နာလိုက်တာ အမေရယ်

သမီးက ဘယ်သိမှာလဲ?
အိမ်အကူ လုပ်ဖို့တဲ့
လခ တစ်သောင်းခွဲတဲ့
စရိတ်ငြိမ်း ထမင်းလည်းစားရမယ်ဆိုတော့
ရွာမှာ ထမင်းငတ်နေတဲ့အဖြစ်ကြီးက
လွတ်ပြီ။

မြို့လည်ခေါင်မှာနေရမှာတဲ့
တိုက်ကြီး တာကြီးမှာ
မီးမရှိတဲ့ သမီးတို့ အိမ်ကလေးထက်တော့
သာမှာပေါ့နော်။

ဓနိမိုးနဲ့ ထရံကာ
အိမ်ဦးခန်းမှာ
ဘုရားစင်ကလေး တစ်စင်ရယ်။
ဗိုလ်ချုပ်အောင်ဆန်းပုံကလေးရယ်
ဒါပဲ သမီးတို့ အိမ်မှာ ရှိတယ်။
ဒါနဲ့ပဲ အင်းဝအမည်တွင်တဲ့
ငရဲခန်းဆီရောက်သွားတော့
သမီးအသက်က ဆယ့်တစ်နှစ်။

သူတို့က အပ်ချုပ်ကြတာ။
ဒါပေမဲ့ သမီးတို့ဘဝတွေကိုပါ ချုပ်ခဲ့တယ်။

သူတို့ဆီမှာ အဘတွေ လာချုပ်တယ်။
လူကြီးလူကောင်းတွေ လာချုပ်တယ်။
ဒါပေမဲ့ သမီးတို့ဘဝလေးကို
စောင်းငဲ့လို့မှ ကြည့်မသွားကြပါဘူး။

ငရဲ ဆိုတာ သေပြီးမှကျတာလို့
ဘယ်သူက ပြောသလဲ?

လူသားဟာ တိရိစ္ဆာန်ထက် မြင့်တယ်လို့
ဘယ်သူက ပြောသလဲ?

သမီးလက်တွေကို လှန်ချိုးတယ်။
လက်ချောင်းကလေးတွေ
တစ်ချောင်းချင်း တစ်ချောင်းချင်း
နောက်ပြန်လှန်ပြီး ကျိုးတဲ့အထိ
အား … အမယ်လေး
နာလိုက်တာ အမေရယ်
အား နာကျင်မှုဟာ
အသည်းထဲက လာတယ်။

ဒါပေမဲ့ သမီးမငိုရဘူး
အသံထွက် မအော်ရဘူး
အသံထွက်ရင် သတ်ပစ်မယ်တဲ့။

အား အား အား
သမီးလက်တွေ သမီးရဲ့ လက်ကလေးတွေ
လက်ချောင်းဖြူဖြူလေးတွေ ကျိုးသွားတဲ့အထိ
နောက်လှန်ချိုးတာကို
သမီး အံကြိတ်အောင့်ခံနေရတယ်။

အသံ မထွက်ရဲလို့ နှုတ်ခမ်းကို
သွားနဲ့ တင်းတင်းကိုက်ထားတယ်
နှုတ်ခမ်းတွေကနေ သွေးတွေစီးကျ
သမီးမျက်လုံးထဲမှာ ပြာနှမ်း
ဘာကိုမှ မမြင်တော့ဘူး
အသည်းခိုက်တဲ့
အဆုံးစွန် နာကျင်မှုကလွဲလို့
သမီး ဘာကိုမှ မခံစားရတော့ဘူး။

မေမေရေ သမီးကိုကယ်ပါ။
ဘုရားရှင် သမီးတို့ကို ကယ်ပါ။
ဗိုလ်ချုပ်အောင်ဆန်းက
လွတ်လပ်ရေးယူပေးခဲ့ပေမယ့်
သမီးတို့ ခုထိ ကျွန်ဖြစ်နေဆဲပါ။

ကျွန်မှ အဆိုးဆုံးကျွန်
သုံ့ပန်းလို ကျွန်။
ခွေးလို နွားလို ကျွန်။
ခွေးထက်နွားထက် ဆိုးတဲ့ကျွန်။

ထမင်းအသိုးတွေသမီးတို့ကို
ကျွေးတယ်။
ပျို့တက်ချင်လာတဲ့စိတ်ကိုထိန်းရင်း
ချဉ်စုတ်စုတ် ပုတ်အဲ့အဲ့တွေကို
ကြိတ်မှိတ်မျိုချခဲ့ရ။
အန်ချမိရင် သူတို့က ရိုက်ဦးမှာ။

