မြင့်ဆန်းအောင်နဲ့ ထိန်လင်း (သို့မဟုတ်) အလက်ဇန်းဒါးနဲ့ကင်မ်သို့


မြင့်ဆန်းအောင်နဲ့ ထိန်လင်းရေ။ မင်းတို့နာမည်တွေက အလက်ဇန်းဒါးအဲရစ် (Alexander Aris) နဲ့ ကင်မ်အဲရစ် (Kim Aris) ဆိုတာသိပေမယ့် မြန်မာနာမည်လေးတွေလည်း ရှိကြသမို့ ချစ်တဲ့စိတ်နဲ့ မြန်မာနာမည်လေးတွေကို ခေါ်လိုက်ပါတယ်။ တကယ်တော့ ဘယ်နာမည်ပဲခေါ်ခေါ် အဓိက,ကတော့ လူတယောက်မှာ စိတ်ဓာတ်က အဓိကဆိုတာသိပါ တယ်။ မောင်ရင်တို့လို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြေး၊ လူထုခေါင်းဆောင်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်ရဲ့သားတွေကို မင်းနဲ့ငါနဲ့ ခေါ်ရပြောရတာကိုတော့ ခွင့်လွှတ်ဖို့ တောင်းပန်ပါရစေ။ နံပါတ်(၁)အချက်ကတော့ လူကြီးသားတွေပေမယ့် ကိုယ်နဲ့ ရင်းရင်းနှီးနှီးရှိနေသလိုခံစားရလို့ မင်းနဲ့ငါနဲ့ပြောတာပါ။ အရင်ခေတ်တုန်းကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ သားလောက်တောင် ကိုယ်တို့က ဘယ်လောက်ပဲအသက်ကြီးကြီး အစ်ကိုခေါ်ရ၊ အထက်က အကောင်ကြီးကြီးရဲ့ သားတွေ၊ သမီးတွေဆိုလည်း အသက်ဘယ်လောက်ငယ်ငယ် အောက်ကလူတွေကဖားပြီး သားတော်ခေါ်ရ၊ သမီးတော်ခေါ်ရတဲ့ခေတ်မို့လား (ဦးပုညစကားနဲ့ပြောရရင် မင်းသားအစစ်မဟုတ်တဲ့ ယမနေမင်းသားတွေပေါ့ကွာ)။ အခုတော့ အဲဒီလိုဖားတဲ့ ခေတ်။ အရှက် နည်းတဲ့ခေတ်လည်း ကုန်သလောက်ဖြစ်နေပါပြီ။ ဒုတိယအချက်ကတော့ သားကြီးအလက်ဇန်းဒါးဟာ ၁၉၇၃ ဧပြီလ ၁၂ ရက် ကြာသပတေးနေ့မှာ မွေးခဲ့တာမို့ အသက်အားဖြင့် မောင်ရင်က အခုအခါ(၄၃)နှစ်၊ သားငယ် ကင်မ်က ၁၉၇၇ ခုနှစ်မှာမွေးတာမို့ အခုအသက်က (၃၉)နှစ်ရှိနေကြပြီး စာရေးဆရာကိုယ်က (၄၉)နှစ်ရှိသမို့ (၆)နှစ်နဲ့ (၁၀) နှစ်စီကြီးတာကြောင့် ရင်းရင်းနှီးနှီးခေါ်မိခြင်း ဖြစ်ပါတယ်။

မြင့်ဆန်းအောင်နဲ့ ထိန်လင်းရေ။ စစ်အစိုးရကတော့ သူတို့ သက်တမ်းတလျှောက် မင်းတို့နဲ့ မင်းတို့အဖေကို အကြောင်းပြုပြီး ငါတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နာမည်ဖျက်အပုပ်ချလိုက်တာ ကမ်းကုန်ပဲဟေ့။ နိုင်ငံခြားသားကို လက်ထပ်ခဲ့လို့ ဘိုကတော်တဲ့၊ မျိုးဖျက်မတဲ့၊ ကုလားမယားတဲ့၊ ပြည်ပအားကိုးပုဆိန်ရိုးတဲ့ စုံနေတာပါပဲကွာ။ နိုင်ငံပိုင်သတင်းစာတွေကနေ ငါးစိမ်းသည်ရန်တွေ့သလို ရေးကြတဲ့စစ်အစိုးရ ကြေးစားကလောင်တွေဆိုတာလည်း အခုသာ ဘယ်ချောင်ရောက်သွားမှန်းမသိတာ အဲဒီတုန်းကတော့ နေ့တိုင်းစာမျက်နှာထက်မှာ မမြင်ချင်အဆုံးဟေ့။ အဲဒီလို မသမာတဲ့ဆောင်းပါးတွေရေးခဲ့လို့ တိုက်ခန်းရတဲ့သူကရ၊ ရာထူးတိုးတဲ့သူကတိုး၊ ရာထူးမြဲတဲ့သူကမြဲကြပေမယ့် အခုတော့ အဲဒီလူတွေလည်း လူကြားထဲ ခေါင်းမဖော်ဝံ့ပါဘူးကွာ။ ထားပါတော့ ပြောချင်တာကတော့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပချိန်အထိ မင်းတို့ကို အကြောင်းပြုပြီး မင်းအမေဦးဆောင်တဲ့ပါတီနဲ့ မင်းအမေကို ဆန့်ကျင် ဘက်အုပ်စုတွေက ရစရာမရှိအောင် ရေးကြပြောကြတာဟေ့။

'အောင်ဆန်းစုကြည်နိုင်ရင် ကုလားနိုင်ငံကြီးဖြစ်တော့မယ်' တို့၊ 'အောင်ဆန်းစုကြည်သားနှစ်ယောက်က သမ္မတအိမ်တော်မှာရောက်လာပြီး ကြီးစိုးတော့မယ်'တို့၊ 'အမျိုးဘာသာပျောက်တော့မယ်'တို့ စုံနေတာပါပဲ။ ငါလဲ အဲဒီရွေးကောက်ပွဲကာလတုန်းက သူတို့အုပ်စုတွေဝါဒဖြန့် အပုပ်ချတဲ့စာတွေကို သိမ်းထားမိသမို့ သတိရတာနဲ့ ပြန်ကြည့်တော့ ဒီလိုရေးထား တာတွေ့ ရသဟေ့။

''ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်သွားပါက မြန်မာအိမ်ဖြူတော်တွင် နိုင်ငံခြားသားမိသားစု ချက်ချင်းရောက်လာတော့မည်။ နိုင်ငံတော် အခမ်းအနားများတွင် မြန်မာစကားမတတ်သော ဒေါ်စုသားများ တောင် ရှည်ပုဆိုး မ၀တ်တတ်ဝတ်တတ်ဖြင့် အခမ်းအနားတက်တော့မည်။ အစ္စလာမ်ဘာသာဝင်အများဆုံးပါဝင်သည့် NLD ပါတီမှ သမ္မတဖြစ်လာခြင်းကြောင့် လွတ်လပ်စွာကိုးကွယ်ခွင့်အရ နိုင်ငံအနှံ့ဗလီများ မှိုလိုပေါက်လာတော့မည်''

ငါကလည်း အရာရာကို လက်တွေ့မှယုံတဲ့သူဆိုတော့ ရွေးကောက်ပွဲပြီးတဲ့အခါ စောင့်ကြည့်ရတာပေါ့ကွာ။ မင်းတို့နှစ်ယောက် နေပြည်တော်ကို ဘယ်နေ့များပေါက်ချလာမလဲ။ နေပြည်တော်ကို ပေါက်ချလာပြီး သူတို့ ပြောသလို တောင်ရှည်တွေ၊ ဘာတွေများဝတ်ပြီး အခမ်းအနားတက်မလားပေါ့ကွာ။ အဲဒီလိုတက်လာရင်တော့ ဟိုလူတွေက သူတို့ပြောတာဟုတ်ပြီဆိုပြီး ဟိုဂျာနယ်ဒီဂျာနယ်ကနေတမျိုး၊ ဖေ့စ်ဘုတ်ကတဖုံ၊ ဗိုလ်စိန်မှန် ကွင်းမှာ စုဝေးလို့တနည်းနဲ့ တို့တွေပြောတာမဟုတ်လားဆိုပြီး လက်သီးလက်မောင်းတန်းကြဦးမှာကိုး။ မာမီမွှေးတို့ အာရကေပေးတို့၊ ဘာတို့ဆိုတဲ့ ဂျာနယ်တွေကနေ သမဦးမှာကိုး။ ဒါပေမဲ့ မင်းတို့ကလည်း နေနိုင်တယ် ကွာ။ သူတို့က ချက်ချင်းရောက်လာမှာဆိုလို့ ငါ့မှာမျှော်လိုက်ရတာ။ မင်းတို့ နှစ်ယောက်စလုံးကလည်း ကိုယ့်အမေပါတီ အပြတ်အသတ်နိုင်လည်း ပြေးချမလာဘူးနော်။ ကိုယ့်အမေပါတီ အစိုးရဖွဲ့တော့လည်း ရောက်မလာပြန်ဘူး။ နောက်ဆုံးကိုယ့်အမေကိုယ်တိုင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုတဲ့ ဧရာမရာထူးကြီးရတော့လည်း ယောင်လို့တောင် ခြေဦးမလှည့်ပြန်ဘူး။ မင်းတို့မလာတာကအကြောင်း မဟုတ်ဘူး။ နိုင်ငံရေး၊ ဘာသာရေး ပရောဟိတ်ပုဂ္ဂိုလ်ကြီးတွေ ဟောကိန်းတွေ လွဲကုန်တာ အရှက်တွေကွဲ တယ်ကွ။ တခေါက်လောက်တော့ လာခဲ့ကြဦး။

နောက်ပြီး မင်းတို့ညီအစ်ကိုနှစ်ယောက်ကို ငါအားမရတာ တချက်ရှိတယ်။ အားမရတာမှ တော်တော်အားမရတာပါ။ ငါကကျိတ်ကြံထားတာ ရှိတယ်။ မင်းတို့ မြန်မာပြည်ကိုများ အလည်လာရင် ငါကလည်း အင်္ဂလိပ်စကားလေး မတောက်တခေါက်တတ်တော့ စကားပြန်အဖြစ်နဲ့ မင်းတို့ကို ၀င်လုံးမယ်။ ခင်အောင် ပေါင်းမယ်။ လိုချင်တာတွေအားလုံးဖားပြီး အပိုင်ချည်မယ်။ ပြီးရင် ငါ့မှာမရှိမဲ့ရှိမဲ့ အိမ်လေးရောင်းပြီး မင်းတို့နာမည် ငါ့နာမည်နဲ့ ကုမ္ပဏီထောင်မယ်။ မင်းတို့ နာမည်ခံ၊ ငါက ငွေစိုက်ပေါ့ကွာ။ ဒါက ဟိုအရင်က လူတွေလုပ်နေကျနည်းဟောင်းပေါ့။ ပြီးရင် မင်းတို့မျက်နှာနဲ့ နိုင်ငံတော်စီမံကိန်းတွေကရမယ့် တင်ဒါတွေအားလုံးကို ငါတို့ရမယ်။ နိုင်ငံတော်က ၀ယ်ရမယ့်ပစ္စည်းအားလုံးကို ငါတို့ကုမ္ပဏီကနေ ၀ယ်ရမယ်။ သွင်းကုန်ပါမစ်တွေကိုလည်း စားအုန်းဆီတို့၊ စက်သုံးဆီတို့စတဲ့ မရှိမဖြစ်ပစ္စည်းတွေကို ငါတို့ကုမ္ပဏီကပဲ လက်ဝါးကြီးအုပ်ပြီး သွင်းကုန်ပါမစ်နဲ့တင်သွင်းမယ်။ တတ်နိုင်ရင် တယ်လီဖုန်းတွေကို အရင်ကလို ဆင်းကတ်တခု ဆယ်သိန်း၊ ဆယ့်ငါးသိန်းဈေးပြန်ရောက်အောင်လုပ်ပြီး ၀ါးတီးခွင်ဖန်ကြမယ်။ ကားပါမစ်တွေကိုလည်း ငါတို့နဲ့မင်းတို့ ငါတို့ အမျိုးတွေကိုပဲ ချပေးမယ်။ ကျောက်စိမ်းလုပ်ကွက်တွေ၊ ပတ္တမြားတူးဖော်ကွက်တွေ၊ သစ်တောတွေ၊ ရွှေတူးဖော်ရေးလုပ်ကွက်တွေကိုလည်း ငါတို့အဖွဲ့တွေပဲ မင်းအမေမျက်နှာနဲ့ မောင်ပိုင်စီးကြမယ်။ ဒါဆို မင်းတို့ညီအစ်ကို နှစ်ယောက်ရော ငါရော တနှစ်၊ နှစ်နှစ်အတွင်း မြန်မာပြည်က နောက်ဆုံးပေါ်ခရိုနီအကောင်းစားကြီးတွေဖြစ်ပြီး ကောင်းစားပြီပေါ့ကွာ။ ငါချမ်းသာလို့ကတော့ လေယာဉ်လိုင်းတွေ ထောင်မယ်။ ဘဏ်တွေထောင်မယ်။ ဟိုတယ်တွေ ထောင်မယ်။ ငွေမည်းတွေကို ကိုယ့်ဘဏ်နဲ့ကိုယ် ဖြူလိုက်မယ်။ ဟယ်လီကော်ပတာကြီးစီးပြီး ဟိုသွားဒီသွားလုပ်မယ်။ အလှဆုံးဆို တဲ့မော်ဒယ်လ်တွေခေါ်ပြီး နိုင်ငံခြားကို အပန်းဖြေခရီးထွက်မယ်။ ဒါတွေက ငါ့ရဲ့စိတ်ကူးယဉ်စီမံကိန်းတွေ ကင်မ်နဲ့အလက်ဇန်းဒါးရဲ့။ ဒါပေမဲ့ မင်းတို့က ရိုးရိုးကြီးတွေကွာ။ ငါ့ကိုစကားပြန်မငှားရုံမကဘူး၊ မြန်မာပြည်ကို ယောင်လို့တောင် တခေါက်မှ ရောက်မလာပါလားကွာ။ မင်းတို့လာဘ်မမြင်ပုံကတော့ လက်ဖျားခါတယ်။ အောချတယ်ဟေ့။ အဘတို့ခေတ်ကဆို အဘသားတွေ၊ သမီးတွေ၊ မြေးတွေ ဘာတွေလုပ်ပြီးပြီလဲ မင်းတို့သိစေ ချင်လိုက်တာ။ အရင်ခေတ်က လူကြီးသားသမီးတွေအားလုံးဟာ ကိုယ်ပိုင်ကုမ္ပဏီမထောင်တဲ့ လူကြီးသားသမီးလို့ မရှိဘူးကွဲ့။ မင်းအမေ ရာထူးလောက်မပြောနဲ့ ၀န်ကြီး၊ ဒုဝန်ကြီးရာထူးလောက် ရာထူးရရင်ကိုပဲ သူတို့ သားသမီးတွေ၊ သမက်ချွေးမတွေနာမည်နဲ့ စီးပွားရေးတွေလုပ်ကြပြီ။ လုပ်ငန်းတွေထောင်ကြပြီ။ တကယ်အရည်အချင်းရှိလို့ ကိုယ့်အစွမ်းအစ နဲ့စီးပွားရေးလုပ်တယ်ဆိုထားပါဦး။ အခုတော့ သူတို့လုပ်သမျှဟာ အာဏာစီးပွားရေးပဲကွ။ အဖေရဲ့အာဏာ၊ အဘိုးရဲ့အာဏာကို အသုံးချပြီး ခွင်ရိုက်တဲ့အလုပ်မှန်သမျှ လုပ်ကြတော့တာပဲ။ ဥပမာ အဖေကတိုင်းဒေသကြီး တခုရဲ့ အာဏာပိုင်ဖြစ်ပြီဆိုတာနဲ့ သားက လယ်ယာမြေအကျိုးဆောင် ကုမ္ပဏီလိုလို၊ ဘာလိုလို နာမည်လှလှလေးနဲ့ထောင်။ ပြီးတော့ လယ်သမားတွေဆီက လယ်တွေကို မတန်တဆဈေးနဲ့ လိုက်သိမ်း။ အတော်များများ လက်ထဲပိုက်မိမှ ဘာစီမံကိန်း၊ ညာစီမံကိန်းဆိုပြီး အဖေက အော်ပေး။ သားက ဈေးအဆမတန်တင်ပြီး ပြန်ရောင်း။ တချို့ကျတော့လည်း အဖေက၀န်ကြီး။ ဌာနအတွက် လိုအပ်တဲ့ပစ္စည်းတွေကို လက်ကျိတ်ထိုး အိပ်ပိတ်တင်ဒါခေါ်။ သားက ဖုတ်ပူမီးတိုက်ကုမ္ပဏီထောင်ပြီး အဖေ့ဝန်ကြီးဌာနက ၀ယ်မယ့်ပစ္စည်းတွေ (လိုလိုမလိုလို၊ ကောင်းကောင်း၊ မကောင်းကောင်း) သားဆီကပြန်ဝယ်။ ဒီလိုခွင်တွေရိုက်ခဲ့ကြတာပေါ့ကွာ။ ပြီးတော့ နိုင်ငံတော်ကနေ ပုဂ္ဂလိကလွဲတယ်လို့နာမည်တပ် အဖေ့ဌာနကမြေကွက်တွေ နေရာကောင်းတွေမှန်သမျှကို သားက ပုဂ္ဂလိကဆိုပြီး လေလံအောင်။ ပိုက်ဆံတောင် နောက်မှပေးမယ်ဆိုပြီး အကြွေးချန်ပေးလိုက်ကြသေးမောင်။ နောက်တော့ အပြင်မှာဈေးကြီးကြီးနဲ့ ရောင်းစား။ သူခိုးဈေးနဲ့ရထားတဲ့ ငွေလက်ကျန်ကို အဲဒီတော့မှရှင်းဆိုတဲ့ အကွက်တွေလည်း များသားပေါ့ကွာ။ တချို့ကတော့ သစ်တောလုပ်ကွက်တွေ၊ ကျောက်မျက်လုပ်ကွက်တွေ၊ ရွှေလုပ်ကွက်တွေမှာ ဖအေက လုပ်ပိုင်ခွင့်ရှိတော့ သားနာမည်နဲ့ကုမ္ပဏီကို ပါမစ်တွေချပေးကြ။

အကောင်းဆုံးအကွက်တွေမှာ ဈေးအသက်သာဆုံးနဲ့ရကြပေါ့။ တချို့ကတော့ ဘယ်အဆောက်အဦပဲ နိုင်ငံတော်က ဆောက်ဆောက်၊ တင်ဒါမခေါ်ဘူး။ သူ့လူပဲသူ ကန်ထရိုက်ချပေးလိုက်တယ်။ ရတဲ့သူက ကိုယ် တိုင်မလုပ်တတ်တော့ အမြတ်စားပြီး အောက်က ဆပ်ကန်ထရိုက်ကို တဆင့်ပြန်ချပေးလိုက်တယ်။ အဲဒီလိုနဲ့ ဖွင့်ပွဲလုပ်ပြီး မကြာမီ အက်ကြောင်းတွေပေါ်လာတဲ့ အဆောက်အအုံတွေ။ ရေတိုက်စားလို့ လမ်းပျက်မှ အတွင်းက သံချောင်းနေရာမှာ ၀ါးလုံးတွေထွက်လာတာတွေ၊ ပုဂံခေတ်အဆောက်အဦထဲက PVC ကော် ပိုက်တွေထွက်လာတာတွေ ဖြစ်ကုန်တာ မြင်ရကြားရတာပေါ့။ အဲဒီလို ရိုက်စားခွင်တွေမိခဲ့ကြပေမယ့် အခွန် ဆောင်တဲ့နေရာမှာတော့ ဘယ်တုန်းကမှ အဲဒီ VIP တွေဟာ မှန်မှန်ကန်ကန်တိတိကျကျ မလုပ်ကြဘူးဟေ့။ အစ်ကိုကြီး၊ ညီလေး၊ အစ်မ၊ အဘနဲ့ နားလည်မှုနဲ့ ပြီးသွားကြတာပဲ။ ဘယ်စ,သုံးလုံးတို့၊ ဘယ်အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်တို့မှ အနားကို မကပ်ရဲဘူးဟေ့။ လူကြီးသားသမီးဖြစ်ရတာ အိုင်ယာလန်ထီ အကြိမ်တထောင်ပေါက်သလို အင်မတန်တွက်ခြေကိုက်တဲ့အလုပ်ကွ ငါ့ကောင်တွေရ။ ဒါ့ကြောင့် မင်းတို့ အမေ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ပြီဆိုတော့ ဟိုလူကြီးတွေပြောသလို မင်းတို့တတွေ ဖုတ်ပူမီးတိုက်ပေါက်ချ လာပြီး ကုမ္ပဏီတွေထောင်၊ စီးပွားရေးရိုက်စားခွင်တွေများ ဟိုစားဖားတွေလို လုပ်ကြတော့မလားလို့ ငါ့မှာ စောင့်ကြည့်လိုက်ရတာ။ လေယာဉ်ဆိုက်တိုင်း မင်းတို့များလားလို့ ရန်ကုန်-မင်္ဂလာဒုံလေဆိပ်မှာ ဧည့်သည် ကြိုရင်း ကြည့်ရတာအမောဟေ့။ ဒါပေမဲ့ မင်းတို့က ပြတ်တယ်ကွာ။ ဒီနေ့ထက်ထိ ရောက်မလာကြဘူး။ လာခဲ့ရင်လည်း ခွင်ရိုက်တဲ့အလုပ်တွေကို အောင်ဆန်းသွေးမို့ ခါးခါးသီးသီးမုန်းတာ ငါသိပါတယ်။

တကယ်ဆိုမင်းတို့လည်း အရွယ်နဲ့မမျှ ဒုက္ခတွေခံခဲ့ရတာပါ။ ၁၉၈၈ မှာ မင်းတို့အဘွား ဒေါ်ခင်ကြည်နေမကောင်းလို့ ပြုစုဖို့ မင်းတို့အမေ မြန်မာနိုင်ငံကို ခဏပြန်ဦးမယ်ဆိုတော့ ခဏပဲကြာမှာပါလို့ မင်းတို့စိတ်ထဲမှာ ထင်ခဲ့ကြတယ်။ အဲဒီအချိန်က မြင့်ဆန်းအောင်(၁၅)နှစ်၊ အငယ်ကောင်ထိန်လင်းက (၁၁)နှစ်။ လူမမယ်အရွယ်လေးတွေပေါ့။ နိုင်ငံရေးကို နားမလည်သေးချိန်။ မင်းအမေရဲ့အနေအထားကို အပြည့်အ၀သဘောမပေါက်သေးချိန်မှာ အမေဟာ မင်းတို့ဆီပြန်မလာတော့ဘူးဆိုတော့ ဘယ် လောက်ခံစားရမလဲဆိုတာ ကိုယ်ချင်းစာမိပါတယ်။ အဲဒီနောက် မင်းတို့အဖေ ဒေါက်တာမိုက်ကယ်အဲရစ်ဟာ မင်းတို့အတွက် အဖေလည်းသူ၊ အမေလည်းသူဆိုတဲ့အနေနဲ့ ပြုစုစောင့်ရှောက်ခဲ့တယ်။ ဒါပေမဲ့ မင်းတို့ ကြာကြာကံမကောင်းခဲ့ဘူး။ ၁၉၉၇ မှာ မင်းအဖေဟာ ကင်ဆာရောဂါဖြစ်နေပြီဆိုတာ သိလိုက်ရတော့ အားလုံးတုန်လှုပ်သွားကြတယ်။

