၂၁ ရာစု ပင်လုံ ကိုယ်စီရင်ခုန် အရုဏ်ဦး || ရီနေနိုင် ||



ဒီကနေ့ကတော့ သမိုင်းမှာ ၂၁ ရာစုပင်လုံ ရယ်လို့ သမိုင်းဝင်မယ့် နေ့တစ်နေ့ ဖြစ်လာမှာပါ။ တကယ်တော့ ဒီနေ့ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ အဓိက ဆာလောင်မွတ်သိပ်ရာ ငြိမ်းချမ်းရေးအရသာကို အပြန်အလှန် မြည်းစမ်းနိုင်ရေး စတင်တည်ခင်းတဲ့ပွဲလည်း ဖြစ်ပါတယ်။ (ဒီခေတ်ဒီကာလကြီးမှာ ပစ္စည်းကောင်းမှန်သမျှဟာ အမြည်းပေးတာတို့၊ စမ်းသုံးခိုင်းတာတို့ကနေ တစ်ဆင့်သာ လူကြိုက်များတဲ့ဆီ ရောက်ရတာချည်းပဲကိုး ခင်ဗျ)။ တစ်နည်းအားဖြင့် ၂၁ ရာစု ပင်လုံ ဆိုတာ နိုင်ငံသားတိုင်း နှစ်ပေါင်းများစွာ မက်လာတဲ့ အိပ်မက်ကို ဖော်ဆောင်မယ့် နိဒါန်း၊ တစ်နည်းအားဖြင့်တော့ “ကိုယ်စီ ရင်ခုန်ကြိုဆိုရမယ့် လင်းလက်အရုဏ်ဦး” ဆိုရင် မှားမယ် မထင်ပါဘူး။

အရုဏ်ဦးဆိုတဲ့ လင်းလက်ရောင်ခြည် မမြင်မီမှာ ကျွန်တော်တို့တစ်တွေဟာ တစ်ဦးကိုတစ်ဦး သံသယတို့ မယုံကြည်မှုတို့ တစ်ဖက်သတ် အမြင်တို့ စတဲ့ အမှောင်ထုကြီးတွေထဲ စမ်းတ၀ါးဝါး နေနေကြရတာဆိုတာလည်း အားလုံးအသိပါပဲ။ (အမှောင်ကြီးထဲမှာ စမ်းထဲကလူကစမ်း၊ ၀ါးတဲ့လူက၀ါးတော့ ဖြစ်ချင်ဖြစ်မှာပေါ့နော်)။ တစ်နည်းအားဖြင့် ငြိမ်းချမ်းရေး ရောင်ခြည်မသန်းမီ ပြည်တွင်းစစ် ပဋိပက္ခ အမှောင်ထုထဲမှာ ဆင်းရဲဒုက္ခနဲ့ နေခဲ့ကြရတာဟာ ဆယ်စုနှစ်နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ။ တကယ်တော့ ပြည်တွင်းစစ်ဆိုတာကြီးက လွတ်လပ်ရေးနဲ့အတူ ပါလာတာလို့ ပြောကြသလို လက်ဝဲအင်အားစုများ လက်တွဲကြိုးစားခဲ့တဲ့ လွတ်လပ်ရေး ရလာတဲ့အခါ လက်ဝဲ ထဲမှာမှ အစိုးရနေရာ ရောက်လာတဲ့ ဆိုရှယ်လစ်အုပ်စုနဲ့ အဓိကအတိုက်အခံ ဖြစ်လာတဲ့ ကွန်မြူနစ်တို့ သဘောပိုကွဲရာက တောထဲ ထွက်သူကထွက်၊ ထောင်ထဲဖမ်းပို့သူကပို့နဲ့ ပြည်တွင်းစစ်ကြီး ဖြစ်လာတယ်လို့ ဆိုတယ်။ တစ်ခါ ကိုလိုနီဝါဒရဲ့အမွေဆိုးလို့ မြင်ကြတာ ရှိသလို ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် ကြေညာခဲ့ရာကနေ တိုင်းရင်းသားတွေ နားလည်မှုပိုလွဲပြီး ပြည်တွင်းစစ်ပိုကျယ်ပြန့် သွားတယ်လို့ သုံးသပ်ကြတာလည်း ရှိပါတယ်။ ဒါပေမဲ့ သမိုင်းကို သမိုင်းမှာပဲ ထားခဲ့ပြီး ရှေ့ဆက်ကြဖို့ လုပ်ကြရမှာပါပဲ။

