Gallup က ပြုလုပ်သည့် ၂ဝ၁၆ ခုနှစ်၏ ကမ္ဘာ့ အလှူအတန်း ပြုလုပ်မှု ထိပ်တန်းနိုင်ငံများ စစ်တမ်းအရ မြန်မာနိုင်ငံသည် ထိပ်တန်းနေရာတွင် ရှိနေကြောင်း Forbes မဂ္ဂဇင်းဖော်ပြချက်အရ သိရသည်။
လပိုင်း၊ ရက်ပိုင်းအလိုက် အလှူအတန်း ပြုလုပ်မှု စစ်တမ်းကောက်ရာတွင် ဖြေဆိုသူ မြန်မာနိုင်ငံသား ၉၁ ရာခိုင်နှုန်းခန့်မှာ တစ်လလျှင် အနည်းဆုံးတစ်ကြိမ် ပုံမှန်လှူဒါန်း ပေးကမ်းလေ့ ရှိကြောင်း အဆိုပါ စစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသားများသည် အလှူအတန်း ရက်ရောသူများစာရင်းတွင် နှစ်စဉ် ထိပ်တန်းက ပါဝင်လေ့ရှိပြီး ယင်းသို့ အလှူအတန်း ရက်ရောခြင်းသည် ထေရဝါဒ ဗုဒ္ဓဘာသာ၏ အလေ့အကျင့် တစ်ခုဖြစ်သော ဒါနပြုလုပ်ခြင်းကြောင့် ဖြစ်သည်ဟု အဆိုပါစစ်တမ်းတွင် မှတ်ချက် ပြုဖော်ပြထားသည်။
ကမ္ဘာ့အရက်ရောဆုံး ၁ဝ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံက ထိပ်ဆုံးတွင် ရပ်တည်ပြီး အင်ဒိုနီးရှားနှင့် သြစတြေးလျ နိုင်ငံများက ဒုတိယနှင့် တတိယအဖြစ် မှတ်တမ်းဝင်ခဲ့ သည်။ အမေရိကန် ပြည်ထောင်စုမှာမူ ထိပ်တန်း ၁ဝ နိုင်ငံစာရင်းတွင် ပါဝင်ခြင်း မရှိကြောင်း တွေ့ရသည်။
World Giving Index ၏ ၂ဝ၁၄ ခုနှစ် စစ်တမ်းတွင် မြန်မာနှင့် အမေရိကန် ပြည်ထောင်စုက ပူးတွဲ ပထမရခဲ့ဖူးပြီး ၂ဝ၁၅ ခုနှစ် စစ်တမ်းတွင် မြန်မာက ပထမ၊ အမေရိကန်ပြည်ထောင်စုက ဒုတိယအဖြစ် အသီးသီး မှတ်တမ်းထပ်ဝင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ အလယ်ပိုင်းအရှေ့ဘက်ခြမ်းဒေသတွင် သုတေသနပြုလုပ်ခဲ့သည့် သြစတြေးလျ အမျိုးသားတက္ကသိုလ်မှ Gerard McCarthy ၏ စစ်တမ်းတွင် ယင်းလေ့လာခဲ့သည့် ဒေသအတွင်းရှိ မြန်မာပြည်သူများသည့် လှူတန်းရာတွင် ငွေကြေးဆင်းရဲသူများ အနေဖြင့် တနေ့လျှင် ငွေသုံးရာကျပ်အထိ ထည့်ဝင်ပြီး အချမ်းသာဆုံးသူများအနေဖြင့် တနေ့လျှင် ငွေတစ်ထောင်ကျော်ခန့် ထည့်ဝင်လှူဒါန်းကြောင်း ဆိုသည်။
စိုင်းဟန်
The Ladies News
COMMENTS