မပြောင်းလဲသေးတဲ့ တရားစီရင်ရေး ဘာလဲ ဘယ်လဲ ..

မြောက်ဥက္ကလာပမြို့နယ် တရားရုံးက ၁၈ နှစ်အရွယ်အမျိုးသမီးငယ်ကို ပြန်ပေးဆွဲချုပ်နှောင် အလိုမတူဘဲ ပေါင်းသင်းဆက်ဆံပြီး ခန္ဒာကိုယ်ကို အပြင်းအထန် ဒဏ်ရာရစေမှုအတွက် တရားခံကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ်နှစ်ချမှတ်လိုက်ပါတယ်။

ဒီပြစ်မှုနဲ့ ပြစ်ဒဏ်ဟာ ကျမတို့ အမျိုးသမီးထုတစ်ခုလုံးရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လိုက်ခြင်းဖြစ်ပြီး အစိုးရသစ်ရဲ့ တရားဥပဒေစိုးမိုးရေးကို မျက်ကွယ်ပြုလိုက်ခြင်းဖြစ်သလို ရာဇ၀တ်မှုကျူးလွန်သူများကို အားပေးအားမြှောက်ပြုလိုက်ခြင်းလည်းဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့မှာ ကျမဟာ ပြစ်မှုကျူးလွန်ခံရသူအမျိုးသမီးငယ်နဲ့တွေ့ပါတယ်။ မှတ်မှတ်ရရအဲဒီနေ့ဟာ သူမရဲ့ ၁၈ နှစ်ပြည့်မွေးနေ့ပါ။ သူမဟာ ကျမနဲ့မတွေ့ခင် လွန်ခဲ့တဲ့တစ်လခန့်က သူမ နှစ်ကြိမ်ခန့်ခိုးရာလိုက်ဖူးတဲ့ သူမရဲ့ချစ်သူဟောင်းရဲ့ ဓားနဲ့ခေါ်ဆောင်သွားခြင်းကို ခံရပြီး အဲဒီလူရဲ့ အိမ်ထဲမှာ တစ်လနီးပါးခြေထောက်ကိုသံခြေချင်းခတ်၊ အခန်းတံခါင်းပိတ်ပြီး၊ တစ်နေ့မှာ ထမင်းတစ်နပ်ပဲ မသေရုံစားခဲ့ရတဲ့အပြင် နေ့စဉ်နေ့တိုင်း အလိုမတူပါဘဲ သားမယားပြုကျင့်ခံရခြင်း၊ သစ်သားပြားနှင့် မျက်နှာနှင့်ခန္ဒာကိုယ်အနှံ့အအြပားကို ရိုက်နှက်ခံရခြင်း၊ ခန္ဒာကိုယ်အနှံ့ဓားနှင့် မွှန်းခံရခြင်း၊ လက်သီးနှင့်ထိုးကြိတ်ခြင်း၊ ခြေထောက်နှင့် ခန္ဒာကိုယ်အနှံကန်ကျောက်ခံရခြင်း၊ စတဲ့ဒုက္ခများကို ပြင်းပြင်းထန်ထန်နေ့စဉ်ရက်ဆက်ခံစားခဲ့ရပါတယ်။ အမျိုးသားဟာ ပိုက်ဆံရှိသူဖြစ်တာတစ်ကြောင်း၊ ပတ်ဝန်းကျင်ရှိသူများမှာ ကြုံရာကျပန်းများပြီး စာပေနှင့် ဥပဒေအသိမရှိသည်ကတစ်ကြောင်း၊ မြန်မာ့ထုံးတမ်းစဉ်လာအရ ကြားသုံးကြားမ၀င်ကောင်းဟူသည့် အယူအဆအလေ့အထုံများကြောင့်လည်းကောင်း ဤကိစ္စတွင် ပါဝင်ပတ်သက်ရန် ၀န်လေးခဲ့ကြသည်။ ထို့သို့ ရက်ပေါင်း ၂၀ကျော်လာပြီးနောက်တွင် တရားခံမှ အမျိုးသမီးအား သူ့အမေဆီသို့ ဖုန်းဆက်ပြီး ငွေသိန်း ၂၀ နှင့် သူမကို လာရွေးရန်၊ မဟုတ်ပါက သူမအလောင်းကိုသာလာကောက်ရန် ဖုန်းဆက်ခိုင်းခဲ့သည်ဟုဆိုသည်။ ထို့နောက်ပိုင်း ကောင်မလေး၏ အော်သံဟစ်သံများမကြားရတော့၍ ပတ်ဝန်းကျင်မှ ကောင်မလေး၏ အမေကို "ကောင်မလေးသေသွားပြီလားမသိဘူး"ဟု အကြောင်းကြားခဲ့လေသည်။

