လူ့အခွင့်အရေး ကော်မရှင်ကို တရားစွဲပါ


|| ငြိမ်းချမ်းအေး ||

အသက်မပြည့်တဲ့ ကလေး အိမ်အကူ အလုပ်သမားတွေ ညှဉ်းပန်း နှိပ်စက်ခံရတဲ့ အင်းဝ အပ်ချုပ်ဆိုင် အမှုမှာ ကြားက စေ့စပ်ပေးခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စက်တင်ဘာ ၂၁ နေ့ခင်း မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာ မေးမြန်းတဲ့ မေးခွန်းတွေကို ကျေလည်အောင် ဖြေရှင်းနိုင်မှု မရှိခဲ့ပါဘူး။ လာဘ်စားမှု မရှိဘူး၊ သူတို့ လုပ်တာ မှန်ခဲ့တယ် ဆိုတာပဲ အထပ်ထပ်ကျော့ သွားပါတယ်။

ကော်မရှင်က ပေးတဲ့ အကြီးမားဆုံး အကြောင်းပြချက် ကတော့ အနှိပ်စက်ခံရသူ ကလေးတွေဟာ မိဘ အုပ်ထိန်းသူထံ ပြန်ရောက်နေပြီ၊ သူတို့ ကျေနပ်လို့ ငွေပေးပြီး ကျေအေးခဲ့တာပါ ဆိုတာပါပဲ။ မိဘတွေရဲ့ နိမ့်ပါးတဲ့ လူမှု-စီးပွား-ပညာ နောက်ခံ အခြေအနေကို လုံးဝ ထည့် မပြောခဲ့ဘူး။ အမှား-အမှန်၊ သင့်တော်၏ - မတော်၏ ဆုံးဖြတ်နိုင်စွမ်းကို မပြောခဲ့ပါဘူး။

အင်မတန် တာဝန်မဲ့တဲ့ အပြောအဆို၊ စကားလုံးနဲ့ သဘောထားတွေပါ။ ဆူကြုံနိမ့်မြင့် အယုတ် အလတ် အမြတ် မရွေး နိုင်ငံသား တဦးချင်းရဲ့ လူ့အခွင့်အရေးကို အကာအကွယ်ပေးဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တရပ်ရဲ့ ရပ်တည်ချက်မျိုး၊ တာဝန်ခံ တာဝန်ယူမှုမျိုး မတွေ့ရပါဘူး။

ဒီလို လူ့အခွင့်အရေး၊ မွေးရာပါ ရပိုင်ခွင့်နဲ့ အလုပ်သမား ခံစားခွင့်တွေကို တရားလွန် ချိုးဖောက်ခံနေရတဲ့ လူသား အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုကြီးမျိုးကို နောက်ဆုံး ကာယကံရှင်က ကျေနပ်ပစေဦး၊ လူ့အခွင့်အရေး ကော်မရှင် ကိုယ်တိုင်က ကမကထ ပြု တရားစွဲဖို့ အရေးယူဖို့ လုပ်ရမှာမျိုးပါ။ ဒီအတွက် သတင်းစာ ရှင်းလင်းပွဲ မှာ သတင်းထောက် တချို့ မေးခဲ့ပေမယ့် ကော်မရှင်က လိမ့်ပတ်လည်အောင် ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပါဘူး။

အရိုးကျိုးစေတဲ့ အထိ ပြင်းထန်စွာ နာကျင်စေမှု၊ နှိပ်စက်ညှဉ်းပန်းမှုဟာ ရာဇဝတ်မှုပါ၊ ရဲ အရေးပိုင်တဲ့ အမှု၊ တရားဥပဒေ ကိုယ်နှိုက်က တရားလို ပြု တရားစွဲ လို့ ရတာမျိုးပါ။ ဒါကို လျော်ကြေးပေးပုံစံ လုပ်ခြင်းဟာ တရားမမှု အဖြစ် အဆင့်လျှော့ချ ခဲ့တာ ဖြစ်လို့ အစကတည်း လွဲခဲ့တဲ့ အရေးယူ ဆောင်ရွက်မှု ဖြစ်စဉ်ပါ။

