သားနှစ်ယောက်..မိသားစုနဲ့ ပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မှတ်မှတ်ရရ စကားများ




ရန်ကုန်၊စက်တင်ဘာ၊ ၁၁

မနေ့ ညက ဗြိတိန်နိုင်ငံကို ရောက်ရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ သည်ကနေ့ မှာ သားငယ်ဖြစ်တဲ့ ကင်မ်အဲရစ်နဲ့အတူမြေးနှစ်ယောက်ကို တွေ့ ဆုံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လန်ဒန်မြို့ က ဖခင်ဗိုလ်ချုပ်အောင်ဆန်းတည်းခိုခဲ့ဘူးတဲ့ ဒေါ်ချက်စတာဟိုတယ်မှာ တည်းခိုနေတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတည်းခိုခဲ့တဲ့ အခန်းကို ဒေါ်အောင်ဆန်းစုကြည်အတွက် ပြန်လည်စီစဉ်ပေးထားတာဖြစ်တယ်လို့  ထုတ်ပြန်ထားပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား နှစ်ယောက်မှာအကြီးဖြစ်တဲ့ အလက်ဇန်းဒါးအဲရစ် ခေါ် မြင့်ဆန်းအောင်ဟာ လက်ရှိ အချိန်မှာ အသက် ၄၃ နှစ် ရှိပြီဖြစ်ပြီး အငယ်ဖြစ်သူကတော့ ကင်မ်အဲရစ်ကတော့ အသက် (၃၉ ) နှစ်ရှိပြီဖြစ်ပါတယ်။

အလက်ဇန်းဒါးအဲရစ်ဟာ အမေရိကန်နိုင်ငံ Northern Lllnois University က Mathematical Sciences မဟာ ဘွဲ့ ရခဲ့ပါတယ်။၁၉၈၉ မှာ စစ်အစိုးက ညီအစ်ကို နှစ်ယောက်စလုံးဟာ မြန်မာနိုင်ငံသားဖြစ်မှုကို ပယ်ဖျက်ခံခဲ့ရပါတယ်။ လက်ရှိမှာတော့ ညီအစ်ကိုနှစ်ယောက်လုံးဟာ ဗြိတိန်နိုင်ငံသားတွေ ဖြစ်ပါတယ်။
၁၉၉၁ ခုနှစ် က ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဗယ်ဆုရရှိချိန်ကအလက်ဇန်းဒါး အဲရစ်ဟာ အသက် ၁၈ နှစ်၊ ကင်မ်အဲရစ်က ၁၄ နှစ်မှာ သူတို့ ရဲ့  အမေကိုယ်စား ဆုကို လက်ခံယူခဲ့ကြပါတယ်။
၂၀၁၀ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာချိန်မှာ သားငယ်ဖြစ်သူ ကင်မ်အဲရစ်က သူကိုတွေ့ ဆုံဖို့  ထိုင်းနိုင်ငံမှာနေပြီး ဗီဇာရဖို့ ရက်သတ္တပတ်အတော်ကြာ စောင့်ဆိုင်းခဲ့ရပါတယ်။သားငယ်ဖြစ်သူနဲ့ ၂၅ နှစ် အကြာမှာ ပထမဆုံးပြန်လည်ဆုံစည်းခဲ့တာလည်းဖြစ်ပါတယ်။

သားအကြီးဖြစ်သူ အလက်ဇန်းဒါးအဲရစ်ကတော့ ၁၉၉၉ခုနှစ်ဖခင်မိုက်ကယ်အဲရစ်ကွယ်လွန်ပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့  တစ်ကြိမ်သာ တွေ့ ခဲ့ပါတယ်။

တယ်လီဂရပ်သတင်းဌာနရဲ့  အဆိုက ကင်မ်အဲရစ်က အောက်စဖို့ မှာနေပါတယ်။ သူရဲ့  အပြောအဆိုကြောင့် မိခင်ကို စစ်တပ်မှ တစ်စုံတစ်ရာ ပြုလုပ်မှာ စိုးရိမ်တာကြောင့် စကားကို အမြဲဆင်ခြင်ပြီး ပြောတတ်သူလို့ မှတ်ချက်ချခံရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ခုနှစ်မှာ ဗြိတိန်နိုင်ငံခရီးစဉ်အတွင်းမှာလည်း မြေးငယ်နှစ်ဦးနဲ့ တွေ့ ဆုံဖို့ ရှိတယ်လို့ သြစတေးလျသတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် သားအကြီးရဲ့  သား၊သမီးတွေလား၊ သားငယ်ရဲ့  သား၊သမီးတွေလား ဆိုတာကိုတော့ မဖော်ပြခဲ့ကြပါဘူး။

လက်ရှိအချိန်မှာ အလက်ဇန်းဒါးအဲရစ်ကတော့ ပညာရှင်တစ်ယောက်အနေနဲ့ ပဲ ရပ်တည်နေပြီး ဒါပေမယ့် သူ့ ရဲ့  ဓာတ်ပုံတွေကို လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ တွေ့ ရခဲ ပါတယ်။
၂၀၁၂ ခုနှစ်က BBC သတင်းဌာနနဲ့ တွေ့ ဆုံချိန်မှာ ပုဂ္ဂိုလ်ရေးရာခံစားချက်တွေကို ပြောလေ့မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာမိသားစုနဲ့ပတ်သတ်ပြီးအခုလိုပြောခဲ့ပါတယ်။