အမျိုးသမီးငယ်၏ အမေသည် မုန်ဖက်ထုတ်ရောင်းသူဖြစ်ပြီး ပထွေးလုပ်သူမှာ လေငန်းရောဂါနှင့် အိပ်ရာထဲလဲနေသည်။ ထို့ပြင် အခြားမွေးချင်းများကိုလည်း ကြည့်ရှုစောင့်ရှောက်ရသေးသောကြောင့် အမျိုးသမီးငယ်ကဲ့သို့ အရွယ်အနည်းငယ်ရောက်လာသော သမီးများကို စောင့်ရှောက်နိုင်ခြင်းမရှိပေ။ ထိုကြောင့် ယခုတစ်ခေါက်အမျိုးသမီးငယ်ပျောက်သွားခြင်းကိုလည်း ခါတိုင်းသကဲ့သို့ သူမရည်းစားနှင့်ခိုးရာလိုက်ပြေးသွားခြင်းဖြစ်ရမည်ဆိုကာ ထူးထူးထွေထွေစိတ်ပူမနေခဲ့ပေ။

အမေဖြစ်သူသည် ပထမဦးစွာ ရဲစခန်းသို့အကြောင်းကြားရာ ရဲစခန်းမှ "တိုင်တန်းခံရသူသည် ရဲများနှင့် အထူးဆက်ဆံရေးရှိနေသည့်အတွက် အရေးမယူရဲကြောင်းပြောခဲ့သည်။ တဖန်နောက်တစ်ခေါက် ထပ်မံပြောကာမှ ရဲမှ အမျိုးသားအိမ်သို့သွားကာ ကောင်မလေးကို ထုတ်ပေးရန်ပြောခဲ့သည်။ အမျိုးသားက အိမ်တံခါင်းကို အတွင်းမှသော့ခတ်ထားပြီး ကောင်မလေးမရှိဟု ငြင်းဆန်နေခဲ့သောကြောင့် ရဲမှ လူအင်အားသုံးတံခါးဖျက်ဝင်ကာ ကောင်မလေးကို ကယ်ဆယ်ခဲ့ရခြင်းဖြစ်သည်။

ထိုအမျိုးသမီးငယ်နဲ့ကျမတွေ့ချိန်မှာ သူမ ဆေးရုံမှာ ၂ ရက်ခန့်နေခဲ့ပြီး နလန်ထခါစပါ။ အသားအရည်၏ ကောင်းခြင်းနှင့်ပြည့်စုံသော သူမ၏ မျက်နှာထက်တွင် ဘယ်ဘက်ပါးတစ်ခြမ်းလုံသည် ယောင်ယမ်းသွေးခြေဉ၍ အုံထလျက်ရှိပြီး ကြည်စင်လှပသော သူမ၏မျက်လုံးအိမ်နှစ်ခုအတွင်းတွင် သွေးခြည်ဥလျက်ရှိသည်။ ထို့ပြင် သူမ၏ ခန္ဒာကိုယ်အနှံတွင် ဓားနှင့်မွန်းရာများ၊ မေးစေ့ကွဲ၍ အစိမ်းဖြစ်သလိုပြန်ချုပ်ထားသည်ဒဏ်ရာနှင့် ထုထောင်းကန်ကျောက်ထားသည့်ဒဏ်ရာများကြောင့် ကျောပြင် ခြေသလုံးနှင့် ပေါင်တို့တွင် အညိုအမဲရာများ ပွထလျက်ရှိသည်။ နောက်မှပြန်သိရသည်က ကျမနှင့်တွေ့ပြီး ပြန်သွားသည့်နောက်တွင် ကားပေါ်အတက် မူးလဲသည်ဆို၏။ ပိုက်ဆံမရှိ၍ ထမင်းမစားရသည်မှာ နှစ်ရက်ခန့်ရှိပြီဖြစ်သောကြောင့် အားပြတ်၍ လဲကျသည်ဆိုသည်။