အမေကလည်း အိမ်မှာမရှိ။ မြန်မာနိုင်ငံမှာ မရေရာတဲ့အနေအထားနဲ့ နေအိမ် အကျယ်ချုပ်ကျနေတယ်။ အိမ်ထောင်ဦးစီးအဖေကလည်း ကုမရတဲ့ နာတာရှည်ရောဂါကြီးရနေပြီ။ ကလေးတွေမှာ ကျောင်းတဖက်နဲ့ ဘယ်လောက်ကသီမလဲ။ ဘယ်လောက်ဒုက္ခတွေရောက်မလဲ။ ဘယ်လောက် အားငယ်ရမလဲ။ ဒီကြားထဲအဖေဖြစ်သူဟာ နှစ်နှစ်လောက် ရောဂါဝေဒနာကို ခံစားရင်း ဇနီးဖြစ်သူဆီ သွားချင်ပါလျက် မြန်မာအာဏာပိုင်တွေက ပြည်ဝင်ခွင့်မပေးလို့ ဇနီးကိုမတွေ့ရတဲ့အဖြစ်ကို ကလေးတွေဖြစ်တဲ့ မင်းတို့ကမြင်ပြီး နေ့တိုင်း စိတ်ကောင်းနိုင်မှာမဟုတ်ဘူး။ အဲဒီအချိန်မှာတော့ မြန်မာနိုင်ငံမှာ လူကြီးသားသမီးအချို့၊ လူကြီးနဲ့နီးစပ်သူအချို့ဟာ အာဏာပိုင်တွေနဲ့ပေါင်းပြီး သယံဇာတတွေကို ဖြိုလှဲလို့ အတောမသတ်ထုတ်ယူလို့ ကောင်းနေဆဲပေါ့။ နောက်နှစ်နှစ်အကြာ ၁၉၉၉ မှာ မင်းအဖေ ကင်ဆာရောဂါနဲ့ ကွယ်လွန်တယ်။ အဲဒီအချိန်မှာ မင်းတို့ဟာ နေရင်းထိုင်ရင်း မိဘမဲ့ဘ၀ကို ရောက်သွားကြတယ်။ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်မြောက်ပိုင်း Park Town က မင်းတို့အိမ်ကြီးကိုလည်း နောက်တော့ရောင်းပစ်လိုက်ရတယ်။ မင်းတို့အမေ နိုဗယ်ဆုရတဲ့ဆုငွေဒေါ်လာ ၁ဒသမ ၃သန်း ထဲကလည်း မင်းတို့ဟာ တပြားတချပ်မှ ကိုယ်ကျိုးအတွက်မသုံးခဲ့ကြဘဲ၊ မင်းအမေအချုပ်အနှောင်ကလွတ်လာချိန်မှာ မြန်မာပြည်ရဲ့ ပညာရေးနဲ့ ကျန်းမာရေးအတွက်သုံးဖို့ ရန်ပုံငွေဆိုပြီး လုံခြုံရာမှာ အပ်နှံသိမ်းဆည်းထားခဲ့ကြတယ်။ သားအကြီး (အလက်ဇန်းဒါး) (မြင့်ဆန်းအောင်) ဟာ အခက်အခဲတွေအမျိုးမျိုးကြားက Northern Illinois တက္ကသိုလ်က Mathematical Science အဓိကနဲ့ ဘီအက်စီဘွဲ့ရခဲ့တယ်။ အခုတော့ မင်းဟာ အမေရိကန်ပြည်ထောင်စုမှာပဲ စာပေလေ့လာလိုက်စားရင်း၊ ဗုဒ္ဓဘာသာလေ့လာလိုက်စားရင်း သာမန်ပြည်သူတယောက်လို မထင် မရှားနေနေတယ်။ သားငယ်ထိန်လင်း (Kim ) ကို ငါအအံ့သြဆုံးပဲ။

ငါတို့က လူကြီးသားသမီးဆိုတာနဲ့ ပိုက်ဆံတွေ အရမ်းထော၊ နိုင်ငံခြားမှာ ကျောင်းသွားတက်။ ဥရောပကို တောင် ဘောလုံးပွဲသွားကြည့်။ ကလပ်တွေမှာ တက်သောင်းကျန်း၊ ညဘက် ပြိုင်ကားတွေမောင်းတဲ့လူတွေကိုပဲ မြင်ဖူးတာကိုး။ မင်းဘာတွေ လုပ်ပြီး ရိုးရိုးသားသား အသက်မွေးဝမ်းကျောင်းနေသလဲဆိုတာသိတော့ မင်းအဘိုး ဗိုလ်ချုပ်အောင်ဆန်းကို ငါကြည်ညိုသလို မင်းကိုလည်း လှိုက်လှိုက်လှဲလှဲကြည်ညိုမိပါရဲ့ မောင်ရင်ရယ်။ Australian Women (သြစတြေးလျအမျိုးသမီး)အပတ်စဉ်စာစောင်ရဲ့ အယ်ဒီတာ William Langley ပြောမှ အလန့်တကြားသိရတာက “He was living modestly in Oxford then and working as a carpenter,”တဲ့။ အောက်စဖို့ဒ်မှာ ဘ၀ကို ရိုးရိုးအေးအေးပဲ ဖြတ်သန်းနေထိုင်ပါတယ်တဲ့။