ဒီနေရာမှာ အရင်ကလည်း သမိုင်းကို သမိုင်းမှာ ထားခဲ့ပြီး ရှေ့ဆက်နိုင်ဖို့ ၀ိုင်းရုန်းကန် ကြိုးစားကြတာပါပဲ။ ဒါပေမဲ့ သမိုင်းကနေ ရှေ့ဆက်ရင်းဆက်ရင်း “အင်းစိန်” ရောက်ရောက် ကုန်တာကိုး။ အခုတော့ နောက်ကြောင်းမပြန်ကြေး ဆိုတဲ့မူနဲ့ အရင်နဲ့မတူတဲ့ လမ်းကို လျှောက်ကြရာမှာ “အင်းစိန်”နဲ့ဝေးပြီး လွှတ်တော်တို့၊ မြို့တော်ခန်းမတို့၊ ငြိမ်းချမ်းအေးမြတဲ့ ရွှေတိဂုံတို့၊ မောသမျှ အပန်းဖြေနိုင်မယ့် ပန်းခြံတို့နဲ့ နီးရာဘက်ဆီ အတူတူလျှောက်လှမ်းရမယ်လို့ ကိုယ်စီသဘောပေါက်လာပြီလို့ ယူဆရပါတယ်။ အမှန်တော့ မြန်မာ့သမိုင်း မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုတာက အရင်က မလုပ်ဖူးတာတော့ မဟုတ်ပါဘူး။ အားလုံးသိတဲ့အတိုင်း လွတ်လပ်ရေး ခေတ်ဦး ပါလီမန် အစိုးရခေတ်မှာ “ငေးမနေနဲ့ရဲဘော်၊ တွေးမနေနဲ့ရဲဘော်၊ ငြိမ်းချမ်းရေးအတွက် တူပျော်ပျော်”ဆိုတဲ့ သီချင်းမျိုးနဲ့ လှုံ့ဆော်ပြီး တောထဲ ရောက်နေတဲ့ ရဲဘော်တွေကို ပြန်ခေါ်ဆွေးနွေးတာမျိုး လုပ်ဖူးပါတယ်။ “လက်နက်နဲ့ ဒီမိုကရေစီလဲမယ်”ဆိုတာက အဲဒီခေတ်က စခဲ့ တဲ့ စကားလုံးပါပဲ။ အဲဒီမှာ တောထဲကလာသူတွေကို ပထစအစိုးရက ဖော့ဦးထုပ်တစ်လုံးစီ ဝေခဲ့ပါတယ်။ ဒါကို ကြေးမုံဦးသောင်းက ကြေးမုံသတင်းစာကနေ “လက်နက်နဲ့ဖော့ဦးထုပ်လဲမယ်”လို့ သရော်တော်တော် ရေးခဲ့ဖူးပါသေးတယ်။ အဲဒီကာလကလည်း လူတွေ မျှော်လင့်ချက်ကြီးခဲ့ပြီး သက်ရှိထင်ရှား ရှိနေသေးတဲ့ ဆရာကြီး သခင် ကိုယ်တော်မှိုင်းကဆို “ဆရာမသေခင် ငြိမ်းချမ်းရေးရတာ မြင်သွားချင်တယ်”လို့ ပြောခဲ့ဖူးတာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီခေတ်မှာလည်း ငြိမ်းချမ်းရေး တကယ်မရခဲ့ပဲ ငြိမ်းချမ်းရေး လူထုလမ်းလျှောက်ပွဲ တို့ဘာတို့ လုပ်တဲ့သူတွေသာ ထောင်ထဲရောက်တာ ရှိခဲ့ပါတယ်။

နောက်တော့ တော်လှန်ရေးကောင်စီ ခေတ်ဦး ၁၉၆၃ မှာ ဗိုလ်ချုပ်ကြီးနေ၀င်းက “ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲခေါ်ခဲ့ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ အဲဒီဆွေးနွေးပွဲမှာ ကရင်တော်လှန်ရေး ကောင်စီ (ကေအာစီ) ခေါင်းဆောင် စောဟန်တာသာမွှေး ရဲ့အဖွဲ့ကလွဲပြီး ကျန်အဖွဲ့များနဲ့ ဆွေးနွေးမှု မပြေလည်ဘဲ ပျက်သွားခဲ့ရပါတယ်။ စောဟန်တာသာမွှေးနဲ့ ပြေလည်တယ်ဆိုတာတောင် သူနဲ့ပါလာတဲ့ တပ်မဟာ (၅)တပ်မှူး ဗိုလ်လင်းထင်ဟာ အစိုးရကို မယုံကြည်တော့ဘဲ တောပြန်ခိုဖို့ ကြံစည်စဉ်မှာပဲ အသေပစ်ခတ် ဖမ်းဆီးခံရရာကနေ မူလ ငြိမ်းချမ်းရေး သဘောတူညီချက်တွေလည်း ပျက်ပြယ်သွားတယ်လို့ ဆိုပါတယ်။ ဒီလိုပဲ နအဖ ခေတ်မှာလည်း ငြိမ်းချမ်းရေးထက် အပစ်အခတ် ရပ်စဲရေးကို ပိုဦးစားပေး ဆွေးနွေးခဲ့တဲ့ သဘောတူညီချက်တွေက တစ်ဆင့် နိုင်ငံရေး တိုးတက်မှု အသွင်မဆောင်ဘဲ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တချို့ စီးပွားရေးသမား ဖြစ်သွားတာက လွဲရင် အဖြေမရခဲ့ပါဘူး။ ဒါကြောင့် နိုင်ငံရေး အနှစ်သာရထက် ပုဂ်္ဂိုလ်ရေး အကျိုးစီးပွားကို အခြေပြု ကမ်းလှမ်းခဲ့တာ ဟာ အဖြေ အစစ်အမှန်မရဘူးဆိုတဲ့ သင်ခန်းစာကို နောင်လာနောက်သားတွေအတွက် ထားခဲ့တာကလွဲပြီး အောင်မြင်တဲ့ ငြိမ်းချမ်းရေးအဖြေ မရခဲ့ဘူးလေ။

ဒီတော့ ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ မလုပ်ဖူးတာမျိုး မဟုတ်ဘဲ ခဏခဏ လုပ်ခဲ့ဖူးတာမျိုးပါပဲ။ ဆေးလိပ်စွဲနေသူက “ဆေးလိပ်ဖြတ်တာများ ဘာခက်လို့လဲ၊ ငါဆို ခဏခဏ ဖြတ်နေတာ”ဆိုတာမျိုး ပြောတယ်ဆိုတာလို ကျွန်တော်တို့လည်း “ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တို့ခဏခဏလုပ်ဖူးနေတာ” လို့ ပြောရမလို ဖြစ်နေတာ။ ဒါပေမဲ့ ဒီတစ်ခါကတော့ ထူးခြားချက်တစ်ခုက ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ခေါင်းဆောင်လုပ်သူက တိုင်းရင်းသား အများစုက ပုံအပ်ယုံကြည်နိုင်လောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေပြီး ဆွေးနွေးပွဲခေါင်းစဉ်ကိုက “၂၁ ရာစု ပင်လုံ” ဆိုတဲ့ ပြည်ထောင်စုစိတ်ကို ထင်ဟပ်ပေါ်လွင်တဲ့ ဆွေးနွေးပွဲမျိုး ဖြစ်နေတာပါပဲ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ၂၁ ဖွဲ့ရှိပြီး အဲဒီအထဲက ၁၇ ဖွဲ့ တက်ရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။ မြောက်ပိုင်း မဟာမိတ်အဖွဲ့ လို့ဆိုကြတဲ့ ကိုးကန့်၊ အေအေနဲ့ တအာင်းပလောင်အဖွဲ့အပြင် နာဂအဖွဲ့လည်း မတက်ရောက်နိုင်ဘူးလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒီဆွေးနွေးပွဲမှာ အားလုံးပါဝင်နိုင်အောင် အစိုးရက ကြိုးစားဆောင်ရွက်ခဲ့ကြောင်း ပြောပါတယ်။ ဒါကလည်း မှန်ပုံရပါတယ်။ တကယ်တော့ လက်ရှိအစိုးရ အနေနဲ့က ဒီဆွေးနွေးပွဲကို ၂၀၀၈ အခြေခံဥပဒေ မူဘောင်ထဲကနေ ဆောင်ရွက်နေရတာဖြစ်ကြောင်း သဘောပေါက်ဖို့ လိုပါတယ်။ တစ်ဖက်မှာလည်း တပ်မတော်က အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပုံ ပေါ်လွင်ပါတယ်။ မတက်ရောက်တဲ့အဖွဲ့သုံးဖွဲ့နဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ တောင်းဆိုမှုမှာ ပထမတော့ လက်နက်စွန့်ရမယ် ဆိုရာကနေ နောင်မှာ လက်နက်စွန့်မယ်အကြောင်း ကတိပေးဖို့၊ နောက်တစ်ဆင့်လျှော့ပြီး လက်နက်ကိုင်လမ်းစဉ်မူကို စွန့်လွှတ်မယ်ဆိုတာ ကြေညာဖို့အထိ အဆင့်ဆင့် လျှော့ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ညှိနှိုင်းဆွေးနွေးတယ် ဆိုတာက အပြန်အလှန် လေးစားမှုရော၊ အပြန်အလှန် သဘောထားကြီးမှုရော လိုအပ်တာပါပဲ။ တောင်အာဖရိက နိုင်ငံမှာတုန်းကဆိုရင် ဒီကလပ်ဟာ လက်ရှိအာဏာရှိ သမ္မတတစ်ယောက်အနေနဲ့ အစွမ်းကုန် သဘောထားကြီးခဲ့တာကို မြင်ခဲ့ကြရပါတယ်။ မင်ဒဲလားရဲ့ အေအဲန်စီပါတီဟာ မတရားသင်း ကြေညာခံရပြီး ထောင်ချခံထားရတဲ့ အနေအထားကနေ အာဏာရပါတီဘ၀ကို ရောက်သွားတဲ့အထိ ဒီကလပ်က လမ်းဖွင့်ပေးခဲ့တာပါ။ ဒီကလပ်ဟာ ဒါကြောင့် လူဖြူအာဏာရတွေရဲ့ သစ္စာဖောက်လို တံဆိပ်ကပ်ခံရပေမယ့် သမိုင်းမှာတော့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးခဲ့တဲ့ သဘောထားပြည့်ဝသူ အဖြစ် ကျန်ခဲ့တာပါ။ မင်ဒဲလားကလည်း ဒီကလပ်ကို ဒုသမ္မတ ရာထူးပြန်ပေးပြီး အပြန်အလှန် သဘောထား ကြီးခဲ့တာပါပဲ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမအကျော့သာ ရှိသေးပြီး အဆင့်ဆင့် ခရီးဆက်ရဦးမယ့် ကျွန်တော်တို့တစ်တွေရဲ့ ဆွေးနွေးပွဲ အဆင့်ဆင့်မှာ ပါဝင်ဆွေးနွေးညှိနှိုင်းမယ့် သူများဟာ ဒီလို လူမျိုးတွေဆီက သဘောထားကြီးမှုနဲ့ အမြော်အမြင်ကြီးမှုတွေကို အတုယူ ပြီး သမိုင်းကောင်းထားခဲ့နိုင်ဖို့ အရေးကြီးပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာက ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြောကြရင် တိုင်းရင်းသားများကပဲ ငြိမ်းချမ်းရေးကို လိုချင်ပြီး တပ်မတော် ကတော့ မလိုချင်သယောင် ပြောဆိုတာတွေ မကြာခဏ ကြားရပါတယ်။ အမှန်တော့ ငြိမ်းချမ်းရေး မရရှိခြင်းရဲ့ ဒဏ်ရာဒဏ်ချက်တွေ ကို အသက်နဲ့ဘ၀နဲ့ ရင်းပြီး လက်တွေ့ခံစားနေရတဲ့ အထဲမှာ တပ်မတော် အရာရှိ အရာခံ အကြပ်တပ်သားတွေ အားလုံး ပါဝင်ပါတယ်။ တစ်ဦးချင်း တစ်ယောက်ချင်းမှာလည်း ခါးသီးတဲ့ အတွေ့အကြုံတွေ၊ မမေ့နိုင်စရာ ရင်နင့်ရမှုတွေ ရှိနေတတ်ပြီး တချို့တပ်မတော်အရာရှိ တွေဆိုရင် ကိုယ့်ဘက်က ရင်နာစရာတွေ တင်မကဘဲ ကိုယ့်တပ်က ပစ်ခတ်လို့ ကျဆုံးသွားတဲ့ တစ်ဖက်အုပ်စုက ညီနောင်တိုင်းရင်းသား တွေဆီမှာ ကျန်ခဲ့တဲ့ ဓာတ်ပုံတို့ စာတို့၊ ဒိုင်ယာရီတို့ကနေ ကြေကွဲရင်နင့်စရာတွေကို တစ်သက်လုံး မမေ့နိုင်သူတွေလည်း ရှိနေပါတယ်။ တချို့ တပ်မတော်အရာရှိတွေမှာ တစ်ဖက် လက်နက်ကိုင်တို့ ကျင်လည်ရာ ရွာတွေမှာ သွားလာလှုပ်ရှားရင်း သူတို့ဆွေမျိုးတွေနဲ့ပါ သံယောဇဉ်ဖြစ်၊ မိသားစုလို ခင်မင်တွယ်တာရင်း သူတို့တွေ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကို ခံစားနားလည် သွားနိုင်သူတွေလည်း အများကြီး တွေ့ရပါတယ်။ စစ်ဖြစ်တယ်ဆိုရင် သတ်ရဖြတ်ရ ရက်စက်ရ၊ ဥပဒေမဲ့လုပ်မိကြရနဲ့ နှစ်ဖက်စလုံးမှာ တစ်ဦးချင်း ဆုံးဖြတ်ချက် အမှားနဲ့ လုပ်ကိုင်ခဲ့မိသမျှဟာ မိမိကိုယ်စားပြုတဲ့အုပ်စုကို အမည်းစက်ထင်စေပြီး ညီနောင် တိုင်းရင်းသားချင်းကို သွေးကွဲစေတာပါပဲ။

ဘာပဲဖြစ်ဖြစ် ပြောခဲ့သလိုပဲ ပြီးခဲ့တာတွေကို သမိုင်းကို သမိုင်းမှာပဲ ထားရစ်ပြီး ရှေ့ဆက်ဖို့ လက်တွဲ လျှောက်လှမ်းကြမယ်လို့ ဆုံးဖြတ်ချက်နဲ့ ညှိနှိုင်းဆွေးနွေးရာမှာ ကိုယ်ဖြစ်ချင်တာတွေကို ပြောရင်း တစ်ဖက်က ဖြစ်ချင်တာတွေကိုလည်း နားထောင်ပေးကြရမှာ ဖြစ်ပြီး ဖြစ်ချင်တာ ဆိုတာတွေကလည်း ဖြစ်နိုင်တယ်ဆိုတဲ့ ဘောင်ထဲဖြစ်ဖို့ လိုမှာဖြစ်ပါတယ်။ ပြည်သူတွေကတော့ နှစ်ပေါင်းများစွာ မက်လာတဲ့ အိပ်မက်အတွက် မျှော်လင့်ချက်တွေ ယုံကြည်ချက်တွေနဲ့ ဒီပွဲကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြပါတယ်။ ဒီလို ကြိုဆို တဲ့ပွဲမှာ ကြုံခဲ့ရတဲ့ တပ်မတော်အရာရှိဟောင်း တစ်ဦးနဲ့ စကားစပ်ပြောဆိုရင်းက တကယ် အောင်မြင်စေချင်ပါကြောင်း လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုတာကိုလည်း ကြားခဲ့ရပါတယ်။ ငြိမ်းချမ်းရေးရမှ ကျွန်တော်တို့ လုပ်ရမှာ အများကြီးကို ဆက်လုပ်နိုင်မှာလို့ သူက ပြောတာပါ။

ဒီတော့ ပထမအကျော့ဆိုတဲ့ ဒီဆွေးနွေးပွဲမှာ ပြည်သူတွေ ယုံကြည်ထားသလို အောင်မြင်မှုတွေ ရရှိရုံမကဘဲ နောင် အကျော့တွေမှာ ပိုမိုပြည့်စုံပြီး အားလုံး ပါဝင်နိုင်တဲ့ အဆင့်များဆီ တက်လှမ်းနိုင်ခြင်းအားဖြင့် တစ်မြေတည်းနေ တစ်ရေတည်းသောက် တစ်မိုးတည်းအောက်က ညီနောင် တိုင်းရင်းသားတွေ ငြိမ်းချမ်းရေးအစစ်ရဲ့ ရသကို မြည်းစမ်းရုံမဟုတ်ဘဲ လက်တွေ့ခံစားသောက်သုံးခွင့် ရပါစေကြောင်း မျှော်လင့်ဆုတောင်းကြရမှာပါပဲ ခင်ဗျား။

ရီနေနိုင်
http://www.theladiesnewsjournal.com/articles/wed-2016-08-31-1518/3186
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.