ရာဇဝတ်မှုကို အရင် ရုံးတင် စစ်ဆေး ထိုက်တန်တဲ့ အပြစ်ပေးမယ်၊ ပြီးမှ နစ်နာခဲ့သူတွေ အတွက်လည်း လျော်ကြေးရဖို့ ဘဝတသက်တာလုံး ဒုက္ခတိ အဖြစ် ရှင်သန်ရမယ့် အရေးအတွက် ဖြေဆည်းပေးဖို့က တရားမမှု အဖြစ် သတ်သတ် တရားစွဲ နစ်နာကြေး တောင်းရမယ့် ကိစ္စပါ။

ဒါကို ရဲရော၊ လူ့အခွင့်အရေးရော ကော်မရှင်ကို ကိုင်တွဲပုံ မမှန်ခဲ့ပါဘူး။ ကျနော် ဒီဖြစ်စဉ်မှာ လာဘ်စားမှုတို့၊ ငွေများ တရားနိုင်တို့ သေချာ ဂန လက်ဆုပ်လက်ကိုင် ပြမရတဲ့ ကိစ္စတွေကို ထောက်မပြလိုပါဘူး။ တရားဥပဒေ ဘက်တော်သားနဲ့ လူ့အခွင့်အရေး ကို ကာကွယ်စောင့်ရှောက်ရမယ့် အဖွဲ့အစည်း တရပ် ရဲ့ မဖြစ်မနေ လုပ်ကို လုပ်ရမယ့် တာဝန်ဝတ္တရား ပျက်ကွက်မှုကိုသာ အဓိက ထောက်ပြချင်ပါတယ်။

“ကြီးတဲ့ အမှု ငယ်အောင်၊ သေးတဲ့ အမှု ပ ပျောက် အောင် လုပ်တယ်” ဆိုတဲ့ ကျနော်တို့ တိုင်းပြည်မှာ အကောင်းလုပ် ပြောနေ ဆိုနေ ကြတဲ့ စကားက မတရားမှုတွေကို မွေးထုတ်ပေးနေရာ သားပေါက် စခန်း ဖြစ်နေပါတယ်။

တရားမျှတမှုကို အခြေခံတဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းကို အမှန်တကယ် တည်ဆောက်ချင် တယ်ဆိုရင် ရပ်ထဲ ရွာထဲမှာ အောက်ခြေ လူတန်းစား နင်းပြားတွေ ခံစားနေရတဲ့ မတရားမှုတွေကို သေးသေးဖွဲဖွဲက အစ လူအများသိအောင်၊ မှတ်အောင်၊ ရှောင်ကြဉ်နိုင်အောင် မီးမောင်ထိုး အသားပေး ဖော် ထုတ်ရမှာ ဖြစ်ပါတယ်။ ဒီ တာဝန်ကို အယူသင့်ဆုံးက မြန်မာလူ့အခွင့်အရေး ကော်မရှင်ပါပဲ။

သုတေသန တခု အတွက် စစ်တမ်းကောက်နေတဲ့ မိတ်ဆွေ တချို့နဲ့ စကားပြောဖြစ်တော့ အဲဒီလို ပြီးခဲ့တာ ပြီးပြီ အမှု ပြီးပြတ်ပါစေ၊ အကျယ်မချဲ့ပါနဲ့တော့ ဆိုတဲ့ သဘော မျိုး တာဝန်ရှိသူ တချို့ ဆိုလေ့ရှိကြတယ် ပြောပြပါတယ်။

ကလေး သူငယ်တယောက် လိင် အဓမ္မ အမှု ကျူးလွန်ခံရတာကို ကလေးပဲ ဘာမှလည်း မဖြစ်ပါဘူး၊ သူလည်း သိသေးတာ မဟုတ်ဘူး၊ ကျနော်တို့က ကြီးတဲ့ အမှု ငယ် အောင် လုပ်ပေးလိုက်တာပါပဲ ဆိုပြီး ပြောတာကို ကြားခဲ့ရဖူးတယ်လို့ ဆိုပါတယ်။ လူကြီးနေရာ ယူထားပြီး အင်မတန် တုန်လှုပ်ချောက်ချားဖွယ် ကောင်းတဲ့ အသိမဲ့မှု၊ တာဝန်မဲ့မှု မျိုးပါ။

အခုလည်း အလားတူပါပဲ။ လူ့အခွင့်အရေး ကော်မရှင်က ကြားပွဲစား အလုပ် ဝင် လုပ်ပေးခဲ့ပါတယ်။ ကျေအေးဖို့ လမ်းကြောင်းခဲ့ပါတယ်။ ဒါကို ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ မှန်တယ် ဆိုပြီး ခံပြောခဲ့ပါတယ်။