လခလုံးဝမရတာ ငါးနှစ်ကျော်
ထွက်ပြေးရင် သူခိုးလို့
အချုပ်ထဲ ဖမ်းထည့်မတဲ့။ ဟုတ်မှာ
ရဲတွေကို သူတို့ကပိုင်တယ်လေ။

အသားဖြူဖြူ ခပ်ချောချော
ကုလားမင်းသားလေးနဲ့တူတဲ့ အကိုက
သမီးကို ချုပ်ထားတယ်။
သူ့မိန်းမက မျက်နှာကို မီးနဲ့မြှိုက်တယ်။
အဲ့အကိုက ပရဟိတ အကျိုးဆောင်သတဲ့
အမှိုက်တွေ ကောက်ပြခဲ့သေးတယ်။

လမ်းကို သန့်စင်ပေးဖို့
သူ နားလည်ပေမယ့်
သမီးတို့ဘဝတွေကို သန့်စင်ဖို့
သူ သိတတ်ပုံ မရ။

သမီး ခြေထောက်တွေ
သမီးလက်တွေ
တစ်ခုမှ အကောင်းပကတိ မရှိတော့။

နာလိုက်တာ အမေရယ်
အား အမယ်လေးလေး
အသည်းခိုက်မတတ်
ရက်ရက်စက်စက် နာပါတယ်။
ချွေးတွေ တကိုယ်လုံးပျံတက်လာ
သွေးထဲလှိုက်တဲ့နာကျင်မှုဟာ
တဆတ်ဆတ် ခန္ဓာကိုယ်အနှံ့တုန်ခါတယ်။

သမီးတို့ကို အကိုကြီးတစ်ယောက်က
ဓာတ်ပုံရိုက်သွားတယ်။
ပြီးတော့ ဘာမှ ဆက်မဖြစ်ဘူး
နောက်သုံးလ ကြာသွားတယ်။
တစ်ရက်ကို ငရဲတစ်ကမ္ဘာဆိုရင်
သမီးတို့ ငရဲမှာ နောက်ထပ်
ကမ္ဘာကိုးရာ ကြာခဲ့ရပေါ့။

ကူညီပါရစေက သမီးတို့ကို
ငရဲမှာ
နောက်ထပ်ကမ္ဘာကိုးရာ ကြာအောင်
ဆက်ထားတယ်။

လူ့အခွင့်ရေးကော်မရှင်က
သမီးတို့ကို ငရဲမှာ
နောက်ထပ် ကမ္ဘာကိုးရာ ကြာအောင်
ဆက်ထားတယ်။

ကျောက်တံတားရဲစခန်းမှာဖြစ်ဖြစ်
လူ့အခွင့်ရေးကော်မရှင်မှာဖြစ်ဖြစ်
သမီးတို့ဘဝတွေဟာ
ဒီ့ထက်ပိုကောင်းလိမ့်မယ်လို့ မထင်ဘူး။

အိမ်ဖော်ဆိုတာ ရိုက်ရတာပဲလို့
လူ့အခွင့်ရေးကော်မရှင်ကြီးက ပြောသတဲ့။

တစ်ခုတည်း သမီးသိတာက
လက်ချောင်းလေးတွေ တစ်ချောင်းစီ
မကျိုးမချင်း
နောက်လှန်အချိုးခံရတာ သိပ်နာတယ်။
တံတောင်ဆစ်ကနေ ဖျောင်းကနဲ
အချိုးခံရတာ သိပ်နာတယ်။

အသားတွေ အရှင်လတ်လတ်
ဓားနဲ့ အမွှမ်းခံရတာ သိပ်နာတယ်။

အသားဖတ်လေးတွေ
ကွာသွားတာကြည့်ရင်း
သွေးတွေ စီးကျလာတာကြည့်ရင်း
တအိအိ သမီးငိုခဲ့ရ။
နာလိုက်တာ ဆိုးလိုက်တာ။

သမီးမျက်နှာပေါ်က
အသားညှော်နံ့က ခုထိမွှန်ထူဆဲ။
ဓားနဲ့ အလှီးခံရတဲ့
သမီး နှာခေါင်းက အခုထိ နာကျင်ဆဲ။

အား အမယ်လေး လေး
နာလိုက်တာ အမေရယ်။

(Photo : မူရင်းတင်သူ)
Thorn Nay Soe
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.