“ မိသားစုတွေကို အချိန်မပေးနိုင်ခဲ့တဲ့ အတွက် ကိုယ်ရေးကိုယ်တာအရ နောင်တတွေ ကျွန်မမှာ ရှိပါတယ်။ ကျွန်မလည်း ကျွန်မမိသားစုနဲ့  အတူနေချင်တာပေါ့။ ကျွန်မသားတွေ ကြီးပြင်းတာလည်း မြင်ချင်တာပေါ့။ဒါပေမယ့် တကယ်တော့ ဒီမှာ ရှိနေတဲ့ ကျွန်မရဲ့  ပြည်သူတွေနဲ့ အတူရှိနေဖို့ကို ရွေးချယ်ခဲ့ရပါတယ်။ “

ကင်မ်အဲရစ်ကလည်း BBCကို အခုလို ပြောခဲ့ပါတယ်။

” ကျွန်တော်ထင်တယ်။ သူမဟာ တကယ်ကို ကြံ့ ခိုင်ပါတယ်။သူတစ်ခုခုကို ၀မ်းနည်းနေတယ်ဆိုရင်တောင် အဲဒါကို အဆင်ပြေအောင်လုပ်နိုင်ခဲ့တယ်။ သူဟာ ငိုပြီးတော့ အချိန်ကို ဖြုန်းနေမယ့်သူမဟုတ်ဘူး။”
ဒေါ်အောင်ဆန်းစုကြည်ကလည်းမိသားစုနဲ့ကွဲကွာခဲ့ရတဲ့အချိန်ကို အခုလိုပြောခဲ့ပါတယ်။

” ကျွန်မ နေအိမ်အကျယ်ချုပ်ကျတဲ့ အချိန်ကစလို့  ကျွန်မတို့  မိသားစုတွေရဲ့  ကွဲကွာမှုတွေစတင်ခဲ့ပါတယ်။ ကျွန်မနေအိမ်အကျယ်ချုပ်ကျတဲ့ နှစ်ရဲ့  ပထမဦးဆုံးခရစ်စမတ်နေ့ မှာ မိုက်ကယ်ကိုတော့ ကျွန်မကို လာတွေ့ ခွင့်ပေးခဲ့တယ်။ ဒါပေမယ့် ကလေးတွေ တော့ လာဖို့ ခွင့်မပြုခဲ့ပါဘူး။ ”
အဲဒီအချိန်တုန်းကအသက် ၁၁နှစ်သာရှိသေးတဲ့ သားငယ်ကင်မ်နောက်ဆုံးအကြိမ်မြန်မာနိုင်ငံကို လာရောက်ချိန်က အမှတ်တရတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောပြပါတယ်။

“သူ(ကင်မ်) သီချင်းခွေတွေ ယူလာတယ်။ သူက ဘယ်သူလဲဆိုတာ သိလား မာမီလို့ မေးတယ်။ ကျွန်မထင်တဲ့ သူတွေ တစ်ယောက်ပြီး တစ်ယောက်ပြောတယ်။ မှားသွားတယ်။ နောက်တော့ ဘယ်သူတွေလည်းဆိုတာကို စပြီး သင်ယူတယ်။ သူက Bob Marley သီချင်းတွေကို အရမ်းနားထောင်တယ်။ ကျွန်မလည်း Bob Marley သီချင်းတွေကို ကြိုက်အောင်လို့  လေ့ ကျင့်ယူရပါတယ်။ “လို့ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၇ နှစ်မှာတော့ ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်ကင်ဆာရောဂါခံစားနေရချိန်မှာ အကြီးမားဆုံး စိန်ခေါ်မှုကို စတင် ရင်ဆိုင်ခဲ့ရပါတယ်။
အဲဒါကတော့ တိုင်းပြည်ကို ပစ်ပြီး ခင်ပွန်းဆီကို ပြန်မလားဆိုတာပါပဲ။

“ကျွန်မသွားလို့  မဖြစ်ဘူးဆိုတာကို ကျွန်မသိတယ်။ အဲဒါကို သူလည်း( ခင်ပွန်း) သိတယ်။”လို့ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။
ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်ဟာ ၁၉၉၉ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

အခု တစ်ကြိမ်ဟာ ဒေါ်အောင်ဆန်းစုကြည်အတွက်တော့ သားငယ်ဖြစ်သူကင်မ်နဲ့  မြေးတွေကို နိုင်ငံတော် အတိုင်ပင်ခံဘ၀နဲ့  ပထမဆုံးအကြိမ်တွေ့ ဆုံရခြင်းဖြစ်ပါတယ်။ မြေးတွေနဲ့တွေ့ဆုံနေတဲ့မြင်ကွင်းဟာ မြန်မာပြည်သူတွေရဲ့စိတ်နှလုံးကိုကိုင်လူပ်ခဲ့ပြီး လူမူကွန်ယက်စာမျက်နှာမှာ ဝေမျှမှုအများဆုံးဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က မိသားစုနဲ့  ပတ်သက်လို့ BBCကို အခုလို ပြောခဲ့ဖူးပါတယ်။

” ဘ၀မိသားစုနဲ့  အတူတူလုပ်ရမယ့် ကိစ္စတွေ အများကြီး ရှိပါတယ်။ အဲဒါတွေကို တခြားသူတွေနဲ့  အတူတူလုပ်လို့ မရပါဘူး။ အဲဒါဟာ တကယ်ကို ထူးခြားပါတယ်။ အဲလိုပါပဲ မိသားစုဆိုတာဟာလည်း ထူးခြားတဲ့ သူတွေပါ။ဒါ့ကြောင့် မိသားစုတွေ ကွဲကွာရတာမကောင်းပါဘူး။ …. ဘယ်လိုမှ မကောင်းပါဘူး။ လို့ဖြစ်ပါတယ်။
Kumudra
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.