ဒီဖြစ်စဉ်ကို ကြည့်ပြီး ငယ်ငယ်တုန်းက ကြည့်ဖူးခဲ့တဲ့ ဂျက်နီကိုလ်ဆင်၊ တွမ်ခရုစ်၊ ဒယ်မီမိုး တို့ပါဝင် တဲ့ “လူကောင်းနည်းနည်း (၁၉၉၂)” တရားရုံးနောက်ခံ ဒရမ်မာ ဇာတ်ကား အဆုံးသတ်ကို သတိရမိပါတယ်။

မရိန်း စစ်သင်တန်းမှာ အားနည်းသူ မလိုက်နိုင်သူ တပ်သားငယ် ဝီလီ (Willie) ကို အခြား သင်တန်းသား မရိန်းရဲဘော် အချင်းချင်း တရားမဝင် ပြစ်ဒဏ်ပေးစနစ် နဲ့ ညှဉ်းပန်း နှိပ်စက်ခိုင်းရာမှာ လက်လွန်ပြီးသေသွားတဲ့ အမှုကို စစ်ခုံရုံးမှာ စစ်ရင်းနဲ့ နောက်ဆုံးမှာ အမိန့်ပေးသူဟာ လူကြီး တပ်မှူးဖြစ်ကြောင်း ထင်ရှားသွားခဲ့ပါတယ်။

ဒါပေမဲ့ (အထက်က အမိန့်ပေး ခိုင်းလို့) လက်တွေ့ကျူးလွန်ရတဲ့ မရိန်းတပ်သား နှစ်ယောက်လည်း စစ်တပ်က ဂုဏ်သိက္ခာမဲ့ ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အပြစ်ပေးခံရသူ မရိန်းရဲဘော် အငယ်က အထက်က အမိန့်ပေးလို့ လုပ်ခဲ့ရတာ ထင်ရှားနေပြီ၊ ကျနော်တို့ကို ဘာလို့ တပ်က ထွက်ခိုင်းရသလဲ၊ ကျနော်တို့ ဘာမှားလို့လဲ မေးခွန်းထုတ်ပါတယ်။

ဒါကို အပြစ်ပေးခံရတဲ့ အထဲမှာ ပါတဲ့ အကြီး မရိန်း တပ်ကြပ်က “ငါတို့မှားခဲ့တယ်၊ ငါတို့လည်း အပြစ်ရှိတယ်” ဆိုပြီး ဒီလို စကားတခွန်း ပြောခဲ့ပါတယ်။ အဲဒီ စကားက ကျနော် တသက်လုံး မမေ့နိုင်တဲ့ စကားပါပဲ။

We were supposed to fight for people who couldn’t fight for themselves. We were supposed to fight for Willie ပါတဲ့။

မိမိကိုယ်ကို ကာကွယ်မှု မပြုနိုင်သူ၊ မိမိကိုယ်တိုင် တိုက်ခိုက်မှု မပြုနိုင်သူတွေ အတွက် တိုက်ခိုက်ဖို့ ကာကွယ်ဖို့ စစ်တပ်တို့၊ ရဲတို့၊ ဥပဒေ ဘက်တော်သား တို့ တည်ရှိရတာပါ။

လူ့အခွင့်အရေး ကော်မရှင် ဆိုတာမျိုး ဖွဲ့ထားတာကလည်း မိမိရပိုင်ခွင့် ကို မသိတဲ့၊ မိမိ အခွင့်အရေးကို နားမလည်တဲ့၊ မိမိ နစ်နာမှုကို မစောကြောနိုင်တဲ့ အခု အနှိပ်စက်ခံရတဲ့ ဖြစ်စဉ်ပါ ကော့မှူးက ကလေးငယ်နဲ့ မိသားစုတို့လို မျက်နှာမွဲ နင်းပြား မိသားစုတွေ ကိုယ်စား တရားမျှတမှု တွေကို ဖော်ဆောင်ရမယ့် တာဝန်၊ အသံထွက်ရမယ့် တာဝန် ရှိပါတယ်။