လုပ်တဲ့အလုပ်ကတော့ လက်သမားဆရာပါပဲတဲ့။ ကဲ ကြည့်ကြပေတော့ဗျာ။ ဗိုလ်မင်းရောင်မျိုးဆက်၊ သခင်အောင်ဆန်းမျိုးဆက်၊ ဒေါ်ခင်ကြည်မျိုးဆက်၊ ဒေါ်အောင်ဆန်းစုကြည်မျိုးဆက်ရဲ့ ရိုးချက်ဗျာ။ မိသားစုတကွဲတပြားနေလို့ ဒုက္ခရောက်နေတာတောင် သူ့အမေနာမည်သုံးပြီး ငွေမရှာဘူး။ အင်တာဗျူးတခါလုပ်ရင် ဒေါ်လာသောင်းနဲ့ ချီရနိုင်တဲ့အချိန်မှာ ဘယ်စာစောင် မီဒီယာအတွက်မှ အင်တာဗျူးမလုပ်ခဲ့ဘူး။ ထိန်လင်းပြောတာက သူဘယ် မီဒီယာနဲ့မှ အင်တာဗျူးဖို့သဘောမတူရဲပါဘူးတဲ့။ အကြောင်းကတော့ သူပြောလိုက်တဲ့စကားတခွန်းကို စစ်အစိုးရက လိုရာဆွဲသုံးပြီး ကလီကမာလုပ်ရင် အကျယ်ချုပ်ကျနေတဲ့သူ့အမေနဲ့ သူ့အမေတိုင်းပြည် အခက်အခဲမတွေ့စေချင်လို့ပါတဲ့။ သူ့အမေရဲ့ ရိုးရိုးကျင့်မြင့်မြင့်ကြံစိတ်ဓာတ်ကို သူဂုဏ်ယူတယ်၊ အဲဒီအတိုင်း လိုက်နာမယ်။ ဖြစ်လာတဲ့ဒုက္ခတွေအားလုံးကိုလည်း သူခံမယ်လို့ ခံယူချက်ရှိသူဖြစ်ပါတယ်။ ထိန်လင်းဟာ တသက်မှာ တကြိမ်ပဲ ၂၀၀၄ မှာ သြစတြေးလျအမျိုးသမီးမဂ္ဂဇင်းနဲ့ အင်တာဗျူးလုပ်ဖူးပြီး အဲဒီအင်တာဗျူးထဲမှာ ''နောက်ဆုံးမှာတော့ မြန်မာပြည်လွတ်မြောက်ရေးထက်ပိုပြီး အရေးကြီးတာ ကျွန်တော့်အမေအတွက် ဘာမှမရှိတော့ပါဘူး။ အမေ အဲဒီလိုစဉ်းစားဆုံးဖြတ်တာကို ကျွန်တော်လေးစားရပါမယ်။ အရာရာဟာ ကျွန်တော်တို့အတွက် သိပ်ကိုခက်ခဲခဲ့တာပေါ့။ ဒါပေမဲ့ အမေဒီလိုဆုံးဖြတ်ခဲ့တာကို ကျွန်တော်ဂုဏ်ယူတယ်။ စိတ်ဓာတ်ပြင်းထန်လွန်းတာ အမေ့ရဲ့မွေးရာပါသဘာဝပါ။ သူ့မှာ ၀မ်းနည်းစရာတွေရှိခဲ့ရင်တောင်မှ လုပ်စရာအလုပ်တွေရှိနေသေးတယ်ဆိုတာ အမေက သိနေတယ်။ ရင်နာစရာတွေကို ငိုကြွေးပြီးအချိန်ဖြုန်းဖို့ အမေ၀ါသနာမပါဘူး''

မျိုးစေ့မှန်တော့အပင်သန်ဆိုသလို ဒီအမေကမွေးတော့လည်း ဒီစိတ်ဓာတ်မျိုးရှိပေမပေါ့ကွာ။ မင်းအမေပြောသွားတဲ့ မိန့်ခွန်းတခုထဲမှာ Put the family second (မိသားစုအရေးသည် နံပါတ်နှစ်)ဆိုတဲ့စကား ဟာ ကမ္ဘာကျော်ခဲ့တယ်ကွာ။ မိသားစုနဲ့ပတ်သက်ပြီး မင်းအမေဟာ ပြောလေ့မရှိပေမယ့် ရှားရှားပါးပါးပြောဖူးတာလေးတခုကို မှတ်မိသေးတယ်။

''အင်းပေါ့ မိသားစုနဲ့ခွဲခွာသွားရတာတော့ ဘယ်စိတ်ကောင်းမလဲ၊ ပုဂ္ဂိုလ်ရေးအနေနဲ့တော့ ၀မ်းနည်းတာပေါ့။ ကျွန်မလည်းမိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေချင်တာပေါ့။ ကျွန်မသားတွေ ကြီးပြင်းအရွယ်ရောက်လာ တာကို စောင့်ကြည့်နေချင်တာပေါ့။ ဒါပေမဲ့ ဒီနိုင်ငံမှာ ကျွန်မပြည်သူတွေနဲ့အတူနေဖို့ လမ်းကြောင်းကို ရွေးချယ်ရမယ်ဆိုတဲ့ အချက်အပေါ်မှာတော့ ဘယ်တုန်းကမှ သံသယမရှိခဲ့ပါဘူး''

ကဲ စကားတွေလည်း ရှည်ကုန်ပါပြီကွာ။ အငယ်ကောင်ရေ မင်းဘယ်ဘက်လက်မောင်းမှာ NLD အလံကို ဂုဏ်ယူစွာနဲ့ ဆေးမင်ကြောင်ထိုးထားတာကလွဲပြီး မင်းအမေအလုပ်မှာ ဘာဆိုဘာမှဝင်မရှုပ်တဲ့ မင်းတို့ညီအစ်ကိုနှစ်ယောက်ရဲ့ စိတ်ဓာတ်ကိုတော့ အံ့သြလေးစားတယ်ကွာ။ ကိုယ်ပိုင်အရောင်နဲ့မှ လင်းလက်ချင်တဲ့ မင်းတို့နှစ်ယောက်ကိုကြည့်တိုင်း ငါတို့ကတော့ အရင်မြင်ဖူးခဲ့တဲ့ လူကြီးသားသမီးဆိုသူတွေနဲ့ နှိုင်းယှဉ်ကြည့်ပြီး ခေါင်းတညိတ်ညိတ်ဖြစ်နေရတာပါ။ မြန်မာနိုင်ငံကုမ္ပဏီများမှတ်ပုံတင်ရုံးမှာ Alexander & Kim Trading Co,Ltd လို့ပဲရှာရှာ။ မြင့်ဆန်းအောင်သစ်ထုတ်လုပ်ရေးကုမ္ပဏီနဲ့ပဲ ကြည့်ကြည့်၊ ထိန်လင်းသတ္ထုတူးဖော်ရေးလီမိတက်ပဲဖြစ်ဖြစ် ငါတော့မတွေ့မိသေးဘူး မောင်ရင်တို့။ အစိုးရအသစ်လက်ထက်မှာ ဘာတွေပြောင်းသလဲမေးလာရင် ဒီတချက်တော့ကောင်းကောင်းပြောင်းပြီကွာ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားတွေ၊ ချွေးမတွေ၊ ၀မ်းကွဲတွေနာမည်နဲ့ ကုမ္ပဏီတွေ ဖုတ်ပူမီးတိုက်ထောင်၊ ကန်ထရိုက်တွေရ၊ တင်ဒါတွေအောင်တာမျိုးတော့ လုံးလုံးကို မတွေ့ရပါဘူးကွာ။ ပြောရရင် အင်္ဂလိပ်သွေးတ၀က်ပါတယ်ဆိုပေမယ့် တို့ဗမာပြည်က အမျိုးကိုချစ်လွန်းတဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေထက် အဆပေါင်းသောင်းနဲ့သိန်းနဲ့ချီပြီး မြင့်မြတ်သမို့ မင်းတို့နှစ်ယောက်ကိုတော့ လေးလေးစားစား လက်ဆွဲနှုတ်ဆက်လိုက်ချင်ပါရဲ့ကွာ။ မြန်မာပြည်လာ ဖြစ်ရင်တော့ ငါမင်းတို့ကို လက်ဖက်ရည်တ၀ိုင်းလောက် ဧည့်ခံပါရစေ။ နေပြည်တော်က နှင်းဆီစံအိမ်မှာ မဟုတ်ဘူးနော်။ လမ်းဘေးဆိုင်မှာ တိုက်မှာပါ။ တောင်ရှည်ပုဆိုးလည်းမ၀တ်ခဲ့နဲ့။ တော်ကြာ မျိုးချစ်တို့ ဟောကိန်းထဲကလို အပြင်မှာဖြစ်နေပြီလို့ မဟုတ်ကဟုတ်ကတွေပြောတာ ခံနေရဦးမယ်။

သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal[full-post]
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.