“ရွှေဒင်္ဂါးပြား ရှုံးသွားသလား မြတ်သလား”

ရှေးတုန်းက ဂျပန်ပြည်မှာ ခုခေတ် တိုကျိုမြို့တော်ဖြစ်လာမယ့် အဲဒိုဆိုတဲ့ မြို့ရှိခဲ့ပါတယ်။ အဲဒိုမြို့က တာတာမိ မြက်ဖျာရက်တဲ့ ဆာဘုရိုဘဲဆိုသူဟာ နှစ်သစ်ကူးပွဲတော်အတွက် ပိုက်ဆံ ရွှေဒင်္ဂါးသုံးပြား သွားချေးခဲ့တယ်။ ကံဆိုးချင်တော့ ငွေချေးပြီး အပြန်လမ်းမှာပဲ ပိုက်ဆံအိတ် ကျပျောက်သွားပါတော့တယ်။

ဆာဘုရိုဘဲဟာ အိမ်ပြန်ရောက်မှ ပိုက်ဆံအိတ် ကျပျောက်ခဲ့မှန်းသိပြီး ဆုံးပြီလို့ပဲ စိတ်လျှော့ထားလိုက်ပါတယ်။

သူကျကျန်ခဲ့တဲ့ ပိုက်ဆံအိတ်ကို လက်သမားဆရာ ချောဂျိရိုက ကောက်ရတယ်။ အိတ်ကိုဖွင့်ကြည့်လိုက်တော့ ရွှေဒင်္ဂါးသုံးပြား တွေ့ပေမယ့် ချောဂျိရိုက ဝမ်းမသာဘူး။ သူ့ပိုက်ဆံမှ မဟုတ်တာ၊ ပိုင်ရှင်ကို လိုက်ရှာပြီး ပြန်ပေးရမယ်ဆိုတော့ အလုပ်ရှုပ်တာပေါ့။ ဂျပန်ပြည်မှာ နှစ်သစ်ကူးခါနီးရင် လူတိုင်း အလုပ်များကြတာပဲ။ လက်ခံထားတဲ့အလုပ်တွေကို နှစ်မကူးခင် အပြီးသတ်ရမယ်။ ပြီးတော့၊ မိသားစု နှစ်သစ်ကူးပွဲအတွက် ရိုးရာထုံးစံ ပြင်ဆင်ရတာတွေလည်း အများကြီး။

ပိုက်ဆံအိတ်မှာ ဆာဘုရိုဘဲဆိုတဲ့ နာမယ်ထိုးထားတာကလွဲရင် ဘာမှ လိပ်စာအတိအကျ မသိရတော့ တော်တော်ရှာရခက်မယ်လေ။

ချောဂျိရိုလည်း အလုပ်တွေရပ်ထားပြီး ရွှေဒင်္ဂါးသုံးပြားပိုင်ရှင်ကို လိုက်ရှာရတော့တယ်။ တိုကျိုဖြစ်မလာခင် အဲဒိုမြို့မှာ ခန်ဒါ၊ ဟွန်းဂိုစတဲ့ ရပ်ကွက်ကြီး လေးခုရှိတော့ ချောဂျိရိုက တစ်ရပ်ကွက်ကို တစ်ရက်အချိန်ပေးပြီး လိုက်စုံစမ်းရတယ်။ နောက်ဆုံးမှာတော့ မြက်ဖျာရက်တဲ့ ဆာဘုရိုဘဲကို ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ပါတော့တယ်။

ဒါပေမယ့် ဆာဘုရိုဘဲက ရွှေဒင်္ဂါးသုံးပြားကို လက်မခံဘဲ ဇွတ်ငြင်းတော့ ပြဿနာ ဖြစ်ကြပါလေရော။ သူကျပျောက်ခဲ့တာ ရက်အတော်ကြာပြီမို့ အဆုံးထားလိုက်ပါပြီ၊ အချိန်ကုန်လူပန်း လိုက်ရှာပေးရတဲ့ တွေ့သူပဲ ယူလိုက်ပါဆိုပြီး ချောဂျိရိုကို ပြန်ပေးတယ်။ ချောဂျိရိုကလည်း သူ့လုပ်အားမပါဘဲ အချောင်ရတဲ့ ဥစ္စာပစ္စည်းကို မလိုချင်ဘူးဆိုပြီး အတင်းပေးတယ်။
တစ်ယောက်နဲ့တစ်ယောက် အတင်းပေးရင်း အတင်းငြင်းရင်းနဲ့ နောက်ဆုံးတော့ လုံးထွေးသတ်ပုတ်ကြပါလေရော။ (ဒီစာကို ဖတ်ကြည့်ရင် ဘယ်လိုကြီးပါလိမ့်လို့ အတွေးရခက်နေမှာ သိပါတယ်။ တကယ်ဆို တစ်ခြားတိုင်းပြည်တွေမှာ ကောက်တွေ့သူက ပျော်ပျော်ကြီး ယူသွားမှာမို့ ဒီလို ပြဿနာဖြစ်စရာအကြောင်း မရှိဘူး။ ဒါပေမယ့်၊ ခုခေတ်အထိ ဂျပန်လူမျိုးအများစုဟာ ကောက်ရတဲ့ ပစ္စည်းကို ရဲစခန်းမှာ သွားအပ်ကြတာ ကိုယ်တွေ့ပါ။)

လုံးထွေးရန်ဖြစ်နေတဲ့ သူတို့နှစ်ယောက်ကို ရပ်ကွက်က ဖျန်ဖြေပြီး မြို့ဝန် တရားသူကြီးရုံးကို ပို့လိုက်ကြပါတယ်။ တရားသူကြီး အိုးအိုးခဆိုတာ ဂျပန်ရာဇဝင်မှာ နာမယ်ကျော် ပညာရှိကြီးပါ။ မြန်မာနိုင်ငံ တောင်ငူခေတ်နဲ့ တစ်ချိန်တည်း ၁၆၇၇ - ၁၇၅၁ မှာ သက်ရှိထင်ရှား ရှိခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပြီး သူ့စီရင်ထုံးတွေကို ခုခေတ်ထိ ရုပ်ရှင်၊ ပြဇာတ်တွေ ပြသနေပါတယ်။

မြို့ဝန်တရားသူကြီး အိုးအိုးခက အမှုကို ကြားနာပြီး ရွှေဒင်္ဂါးသုံးပြားကို နှစ်ယောက်စလုံးက ငြင်းဆန်နေတာ သိသွားပါတယ်။ အညီအမျှ ခွဲဝေဖို့ဆိုတာလည်း ဒင်္ဂါးတစ်ပြားကို ထက်ခြမ်းခွဲလိုက်ရင် တန်ဖိုးမဲ့သွားမှာကြောင့် မဖြစ်နိုင်ဘူး။ ဒီတော့ အိုးအိုးခက အလွယ်တကူပဲ စီရင်ဆုံးဖြတ်လိုက်တယ်။

"အငြင်းပွားနေသော ရွှေဒင်္ဂါး သုံးပြားကို အစိုးရဘဏ္ဍာတော်အဖြစ် သိမ်းဆည်းစေ" ဆိုပြီး မင်းချင်းတစ်ယောက်ကို အမိန့်ညွှန်ကြားလွှာနဲ့ ငွေတိုက်ကို ပို့ခိုင်းလိုက်ပါတယ်။

စောစောက ရန်ဖြစ်နေကြတဲ့ လူနှစ်ယောက်လည်း ရွှေဒင်္ဂါးတွေကို အစိုးရက သိမ်းသွားပြီဆိုတော့ ပြဿနာ ပြေလည်သွားပြီ။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လေးလေးစားစား ဦးညွှတ်ရင်း "ယောရောရှိကု" လုပ်နေကြပြီ။ မြို့ဝန်မင်းကို အရိုအသေပေးပြီး ပြန်တော့မယ်ဆိုတော့ အိုးအိုးခက သူတို့ကို တားတယ်။

"မောင်မင်းတို့ နှစ်ဦးဟာ ရိုးသားဖြောင့်မတ်ပြီး အချောင်လိုချင်စိတ်မရှိသူတွေ ဖြစ်တဲ့အတွက် ဆုချရဦးမယ်" လို့ မိန့်ကြားတယ်။ ပြီးတော့ ငွေတိုက်က ပြန်လာသူ မင်းချင်းယူလာတဲ့ စာအိတ်နှစ်အိတ်ကို တစ်ယောက်တစ်အိတ်စီ ပေးလိုက်ပါတယ်။

ဆာဘုရိုဘဲနဲ့ ချောဂျိရိုက စာအိတ်တွေကို ဖွင့်ကြည့်တဲ့အခါ အထဲမှာ ရွှေဒင်္ဂါး နှစ်ပြားစီ တွေ့တယ်။ ဟင်… သူတို့ အငြင်းပွားတာ ရွှေဒင်္ဂါး သုံးပြား၊ ခုတော့ ဘယ်က တစ်ပြား ပိုလာပြီး စုစုပေါင်း လေးပြားဖြစ်နေပါလိမ့်ဆိုပြီး မြို့ဝန်မင်းကို ဇဝေဇဝါ ကြည့်ကြတယ်။

ရိုးသားဖြောင့်မတ်တဲ့ မြို့သားနှစ်ယောက်ကို ဆုချဖို့ အစိုးရဘဏ္ဍာထဲက ရွှေဒင်္ဂါးတစ်ပြား မြို့ဝန်က အသုံးပြုလိုက်တာပဲ ဖြစ်ပါတယ်။

ဒီတော့ ငွေပျောက်သူ ဆာဘုရိုဘဲလည်း ကျေနပ်၊ အလုပ်ပျက်အကိုင်ပျက် လိုက်ရှာပေးရတဲ့ ချောဂျိရိုလည်း ကျေနပ်၊ တရားစီရင်တဲ့ မြို့ဝန်လည်း ကျေနပ်သွားကြပါတယ်။ အားလုံးကျေနပ်အောင် ဒီလို ပြဿနာ ဖြေရှင်းနည်းမျိုးကို ဂျပန်လို ဝ နော့ဂိုင်းနင်း (Concept of Wa) လို့ခေါ်ပါတယ်။ "သဟဇာတ ညီညွတ်မျှတစွာ ဖြေရှင်းနည်း" လို့ ခေါ်ရပါလိမ့်မယ်။ (ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ အနောက်တိုင်းပညာရှင်တွေ အသေအချာ လေ့လာဆွေးနွေးထားတာ ရှိပါတယ်။)

ဒါဖြင့်ရင် ဒီဖြေရှင်းနည်းရဲ့ အရှုံးအမြတ်ကို တွက်ကြည့်ကြရအောင်။ အရှုံးအနေနဲ့ တွက်ချက်မယ်ဆိုရင် မူလက ရွှေဒင်္ဂါးသုံးပြားရှိခဲ့တဲ့ ဆာဘုရိုဘဲဟာ အခုတော့ နှစ်ပြားပဲ ရှိတော့လို့ တစ်ပြားရှုံးတယ်။ ချောဂျိရိုလည်း ကောက်ရတဲ့အချိန်မှာ သုံးပြားပေမယ့် ခုချိန်မှာ နှစ်ပြားပဲရှိတာကြောင့် တစ်ပြားရှုံးတယ်။ မြို့ဝန်အိုးအိုးခလည်း ဘဏ္ဍာတိုက်ထဲက ရွှေဒင်္ဂါးတစ်ပြား ထုတ်ပေးလိုက်ရလို့ တစ်ပြားရှုံးတယ်။

အမြတ်ဖက်ကကြည့်ပြန်တော့၊ ရွှေဒင်္ဂါး တွေ တစ်ပြားမကျန် ဆုံးရှုံးသွားတဲ့ ဆာဘုရိုဘဲက နှစ်ပြားပြန်ရလို့ နှစ်ပြားမြတ်တာပေါ့။ အရင်က တစ်ပြားမှမရှိတဲ့ ချောဂျိရိုလည်း အမှုပြီးတဲ့အခါ ရွှေဒင်္ဂါးနှစ်ပြား အမြတ်ထွက်တယ်လေ။

ဒါဖြင့်၊ မြို့ဝန်အိုးအိုးခက ဘာအမြတ်ထွက်သလဲ။ စာရိတ္တကောင်းမွန်ပြီး ရိုးသားဖြောင့်မတ်တဲ့ မြို့သားနှစ်ယောက်ကို ဆုလာဘ်ချီးမြှင့်ပြီး မြို့သူမြို့သားအားလုံးအတွက် စံနမူနာယူစရာ ဂုဏ်ပြုလိုက်ရတာဟာ ရွှေထက်မက တန်ဖိုးရှိပါသတဲ့။

အရှုံးဖက်ကကြည့်ကြည့်၊ အမြတ်ဖက်ကကြည့်ကြည့် တန်းတူညီမျှမို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြောခဲ့သလို "သူမသာ ကိုယ်မနာ ငြိမ်းချမ်းရေး" နည်းလမ်းပါပဲ။

ကျနော်တို့ ပြည်ထောင်စုသားတွေ မျှော်လင့်အားထားနေကြတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနေဆဲအချိန်မှာ ကျနော် ဒီပို့စ်ကို ရည်ရွယ်ချက်ရှိရှိ ရေးခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်နဲ့ တိုင်းရင်းသားများရဲ့ လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းဖို့ ကြိုးစားခဲ့တာ နှစ် ၆၀ လောက်ရှိခဲ့ပါပြီ။ (တကယ်စိတ်မပါဘဲ ဖြေရှင်းချင်ယောင်ဆောင်တာလည်း အများကြီး ဖြစ်နိုင်ပါတယ်။)

အခုတော့၊ ပြည်သူတွေ အားကိုးကြတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ဖြေရှင်းပေးဖို့ ကြိုးစားနေတာ အများအသိပါပဲ။ အရင်တုန်းကလို ပွဲပြီးမီးသေ အပြောတစ်မျိုး အလုပ်တစ်မျိုး မဟုတ်ဖူးဆိုတာကိုလည်း လက်ရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ဖိတ်ကြား သက်သေထားတာ ဖြစ်ပါတယ်။ တရားမျှတစွာ ဖြေရှင်းပြီး ဆုံးဖြတ်ချက်ကို လေးစားလိုက်နာမယ်ဆိုတာ ကမ္ဘာကို သက်သေတိုင်တာပါ။

ခုနကပြောခဲ့တဲ့ ဂျပန်ပြည်က ဖြစ်ရပ်လိုပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ မြို့ဝန်တရားသူကြီး အိုးအိုးခနေရာက တာဝန်ယူကိုင်တွယ်ပါလိမ့်မယ်။ တိုင်းရင်းသားတွေဖက်၊ စစ်တပ်ဖက်ကို မျှမျှတတ သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ သူဦးဆောင်တဲ့ အစိုးရဖက်က လိုအပ်တာမှန်သမျှ စိုက်ထုတ်ဆောင်ရွက်ပေးမယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်ပါတယ်။

ဒီလို ခေါင်းဆောင်ကောင်းနဲ့ အခွင့်အခါကောင်းကြုံတဲ့အခိုက် ငြိမ်းချမ်းရေးပန်းတိုင်ကို မိမိရရလှမ်းကိုင်နိုင်ပါစေလို့ ရင်ထဲက ပြင်းပြင်းပြပြ ဆုတောင်းလိုက်ရပါတယ်။

Min Myat Maung FB
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.