သူမသည် ထိုလူနှင့် ၁၆ နှစ်ခန့်တွင် ရည်းစားဖြစ်ပြီးနောက် ခိုးရာလိုက်ခဲ့သည်။ သူမကဲ့သို့သော မျက်နှာမွဲတစ်ယောက်ကို ထိုလူသည် တရားဝင်စာရွက်စာတမ်းနှင့် လက်ထပ်ခြင်းမပြုခဲ့ပါ။ ထို့နောက်နှိပ်စက်လွန်းသောကြောင့် သူမ မနေနိုင်ကာ ထွက်ပြေးခဲ့သည်။ နောက်တစ်ကြိမ်သူမကို ကားတင်ပြေးခဲ့သည်။ ပညာရေးချို့တဲ့သောသူမသည် တရားဥပဒေအကာအကွယ်ကို ယူ၍ရကောင်းမှန်းလည်းမသိပါ။ နောက်ဆုံးအကြိမ်တွင်တော့ သူမသည် အိပ်မက်ဆိုးငရဲခန်းသို့ ဆင်းသက်ခဲ့ရပါတော့သည်။

ထိုပြစ်မှုအတွက် ကျူးလွန်သူမှာ အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ်နှစ်ဟု ဆိုပါသည်။ ၂၀၁၅ နိုဝင်ဘာလခန့်ကတည်းက ဒီအမှုကို စစ်ဆေးခဲ့သည် ယခု တစ်နှစ်နီးပါးရှိခဲ့ပြီဖြစ်သည်။ ချုပ်ရက်တွေကိုပါ ပြစ်ဒဏ်ထဲမှာ ထည့်ခံစားစေခဲ့မယ်ဆိုရင် တရားခံဟာ တစ်နှစ်ခန့်ပဲ ထောင်ထဲမှာ နေရတော့မှာပါ။ သူပြန်ထွက်လာရင် အမျိုးသမီးကို မနှောက်ယှက်တော့ပါဘဲ လူကောင်းတစ်ယောက်အနေနဲ့ ပြန်ထွင်္က်လာမည်ဟု တရားသူကြီးများနှင့် ထောင်ပိုင်များက အာမခံပါသလား။ တစ်ရပ်ကွက်ထဲနေ ပြေးစရာမြေမ၇ှိတဲ့ အမျိုးသမီးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးကို ဘယ်သူက တာဝန်ယူမှာလဲ။ ဒီလိုကျူးလွန်သူတွေဟာ လွယ်လွယ်နဲ့ ပြစ်ဒဏ်ခံ၊ ပြန်လွတ်လာတယ်ဆိုရင် နောက်ထပ်ကျူးလွန်မည့်သူများကို တရားဥပဒေဟာသွယ်ဝိုက်သောနည်းဖြင့် အားပေးအားမြှောက်ပြုနေပါပြီ။

တရားခွင်နောက်ကွယ်က ဇာတ်လမ်းများကို လှစ်ဟပြရလျှင်လည်း တရားလိုရဲ့ရှေ့နေက ကောင်မလေးသည် ပတ်ဝန်းကျင်အမြင်တွင် ယောက်ျားလေးများနှင့်ရှုပ်သည်ဟုဆိုကာ အမျိုးသမီးငယ်ကို အပြစ်တင်သည်။ တရားခံ၏ မိဘ အသိုင်းအ၀ိုင်းများက အမိန့်ချမည့်နေ့ကို ကောင်လေးလွတ်မည်ထင်သည်တဲ့။ ဘာကြောင့်ဆို ဒါ လင်မယားကိစ္စမို့ဟုဆိုသည်။ တရားရုံးရောက်စရာမလိုသည့် ကိစ္စဟုဆိုသည်။ ရဲများက တရားခွင်နားဖြတ်သွားဖြတ်လာများက ဘာကေ့စ်လဲ မေးသည့်အခါ လင်မယားရန်ဖြစ်သည့်အမှုဟု ဖြေသည်။ ဤသို့နှင့် မိန်းကလေးတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ နှိပ်စက်ညှင်းဆဲမုဒိမ်းကျင့်ခဲ့သည့် သကောင့်သားသည် ၆လခန့်မျှသာထောင်ထဲတွင် နေပြီး ပျော်ပျော်ကြိးပြန်ထွက်လာကာ နောက်ထပ်မိန်းကလေးပေါင်းများစွာကို ပစ်မှတ်ထားဦးမည်။

ကျမတို့အတွက် လုံခြုံမှုက ဘယ်မှာလဲ၊ တရားဥပဒေရဲ့အကာအကွယ်က ဘယ်မှာလဲ။ ကျမတို့ ဘာဆက်လုပ်ကြမလဲ။ ကျမတို့ မေးခွန်းတွေအများကြီးမေးရတော့မည်။ ဥပဒေပြုရေး၊ အစိုးရနှင့် တရားစီရင်ရေးကို တာဝန်ယူခိုင်းရတော့မည်။

Zinmin Thu

Zarni Tike
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.