ပင်လုံညီလာခံမှ ရင်တွင်းဖွင့်ဟချက်များ || ထွန်းအောင်ကျော်( ၇၄ မျိုးဆက် ) ||


မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပနေထိုင်နေကြတဲ့ တိုင်းရင်းသား လူမျိုးနွယ်စုများအားလုံး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ၂၁ ပင်လုံညီလာခံကို မျှော်လင့်ကြီးစွာနဲ့ စောင့်စားပြီး ဘယ်လို ရလဒ်ကောင်းတွေ ထွက်ပေါ်လာမလဲ ဆိုတာကို အကောင်းဘက်ကနေ စောင့်မျှော်နေကြပါတယ်။ ပင်လုံညီလာခံမှာ တိုင်းရင်းသား ခေါင်းဆောင်တွေ အသီးသီးက သူတို့ခံစားချက် လိုလားချက်တွေကို စင်ပေါ်တက်ပြီး ပွင့်လင်းစွာ ရင်ဖွင့်ခဲ့တဲ့ပွဲကြီးလည်း ဖြစ်ပါတယ်။ သူတို့အသီးသီးမှာ အတိတ်က ခါးသီးတဲ့ခံစားချက်တွေကို မျိုချပြီး စည်းလုံးညီညွတ်တဲ့ နိုင်ငံတော်ကြီး ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကြီး ပေါ်ပေါက်လာတာကို မြင်ချင်တာ ချင်းတူညီကြပေမယ့် အခြားမတူတဲ့ အမြင်တွေလည်း အများအပြား ရှိနေပါတယ်။

အမြင်ကွဲပြားမှု မရှိဘဲ တိုင်းရင်းသားတွေ အားလုံး တူညီနေတာကတော့ ဗမာလူမျိုးစုကြီးကို မယုံကြည်မှု ဖြစ်နေတာပါပဲ။ တစ်နည်းအားဖြင့် ဗမာကြောက်ရောဂါ ရှိနေတဲ့ သဘောပါ။ မြန်မာပြည်ကို အင်္ဂလိပ် လက်အောက်ကနေ လွတ်လပ်ရေး အရယူခဲ့တုန်းက မညီညွတ်ရင် မရနိုင်တာကြောင့် အားလုံး ညီညွတ်ရမယ်ဆိုတဲ့ အသိနဲ့ရယူခဲ့ကြပေမယ့် ဗမာက ဗိုလ်ကျမှာစိုးပြီး ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်ကို ထည့်ခဲ့ကြတာလည်း ဗမာလူမျိုးစုကြီးကို မယုံတဲ့ သက်သေပြချက် တစ်ခုပါပဲ။ ဒီအချက်ပါခဲ့လို့လည်း ဗိုလ်နေဝင်းက တိုင်းပြည်ကြီး ပြိုကွဲတော့မယ်ဆိုပြီး စစ်အာဏာသိမ်းခဲ့တာပဲ မဟုတ်လား။ ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီး ကတည်းက တိုက်လာခဲ့တဲ့ ပြည်တွင်းစစ်မှာ နဂိုတောင်းဆိုတဲ့ လွတ်လပ်တဲ့ မိမိတို့ အမျိုးသားနိုင်ငံကို ခွဲထွက်ပြီး ထူထောင်ရေးဟာ ဘယ်လိုမှ မနီးစပ်နိုင်တဲ့အပြင် နိုင်ငံတကာကလည်း အားပေးထောက်ခံမှု မရှိတဲ့အခါ ပြီးတော့ ဒီတောင်းဆိုမှုတွေကြောင့် စစ်အာဏာရှင်စနစ်ကို ကိုင်စွဲထားနိုင်ဖို့ ကောင်းမွန်တဲ့ အကြောင်းပြချက်တစ်ခု ဖြစ်နေခဲ့တယ် ဆိုတာ သိမြင်လာတဲ့အခါ ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်ကို လက်နက်ကိုင်အဖွဲ့များက စွန့်လွှတ်ခဲ့ကြပါတယ်။ ဒီလို စွန့်လွှတ်လိုက်တာဟာ ညီညွတ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်ဖို့ ရောင်နီသန်းမှုပဲလို့ ပြောလို့ရပါတယ်။

