လှုပ်ခတ်ခဲ့ဖူးသည့်နိုင်ငံရေးငလျှင်များ သရ၀ဏ်(ပြည်)

ထိုရေပိုက်ကို ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ပို့ ဆောင်ပြသထားပြီး န.၀.တ ခေတ် ဘက်စုံပြုပြင်မွမ်းမံရေးလက်ရာဟု နောက်လူများအတုယူနိုင်စေရန် စာတမ်းထိုးထားဖို့ ပင်သင့်

၂၄.၈.၂၀၁၆ က မြန်မာနိုင်ငံအလယ်ပိုင်းချောက်မြို့ အနီးကို ဗဟိုပြု၍လှုပ်ခတ်ခဲ့သော ပြင်းအား ၆.၈ ရစ်ခ်ျတာစကေးရှိသောငလျှင်ကြီးကြောင့် မြန်မာတနိုင်ငံလုံး တုန်လှုပ်ချောက်ခြားသွားကြလေသည် ။ အထူးသဖြင့် ပုဂံဒေသရှိရှေးဟောင်းဘုရားစေတီများ၏အစိတ်အပိုင်းအချို့ ပြိုကျပျက်စီးခြင်းကြောင့် ရှေးဟောင်းလက်ရာများကိုတန်ဖိုးထားတတ်လေသူအားလုံး စိတ်မကောင်းခြင်းကြီးစွာဖြစ်ကြရပါသည် ။ အဆိုးထဲမှအကောင်းတွက်၍ရသည်မှာစစ်အစိုးရလက်ထက် ဗိုလ်ချုပ်ခင်ညွန့် ခေါင်းဆောင်သော ပုဂံစေတီပုထိုးများဘက်စုံပြုပြင်တည်ဆောက်ရေး ဟုအမည်တပ်ပြီး ရှေးဟောင်းဘုရားစေတီပုထိုးများကို ပုဂံဗိသုကာအကြောင်း နကန်းတလုံးမှနားမလည်သော အနယ်နယ်အရပ်ရပ်မှပန်းရံဆရာများကိုအုတ်စီတတ်လျှင်ပြီးရောသဘောဖြင့် ကန်ထရိုက်များပေး ထင်ရာစိုင်းတည်ဆောက်ပြုပြင်ခဲ့ကြခဲ့ကြရာ သမိုင်း ပညာရှင်ကြီးဒေါက်တာသန်းထွန်းကပင် “ငလျင်ထက်ဆိုးသော လူတို့ ၏စေတနာ” ဟုညည်းတွားပြောဆိုခဲ့ရပါသည် ။ ယခုအခါ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးမှုအများဆုံးသည် ထို န.၀.တ /န.အ.ဖ ခေတ်က ဘက်စုံပြုပြင်ရေးစီမံကိန်းဖြင့် လက်ရာအညံ့စားပြုပြင်ဖာထေးထားသည့်အစိတ်အပိုင်းအများစုပြုတ်ကျပဲ့ထွက် ကုန်ခြင်းဖြစ်သည် ။ နှမျောစရာကောင်းသည်မှာ ထိုသို့ န.၀.တ လက်ရာ အစိတ်အပိုင်းများပြုတ်ကျပျက်စီးရာလမ်းတလျှောက်တွင် ပွတ်တိုက်မှုကြောင့် နဂိုရှေးဟောင်းလက်ရာ အစိတ်အပိုင်းအချို့ လဲ ကွာထွက်ပြိုကျ ပျက်စီးခဲ့ခြင်းဖြစ်ပါသည် ။

သဘာဝတရားကြီးက ရှေးဟောင်းလက်ရာမဟတ်ုသော အပေါစားအညံ့စားပြုပြင်ထားမှုများကိုလက်မခံပါယ်ချလိုက်ခြင်းဖြစ်ပါပေ၏ ။ မည်မျှတောင်အပေါစားပြုပြင်မွမ်းမံခဲ့ကြသလဲဆိုလျှင် ဘုရားတစ်ဆူပြိုကျပျက်စီးသွားသော အစိတ်အပိုင်းတစ်ခုတွင် ဘုရားအတွင်းထည့်သွင်းထားသော အရာမှာ ယခုခေတ် ရေပိုက်သွယ်ရာတွင်သုံးသော PVC ပိုက်အပြာရောင် မတိုမရှည်တစ်ချောင်းကိုပင်တွေ့ ရပေ၏ ။ ထိုရေပိုက်ကို ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ပို့ ဆောင်ပြသထားပြီး န.၀.တ ခေတ် ဘက်စုံပြုပြင်မွမ်းမံရေးလက်ရာဟု နောက်လူများအတုယူနိုင်စေရန် စာတမ်းထိုးထားဖို့ ပင်သင့်ပေ၏ ။

