နှလုံးသားထဲက စမ်းရေစီးသံ

ကျွန်တော့်အမေဟာ အသက် (၈၄) နှစ်ရှိပါပြီ။ ဇရာသဘောအရအတော့်ကို အိုမင်းနေတဲ့အရွယ်ပေါ့။ ဒါပေမဲ့ ကံကောင်းထောက်မစွာဘဲ အမေဟာ ကျန်းမာရေးကောင်းနေသေးလို့ ၀မ်းသာရပါတယ်။ အမေက ပြည်မြို့မှာနေပြီး ကျွန်တော်က ရန်ကုန်မြို့မှာနေသူမို့ အမေ့ကို ခဏခဏ တွေ့ဆုံနိုင်ခြင်းမရှိပါဘူး။ အမေ ရန်ကုန်ကိုလာတဲ့အခါ။ ဒါမှမဟုတ် ပြည်ကို ကျွန်တော်တို့ပြန်တဲ့အခါမှပဲ တွေ့ခွင့်ရကြပါတယ်။ များသော အားဖြင့်တော့ ဖုန်းနဲ့ပဲ အဆက်အသွယ်လုပ်ကြရတာပါပဲ။ ကျွန်တော်က တနေ့တခါ ညနေ ၃ နာရီခွဲတိုင်း အမေ့ဆီကြိုးစားပြီး ဖုန်းဆက်ပါတယ်။ တခါတလေတော့ မဆက်ဖြစ်ဖူးပေါ့။ ရန်ကုန်ဆိုတာကလည်း အင်မတန်မှ အချိန်ရှားပါးတဲ့မြို့ မဟုတ်လား။ အများအားဖြင့်တော့ သွားရင်းလာရင်းအချိန်ကုန်တာပါပဲ။ ဒါပေမဲ့ သွားရင်းလာရင်း အမေ့အရွယ်လောက်၊ ဒါမှမဟုတ် အသက်ကြီးကြီး အမေကြီးတွေများတွေ့ရင် အမေ့ကို သတိရမိပါတယ်။ အချို့အမေကြီးတွေ ဆင်းဆင်းရဲရဲနဲ့ ငွေကြေးအလှူခံနေတာတွေ့ရင် မိခင်ချင်း ကိုယ်ချင်းစာလို့ နိုင်သလောက်တော့ အမြဲလှူဖြစ်ပါတယ်။ ဆိုလိုတာက သားတယောက်အနေနဲ့ အမေချင်း ကိုယ်ချင်းစာစိတ်၊ သားသမီးချင်းကိုယ်ချင်းစာစိတ် ကျွန်တော့်မှာ ရှိတတ်တယ်ဆိုတာပါ။ တခါတလေ အဘိုး ကြီး၊ အဘွားကြီးတွေ ဈေးရောင်းနေတာတွေ့ရင် သူရောင်းတဲ့ပစ္စည်းဟာ ဘာပဲဖြစ်ဖြစ် အားပေးတဲ့အနေနဲ့ ၀ယ်လာခဲ့တာချည်းပါပဲ။ နိုင်ငံခြားကလူတွေက အရွယ်တင်နုပျိုကြပေမယ့် မြန်မာနိုင်ငံမှာတော့ နေပူစပ်ခါး မရှောင် အလုပ်လုပ်ရတဲ့ဒဏ်တွေကြောင့် အသက်ကြီးသူတွေဟာ အိုစာလွယ်ကြပါတယ်။ ဘိုးဘွားရိပ်သာ တွေကိုသွားတဲ့အခါ အသက်(၇၀)ကျော် ဘိုးဘွားတွေကို တွေ့ဖူးမှာပါ။ အတော်များများကတော့ ခါးတွေကုန်း၊ နားတွေထိုင်း၊ မျက်စိတွေမှုန်၊ သွားတွေကျိုးလို့ လူအိုကြီးတွေလုံးလုံး ဖြစ်ကုန်ကြတာတွေ အများကြီးတွေ့ဖူးပါရဲ့။ ကျန်းမာရေးကောင်းပြီး အရွယ်တင်တဲ့အဘိုးအဘွားအချို့ကိုလည်း တွေ့ဖူးပါရဲ့။

ဘာပဲဖြစ်ဖြစ် လူတွေဟာ အသက် (၇၀) ဆိုတဲ့အရွယ်ကို ကျော်လာပြီဆိုတာနဲ့ ဇရာသဘောအရ လူအိုတန်းကို သတ်မှတ်ခံရတာပါပဲ။ ခေါ်တာတောင်မှ အဘွား၊ အဘိုး စသည်ဖြင့်ပေါ့နော်။