၂၁ ရာစုပင်လုံမှာ ကေအိုင်အေ ဒုဥက္ကဋ္ဌကြီးအင်ဘန်လက “ဗမာ မဟုတ်တဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေ လက်နက်စွဲကိုင်ပြီး တော်လှန်မှုတွေ ပြုလုပ်နေကြတာဟာ ဘာကြောင့်လဲလို့ မေးချင်ကြပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ပင်လုံမှာ ပြုခဲ့ကြတဲ့ကတိ၊ ချုပ်ခဲ့ကြတဲ့စာချုပ်ပါ သဘောတူညီချက်တွေကို ပြီးပြည့်စုံအောင် အကောင်အထည် မဖော်ခဲ့ကြလို့ ကျွန်တော်တို့လိုလား တောင့်တတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံတဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရလို့ပဲ ဆိုတာကို ပြောလိုပါတယ်” လို့ ညီလာခံဖွင့်ပွဲမှာ ပြောခဲ့ပါတယ်။ ကေအိုင်အေ ဒုဥက္ကဋ္ဌကြီး ပြောတဲ့အချက်တွေဟာ အမှန်တွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ချက်ဖြည့်ပြောချင်တာက ဗမာတိုင်းရင်းသား လူမျိုးတွေလည်း အဲဒီ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို မရရှိခဲ့ကြပါဘူး။ ဒါဖြင့် ဘယ်သူတွေက တိုင်းပြည်ကို အုပ်ချုပ်နေပြီး ဘယ်သူတွေက မပေးတာလဲမေးရင် စစ်အာဏာရှင်စနစ်က အုပ်ချုပ်နေတာဖြစ်ပြီး စစ်အာဏာရှင်တွေက မပေးတာလို့ ဖြေရပါ့မယ်။ ကျန်တိုင်းရင်းသားတွေလို ဗမာလူမျိုးစုကြီးလည်း စစ်ကျွန်ဖြစ်နေခဲ့တာပါ။

မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌကြီး နိုင်ဟံသာကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကိုးကားပြီး မြန်မာနဲ့ ဗမာဟာ အတူတူ ဖြစ်တယ်။ မြန်မာဟာ လူမျိုးတစ်မျိုးကိုပဲ ကိုယ်စားပြုနေတဲ့အတွက် အားလုံးကို ခြုံငုံတဲ့အမည် ပြောင်းသင့်တယ်လို့ သူ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဗမာနဲ့ မြန်မာဟာ ဗမာလူမျိုးကို ကိုယ်စားပြုနေတာ ဖြစ်တဲ့အတွက် သူတို့အနေနဲ့ မကြိုက်ဘူးလို့ နိုင်ဟံသာက ၂၁ ပင်လုံမှာ ပြောသွားတယ်။ အဲဒီလို အပြောမျိုးကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အမေရိကန်နိုင်ငံမှာ ဖို့ဝိန်းမြို့၊ ပါဒူးတက္ကသိုလ်မှာ အစည်းအဝေးလုပ်တော့ မွန်နဲ့ ရှမ်းကိုယ်စားလှယ်တွေက ဒီလိုပဲပြောလို့ ကျွန်တော် ပြန်လည် ဆွေးနွေးခဲ့ဖူးတယ်။ “ကျွန်တော့်အနေနဲ့ ဗမာဖြစ်ဖြစ် မြန်မာဖြစ်ဖြစ် တခြားနာမည်ဖြစ်ဖြစ် ဘာပြသ၁နာမှ မရှိဘူး။ အဓိက အနှစ်သာရအားဖြင့် အားလုံးသဘောကျတဲ့ နာမည်ဖြစ်ရင် လက်ခံပါတယ်။ အဓိကက အားလုံး ညီညွတ်ရေးပဲ၊ ညီညွတ်မှ ငြိမ်းချမ်းရေး ရကြမှာ မဟုတ်လား။ ခင်ဗျားတို့မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး တွေးထားမိတဲ့နာမည် ရှိလား” လို့ မေးတော့ အဆိုရှင်တွေက သူတို့ဆီမှာ “တွေးထားတာ မရှိပါဘူး။ လက်ရှိ ဗမာလူမျိုးကို ကိုယ်စားပြုထားသလို ဖြစ်နေတဲ့နာမည်ကို မကြိုက်တာ” လို့ ပြောတယ်။

အဲဒီလိုပဲ အခုပြည်နယ်တွေမှာလည်း လူမျိုးစုနာမည်တွေ ပေးထားတာကြောင့် တိုင်းပြည်နာမည် ပြောင်းလဲသလို ဒီပြည်နယ်က လူမျိုးစုနာမည်တွေကိုလည်း လူမျိုးနာမည်မပေးဘဲ ဒေသနာမည်တွေအဖြစ် ပြောင်းသင့်တယ်။ ဒါမှ လူမျိုးစွဲတွေ ပျောက်ပြီး ပြည်နယ်ဒေသတွင်း နေထိုင်တဲ့ လူတိုင်းနဲ့ဆိုင်တဲ့ ပြည်နယ်တွေအဖြစ် အမြင်ပြောင်းလာမှာ ဖြစ်တယ်။

နိုင်ဟံသာပြောသလို တိုင်းပြည်နာမည်ကို အများသဘောတူတဲ့ နာမည်ပြောင်း ဘယ်လူမျိုးစုကိုမှ ကိုယ်စားမပြုတဲ့ နာမည်ဖြစ်ရမယ်။ ဥပမာဆိုပါဆို့ သုဝဏ္ဏဘုမ္မိလို့ တိုင်းပြည် နာမည်ပေးရင်ကော (သုဝဏ္ဏ = ရွှေ ၊ ဘုမ္မိ = မြေ) ရွှေမြေလို့ အဓိပ္ပာယ် ရတယ်။ ပြည်နယ်တွေကိုလည်း ရှမ်းကို ကမ္ဘောဇပြည်နယ်၊ ကချင်ကို ဖားကန့်ပြည်နယ်၊ ကရင်ကိုဇွဲကပင်ပြည်နယ်၊ ချင်းကို တီးတိန်ပြည်နယ်၊ ကယားကို ဒီမောဆိုးပြည်နယ်၊ မွန်ကို ဟံသာဝတီပြည်နယ်၊ ရခိုင်ကို ဓညဝတီ ပြည်နယ်လို့ မှည့်လိုက်ရင် လူမျိုးရေး ရှေ့တန်းတင်မှုတွေ ပပျောက်ပြီး ကျုပ်တို့ နိုင်ငံကြီး စည်းလုံးညီညွတ်သွားမှာ။ ရှမ်းပြည်မှာရှိတဲ့ ကျန်လူမျိုးစုတွေကလည်း သူတို့လူမျိုးကို ကိုယ်စားမပြုလို့ဆိုပြီး ပြည်နယ် တောင်းဆိုတာတွေ၊ တိုက်ပွဲဝင်တာတွေ ရပ်သွား နိုင်ပါတယ်။

