KIO ခေါင်းဆောင်က တိုင်းရင်းသားများခွဲထွက်ခွင့်မတောင်း ပြောသလို ၊ တပ်မတော်ကိုယ်စားလှယ်ကလည်း ခွဲထွက်ခွင့်ပါသည့် ဖက်ဒရာယ်မူကို လက်မခံဟုဆို

၂၁ ပင်လုံ ညီလာခံသို့တက်ရောက်ခဲ့သည့် ကေအိုင်အို ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ကြီးအန်ဘန်လက တိုင်းရင်းသားများတောင်းဆိုနေခြင်းမှာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်သာဖြစ်ပြီး ခွဲထွက်ခွင့်တောင်းဆိုနေခြင်းမဟုတ်ဟု ပြောသည်။

‘ ဟိုတုန်းက ကျွန်တော်တို့ ပြောခဲ့တဲ့ ