“ ကျားမြီးမဆွဲမိစေဘို့ (သို့) ဓါတ်လိုက်ခံရခြင်းအန္တရာယ်မှ ကင်းဝေးသက်သာရေး ”

ဒီကနေ့ကမ္ဘာကြီးမှာ လူသားတွေဟာ လျှပ်စစ်ဓါတ်အားနဲ့ ကင်းလွတ်ရှင်သန်နေနိုင်ဖို့ဆိုတာ ဖြစ်တန်ခြေ အလွန်နည်းသွားပါပြီ။ လူ့အသုံးအဆောင်တွေ စဉ်ဆက်မပြတ် အသစ်အသစ်တွေပေါ်ထွန်းလို့အရှိန်အဟုန် နဲ့ ဖွံ့ဖြို့တိုးတက်နေတဲ့ လူနေမှု့ဘဝတွေမှာလျှပ်စစ်ဓါတ်အားသုံးရတဲ့ပစ္စည်းအတော်များများ ပါဝင်နေတာ လူတိုင်းသိကြပါတယ်။

မြန်မာနိုင်ငံမှာလုံခြုံစိတ်ချရမှု့မရှိတဲ့ လျှပ်စစ်ကြိုးသွယ်တန်းမှု့တွေ၊ အရည်အသွေးမပြည့်မှီတဲ့ လျှပ်စစ် ပစ္စည်းတွေ၊ ပေါ့ဆမှု့တွေ၊ လျှပ်စစ်အန္တရာယ်အသိနိမ့်ပါးမှု့တွေကြောင့်အိမ်တွင်းမှာဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာဖြစ်ဖြစ်၊ အများပြည်သူပိုင်နေရာဌာနတွေ၊ ဈေးတွေ၊ လမ်းမတွေပေါ်မှာတောင် ဓါတ်ကြိုးတွေ ပြတ်ကျလို့ သော်၎င်း၊ လျှပ်စစ်ဓါတ်အားကိုသုံးစွဲရင်းသော်၎င်း၊ မတော်တဆထိမိလို့သော်၎င်း ဓါတ်လိုက်ခံရပြီး အပြင်းအထန်ဒါဏ်ရာရတဲ့သတင်း၊ အသက်ဆုံးပါးရတဲ့သတင်းတွေကို စိတ်မချမ်းမြေ့ဖွယ် မကြာခဏ၊ ကြားကြရ၊ မြင်ကြရ၊ ဖတ်ကြရပါတယ်။

ဒီအတွက်ကြောင့် စာရေးသူသိရှိလေ့လာ နားလည်မိတာလေးတွေကို စာဖတ်သူတွေအတွက် မျှဝေရေးသား လိုက်ပါတယ်။ တစုံတဦးကို လျှပ်စစ်အန္တရာယ်ဘေးမှ ကင်းဝေးသက်သာဖို့ တထောင့်တနေရာက ဖြည်းဆီး နိုင်ခဲ့ရင် ဒီဆောင်းပါးကို ရေးရကျိုးနပ်ပါတယ်။

ဓါတ်လိုက်တယ်ဆိုတာ ... လျှပ်စစ်ဓါတ်အားက လူခန္ဓာကိုယ်ထဲကို ဖြတ်ပြီး မြေကြီးထဲကိုစီးဝင်သွား တာပါဘဲ။ အဲ့ဒီလိုဖြတ်စီးရာမှာ အဓိကကျတဲ့ လူကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့ နှလုံးကိုဖြတ်စီးသွားခဲ့ ရင်တော့ လျှပ်စစ်ဗို့အားပေါ်မူတည်ပြီး အသက်ကိုပါသေစေနိုင်ပါတယ်။ လျှပ်စီးကြောင်း (Current, I) စီးနိုင်ဖို့အတွက် ဗို့ အား (Voltage, V) ကတွန်းပေးရပါတယ်။ လျှပ်စစ်စွမ်းအား (Power) အနည်းအများဟာ ဗို့ အားနဲ့ လျှပ်စီးကြောင်းပမာဏ (P=VI) အပေါ်မူတည်ပါတယ်။

လျပ်စစ်ဓါတ်ဟာ စီးဆင်းတဲ့အခါ ရေနဲ့ သဘာဝခြင်းတူပါတယ်။ရေကမြင့်ရာကနေ နိမ့်ရာကိုစီးဆင်းသလို လျှပ်စစ်ဓါတ်ကလည်း ပိုစွန်း (Potential) မြင့်ရာကနေ ပိုစွန်း (Potential) နိုမ့်ရာကိုစီးဆင်းတာပါ။ တနည်းပြောရရင်တော့ ဗို့ အားများတဲ့ နေရာကနေ ဗို့ အားနည်းတဲ့ဆီကို စီးဆင်းပါတယ်။ မြေကြီး (Earth) မှာ သုညဗို့ အား (Zero potential) ရှိပါတယ်။ လျှပ်စစ်အားသုံးပစ္စည်းတခုမှာသုံးတဲ့ဗို့ အားဟာ သုညထက် တော့များမှာပါဘဲ။

အဲ့ဒီပစ္စည်းမှာရှိတဲ့ လျှပ်စစ်ဓါတ်ဟာ လူခန္ဓာကိုယ်အပါအ၀င် ကြားခံလျှပ်ကူးပစ္စည်းတခုခုနဲ့ ရည်ရွယ်လို့  ဖြစ်စေ၊ မတော်တဆကြောင့်ဖြစ်စေ ချိတ်ဆက်မိပြီး မြေကြီးနဲ့အဆက်အသွယ်ရတာနဲ့  မြေကြီးထဲကို စီးဝင်တော့တာပါဘဲ။ လျှပ်ကူးပစ္စည်း (Conductor) ဥပမာကြေးနန်းကြိုးဝါယာ၊ သံကိုယ်ထည်၊ ရွှေ ငွေ သံ ကြေး ဒန် နီကယ် စတဲ့သတ္ထုပစ္စည်းတွေမှာ စီးဆင်းနေတဲ့လျှပ်စစ်ဓါတ်ကို လူကိုယ်ခန္ဓာတနေရာရာနဲ့ ထိမိ တယ်ဆိုရင် လျှပ်စစ်ဓါတ်ဟာ လူကနေမြေကြီးကိုစီးဆင်းသွားတာကို ဓါတ်လိုက်ခံရတယ်လို့ ခေါ်တာပါဘဲ။

အသွေးအသားစတဲ့ ရေဓါတ်တွေနဲ့ ဖွဲ့ စည်းထားတဲ့လူခန္ဓာကိုယ်ဟာ လျှပ်စစ်ဓါတ်စီးဆင်းစေနိုင်တဲ့ လျှပ်ကူးပစ္စည်းဆိုတာမမေ့ပါနဲ့ ။ ဒါကြောင့် ရာဘာလိုလျှပ်စစ်ဓါတ်မစီးဆင်းနိုင်တဲ့၊ ဖိနပ်မပါတဲ့သူဖြစ်ဖြစ်၊ ရေစိုနေတဲ့သူဖြစ်ဖြစ် ဓါတ်လိုက်ခံရရင်ဘုန်းဘုန်းလဲကျပြီး ဒါဏ်ရာအပြင်းအထန်ရတာ (သို့ ) အခန့် မသင့်ရင်အသက်ပါ ဆုံးရှုံးရတတ်ပါတယ်။

ဓါတ်လိုက်မခံရအောင် ဘယ်လိုကာကွယ်နိုင်မလဲ ? …

(၁) လျှပ်စစ်အားသုံး ကရိယာပစ္စည်းအသုံးအဆောင်တွေကို နဲ့  မီးခလုပ်တွေကို အသုံးမပြုခင်မှာ ကြိုတင် စစ်ဆေးပါ။ ၀ါယာကြိုးတွေ လျော့ရဲနေသလား? လွတ်နေတဲ့ဝါယာကြိုးတွေရှိသလား? ၀ါယာကြိုးတွေ ပေါက်ပြဲနေတာရှိသလား? အသုံးပြုမဲ့လျှပ်စစ်ဗို့ အားနှုန်းကိုက်ညီရဲ့လား ( ၂၂၀ ဗို့ အား ? ၄၄၀ ဗို့ အား လား?) ဆိုတာ သေခြာအောင်စစ်ဆေးသင့်ပါတယ်။

(၂) အိမ်တွင်းမှာဆိုရင် ရာဘာဖိနပ်စီးပါ၊ ခြောက်သွေ့ တဲ့အ၀တ်အထည်ဝတ်ဆင်ပြီးကိုင်တွယ်ပါ။ ရေစက် လက်စိုရွှဲနေတဲ့ကိုယ်ခန္ဓာနဲ့ ဖြစ်ဖြစ် ရေစိုနေတဲ့ကြမ်းပြင်၊ နံရံတွေနားမှာလျှပ်စစ်ပစ္စည်းတွေကို မကိုင်တွယ် ပါနဲ့ ။ လုပ်ငန်းခွင်ထဲဆိုရင်တော့ အသုံးပြုရမဲ့ ဗို့ အားပေါ်မူတည်ပြီး ကိုက်ညီသင့်တော်တဲ့လျှပ်စစ်ဓါတ်လိုက် ခြင်းဒါဏ်ခံနိုင်ရည်ရှိတဲ့လက်အိပ် (Electric Shock Resistance Gloves/ High Voltage Gloves/Insulation Gloves) ကိုစွပ်ပြီးမှ ၀ါယာကြိုးများကို ကိုင်တွယ်ပါ။ လုပ်ငန်းခွင်သုံး ဘွတ်ဖိနပ်တွေဝတ်ဆင်ပါ။ ကြမ်းပြင်ကိုဖြစ်စေ၊ အလုပ်စားပွဲကိုဖြစ်စေ၊ လျှပ်စစ်ဓါတ်မလိုက်စေနိုင်တဲ့ ရာဘာဖျာအခင်းတွေ (Electric Shock Proof Mats) နဲ့ ဖုံးအုပ်ကာကွယ်ပါ။

(၃) ဓါတ်လိုက်ခံရတဲ့အခါ အသက်မသေရအောင်(သို့ ) ဒါဏ်ရာအပြင်းအထန်မရအောင် မိမိအိမ်ကလျှပ်စစ် ဓါတ်အားဝင်တဲ့နေရာမှာ ရိုးရိုးအသေးစားဘရိတ်ကာ (Miniature Circuit Breaker) ကို မတပ်ဘဲနဲ့  လူတယောက်ယောက် ဓါတ်လိုက်ရင်ဖြစ်ဖြစ်၊ ပျက်နေတဲ့ (Faulty) လျှပ်စစ်သုံးပစ္စည်းတခုခုမှာ အပူကြိုး (Live Wire) နဲ့ သံကိုယ်ထည် (Body) ထိတွေ့ နေပြီး Short Circuit or Earth Leakage ဖြစ်နေရင် လျှပ်စစ်ဓါတ်ကိုဖြတ်ချပေးနိုင်တဲ့ RCCB (Residual Current Circuit Breaker)၊ ELCB (Earth Leakage Circuit Breaker) တွေတပ်ထားသင့်ပါတယ်။

(၄) လျှပ်စစ်သုံးပစ္စည်းအားလုံး ( All Electrical Appliances) မှာ မြေစိုက်ကြိုး ( Earth/Ground Wire) တပ်ပါ၊ အဆောက်အဦးတိုင်းမှာ မိုးကြိုးလွှဲတပ်ပါ၊ မြေစိုက်ကြိုးအားလုံးပေါင်းပြီး မြေစိုက်တန် (Earth Rod) နဲ့ ဆက်သွယ်ပါ။

(၅) အဆောက်အဦးတိုင်းတွင် ၀ါယာသွယ်တန်းရာတွင် သတ်မှတ်ထားသော အဆောက်ဦးဆိုင်ရာ လျှပ်စစ်အန္တရာယ်ကင်းဝေးရေး စံရည်စံညွှန်း (Building Code) အတိုင်းလိုက်နာဆောင်ရွက်ပါ။

ဓါတ်လိုက်ခံရတဲ့သူကို ဘယ်လိုကူညီ ကယ်တင်နိုင်မလဲ ?

လျှပ်စီးကြောင်းမှာ တဖက်ထဲစီးတဲ့ တိုက်ရိုက်စီး ( Direct Current) နဲ့ အပြန်အလှန်စီးတဲ့ ပြန်လှန်လျှပ်စီး ( Alternateive Current) ဆိုပြီး လျှပ်စီးကြောင်း ၂ မျိုးရှိပါတယ်။ အဲ့ဒီထဲမှာ ပြန်လှန်လျှပ်စီးက ပိုအန္တရာယ်များပါတယ်။ ပြန်လှန်လျှပ်စီးရဲ့ကြိမ်နှုန်းဟာ တစ်စက္ကန့်ကိုအကြိမ် (၅၀/၆၀) ရှိပါတယ်။ လူ့ နှလုံးသားကညှစ်တဲ့ သွေးခုန်နှုန်းဟာ တစ်မိနစ်ကိုအကြိမ်(၇၀/၈၀) သာရှိပါတယ်။ ဒါကြောင့်ဓါတ်လိုက် ခံရတဲ့လူတွေထဲမှာ လျှပ်စီးကြောင်းပမာဏ (Current) ၁၈ မီလီအမ်ပီယာ ထက်ပိုတဲ့လျှပ်စီးက ရင်အုပ်ကို ဖြတ်စီးခံရသူအားလုံးဟာအသက်ရူရပ်သွားနိုင်ပါတယ်။ ဖြတ်ဆီးသွားတဲ့ ပြန်လှန်လျှပ်စီးကြောင်းက နှလုံး ကြွက်သားတွေကို တစ်စက္ကန့်မှာအကြိမ် ၅၀/၆၀ နှုန်းနဲ့ လှုံ့ဆော်တုန်ခါစေပါတယ်။ လျှပ်စီးပမာဏ များရင်များသလို နှလုံးအကြီးခန်းများရဲ့ ကြွက်သားတွေကို ကြုံ့သွားစေပြီး သွေးလည်ပတ်မှုကိုရပ်ဆိုင်း စေနိုင်ပါတယ်။

(၁) ဓါတ်လိုက်ခံနေရသူကို ကယ်တင်ဖို့ ဘယ်တော့မှာ အရမ်းကာရော ပြေးပြီး ကိုယ်တိုင်လည်းမဆွဲပါနဲ့  ဆွဲဖို့ ပြင်နေတဲ့သူရှိရင်လည်း ချက်ခြင်းတားဆီးပါ။
(၂) လျှပ်စစ်ဓါတ်အားကိုဖြတ်တောက်နိုင်အောင် မိန်းခလုပ် (Power Source) ကို ဦးစွာပိတ်ပါ။
(၃) ဓါတ်လိုက်ခံနေရသူရဲ့ ပတ်ဝန်းကျင်မှာ တခြားအန္တရာယ်ရှိမရှိ သေသေခြာခြာစစ်ဆေးပါ။ (သင်ကိုယ်တိုင် ဒုတိယမြောက် ဒါဏ်ရာရသူမဖြစ်ပါစေနဲ့ )
(၄) ဓါတ်လိုက်ခံရသူကို ဘေးအန္တရာယ်ကင်းရာနေရာကို ရွေ့ ပြောင်းပါ။
(၅) ဓါတ်လိုက်ခံနေရသူရဲ့အခြေအနေကို အသက်ရှူမရှူ၊ သွေးခုန်မခုန်၊ သတိလည်မလည် (ABC model) ဖြင့် စစ်ဆေးပြီး အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အခြေအနေ (Emergency Case) ဖြစ်ပါက လူနာတင်ကား ခေါ်ရန်အနီးဆုံးဆေးရုံကိုအကြောင်းကြားရန် ဘေးလူများကိုအကူအညီတောင်းပြီး စီစဉ်ပါ။
(၆) အကယ်၍ ဓါတ်လိုက်ခံရသူဟာ နှလုံးမခုန်တော့ရင် ရှေးဦးသူနာပြုနည်းတတ်ပါက CPR (Cardio-Pulmonary Resuscitation) နည်းနဲ့ နှလုံးပြန်ခုန်နိုင်အောင် အသက်ကယ်လူနာတင်ယာဉ်မလာမခြင်း ကူညီနိုးဆွပေးပါ။ အသက်ကောင်းစွာ မရှုနိုင်သေးပါက ရှေးဦးသူနာပြုနည်းအတိုင်း ပါးစပ်ခြင်းတေ့မှုတ်ပြီး အသက်ကူအားရှုနည်း (Artificial Respiration) ပြုလုပ်ပေးပါ။
(၇) ဓါတ်လိုက်ခံရသူရဲ့ ခန္ဓာကိုယ်တွင် ကိန်းအောင်းကျန်နေသေးသော လျှပ်စစ်ဓါတ်များကုန်သွားအောင် (Discharge)လုပ်ပေးဖို့ နီးစပ်ရာ မြေစိုက်လျှပ်ကူးပစ္စည်းတခုခု (ဥပမာ-ဆေးမသုတ်ထားတဲ့ သံရေပိုက်လုံး) နှင့်ထိပေးခြင်းကို ပြုလုပ်ပေးပါ။
(၈) ဓါတ်လိုက်ခံရသူ ပြန်လည်သက်သာစပြုရင် သူ့ ရဲ့အဝတ်အစားဖိနပ်များကို ချွတ်ပစ်ခြင်း (သို့) ချောင် အောင်လျော့ပေးခြင်းတို့ ပြုလုပ်ပေးပြီး သက်တောင့်သက်သာ နွေးနွေးထွေးထွေးရှိတဲ့ အနေအထား ပုံစံ (Recovery Position) နဲ့ ထားလျှက် လူနာတင်ယာဉ်လာသည့်တိုင်အောင် စောင့်ကြည့်ပြုစုပါ။

မြန်မာနိုင်ငံသားအားလုံး ကျားမြီးမဆွဲမိကြပါစေကြောင်းနဲ့ လျှပ်စစ်အန္တရာယ်ဘေးမှ ကင်းဝေးကြပါစေလို့  ဆန္ဒပြုလျှက် … ။

(မင်းကောင်းချစ်)
စက်တင်ဘာ ၈ ရက်နေ့  ၂၀၁၆ ခုနှစ်
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.