ညီလာခံမှာ ပအိုပ်းခေါင်းဆောင် ခွန်မြင့်ထွန်းက ပအို့ပ်လူမျိုးတွေအတွက် သူတို့ရဲ့ အန္တိမရည်မှန်းချက်က ပအိုပ်းပြည်နယ် ရရှိရေးပဲ ဖြစ်တယ်။ ဒီပြည်နယ်ရရှိဖို့ကို သူ့အနေနဲ့ ရှမ်းပြည်အတွင်းမှာ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာမှုနဲ့ ရရှိအောင် ဆောင်ရွက်သွားမယ်လို့ ဆိုခဲ့ပါတယ်။ ကိုယ်ပိုင်ပြည်နယ် ရှိတဲ့ တိုင်းရင်းသား လူမျိုးစုတွေက ဘာကြောင့် ဒီလိုကိုယ်ပိုင် ပြည်နယ်တွေ တောင်းဆိုနေကြသလဲဆိုတာကို လေ့လာကြည့်ရင် အဓိက တွေ့ရတဲ့အချက်က သူတို့လူမျိုးပျောက်ကွယ် မသွားအောင်၊ သူတို့ဘာသာစကားနဲ့ ယဉ်ကျေးမှု တိမ်ကော မသွားအောင် သူတို့လူမျိုးတွေရဲ့ ကိုယ့်ဘဝကို ကိုယ်ပိုင် ဆုံးဖြတ်နိုင်ခွင့်ရအောင် ပြုလုပ်နိုင်တဲ့အခွင့်အရေး လိုချင်တာကြောင့်လို့ ယေဘုယျပြောနိုင်ပါတယ်။

ဒီကိစ္စတွေကို ဖြေရှင်းတဲ့အခါမှာ လူမျိုးစု နာမည်တပ်ထားတဲ့ ပြည်နယ် ဒါမှမဟုတ် ဒေသတွေကို လူမျိုးစုနာမည် မတပ်ဘဲ ဒေသခံ ပြည်သူတွေ ကြိုက်တဲ့ဒေသခံအမည်ကို ဆန္ဒသဘောထား ကောက်ခံပြီး ပြောင်းလဲမယ်၊ နောက်ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြောကြားခဲ့တဲ့ အချက်တွေဖြစ်တဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ အားလုံး ပေးလိုက်ခြင်းနဲ့ ဖြေရှင်းနိုင်ပါတယ်။ ပြည်နယ်တွေကို လူမျိုးစုအမည် မတပ်ထားတဲ့အတွက် ပြည်နယ်တွေမှာ လူမျိုးရေး ဦးစားပေးမှုတွေ ပျောက်ကွယ်ပြီး ပြည်နယ်တွင်းနေထိုင်သူ လူတိုင်းတန်းတူ အခွင့်အရေးတွေရှိလာမှာ ဖြစ်ပါတယ်။ ဘယ်တိုင်းရင်းသားကိုမှ လူမျိုးကြီးအဖြစ် မမြင်ရတော့ပါဘူး။ ဒီလိုရမယ်ဆိုရင် သဘောတူနိုင် ကြမလားလို့ မေးချင်ပါတယ်။ ဘာကြောင့် လူမျိုးစုနာမည် မတပ်ချင်တာလဲဆိုရင် ရေရှည်စည်းလုံး ညီညွတ်ရေး အမြင်ရှိလို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ လူမျိုးစွဲဆိုတဲ့ ဘောင်အပြင်ကနေရပ်ပြီး ပြသ၁နာကို ကြည့်မှသာ ဖြေရှင်းနိုင်မှာ လူမျိုးစုပြသ၁နာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ လူမျိုးစွဲ ဘောင်ထဲကနေ စဉ်းစားရင် ဘယ်လိုမှ အဖြေကိုမြင်မှာ မဟုတ်ပါဘူး။ စာရေးသူအနေနဲ့ မဟာဗမာဝါဒကို လုံးဝ ဆန့်ကျင်ပါတယ်။ ဗမာလူမျိုးအများစုဟာ မဟာဗမာဆိုတဲ့ အတွေးအမြင်ကို စဉ်းတောင် မစဉ်းစားမိခဲ့ကြပါဘူး၊ ရှမ်းတွေ၊ ကရင်တွေ၊ ကချင်တွေ၊ မွန်တွေ၊ ချင်းတွေ၊ ကယားတွေကို မိမိတို့ညီနောင်တိုင်းရင်သားတွေ၊ တစ်မြေတည်းနေ တစ်ရေတည်းသောက်တွေဆိုပြီး အများစုက မြင်ခဲ့ကြပါတယ်။