တလောက ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ထိန်လင်းနဲ့ မြင့်ဆန်းအောင်အကြောင်း စောင့်ကြည့်ဂျာနယ်မှာ ဆောင်းပါးတပုဒ် ကျွန်တော်ရေးခဲ့ပါတယ်။ ဇာတ်နာအောင် တမင်ရည်ရွယ်ပြီးရေးတာမဟုတ်ပေမယ့် ဖတ်ရသူအတော်များများကတော့ ခံစားရတယ်လို့ ပြောကြပါတယ်။ တကယ်တော့ ကျွန်တော်ဟာ သားသမီးချင်း၊ မိခင်ချင်းကိုယ်ချင်းစာပြီး အဲဒီဆောင်းပါးကို ရေးခဲ့တာပါ။ ထိန်လင်းတို့၊ မြင့်ဆန်းအောင်တို့နေရာက ကျွန်တော်နေကြည့်ပြီး ကိုယ်ချင်းစာကြည့်တယ်။ အမေဟာ ကျွန်တော် ငါးတန်းအရွယ် (အသက် ၁၁ နှစ်လောက်မှာ) နိုင်ငံခြားကို ခဏဆိုပြီး ထွက်သွားတယ်။ ပြီးတော့ နှစ်ပေါင်း များစွာ ပြန်မလာတော့ဘူး။ အတူနေရတဲ့ အဖေကြီးကလည်း ရောဂါဝေဒနာကိုခံစားရပြီး နှစ်နှစ်လောက်အကြာ မှာ ဆုံးသွားတယ်။ အမေ့ဆီလိုက်သွားချင်ပေမယ့်လည်း ပိုက်ဆံစုရသေးတယ်။ ပိုက်ဆံရတော့လည်း ပြည်ဝင်ခွင့်ဗီဇာ အပိတ်ခံရရင် သွားလို့မရပြန်ဘူး။ အမေကလည်း ကိုယ့်ဆီမလာနိုင်၊ ကိုယ်ကလည်း ခဏခဏ မသွားနိုင်၊ အဲဒီလိုဆို ကျွန်တော်ရော၊ ကျွန်တော့်အမေရော ဘယ်လိုခံစားရမှာပါလိမ့်။ သေချာတာကတော့ ကျွန်တော် အဲဒီလောက်ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ အမေလုပ်နေတဲ့အလုပ်တွေကို ရပ်တန့်ပြီး မိသားစုဆီ ပြန်လာဖို့ ကျွန်တော်ပြောမိမှာပဲ။ ကျွန်တော့်အစ်ကိုကိုရော။ မသေခင်က အဖေ့ကိုရော ဟောဒီလိုပြောမိမှာပဲ။

''အမေလုပ်နေတာတွေကို ရပ်တန်းကရပ်ပြီး မိသားစုဆီပြန်လာခဲ့ပါ။ အမေ ကျွန်တော်တို့ကို တကယ်ချစ်တယ် ဆိုရင်၊ အဖေ့ကို တကယ်တာဝန်ကျေချင်တယ်ဆိုရင်၊ ကျွန်တော်တို့ရဲ့ ရှေ့ရေးကို အလေးထားတယ်ဆိုရင် ပြန်လာခဲ့ပါ။ အမေခုချက်ချင်းပြန်မလာရင် ကျွန်တော်တို့ကို တန်ဖိုးမထားလို့ဘဲ။ တသက်လုံး ကျွန်တော်တို့နဲ့သေခန်းပြတ်ပြီ။ ကျွန်တော်သေလည်း အမေမလာနဲ့တော့၊ အမေသေရင်လည်း ကျွန်တော် တို့ကို အကြောင်းမကြားနဲ့တော့''လို့ ကျွန်တော်ပြောမိမှာပဲ။ အမေ့ကို မိသားစု ဆီပြန်လာစေချင်တဲ့စိတ်နဲ့ အဲဒီလိုပြောမိမှာပဲ။ ကျွန်တော့်အမေကလည်း မျက်ရည်လေးစမ်းစမ်းနဲ့ မီရာလေယာဉ်နဲ့ ကျွန်တော်တို့ဆီပြန်လာ မှာပဲ။ မိသားစုလေးယောက်စုံစုံညီညီနဲ့ ထမင်းလက်စုံစားလို့ ပျော်ပျော်ရွှင်ရွှင် နေကြမှာပဲ။