အချို့ သော ဘာသာဝင်အချို့ကလည်း သူတို့ ဘာသာရေးအဆောက်အဦများ ကိုဖျက်ဆီးခဲ့သဖြင့် ဗုဒ္စဘာသာစေတီပုထိုးများပျက်ဆီးရသလိုပြောနေသူများလည်းရှိနေသေး၏ ။ တခုသတိပြုရမည်မှာ ယခုပြိုကျသော ပုဂံမှ ဘုရားစေတီပုထိုးများသည် သက်တမ်းအနည်းဆုံးနှစ်ပေါင်း ခုနစ်ရာမှ-ကိုးရာခန့်ရှိပြီး ၊ ငလျှင်၏ဗဟိုချက်နှင့် မိုင်အနည်းငယ်သာဝေးသောအရပ်တွင်တည်ရှိနေခြင်းကိုသတိချပ်သင့်၏ ။ မည်သည့်အဆောက်အဦမဆို သက်တမ်းမှာလည်း နှစ်ပေါင်း ခုနစ်ရာမှ ကိုးရာခန့် ရှိမည် ၊ ၆.၈ ရစ်ခ်ျတာစကေးရှိသော ငလျှင်ကြီး၏ဗဟိုချက် ( Epicenter ) နှင့်လည်း နီးကပ်စွာတည်ရှိမည်ဆိုလျှင် ဘုရားစေတီဖြစ်စေ ၊ လူနေအဆောက်အဦဖြစ်စေ ၊ ခရစ်ယာန်ဘုရားကျောင်းဖြစ်စေ ၊ အစ္စလာမ်ဗလီဖြစ်စေ ပြိုကျပျက်စီးမည်သာဖြစ်သည်မှာသဘာဝနိယာမဖြစ်ပါပေ၏ ။ မြန်မာနိုင်ငံတွင် ငလျှင်လှုပ်သည့်နေ့တွင် အီတလီနိုင်င့တွင်လည်း (မြန်မာနိုင်ငံလောက်ပင်အင်အားမပြင်းသော)ငလျှင်လှုပ်ခဲ့ရာ လူပေါင်း ၁၅၀ ခန့် သေဆုံးခဲ့ရလေသည်ကိုကြည့်ခြင်းဖြင့် ငလျှင်ဆိုသည်မှာ လူမျိုးဘာသာမရွေးခံရနိုင်သောသဘာဝဘေးအန္တရာယ်ဖြစ်ကြောင်းထင်ရှားပေ၏ ။ဘာသာရေးနှင့်မည်သို့ မှမသက်ဆိုင်ပါချေ ။

အကယ်၍ဆိုင်သည်ဟူငြားအံ့ ငလျှင်သည် နိုင်ငံရေးနှင့်ဆိုင်သည်ဟုဆိုနိုင်ပေသည် ။ ငလျှင်ဆိုသည်မှာ ကမ္ဘာမြေကြီးအတါင်းပိုင်းရှိ ကျောက်ကြိုကျောက်ကြားမှ မြေသားများ လှုပ်ရှားရုန်းကန်၍ တိုးထွက်ပွတ်တိုက်ကြခြင်းဖြစ်ရာ တိုးအားတိုက်အား ပြင်းထန်လျှင်ပြင်းထန်သလို မြေမျက်နှာပြင်အပေါ်တွင် ထိခိုက်မှုများရှိတတ်ပါပေ၏ ။ မြန်မာနိုင်ငံတွင်လည်း သမိုင်းတလျှောက် နိုင်ငံရေးငလျှင်များစွာလှုပ်ခဲ့ရာ အချို့ ဖြစ်ရပ်များမှာ ကြီးစွာသော ထိခိုက်ပွန်းရှမှုများရှိခဲ့ပေ၏ ။ နယ်ချဲ့ အင်္ဂလိပ်ခေတ်က ကိုလိုနီဆန့် ကျင်ရေးနိုင်ငံရေးငလျှင်ကြီးများလှုပ်ခတ်ခဲ့ပါသည် ။ထိုငလျှင်များအနက် ၁၃၀၀ ပြည့်အရေးတော်ပုံကြီးသည် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးသမိုင်းတွင်အလွန်ကြီးမားသော ပြင်းအားမြင့်နိုင်ငံရေးငလျှင်ကြီးဖြစ်သည် ။ Aftershock ဟုခေါ်သောနောက်ဆက်တွဲငလျှင်လေးများစွာလည်းထိုအဖြစ်အပျက်နောက်တွင်လိုက်ပါလာလေသည် ။ ၀န်ထမ်းပေါင်းစုံသပိတ် ၊ကျောင်းသားသပိတ် ၊ ပုလိပ်ဝန်ထမ်းများသပိတ် စသည်ဖြင့် စုံလင်လှသည် ။ ၎င်းနောက်လွတ်လပ်ရေးတိုက်ပွဲအတွက်အကြီးမားဆုံးနိုင်ငံရေးငလျှင်ကြီးမှာကား ဗိုလ်ချုပ်အောင်ဆန်းနှင့်ရဲဘော်သုံးကျိပ်ဦးဆောင်သော ဘီအိုင်အေတပ်ဖွဲ့  ဂျပန်များနှင့် မြန်မာပြည်ပြန်ဝင်လာစဉ်နယ်ချဲ့အင်္ဂလိပ်တို့ ဆုတ်ခွာထွက်ပြေးရသော ဖြစ်ရပ်ကြီးဖြစ်သည် ။ ထို့ နောက် ဖက်ဆစ်တော်လှန်ရေးငလျှင်ကြီး ၊အောင်ဆန်းအက်တလီငလျှင်ကြီး တို့ တိုက်ခတ်ခဲ့သည် ။ ၁၉၄၇ ဇူလိုင် ၁၉ နိုင်ငံတော်လုပ်ကြံမှုငလျှင်ကြီးသည် မြန်မာ့လွတ်လပ်ရေးသမိုင်း၌ အရိုင်းစိုင်းဆုံးတိုက်ခတ်ခဲ့သော ငလျင်ကြီးဖြစ်၍အကျအဆုံးလည်းများခဲ့ပါသည် ။
လွတ်လပ်ပြီးမြန်မာ့နိုင်ငံရေးသမိုင်းတွင်တော့ ရောင်စုံသူပုန်ငလျှင်များသည်တနိုင်ငံလုံး ကြိုးကြားကြိုးကြားတိုက်ခတ်ခဲ့ပေ၏ ။ထို့ နောက် ငလလျှင်သာမက တနိုင်ငံလုံးကိုလငပုတ်ဖမ်းသောကိစ္စသည် ၁၉၆၂ မတ်လ ၂ ရက်နေ့ တွင်ဖြစ်ပေါ်ခဲ့ပေ၏ ။ ထိုငလျှင်၏ဒဏ်ကိုတိုင်းပြည်သည် ၂၆ နှစ်ခါးစည်းခံကြရ၏ ။ ၁၉၈၈ တွင် ကျောင်းသားပြည်သူရဟန်းရှင်လူများ၏ တော်လှန်ရေးငလျှင်ကြီး လှုပ်ခတ်ခဲ့ပါသည် ။ ထိုငလျှင်အပြီးဝယ် တနိုင်ငံလုံးတိမ်အမည်းကြီးဖုံးကာ အစိမ်းရောင်ဝတ်ရုံများဖြင့်ဖုံးလွှမ်းခြင်းခံရသည်မှာ ၂၂ နှစ်ကြာခဲ့ပေ၏ ။ ထို့ နောက် တဖြည်းဖြည်း တိမ်မည်းညိုတို့ ပြယ်စပြုလာသည်မှာ ၂၀၁၀ မှ ၂၀၁၅ ငါးနှစ်တာကာလဖြစ်သည် ။

