ကြည့်သောသူမြင်၏



မြန်မာနိုင်ငံကို အမေရိကန်သမ္မတလာတုန်းက လွတ်လပ်ပေါ့ပါးစွာ လူငယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ မှတ်မိတယ်။ အိုဘားမား ဗီယက်နမ်ရောက်တော့လည်း လူငယ်တွေနဲ့ပဲ ပျော်ပျော် ပါးပါး ဆွေးနွေးသွားခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် အမေရိကရောက်နေတယ်။ ရုစဗဲ့အထက်တန်းကျောင်းက ကျောင်းသားတွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးတယ်။ ကလေးတွေအတွက် တကယ့်အခွင့်အရေးလို့ တန်ဖိုးထားပြီး လေးစားစွာ ဆွေးနွေးကြတဲ့မြင်ကွင်း ကြည်နူးမိတယ်။

အဲဒီအထက်တန်းကျောင်းကို ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် သွားရသလဲ။ အမေရိကန်အထက်တန်း ကျောင်းတွေကို မရောက်ဖူးဘူး။ ကုလသမဂ္ဂမှာ ဒေါ်အောင်ဆန်းစုကြည် လုပ်စဉ်ကလည်း တက္ကသိုလ် တွေကိုပဲ ရောက်ဖူးတယ်။ အမေရိကရောက်ခိုက် အခြေအနေပေးတုန်း ဒီက အထက်တန်းကျောင်းတွေမှာ ဘာတွေ သင်ပြီး ဘာတွေလုပ်နေသလဲဆိုတာ သိရအောင် သွားလေ့လာတာလို့ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ထမ်းထားရတဲ့ ဝန်တွေကများလှတယ်။ နိုင်ငံခြားရောက်တော့လည်း ကိုယ့်နိုင်ငံစီးပွားရေး၊ လူမှုရေးသာမက ပညာရေးပါ တိုးတက်အောင် ခေါင်းထဲမှာ ထည့်ထားတယ်ဆိုတာ ပေါ်လွင်နေပါတယ်။

အမနာပပြောချင်တဲ့သူတွေကတော့ ပြောပါလိမ့်မယ်။ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် တည်းက တာဝန်ယူလုပ်နေရသလဲပေါ့။ ရှင်းရှင်းလေးပဲ ဦးသိန်းစိန် ဒီလိုနေရာမှာနေပြီး ဒီလိုကျောင်းသားတွေနဲ့ တွေ့ဆုံ၊ ခင်မင်ရင်းနှီးစွာ ပြောခွင့်ရမလား၊ ပြောခွင့်ပြု မှာလား၊ ပြောလို့ရနိုင်သလား။ ကဲ … ဒီနေရာမှာ ဒုသမ္မတ ဦးမြင့်ဆွေကို လွှတ်ပြီးတော့ ဆွေးနွေးခိုင်းပါမယ်တဲ့။ ဟိုကလက်ခံမလား။ လူအရေးကြီးတယ်။ ပုဂ္ဂိုလ် အရေးကြီးတယ်။ ယုံကြည်လေးစားမှု အရေးကြီးတယ်။

ဒေါ်အောင်ဆန်းစုကြည် အထက်ကျောင်းကို သွားလေ့လာတာက မြန်မာနိုင်ငံပညာရေးကို အသက်မွေး ဝမ်းကျောင်း ပညာရေးဖြစ်အောင် အလေးပေးလုပ်ဆောင်ချင်လို့ သွားလေ့လာတာပါ။ ကျောင်းသား ကျောင်းသူတွေ ကိုယ့်မှာ အားသာချက်၊ အားနည်းချက်ဘာတွေရှိနေတယ်ဆိုတာကို ရွေးချယ်ပြီးတော့ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ပညာရေးလမ်းကြောင်းကို လိုက်နိုင်အောင် သွားရောက်လေ့လာနေတာလို့ သိရပါတယ်။

ပညာရေးမှာ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းဆိုတာ ဘယ်လမ်းကြောင်းကို ဦးတည်နေတယ်ဆိုတာ မိဘတွေရော ဆရာတွေပါ သိထားဖို့လိုပြီထင်ပါတယ်။ ကျောင်းပြီးတယ်ဆိုတာ မြန်မာနိုင်ငံမှ မူလတန်းနဲ့လည်း ပြီးနိုင်တယ်၊ အလယ်တန်းနဲ့လည်း ပြီးနိုင်တယ်၊ အထက်တန်းနဲ့လည်း ပြီးသွားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ပြီးတယ်ဆိုတာ ကင်းကွာ ဝေးကွာသွားကြရတာကို ပြောတာပါ။

ဘယ်အဆင့်နဲ့ပဲပြီးပြီး ဘဝတစ်လျှောက်လုံး လုပ်ကိုင်စားသောက်နိုင်တဲ့ အသက်မွေးမှုပညာသင်ကြားခွင့် ရရေးဟာ အရေးကြီးပါတယ်။ ကျောင်းတွေက စာတွေချည်းသက်သက် ဖိပြီးတော့ ကျက်ခိုင်းနေတာကို စိတ်မဝင်စားတဲ့ ကျောင်းသားတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ကျောင်းစာနဲ့ လက်မှုပညာ၊ အသက်မွေးပညာ တွေကို တွဲထားပြီးတော့ ကိုယ်ကြိုက်ရာလမ်းကြောင်းကို ရွေးချယ်ခွင့်ပေးဖို့ဆိုတာ နိုင်ငံတိုးတက်ရေး အတွက်ပါ အလွန်လိုအပ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်သွားတယ်၊ အမေရိကသွားတယ်။ သားတွေနဲ့ တွေ့ခွင့်ရရေးဟာ သူ့အတွက် သိပ်ပြီးတော့ အရေးကြီးတဲ့ ကိစ္စမဟုတ်ဘူးဆိုတာ နေ့စဉ်တွေ့မြင်နေရတဲ့ သတင်းတွေက သက်သေပြနေ တယ်။

မြန်မာနိုင်ငံမှာ သားသမီးတွေ ဆွေမျိုးသားချင်းတွေ အကျိုးမပါဘဲ လုပ်ပိုင်ခွင့်တွေကို လုပ်ဆောင်သွားတဲ့ သူတွေ ဗိုလ်ချုပ်အောင်ဆန်းကွယ်လွန်ပြီးတဲ့နောက် ဘယ်နှယောက်များရှိသလဲ။ နိုင်ငံရေးကို အကြောင်းပြပြီး ကိုယ်ကျိုးရှာ ချမ်းသာသွားသူတွေ တန်းစီနေတဲ့ကြားထဲမှာ အသက် ၇၀ ကျော် အမေအိုတစ်ယောက် ယနေ့အထိ တစ်ရက်မနား လုပ်ဆောင်သွားနေတာတွေဟာ ဘယ်သူ့အတွက်လဲဆိုတာ မြင်အောင်ကြည့်ကြ ပေါ့ဗျာ။

ကြည့်သောသူမြင်တယ်။ တည့်ကြည့်မှမြင်တယ်။ စောင်းကြည့်လို့ မမြင်ဘူး။ မေတ္တာနဲ့ကြည့်ရင်မြင်တယ်။ အကုသိုလ်တွေ ပိတ်ဖုံးနေတဲ့ လောဘ ဒေါသ မောဟမျက်လုံးတွေနဲ့ ကြည့်ရင်မမြင်ဘူး။ လူကို လူလိုမြင်ဖို့ လူလိုကြည့်တတ်ဖို့လိုတယ်။

၁၇.၉.၂၀၁၆
ဆရာတင်ညွန့်
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.