ရာဇ၀င်ထဲက နာယကကြီး

သိပ်မဝေးတဲ့ကာလကို ပြန်သွားရရင် ၁၉၇၄ ခုနှစ် မိုးသည်းတဲ့ မိုးတွင်းကာလတချိန်မှာပါ။
အဲဒီအချိန်ဟာ ပဲခူးရိုးမတကြောမှာ တချိန်က အတော်အင်အားကောင်းခဲ့တဲ့ ဗကပတို့ရဲ့ အောင်နိုင်တပ်ရင်း၊ အောင်ဇေယျတပ်ရင်းကြီးတွေ လဲပြိုနေပြီး တနည်းပြောရရင် ဗကပတို့ရဲ့နေ၀င်ချိန်တိမ်မတောက်ဘဲ ဆည်းဆာရိပ်ကွယ်ပျောက်လုအချိန်က အဖြစ်အပျက်ကလေးပါ။

'ဖြစ်လာတာ ပျက်ဖို့ပဲ'ဆိုတဲ့ ငြင်းမရတဲ့ တရားသဘောအတိုင်းမို့ တချိန်က မိုးကောင်းခဲ့တဲ့ ဗကပဟာ သွေ့ခြောက်စပြုပြီး နိဂုံးပိုင်းရောက်လုဆဲဆဲအချိန်လေးမှာ သခင်ဇင်၊ သခင်ချစ်တို့ရဲ့ ဗကပဌာနချုပ်အုပ်စု လေးလောက်သာ လှုပ်လီလှုပ်လဲ့ မှုတ်လိုက်ရင် ပဲ့ကျလုအချိန်လို့ ဆိုနိုင်ပါတယ်။
အဲဒီအချိန်မှာ ရဲနွယ်ချောင်းဖျားဒေသမှာ တပ်စွဲထားတဲ့ စစ်ဗျူဟာ အခြေစိုက်စခန်းတခုဆီကို ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတယောက် ညအိပ်ခရီးရောက်လာခဲ့ပါသတဲ့။
ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်လာပြီး တညအိပ်မယ်ဆိုတဲ့စကား တခွန်းဟာ အောက်ကတပ်ခွဲမှူး၊ တပ်စုမှူး၊ အရာရှိအရာခံ၊ တပ်သားတွေအတွက်တော့ ဘယ်လောက်'ပြာ'သွားလိမ့်မလဲ။

သစ်ငုတ်ကို သင်ဖျူး၊ ဆူးကို မွေ့ရာဆိုတဲ့စကား ဘေးအသာချထားပြီး ဗိုလ်ချုပ်ကြီးတည်းခိုဖို့ ယာယီတဲစခန်းကို တောထဲပေါပေါများများရတဲ့ ၀ါးတွေခုတ်ပြီး မိုးသည်းသည်းအောက်မှာ သစ်ခက်တဲနန်းဆောက် ကြရသတဲ့ လေ။
ဒါတင်မကသေးဘူး၊ ဟယ်လီကော့ပတာနဲ့ ဝေဟင်ခရီးက လာမယ် ဆိုတော့ ရဟတ်ယာဉ်ဆင်းဖို့ ကွင်းနေရာလေးလည်း ရှင်းလင်းကြရပါသေးတယ်တဲ့။
ဒါဟာ ဘယ်မှာမဆို ဆင်ကတော့ ရှူရှူပေါက်လိုက်တာပါ။ အောက်ကပုရွတ်ဆိတ်တွေကသာ ပင်လယ်မှတ်ပြီး ကူးကြတာလေ။ ဒါပေါ့ လေ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးလာတာပဲ။ တောထဲက ခါချဉ်တောင် ဘယ်ခါချဉ်အဆိပ်ပြင်းသလဲဆိုပြီး ဖယ်ကြရှားကြရမှာပေါ့။
မွန်းလွဲပိုင်းလောက်မှာ ဗိုလ်ချုပ်ကြီးရောက်လာပါပြီ။ ရောက်ရောက်ချင်း စစ်ဗျူဟာမှူးက စစ်ရေးအခြေအနေ တွေရှင်းပြနေတဲ့အချိန် အောက်ကတပ်သားတွေကတော့ ဗိုလ်ချုပ်ကြီးတည်းမယ့်နေရာတ၀ိုက်မှာ ဘေးမသီရန်မခရေး အထပ်ထပ်စစ်ဆေးနေကြရတယ်လို့ ဆိုပါတယ်။
X x x

“ခြင်းလုံး”

ညနေပိုင်းရောက်တော့ အံ့အားသင့်စရာလေးတခုနဲ့ ကြုံကြရပြန်တယ်။ အဲဒါက ဗိုလ်ချုပ်ကြီးက ခြင်းလုံးခတ်ချင်သတဲ့။
ခြင်းလုံး ဘယ်ကရသလဲတော့ မမေးနဲ့။ ဗိုလ်ချုပ်ကြီးရဲ့ PSO က သူ့ဆရာဝါသနာကိုသိလို့ နောက်ကလိုက်တိုင်း ခြင်းလုံးတလုံးအမြဲဆောင်ထားတယ်ဆိုပဲ။
ခြင်းလုံးပြဿနာမရှိတော့ပေမယ့် ဘယ်ရဲဘော်ခြင်းခတ်တတ်မှန်းမသိလို့ အခက်တွေ့နေရာက ရှာဖွေလေ တွေ့ရှိလေစကားအတိုင်း ခြင်းတ၀ိုင်းစာ လူစုလို့ရသွားပါတော့တယ်။
ထပ်ပြီးအခက်တွေ့ရတဲ့ပြဿနာက ခြင်းလုံးလည်းရှိရဲ့။ တ၀ိုင်းစာ ခတ်တတ်သူလည်းရှိရဲ့။ မရှိတာက ၀တ်စရာဘောင်းဘီတို။

ဗိုလ်ချုပ်ကြီးကလည်း ခတ်ချင်လှပြီ။ ဘောင်းဘီတိုကလည်းမရှိ။ သွားဝယ်ရအောင်ကလည်း တောထဲတောင်ထဲမှာဆိုတော့ ဒါလည်း အခက်တွေ့တဲ့အထဲ ပါနေပါရော။ စစ်သုံးအတွင်းခံဆိုတာက ရှေ့မှာအကွဲနဲ့ အပေါက်လည်းပါသေးသတဲ့။ ဗိုလ်ချုပ်ကြီးရှေ့မှာ ဒါဝတ်ပြီးခတ်လို့လည်း မဖြစ်ဘူးပေါ့။ မတော် ပေါ်သွားစော်ကားတယ်ထင်မှ အခက်။ ဒီတော့ ကိုရင်စန္ဒ ထီးထမ်းကြွ၊ လိုလျှင်ကြံဆ နည်းလမ်းရပြီး ဒီဘောင်းဘီကိုပဲ ရှေ့နောက်ပြောင်းပြန်ဝတ်ပြီး ခတ်ကြပါသည်။ ရဟတ်ယာဉ်ဆင်းဖို့ ရှင်းလင်းထားတဲ့ ကွင်းလေးကလည်း ခုတော့ ခြင်းခတ်ဖို့အသင့်လေ။

ဒါပေမဲ့ တခုခက်ပြန်တယ်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနဲ့ ခတ်နေရလေတော့ ခြေဖျား၊ ဒူးဖျားတွေ တုန်ပြီး ခြင်းလုံးဟာ ဗိုလ်ချုပ်ကြီးရဲ့ ခေါင်းထိမလား၊ ပခုံးထိမလား ပူပင်ပြီးခတ်နေရလေတော့ အချင်းချင်းသာ အပေးအယူလုပ် ခတ်နေကြပြီ။ ခြင်းခတ်ချင်တဲ့ ဗိုလ်ချုပ်ကြီးမှာ ခြင်းလုံးမရရှာဘဲ သူ့ဘက်ကျွံလာတဲ့ ခြင်းလေးသာ စောင့်ခတ်နေရရှာတယ်။
နောက်ဆုံး မတတ်သာတော့ ဗိုလ်ချုပ်ကြီးလည်း ခြင်းလိုက်ကောက်ပေးနေတဲ့ တပ်ဖွဲ့မှူးဘက်လှည့်ပြီး ''မင်းကောင်တွေ ငါ့ဘက်လည်း ခြင်းပေးခိုင်းဦးလေကွာ''လို့ ဖွင့်ပြောလိုက်တော့မှ . . .။
''ဟေ့၊ အဘဘက်လည်း ခြင်းပေးလိုက်ဦးလေ''ဆိုလိုက်တော့မှ ၀ိုင်းလှည့်ကောင်းတဲ့ စိုစိုပြည်ပြည် ခြင်းဝိုင်းလေးတခု ဖြစ်သွားပါရောတဲ့။

''ရဲဘော်ဆိုတာ အမိန့်လေးမှမရရင် လုပ်သင့်လုပ်ထိုက်တာလေးသော်မှ မလုပ်ရဲ၊ မလုပ်ဝံ့သူတွေ ထင်ပါရဲ့နော်''

X x x

“၀ါးရောင်းချဉ်နဲ့ ၀ါးခွက်”

ခြင်းပွဲလည်းပြီးသွားပြီ၊ ညနေလည်းစောင်းပြီဆိုတော့ ညနေစာအတွက် စားပွဲကြီးပြင်ဆင်ကြရပါ တော့သတဲ့လေ။ ၀ါးစားပွဲရှည်ကြီးပေါ်မှာ ဗိုလ်ချုပ်ကြီးနဲ့အတူ အရာရှိတွေ ထမင်းစားကြဖို့ပါ။ ဖွယ်ဖွယ်ရာရာ လေးဖြစ်အောင် ညောင်လေးပင်ကို ရဟတ်ယာဉ်နဲ့သွားဝယ်ဖို့ တိုးတိုးတိတ်တိတ် စီစဉ်နေတာတွေကို ဗိုလ်ချုပ်ကြီးသိသွားပါရော။
''ဟေ့ ဒါမျိုးတွေက မြို့မှာစားနေကျပဲ။ ဒီရောက်တုန်း ၀ါးရောင်းချဉ် စားချင်တယ်ကွာ၊ အဲဒါပဲချက်''လို့ ပြောလိုက်ပါတော့တယ်။

ဝါးရောင်းချဉ်ဆိုတာ ကျွန်မတော့ မစားဖူးသလို မြင်လည်းမမြင်ဖူးပါဘူး။ ၀ါးပင်ကိုနွယ်တက်နေတဲ့ ချဉ်ပေါင်ရွက်လို ချဉ်ရည်ဟင်းချက်စားရတဲ့ အရွက်တဲ့။ ညနေစာ ထမင်းဝိုင်းကတော့ ၀ါးရောင်းချဉ်ဟင်းရယ်၊ တောကောင်သားချက်ရယ်၊ တောထဲမှာ အလေ့ကျပေါက်နေတဲ့ ဆင်ခရမ်းချဉ်သီးကို ငါးပိ၊ ငရုတ်သီးနဲ့ရော ထောင်းထားတဲ့ အရန်ဟင်းတခွက် ရယ်ပါပဲတဲ့လေ။
ရှိစုမဲ့စု ဇွန်းလေးဖန်ခွက်ကလေးကို ၀ါးရောင်းချဉ်ဟင်းထည့်ပြီး ဗိုလ်ချုပ်ကြီးကို ပေးတဲ့အခါ ''ဟေ့ ငါ့ကို ၀ါးခွက်နဲ့ပေး''ဆိုလို့ နီးရာ ကြသောင်းဝါးပင်က ၀ါးခွက်ခုတ်ပြီး ထည့်ပေးလိုက်တော့ မြိန်ရေရှက်ရေ စားပါသတဲ့။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးတယောက်ဖြစ်ပြီး တောထဲဓလေ့အတိုင်း လက်အောက်ငယ်သားတွေနဲ့ လက်ရည်တပြင်တည်း စားသောက်နေထိုင်သွားတာကို ဘယ်သူမေ့နိုင်ပါတော့မလဲ။ မမေ့နိုင်လို့လည်း ဒုဗိုလ်မှူးကြီးစိုးမြင့်က ရင်ထဲစွဲနေတဲ့အကြောင်းလေး ကျွန်မကို ပြန်ပြောပြတာကို ကျွန်မက နငယ်အမြီး တပ်လိုက်ရုံပါပဲ။
ထမင်းစားပွဲမှာ စားပွဲထိုးလုပ်နေတဲ့ ရဲဘော်တယောက်ကိုတွေ့တော့ ဗိုလ်ချုပ်ကြီးက''မင်း ဘယ်အပတ်စဉ် ကလဲ''လို့ မေးလိုက်တော့ ''ကျွန်တော် အလုပ်သင်ဗိုလ်အပတ်စဉ်-၁ ကပါ''လို့ ဖြေလိုက်တဲ့အခါ ''ငါလည်း မင်းလိုအလုပ်သင်ဗိုလ် ဖြစ်ခဲ့တာပဲ။ လာ မင်းနဲ့ငါ ဓာတ်ပုံတွဲရိုက်မယ်''ဆိုပြီး ဒုဗိုလ်လေးပခုံးကိုဖက်ပြီး ဓာတ်ပုံရိုက်လိုက်လေတော့၊ ဒုဗိုလ်လေးလည်း အဲဒီပုံကိုမရအရတောင်းပြီး သူ့အိမ်ဧည့်ခန်းမှာ ဂုဏ်ယူ စွာချိတ်ထားသေးတယ်တဲ့လေ။ ဒါပေါ့လေ၊ အမေစုနဲ့တွဲရိုက်ခဲ့တဲ့ပုံကို ကျွန်မ အိပ်ခန်းထဲမှာ ဘောင်သွင်း ထောင်ထားသလိုနေမှာပေါ့။

ဗိုလ်ချုပ်ကြီးက စားသောက်ပြီးလို့ ၀ါးကွပ်ပျစ်ပေါ်ထိုင်နေရင်း တသက်တာမှတ်သားရမယ့် စကားတလုံးကို လည်း မိန့်ကြားခဲ့သေးတယ်။
''သစ်ငုတ်သစ်ဆွေးပေမယ့် မိုးသံလေသံကြားရင် အညွန့်အညှောင့် ပြန်ပေါက်တတ်တယ်။ အဲဒါကို သတိထားကြ''
အဲဒီအချိန်ကာလရဲ့ အခြေအနေကို ထင်ဟပ်စေတဲ့စကားလို့ အားလုံးက နားလည်လိုက်ကြတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အကိုင်းအခက်တွေဖြစ်တဲ့ 'အောင်နိုင် တပ်ရင်း'၊ 'အောင်ဇေယျတပ်ရင်း'တို့ ပြိုကွဲပြီး အလင်းဝင်ဗကပတွေ လည် ၀င်လာမစဲ တသဲသဲဖြစ်နေချိန်မှာ သခင်ဇင်နဲ့ သခင်ချစ်တို့ရဲ့ဌာနချုပ်မှာ လူ ၂၅ ယောက်လောက်သာ ကျန်နေပြီး သခင်ဇင်နဲ့ ၁၂ ယောက်တဖွဲ့၊ သခင်ချစ်နဲ့ ၁၃ ယောက်တဖွဲ့လောက်သာ ခွဲပြေးရှောင်တိမ်းလိုက်၊ ပြန်စုပေါင်းလိုက်နဲ့ တပ်မတော်ရဲ့ပိတ်ဆို့မှုကို ပြေးလွှားပုန်း အောင်းနေရတဲ့တချိန် . . .။
အခြေအနေပေးလာရင် ဗကပသစ်ငုတ်ဆွေးကြီး၊ အညွန့်ပြန်မထွက်စေရေး သတိပေးမိန့်ကြားစကားကြောင့် သစ်ငုတ်ဆွေးကို အမြစ်က ပါတူးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ဗိုလ်ချုပ်ကြီး ပဲခူးရိုးမက ပြန်ပြီး မကြာမီမှာပဲ ဗကပသစ်ငုတ်ဆွေးကြီးဟာ သခင်ဇင်၊ သခင်ချစ်တို့နဲ့အတူ နိဂုံးချုပ်သွားခဲ့ရပါသတဲ့။

