော ဟိုတယ်ပိုင်ရှင်များသည် ငါတို့လည်းလုပ်တတ်ပါတယ်ဟုဆိုကာ ဟိုတယ်အကြောင်းသေသေချာချာနားမလည်ပဲတက်၍အုပ်ချုပ်လိုက်ရာ နှစ်အနည်းငယ်အတွင်းမှာပင် ၀န်ဆောင်မှုများဒလဟောထိုးကျကာ ၊ ကွန်ပလိန်း(Complaint ) ခေါ်ဧည့်သည်မကြေနပ်ချက်တို့ ဆက်တိုက်ပေါ်ပေါက်လာပြီး ဟိုတယ်၌ ကျီးနှင့်ဖုတ်ဖုတ်ဖြစ်သွားခဲ့ဖူးသည် ။

ဤစကားများကိုပြောနေရခြင်းမှာအကြောင်းရှိ၏ ။ ၂၀၁၆ စက်တင်ဘာ ၁၇ ရက်နေ့ က ထုတ်ပြန်ခဲ့သော နိုင်ငံရေးပါတီ ၁၁ ခု၏ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် ဖွဲ့စည်းခြင်းသည် တ၇ားမ၀င်ကြောင်း ကြေငြာချက်နှင့် ရခိုင်ပြည်နယ်လွှတ်တော်တွင် ချမှတ်ခဲ့သော ရခိုင်ကော်မရှင် ကိုအသိအမှတ်မပြုကြောင်း ဆုံးဖြတ်ချက်များကြောင့်ဖြစ်သည် ။ ကော်မ၇ှင်ကိုကန့်ကွက်ခဲ့ကြသော ရခိုင်လွှတ်တော်အမတ်များနှင့် နိုင်ငံရေးပါတီ ၁၁ ခု ၏သဘောထားမှာ လှပသောစကားလုံးကြီးများဖြင့်တန်ဆာဆင်ကြေငြာချက်ထုတ်ခဲ့ကြသော်လည်း အဓိကအတွင်းစိတ်မှာ နိုင်ငံခြားသားသုံးဦးပါဝင်နေမှုကိုမလိုလားမနှစ်မြို့ခြင်းဖြစ်သည် ။ တနည်းဆိုရလျှင် နိုင်ငံရေးမြော်အမြင်ရှိမှုနှင့်တိုင်းပြည်ကောင်းစားလိုစိတ်ဖြင့်ကန့်ကွက်ခဲ့ကြခြင်းမဟုတ်ပဲ နိုင်ငံခြားသားမုန်းတီးမှုဖြင့် ကနဦး ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည် ။ ထိုနိုင်ငံခြားသားမုန်းတီးမှုမှမြစ်ဖျားခံလာသောအယူအဆကို ကြုံတုန်း NLD နှင့်ဒေါ်အောင်ဆန်းစုကြည်ကိုတိုက်ခိုက်ရန်အကွက်ပေါ်ပြီဆိုပြီး ဆွမ်းကြီးလောင်းကြခြင်းဖြစ်သည် ။ အကယ်စင်စစ် ကိုဖီအာနန်တို့သည် ကော်မရှင်တွင်သုံးယောက်ထဲ နိုင်ငံခြားသားပါခြင်းဖြစ်သည် ။ကျန်လူများမှာ မြန်မာများ၊ရခိုင်များဖြစ်သည် ။ထိုသုံးယောက်မှာ ကမ္ဘာကလေးစားရသောပုဂ္ဂိုလ်များဖြစ်သည် ။ ပညာရှင်များဖြစ်သည် ။ ထိုသူများကိုမြန်မာ့အနာဂါတ် ၊ရခိုင့်အနာဂါတ်ကိုဆုံးဖြတ်ခိုင်းခြင်းလည်းမဟုတ် ။ ကော်မ၇ှင်၏တာဝန်ကအကြံပေးရုံပဲဖြစ်သည် ။ ထိုအကြံကိုအစိုးရက အကောင်အထည်ဖော်နိုင်သည် ၊သို့ မဟုတ်ငြင်းပယ်နိုင်သည် ။သူဘာတွေအကြံပေးမလဲဆိုတာတော့ လေ့လာသင့်သည် ။ စောင့်ကြည့်သင့်သည် ။ မပြီးခင်ဗမာမမြင်စေနဲ့ဆိုသော စကားလို မပြီးခင်ခြေကန်ပြီးငြင်းနေတာတော့သိပ်မကောင်းပေ ။

