ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရမည်

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မည်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နာယက ခွန်ဥက္ကာက ပြောဆိုလိုက်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျွန်တော်တို့ EAO (တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့)က အခုချိန်ထိ လုံးဝလက်မခံပါဘူး။ အခု NCA လက်မှတ်ထိုးတာကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံတာမဟုတ်ဘူး။ အပစ်အခတ်ရပ် စဲရေးဖြစ်ဖို့ထိုးတာ။ နိုင်ငံရေးဆွေးနွေးပွဲဆက်လုပ်မယ်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်။ ပြီးရင် ဖွဲ့စည်းပုံကို ပြင်သွားမယ်။”ဟု ခွန်ဥက္ကာကပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်တွင်းအရပ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများအနေဖြင့် လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်မခံဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့်ပတ်သက်၍ လွှတ်တော်ပြင်ပမှ ကြိုးစားနေကြကြောင်း သိရသည်။

“ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့ကလည်း ဖွဲ့စည်းပုံပြင်ရမယ်။ ဒီမိုကရေစီသမားနဲ့ ဖက်ဒရယ်သမားကလည်း တူနေတယ်။ အခု ၂၁ ပင်လုံညီလာခံကလည်း ဘာတွေ ဆွေးနွေးညှိနှိုင်းညှိနှိုင်း၊ ဖွဲ့စည်းပုံက ပြင်ကိုပြင်ရမယ်၊ ဒီအချိန်မှာ ဖွဲ့စည်းပုံက ပြင်ကိုပြင်ရမယ်”ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်က ပြောသည်။

ယခင်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးရေးသားခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) စာချုပ်အခန်း(၅)တွင်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံများကျင်းပပြီး ဆုံးဖြတ်ချက်များအပေါ် အခြေခံကာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုအပ်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ဆောင်ရမည်ဟု ဖော်ပြထားသည်။

“ဖက်ဒရယ်ပြည်ထောင်စု သွားမယ်ဆိုရင် ဖွဲ့စည်းပုံပြင်ရမှာဟုတ်တယ်။ NCA ထဲမှာလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးပါတယ်။ ဘယ်လိုပြင်ဆင်မလဲဆိုတာက ထည့်ထားတယ်၊ တပ်ကလည်းလက်ခံထားတယ်” ဟု ၂၁ ရာစုပင်လုံညီ လာခံတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်အဖြစ် တက်ရောက်နေသည့် ဦးမြင့်စိုးက ပြောသည်။

၂၁ ရာစုပင်လုံညီလာခံ ပထမအကြိမ်အစည်းအဝေး၊ တတိယမြောက်နေ့၊ စက်တင်ဘာ ၂ ရက်တွင် အစုအဖွဲ့ ကိုယ်စားလှယ်များမှ သဘောထားအမြင်များ တင်ပြရာတွင် တပ်မတော်ဖက်မှ ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဇော်ဦးက တပ်မတော်၏တာဝန်မှာ နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိကြောင်း တင်ပြထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရေးအတွက် ပြည်တွင်းအရပ်ဖက် အဖွဲ့စည်းများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အခြားနိုင်ငံရေးပါတီများက ၂၀၁၂ ခုနှစ်ကပင် လုပ်ဆောင်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ဘဲ ယခု ကျင်းပနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစုပင်လုံတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ အဆိုပြုချက်များ၊ အကြံပြုချက်များ ပေါ်ထွက်လာခြင်းဖြစ်သည်။

MMK
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.