ဒါပေမဲ့ ပြည်တွင်းဆန္ဒပြပွဲတွေကို တပ်မတော်က အကြမ်းဖက်ဖြိုခွဲတဲ့အခါ ချင်းတပ်တွေကို ခေါ်လာတယ်တို့ ဗမာနဲ့ ချင်းလူမျိုးတွေ သားချင်းတွေ အထင်အမြင် မှားအောင် ဝါဒဖြန့်တတ်သလို၊ တပ်မတော်သားတွေ ကရင်ပြည်နယ်ကို တိုက်ပွဲဆင်တဲ့ အခါမှာလည်း ကရင်တော်လှန်ရေးအဖွဲ့အစည်းတွေက ဗမာတပ်တွေ လာပြီလို့ ပြောတဲ့အတွက် ဗမာတွေဟာ တိုင်းရင်းသားတွေကို ဖိနှိပ်တဲ့လူမျိုးအဖြစ် မုန်းတီးလာခဲ့တာဖြစ်ပါတယ် ဘဝတစ်လျှောက် တိုင်းရင်းသား ညီအစ်ကိုတွေကို ရင်ဖွင့်ပြီး ပေါင်းခဲ့တယ်။ လက်တွဲပြီး အတူတကွ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သူပါ။ လူမျိုးရေး အစွန်းရောက်မှုတွေဟာ ရေရှည်တည်တံ့မှုကို မပေးနိုင်ပါဘူး။ စစ်အာဏာရှင်လက်ထက် ဗမာမှုပြုတာ (Burmanization) ကို အပြတ်ဆန့်ကျင်ခဲ့သူပါ။ ပြည်နယ်တွေမှာရှိတဲ့ ကျောင်းတွေမှာ စစ်အာဏာရှင်တွေက ဗမာစာပဲ သင်ရမယ်ဆိုတဲ့ ပေါ်လစီကို ဆန့်ကျင်ခဲ့သူပါ။ တိုင်းရင်းသားတိုင်း မိမိပြည်နယ်မှာ တိုင်းရင်းသား စာပေသင်ကြားခွင့်ရှိရမယ်လို့ နယ်လှည့် ပြောကြားခဲ့သူပါ။

နိုင်ငံတွင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ဘာကိုဖြစ်ချင်ကြတာလဲ။ မိမိလူမျိုးစုရဲ့ ခေါင်းဆောင်နေရာကို ရယူချင်တာလား၊ မိမိလူမျိုးတွေအတွက်ပဲ ကြည့်ရမယ်လို့ ယူဆနေကြတာလား၊ ဒါမှမဟုတ် မိမိနေထိုင်ရာ ပြည်နယ်တွင်းရှိ လူသားအားလုံးအတွက် တန်းတူညီမျှရေးအတွက် ဆောင်ရွက်ကြမယ်၊ အဲဒီကတစ်ဆင့် တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေ အားလုံး တန်းတူညီမျှမှု ရရှိရေးအတွက် ဆောင်ရွက်ကြမယ်ဆိုတဲ့ အမြင်ကောရှိကြရဲ့လား။ ရှိကြတယ်ဆိုရင် ပြည်နယ်တိုင်းမှာ မိမိလူမျိုးတစ်မျိုးတည်း နေထိုင်နေတာ မဟုတ်ဘူး။ ကျန်လူမျိုးတွေလည်း စုပေါင်းနေထိုင်ကြတာကြောင့် မိမိလူမျိုးက လူများစုဖြစ်ပေမယ့် လူနည်းစုတွေရဲ့ အခွင့်အရေးကို လေးစားတယ်ဆိုရင် ဒီမိုကရေစီစနစ်ကို နှစ်နှစ်ကာကာ ယုံကြည်တယ်ဆိုရင် လူမျိုးစုနာမည်မတပ်တဲ့ ပြည်နယ်နာမည်ကို ယူရမှာဖြစ်တယ်။ ဒါမှသာလူတိုင်းတန်းတူညီမျှမှုရှိမယ်။