နိုင်ငံခြားသားပါလာတာနှင့်ကမ္ဘာပျက်မလိုဖြစ်နေကြသူတွေလည်း လိုတာထက်ပို၍ အကြောက်လွန်နေကြသယောင်ရှိသည် ။ တကယ်တော့ ၂၁ ရာစုခေတ်ကြီးတွင် နိုင်ငံခြားနှင့်ကင်းလွတ်၍ ဆလုံတွေလို ကိုယ့်ဘာသာ ပင်လယ်ထဲပန်းနေ၍မရတော့ပြီ ။ နံနက်လင်းလျှင် နှိုးစက်မြည်သံဖြင့်အိပ်ယာထကြရာတွင် နှိုးစက်ပါသောနာရီသည် Made in Myanmar မဟုတ်တာတော့သေချာသည် ။ ထို့ နောက်ရေချိုးပါသည် ။ဆပ်ပြာမှာ ယိုးဒယားဖြစ် Lux ဆပ်ပြာဖြစ်ပါ၏ ။ ရေချိုးပြီး သုတ်သော မွှေးပွ တဘက်စောင်ကြီးမှာ တရုတ်နိုင်ငံမှဝင်လာသောပစ္စည်းဖြစ်သည် ။ ထို့ နောက်စွပ်ကျယ်အင်္ကျီဝတ်ရာ အိန္ဒိယမှလာသော မြင်းခေါင်းစွပ်ကျယ်ဖြစ်ပါ၏ ။ လက်တွင်လက်ပတ်နာရီကိုကောက်ပါတ်လိုက်ရာ တတ်နိုင်သူအဖို့ ဆွစ်ဇာလန်မှ Rado လိုနာရီမျိုး မတတ်နိုင်သူအဖို့  တရုတ်မှ Quartz နာရီဖြစ်ပါပေ၏ ။ လွှတ်တော်တက်ရန် ၊ ပါတီညီလာခံသွားရန် ပိုးပုဆိုးကိုကောက်ဝတ်လိုက်သည်ပဲထားပါဦး ထိုပိုးပုဆိုးများရက်လုပ်ရန် ရက်ကန်းစင်များသို့ ရောက်လာသော ပိုးချဉ်မျှင်များမှာ တရုတ်ကဖြစ်ပါသည် ။ အိန္ဒိယကဖြစ်ပါသည် ။အရောင်လှစေရန်ဆိုးဆေးများမှာ ဂျာမနီက၀င်လာပါသည် ။ အမတ်များခေါင်းပေါင်းစတလူလူချနေကြရာထိုခေါင်းပေါင်းမှ ပိုးများမှာနိုင်ငံခြားဖြစ်ဖြစ်ပါသည် ။ အရောင်ဆိုးဆေးများမှာနိုင်ငံခြားဖြစ်ဖြစ်ပါသည် ။ လွှတ်တော်အတွင်း လေအေးပေးစက်များဖြင့်ဇိမ်ကျကျဆွေးနွေးကြသည်ဖြစ်ရာ ထိုလေအေးပေးစက်များအားလုံးမှာမြန်မာနိုင်ငံမှမဟုတ်ပဲ အချို့လူများအလွန်မုန်းသော နိုင်ငံခြားသားများ တီထွင်ဖန်တီးထုတ်လုပ်ထားသောလက်ရာများဖြစ်ပါသည် ။ ပါတီအစည်းအဝေးများ ၊ လွှတ်တော်အစည်းအဝေးများသို့  သွားရောက်ကြရာတွင် ရှေးယခင်ကလို မြင်းများကိုစီး၍ သွားလာကြသည်မဟုတ်ပါ ။ မော်တော်ယာဉ်များ၊ဆိုင်ကယ်များဖြင့်သွားရောက်ကြရခြင်းဖြစ်ပါသည် ။ ထိုအခါ ယာဉ်မောင်းကြရသောစက်သုံးဆီ ၊ချောဆီ ၊ဘရိတ်ဆီ ၊ပါဝါဆီ ၊ အင်ဂျင်ဝိုင် စသည်များမှာ နိုင်ငံခြားဖြစ်များဖြစ်ပါသည် ။မိမိပြည်တွင်းအရေးတွင်းတိုင်းတပါးဖြစ်ပစ္စည်းများက၀င်ပါနေခြင်းဖြစ်ပါသည် ။ နိုင်ငံခြားမုန်းတီးသောပုဂ္ဂိုလ်များကိုင်နေကြသော ဟန်းဖုန်းများအားလုံးမှာ ၀ံသာနုစိတ်ဓာတ်အရ မြန်မာဖြစ် ၊ရခိုင်ဖြစ်များဖြစ်သင့်သော်လည်း လက်တွေ့ တွင်မူ ယူအက်စ်အေ၊ကိုရီးယား ၊တရုတ် ၊ဟောင်ကောင်၊ဂျပန်တို့ မှထုတ်လုပ်သော ဆမ်ဆောင်း၊ဟွာဝေး ၊ ZTE ,ဆိုနီ ၊ အက်ပဲလ် စသည့်တံဆိပ်များဖြစ်ကြပါကုန်၏ ။ နေ့ လည်ဘက်ထမင်းစားသောအခါ တွင်လည်း မည်သူမျှ ချစ်တီးကုလားတွေလို ပြည်တွင်းဖြစ်ငှက်ပျောရွက်ပေါ်တွင်ပုံစားကြသည်မဟုတ်ပါ ။ နိုင်ငံခြားမှာလုပ်သောအကောင်းစားတိုက်ပန်းကန်ပြားများ၊ ကြွေပန်းကန်များ ၊မယ်လမင်းပန်းကန်များ ကို နိုင်ငံခြားဖြစ် ဇွန်းခက်ရင်းများဖြင့်စားကြခြင်းဖြစ်ပါသည် ။ အပေါ့ အလေးစွန့်သောအခါတွင်လည်း အနောက်တိုင်း ကမုတ်ထဲသို့ သာစွန့်ပစ်ပြီး ရေဆွဲချကြခြင်းဖြစ်ပေ၏ ။ အိမ်သာသုံးစက္ကူပင်လျှင်နိုင်ငံခြားဖြစ်ဖြစ်ပါပေ၏ ။ အိမ်ပြန်ရောက်၍အပျင်းပြေကြည့်သောရုပ်မြင်သံကြားလိုင်းပင်လျင် ကိုရီယားဇာတ်လမ်းတွဲနှင့် အင်္ဂလန်ပရီးမီးယားလိဂ်ဘောလုံးပွဲဖြစ်ကြပေကုန်၏ ။