X x x

“ဓာတ်ပုံလေးရဲ့ ရာဇ၀င်”

အချိန်တွေဟာ တရွေ့ရွေ့ကုန်ပြီး ဗိုလ်ချုပ်ကြီးနဲ့ ဓာတ်ပုံတွဲရိုက်ခဲ့တဲ့ ဒုဗိုလ်လေးကလည်း ဗိုလ်ကြီးဖြစ်နေသလို ကျွန်မမိတ်ဆွေ ဒုဗိုလ်မှူးကြီးကလည်း ပင်စင်စားပြီး ပန်းပင်လေးတွေစိုက်ရောင်းစားပြီး အေးချမ်းစွာနေပါ တယ်။
ဗိုလ်ကြီးဖြစ်နေတဲ့ ဒုဗိုလ်လေးအိမ်ကို ကျွန်မမိတ်ဆွေ ရောက်သွားတော့ ဧည့်ခန်းမှာ ဂုဏ်ယူဝင့်ကြွားစွာချိတ်ထားတဲ့ ဓာတ်ပုံကြီးမရှိတော့ဘူးတဲ့။ ဒါနဲ့''ဟေ့ မင်းပုံကြီး ဘယ်ရောက် သွားလဲ''လို့မေးတော့ ''ကျွန်တော် သေသေချာချာ ထုပ်ပိုးပြီးသိမ်းထားပါတယ်''တဲ့။

ဘာလို့လဲဆိုတော့ အဲဒီအချိန်က ''ဗိုလ်ချုပ်ကြီးဟာ အင်းစိန်တောရမှာ ၀ါဆိုနေတဲ့အချိန်မို့ပါ။ ကျွန်မမိတ်ဆွေက ပြောပါတယ်။ ''စစ်သား ဘ၀ဟာ ဒီလိုပါပဲ။ ကိုယ့်အတွက် ဂုဏ်ယူစရာလေးတခုကိုတောင် ပေါ် ပေါ်ထင်ထင်မထားရဲဘဲ၊ ကမောက်ကမနိုင်ငံရေးဖြစ်စဉ်ကြားမှာ ညပ်နေတတ်ပါတယ်တဲ့လေ။

ဟုတ်ပါတယ်။ တပ်မတော်သားအားလုံးကတော့ သိက္ခာရှိရှိ ပြည်သူ့တပ်မတော်သားတွေအဖြစ် ရပ်တည်ချင်မှာပါ။ ဂုဏ်ယူဖွယ်ရာ စစ်မှုထမ်းသက်တွေလည်း ဖြစ်ချင်ပြီး လိပ်ပြာသန့်စင်စွာလည်း ပင်စင်သွားချင်ကြမှာပါ။ ခုတော့လည်း အခြေအနေတွေ ပြောင်းခဲ့ပါပြီ။ ဒုဗိုလ်လေးတဖြစ်လဲ ဗိုလ်ကြီးရဲ့ အိပ်ဧည့်ခန်းမှာလည်း သူမြတ်နိုးတဲ့ဓာတ်ပုံကို ပြန်ချိတ်နိုင်ပါပြီ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကတည်းက ဧည့်ခန်းမှာ ဂုဏ်ယူစွာထားခဲ့တဲ့ ဓာတ်ပုံလေးဟာလည်း နေရာမှန်ပြန် ရောက်နေမှာ မလွဲပါဘူး။
အဲဒီဓာတ်ပုံထဲက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆိုတာ NLD ရဲ့ နာယကကြီး ဘဘဦးတင်ဦးပါပဲ။
ဘ၀အတွေ့အကြုံဆိုတာလည်း ဖွင့်ပွဲပြီးမှ ၀ယ်မိတဲ့ပေါက်မဲ လက်မှတ်လိုပဲနော်။

ခင်သူသူဝင်း
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.