နိုင်ဟံသာပြောသလို မြန်မာပဲခေါ်ခေါ် ဗမာပဲခေါ်ခေါ် ဗမာလူမျိုးတွေပဲ ပိုင်သလိုဖြစ်ပြီး တခြားလူမျိုးတွေက မပိုင်သလိုမျိုး ဗမာလက်အောက်ခံ သဘောမျိုး ခံစားရတယ်။ မှန်ပါတယ်၊ အပြန်အလှန်အားဖြင့် ပြည်နယ်တွေမှာလည်း လူမျိုးစုနာမည် တပ်ထားရင် အဲဒီတပ်ထားတဲ့ လူမျိုးက ပိုင်ဆိုင်တယ် ပြည်နယ်တွင်းမှာ နေထိုင်တဲ့ တခြားလူမျိုးတွေနဲ့ မဆိုင်သလို ဖြစ်သွားတယ်လို့ ခံစားသွားရတယ်။ ဒါကြောင့် လူမျိုးစုငယ်တွေက မိမိပြည်နယ် တောင်းဆိုမှုတွေ ပြုလုပ်လာတာဖြစ်တယ်။ ရှမ်းပြည်နယ်မှာဆိုရင် ပအိုပ်း၊ ပလောင်၊ လားဟူ၊ ဝ၊ လရှီး၊ တောင်သူ၊ အင်းသား စတဲ့ တိုင်းရင်းသားလူမျိုးစုများစွာက မိမိပြည်နယ် မိမိလိုချင် လာကြတာဟာ သူတို့က ရှမ်းမဟုတ်တဲ့အတွက် ပအိုပ်းခေါင်းဆောင် ခွန်မြင့်ထွန်းတို့လို သူတို့ ကိုယ်စားပြု ပြည်နယ်တွေ တောင်းလာတာဖြစ်တယ်။

ဒီလိုပဲ ချင်းပြည်နယ်မှာ တီးတိန်ချင်း၊ ဖလမ်းချင်း၊ ကူကီး၊ ဇိုမီးစတာတွေလည်း ရှိတယ်။ ကူကီးကလည်း သူတို့ဟာချင်း မဟုတ်ဘူး ကူကီးပြည်နယ် လိုချင်တယ် ပြောလာတယ်။ ကချင်ပြည်နယ်မှာလည်း ရှမ်းနီတွေက သူတို့ဟာ ကချင်လူမျိုးတွေထက် များတယ်။ လူများစုဖြစ်တယ်။ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ရွာတွေ၊ ဘူတာတွေ နာမည်ကြည့်ရင် ရှမ်းနာမည်တွေချည်းပဲ၊ ကချင်နာမည်တွေ မဟုတ်ဘူး။ ဒါကြောင့် သူတို့ ပြည်နယ် သီးသန့် လိုချင်လာကြတယ်။ ဒါတွေကို ဖြေရှင်းရာမှာ လူမျိုးစုနာမည်တွေအစား ဒေသနာမည်တွေ ပြောင်းပေးခြင်းကသာ ပြသ၁နာကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်။ ဒေသနာမည်တွေ ပြောင်းမယ် လူမျိုးစုတိုင်းအတွက် သူတို့လူမျိုးစု အများစု နေထိုင်ရာဒေသမှာ ကိုယ်ပိုင်စာပေ သင်ကြားမှု ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိမယ်။ လက်နက်မိုး ခြိမ်းခြောက်စရာ မလိုဘဲ ဒီမိုကရေစီနည်းကျ ပြည်သူက မိမိကြိုက်တဲ့ ခေါင်းဆောင်ကို ဖြူဖြူမည်းမည်း ရွေးချယ်တင်မြှောက်ခွင့် ရှိမယ်ဆိုရင် လက်ခံနိုင်ရမယ်လို့ ယူဆတယ်။