ဤကိစ္စအားလုံးသည် နိုင်ငံခြားဖြစ်များဖြစ်သဖြင့်စက်ဆုပ်စရာများဟုသတ်မှတ်ကြရပေမည်လော ။မဟုတ်ပါ ။ ကျွန်တော်တို့ သည် ဤကမ္ဘာပေါ်မှာနေထိုင်သောလူသားများဖြစ်သဖြင့် ကမ္ဘာ့ထုတ်ကုန်များကို ခံစားသုံးဆောင်ခွင့်အခွင့်အရေးရှိပေသည် ။မည်သူ့ မည်သူကိုမျှအပြစ်ပြောနေစရာမလိုပေ ။ သက်မဲ့ပစ္စည်းများသာကျွန်တော်တို့သည် အသုံးပြုနိုင်ပါသလော ။ထိုသို့မဟုတ်ပေ ။ မိမိအတွက်အသုံးဝင်မည်ဆိုပါက သက်ရှိလူသားအရင်းအမြစ်များကိုလည်း နိုင်ငံတော်အတွက်ခေါ်ယူအသုံးချရပေလိမ့်မည် ။ မြန်မာဆိုသည်နှင့်နိုင်ငံခြားသို့ သွား၍အလုပ်လုပ်သောကျွန်လူမျိုးဟု တရားသေသတ်မှတ်ထား၍ရမည်မဟုတ်ချေ ။ နိုင်ငံခြားသားများကို ကိုယ့်နိုင်ငံသို့ လည်းခေါ်၍အသုံးချတတ်ရပေမည် ။ မြန်မာနေရှင်နယ်လိဂ်သည်ပြည်တွင်းရေးသာဖြစ်သဖြင့် နိုင်ငံခြားသားဘောလုံးသမားများခေါ်ရန်မလိုဟူသော အမြင်များသည် အလွန်ကို စိတ်ပျက်ဖွယ် အယူအဆများဖြစ်သည် ။ ကျွန်တော်တို့ သည် သူ့ နေရာနှင့်သူသင့်တော်ပါကခေါ်ယူတာဝန်ပေးရပေမည် ။
နိုင်ငံခြားသားကို အလွန်အကျူး အထင်ကြီးနေဖို့ လည်းမလို ။ နိုင်ငံခြားသားဆိုတာနှင့် မုန်းတီးကြောက်ရွံ့ နေဖို့လည်းမလို လူကိုလူလိုမြင်လျက် သူ့ နေရာနှင့်သူအသုံးချနိုင်မှနိုင်ငံတိုးတက်မည်ဖြစ်သည်။ဝါးလုံးခေါင်းထဲလသာနေသောခေတ်ကုန်လေပြီ ။

နိုင်ငံခြားသားနှစ်ယောက်ရှိသည်ဆိုပါစို့  ။တစ်ယောက်မှာ အမှိုက်ကျုံးသမားတစ်ယောက်ဖြစ်ပြီး အခြားတစ်ယောက်မှာ ဟားဗတ်တက္ကသိုလ်မှ စီးပွားရေးပညာရှင်တစ်ဦးဆိုပါစို့  ။ ကျွန်တော်တို့ လုပ်ရမည့်အလုပ်မှာ အမှိုက်ကျုံးသမားကို အမှိုက်ပုံရှိရာသို့ ခေါ်သွားပြီး စီးပွားရေးပညာရှင်ကို စီးပွားရေးတက္ကသိုလ်သို့ ခေါ်၍သင်ကြားပြသခိုင်းလိုက်ရုံပဲဖြစ်သည် ။ အရာရာမုန်းတီးဆန့်ကျင်နေခြင်းဖြင့် ဘယ်အရာမှအကျိုးမရှိကြောင်း အားလုံးသိကြပါစေသတည်း။

သရ၀ဏ်(ပြည်)

နိုင်ငံရေးဂျာနယ်
၂၃.၉.၂၀၁၆
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.