ဒါပေမဲ့ ခက်တာက ကျွန်တော်ကလည်း ထိန်လင်း (ခေါ်) ကင်မ်အဲရစ်မဟုတ်သလို ကျွန်တော့်အမေကလည်း ဒေါ်အောင်ဆန်းစုကြည် မဟုတ်တာပါပဲ။ ထိန်လင်းဟာ သူဘယ်လောက်ပဲခံစားရပေမယ့် သူ့အမေ ဒေါ်စုကို ကျွန်တော်ပြောသလို စကားတွေကိုပြောမထွက်ခဲ့ပါဘူး။ မပြောခဲ့ပါဘူး။ အမေကို အပြစ်မတင်ခဲ့ပါဘူး။ မခံစားနိုင်လွန်းလို့ သူပြောခဲ့မယ်ဆိုရင်တောင် သူ့အမေဟာ ကျွန်တော့်အမေလိုတော့ မိသားစုအရေးကို ရှေ့တန်းတင်နိုင်မှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ မြန်မာပြည်သူပြည်သားတွေအားလုံးဟာ သူ့သားသမီးတွေဖြစ်နေလို့ပါပဲ။ အဲဒီလို အတွဲညီခဲ့တဲ့ အမေနဲ့သားတွေ ဖြစ်ပါတယ်။ မြင့်မြတ်တဲ့ စိတ်ထားပိုင်ရှင်တွေပါပဲ။

ပြီးခဲ့တဲ့ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်္ဂလန်ခရီးစဉ်မှာ သားအငယ်ဖြစ်သူ ထိန်လင်း(Kim)နဲ့ အမေစုပွေ့ဖက်နေတဲ့ ဓာတ်ပုံကိုတွေ့တော့ နိုင်ငံရေးတွေ၊ ဘာတွေဘေးချိတ်လို့ လူသားတယောက်အနေနဲ့ သားသမီးချင်း မိဘချင်းကိုယ်ချင်းစာလို့ မျက်ရည်ဝဲတဲ့အထိ ပီတိဖြစ်မိပါတယ်။ နှစ်ပေါင်းများစွာ လျစ်လျူရှု ဥပေက္ခာပြုခဲ့ရတဲ့သားကို ပြန်တွေ့ရတာ၊ တခါမှမမြင်ဖူးသေးတဲ့မြေးနှစ်ယောက်ကို ပထမဆုံးပြန်တွေ့ရတာ ဘယ်အမေ ဘယ်အဘွားက စိတ်မချမ်းသာဘဲနေမှာလဲ။ သားဘက်က ကြည့်တော့လည်း ကိုယ်တိုင်အဖေနေရာကနေရကာမှ မိဘတယောက်ရဲ့ အချစ်နဲ့မေတ္တာကို ပိုပြီးနားလည်ရတော့ ငါ့အမေဟာ ငါတို့ကိုထားရစ် ခွဲခွာသွားဖို့ ဘယ်လောက် နာနာကျင်ကျင်ဆုံးဖြတ်ရမှာပါလဲဆိုတာ ပိုပြီးကိုယ်ချင်းစာတတ် လာမှာပါ။ ကိုယ်တိုင်မိဘဖြစ်မှ ကိုယ့်မိဘက ကိုယ့်ကို ဘယ်လောက်ချစ်သလဲဆိုတာ သိကြတာပါ။ ကိုယ့် အချစ်ဆုံး သားသမီးထက် ကိုယ့်နိုင်ငံကိုပိုချစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ကိုယ့်မိဘ ကိုယ့်ရင်ခွင်ထဲက ထွက်သွားတာကို အပြစ်တစက်မှမတင်ဘဲ အမေ့ကိုချစ်တဲ့စိတ်အပြည့်နဲ့ နားလည်ပေးခဲ့တဲ့ သားနှစ်ယောက်ကို တော့ ကျွန်တော် မချီးမွမ်းဘဲမနေနိုင်ပါဘူး။ ကိုယ့်အမေရှိရာဟိုတယ်ကို ပကာသနမပါဘဲ ဘတ်စ်ကားစီးပြီး လာခဲ့တဲ့ ထိန်လင်းနဲ့ သူ့ကလေး နှစ်ယောက်ရယ်၊ သားကိုတွေ့တော့ပြေးဘက်လိုက်တဲ့ သံမဏိနှင်းဆီလို့ နာမည်ရတဲ့ မာကျောတဲ့စိတ်ဓာတ်ပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်စိတ်နဲ့ ချစ်ခြင်းမေတ္တာရယ်ဟာ ကိုယ်ချင်းစာတတ်တဲ့သူတွေအတွက်တော့ ၀မ်းသာဝမ်းနည်းစိတ်နဲ့ နှလုံးသားထဲမှာ စမ်းချောင်းလေးဖြတ်စီး သွားသလိုပါပဲလို့။

သရ၀ဏ်(ပြည်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.