မိမိပြည်နယ်ကောင်းကျိုးကို လုပ်ရင် ပြည်နယ်ခေါင်းဆောင် ဖြစ်လာခွင့်ရှိမယ်။ ပြည်နယ်ခေါင်းဆောင်ဘဝကနေ နိုင်ငံတစ်ခုလုံး တိုးတက်ကြီးပွားရေးအတွက် တစ်ဆင့်တက်လုပ်ရင် နိုင်ငံခေါင်းဆောင် ဖြစ်လာမယ်ဆိုတဲ့ တစ်နိုင်ငံလုံး တိုးတက်ရေးအတွက် အမြင်ရှိတဲ့ ခေါင်းဆောင်တွေ ပြည်နယ်တိုင်းမှာ ပေါ်လာရင် တည်ငြိမ်အေးချမ်းတဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာဖို့ မဝေးတော့ဘူးလို့ ပြောလို့ရတယ်။ နောက်ဆုံး အရေးကြီးဆုံးအချက်က မိမိပြည်နယ် မိမိလူမျိုး ကောင်းစားရေး လုပ်တာ လုပ်သင့်တဲ့အလုပ်ပါ၊ လုပ်ရမယ့်အလုပ်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ငါ့ပြည်နယ်မှ ငါ့ပြည်နယ်၊ ငါ့လူမျိုးမှ ငါ့လူမျိုးဆိုတဲ့ အစွန်းမရောက်ဖို့ လိုပါတယ်။ ငါ့ပြည်နယ် ငါ့လူမျိုးကို ချစ်သလို ငါ့နိုင်ငံတော်ကြီးကိုလည်း ချစ်တယ်၊ ငါ့နိုင်ငံတော်ကြီး တိုးတက်ရေးကိုလည်း ငါတို့ဝိုင်းလုပ်ကြမယ်ဆိုတဲ့ စိတ်ရှိတဲ့သူတွေဟာ လူမျိုးစုခေါင်းဆောင်အဆင့်မှာ ရပ်မနေဘဲ နိုင်ငံကိုယ်စားပြု ခေါင်းဆောင်တွေနေရာကို တက်လှမ်းနိုင်ကြမှာ ဖြစ်ပါတယ်။ မြင်လည်း မြင်လိုပါတယ်။

ဒါကြောင့် အများသဘောတူ တိုင်းပြည်နာမည်ကို လူမျိုးကိုယ်စားပြု မဖြစ်တဲ့နာမည် ပြောင်းသလို ပြည်နယ် နာမည်တွေကိုလည်း ပြောင်းသင့်ပါတယ်။ နိုင်ဟံသာရဲ့ခံစားချက်ကို နားလည်သဘောပေါက်ပါတယ်။ ထောက်ခံပါတယ်။ နိုင်ဟံသာကလည်း ပြည်နယ်တွေကို လူမျိုးစုနာမည်ကနေ ဒေသခံနာမည်ပြောင်းဖို့ ရေရှည်တိုင်းပြည်စည်းလုံး ညီညွတ်ရေး အတွက် လူမျိုးရေးအစွန်းရောက်မှုတွေ ခေါင်းထောင် မလာအောင် ကာကွယ်တဲ့အနေနဲ့ သဘောတူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လိုအပ်ချက်များကို နိုင်ငံရေးနည်းလမ်းအရ တောင်းဆိုနိုင်ပြီဖြစ်တဲ့ အခြေအနေတွင် လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ထားခြင်းမှာ ဒီမိုကရေစီနှင့် ဆန့်ကျင်နေတယ်လို့ ညီလာခံအဖွင့်မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။ ဟုတ်ပါတယ်၊ နိုင်ငံရေးနည်းလမ်းအရ တောင်းဆိုနိုင်ပြီ ဖြစ်တယ်ဆိုပေမယ့် တပ်မတော်က ပြုပြင်ပြောင်းလဲရန် ငြင်းဆန်နေတဲ့တိုင်းပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေဟာ ဒီမိုကရေစီနည်းကျ မဟုတ်သေးဘူးဆိုတာတော့ မေ့သွားပုံရပါတယ်။ ဒီမိုကရေစီ စကားပြောရင် အခြေခံဥပဒေဟာ ဒီမိုကရေစီနည်းကျ ရေးဆွဲထားတာ ဖြစ်ရပါ့မယ်။ ကိုယ်ကကျားကန်ထောက်ခံထားတဲ့ အခြေခံဥပဒေက ဒီမိုကရေစီနည်းကျ မဟုတ်သလို ဒီအခြေခံဥပဒေဟာလည်း ပြည်သူလူထုက ရွေးကောက် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေက ရေးဆွဲလိုက်တဲ့ အခြေခံဥပဒေလည်း မဟုတ်ပါဘူး။ တပ်ချုပ်အနေနဲ့ ကိုယ့်ဘက်က လိုအပ်နေတာ တွေကိုလည်း ပြည်သူ့အကျိုးကို ကြည့်ပြီး လိုက်လျောပေးဖို့ လိုပါတယ်။ ဒီလို လိုက်လျောပေးရင် ဒီမိုကရေစီနည်းကျ အများသဘောထား ကြိုက်ညီတဲ့ ဖက်ဒရယ် အခြေခံဥပဒေ ပေါ်ပေါက်ဖို့ လမ်းပွင့်သွားပြီး ပြည်တွင်းစစ်မီးကို ချုပ်ငြိမ်းနိုင်မှာ အသေအချာဖြစ်ပါတယ်။