“You were supposed to fight for them” ပါ။ ကော်မရှင် လူကြီးများက အကာအကွယ်ပေးရမှာ၊ ကူညီတိုက်ခိုက်ပေးရမှာ မစန်းကေခိုင်နဲ့ မသဇင် ဘက်ကိုပါ။ ကျေအေးဖို့၊ အသံတိတ်သွားဖို့ လုပ်ရမယ့် တာဝန် မရှိပါ။ မတရားမှု ဖြစ်နေပါတယ် ဆိုတဲ့ အသံကိုသာ ကျယ်ကျယ်လောင်လောင် ဖြစ်စေဖို့ ကူညီ အသံထွက်၊ တရားမျှတမှု ရဖို့ ကိုယ်တိုင် ဦးစီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒီတာဝန်တွေ ပျက်ကွက်ခဲ့၊ ပျက်ကွက်နေဆဲ ဖြစ်နေတဲ့ မြန်မာလူ့အခွင့်အရေး ကော်မရှင်ကို အခု အားကိုးတကြီးနဲ့ တရားမျှတမှု လုပ်ပေးပါလည်း မတောင်းဆိုလိုပါ။ ကော်မရှင် ဖွဲ့စည်းစ အစကတည်းက ကော်မရှင်ရဲ့ ဖြစ်တည်မှုဟာ သန္ဓေ မှန်ခဲ့တယ် မဆိုနိုင်ပါ။

တိုင်းပြည်က လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ဖာဖို့ ထေးဖို့ နိုင်ငံတကာ အမြင်ကောင်းအောင် ပြုလုပ်ပေးဖို့ ဖွဲ့စည်းထားတဲ့ ခေတ်အဆက်ဆက် အာဏာရှိသူ အဝန်းအဝိုင်းကြား နီးစပ်ကာ လူတွင်ကျယ် လုပ်နေသူ ဗျူရိုကရက် (Bureaucrats) တွေ၊ လူထု နဲ့ အဝေးကြီးက ပညာရှင် ဆိုသူ အလိ (Elite) တွေ ကြီးစိုးတဲ့ အဖွဲ့မို့ အစကတည်းက မျှော်လင့်မထားသလို အခု ဖြစ်စဉ် မှာလည်း အားမကိုးပါ။

ဒါပေမဲ့ ကော်မရှင်ဟာ မြန်မာ့ လူ့အခွင့်အရေး နာမည် ယူထားသူတွေ ဖြစ်လို့ သူတို့ လုပ်သင့်တဲ့ အလုပ် တရားမျှတမှုနဲ့ လူသား ရပိုင်ခွင့်တွေကို မဖြည့်ဆည်း ပေးနိုင်တဲ့ အတွက် ရည်ရွယ်သည် ဖြစ်စေ၊ မရည်ရွယ်သည် ဖြစ်စေ ကိုယ့် အလုပ် တခုက လူ့အဖွဲ့အစည်းအတွက် အဆိပ်အတောက် ဖြစ်စေပါပြီ။ မတရားမှုကို ကျေအေးဖို့ ကူညီခဲ့တဲ့ အတွက် ဖုံးဖိလိုတဲ့ သဘောအပြင် ရာဇဝတ်မှု တခု မျှတတဲ့ အပြစ်မပေးနိုင်အောင်၊ ကူညီနေသူ လည်း ဖြစ်နေပါပြီ။

ရာဇဝတ်မှု ကြီးမှာ ကူညီသူ Aiding and Abetting/Accessory ဟာ ပြစ်မှု ကြီး ထောင်ဒဏ် ပေးနိုင်ပါတယ်။ ကူညီသူ သတ်မှတ်ဖို့ရာ သူဟာ ရာဇဝတ်မှု ဖြစ်ချိန်မှာ အတူ ရှိစရာမလိုပါဘူး။ နောက်ပိုင်းမှာ ဖြစ်စဉ်ကို သိတယ်၊ ဒါကို တရားဥပဒေ ရှေ့မှောက် အရောက်ပို့နိုင်အောင် မဆောင်ရွက်ခဲ့ဘူး ဆိုရင် ဒါဟာ Accessory ပါပဲ။

ဒါကြောင့် အင်းဝ အပ်ချုပ်ဆိုင် အမှု နဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကိုပါ ထည့်သွင်းပြီး ပြည်သူက တရားစွဲဖို့ တောင်းဆိုလိုက်ကြောင်းပါ။

စက်တင်ဘာ ၂၁၊ ၂၀၁၆

ငြိမ်းချမ်းအေး
The Ladies News
https://www.facebook.com/News.TheLadies
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.