၂၀၁၅ နိုဝင်ဘာ (၈)ရက်နေ့ မနက်တွင်တော့ မြန်မာတပြည်လုံးမှလှည်းနေလှေအောင်းမြင်းဇောင်းမကျန်ပြည်သူလူထုအားလုံး အလွန်ကြီးမားသော ငလျှင်လှိုင်းကြီးတခုကိုကြုံခဲ့ရသည် ။ထိုငလျှင်ကြီးသည် မြန်မာ့မြေပေါ်ရှိ စားဖားများအားလုံး ကိုပြိုကျပျက်သုန်းသွားစေပြီးခေတ်သစ်တစ်ခု၏ရောင်ခြည်တန်းများပေါ်ထွန်းလာစေပါသည် ။ ထိုငလျှင်ကြီးကား နှစ်ပေါင်းများစွာအမြစ်တွယ်နေသောစစ်အာဏာရှင်စနစ်ကိုသိမ့်သိမ့်တုန်စေသော ရစ်ခ်ျတာစကေး ၈.၈၈၈ အဆင့်ရှိသော ငလျှင်ကြီး၏နောက်ဆက်တွဲ ခွပ်ဒေါင်းငလျှင်ဖြစ်လေ၏ ။ ထိုငလျှင်ကြောင့် တိရိစ္ဆာရုံထဲရှိ လှောင်အိမ်များ (အထူးသဖြင့် ခြင်္သေ့လှောင်အိမ်များ ) အက်ကြောင်းထင်ကာပြိုကွဲသွားသည်ဟုသိရ၏ ။ကြံ့သတ္တ၀ါနှင့်ဖွတ်သတ္တ၀ါများ စားကျက်ပျောက်ကုန်ကြသည်။ စားဖားများလည်းမျိုးတုန်းလုနီးပါးဖြစ်သွားသည်ဆို၏ ။ ထိုသို့ သောငလျှင်နောက်ဆက်တွဲများသည် ၂၀၁၇ နှင့် ၂၀၂၀ တွင်လာဦးမည်ဟုသိရ၏ ။ လူတွေကတော့ ဤကဲ့သို့ ပြည်သူ့ အကျိုးပြု ငလျှင်မျိုးကိုမကြောက်ပဲ မျှော်လင့်စောင့်စားနေကြသည်ဟုသိရလေသည် ။

သရ၀ဏ်(ပြည်)

Politics ဂျာနယ်
၂.၉.၂၀၁၆
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.