တိုင်းရင်းသား ခေါင်းဆောင်တွေက မိမိတို့တိုင်းရင်းသား လူမျိုးစုတွေကို စည်းရုံးတဲ့အခါမှာ အစွန်းရောက် မျိုးချစ်စိတ်နဲ့ စည်းရုံးပြီး ဗမာလူမျိုးစုကို ရက်စက်ကြမ်းကြုတ်တဲ့ သူတွေဖြစ်တယ် ဗမာတွေက အနိုင်ကျင့်တယ်ဆိုပြီး လူမျိုးရေးမှိုင်းတိုက်ပြီး စည်းရုံးတဲ့အတွက် ဗမာမုန်းတီးရေး စိတ်ဓာတ်ဟာ တိုင်းရင်းသားတွေကြားမှာ အမြစ်တွယ်နေတယ်။

ဒီမုန်းတီးရေးစိတ်ကို ပျောက်ကွယ်သွားအောင် လုပ်ဖို့ဟာ အခုမျိုးဆက်သစ်တွေက ၂၁ ပင်လုံမှာ လေ့လာပြီး လူမျိုးစုစွဲစိတ် ကင်းကင်းနဲ့ ကြည့်ပြီး အရင်က နာကြည်းချက်တွေကို ရှေ့တန်းမတင်ဘဲ ငါတို့ညီညွတ်ရေးကို ဘယ်လိုလုပ်ရင် ရမယ်ဆိုတဲ့ ဇာစ်မြစ်ကို ကြည့်ပြီး ဖြေရှင်းနိုင်မှသာ ဒီအကျိတ်အခဲကို ဖြေရှင်းနိုင်မယ်။

နိဂုံးအားဖြင့် ဒေါ်စုပြောကြားသွားသလို ပြသ၁နာ ရှိနေတာ လိပ်ခဲတည်းလည်း ဖြစ်နေတာတွေကို မကွယ်မဝှက်ဘဲ တင်ပြကြဖို့ လိုတယ်။ တစ်ခါတစ်ရံ တစ်ဖက်က အကြီးအကျယ် ခံစားနေရတာကို တစ်ဖက်က မသိတော့ မဖြေရှင်းနိုင်ဘဲ ပြသ၁နာက အတွင်းကျိတ် ပိုကြီးထွားလာပြီး ဘာမဟုတ်တဲ့ အသေးအဖွဲလေးကနေ ခေါင်မိုးမီးလောင်တာမျိုး ဖြစ်တတ်တဲ့အတွက် မြုံမထားကြဘဲ စားပွဲဝိုင်းမှာထိုင်ပြီး ဆွေးနွေးအဖြေရှာကြမယ်ဆိုရင် ၂၁ ပင်လုံညီလာခံဟာ အချိန်ကာလ တစ်ခုအတွင်း အောင်မြင်မှာ ဖြစ်ပါတယ်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.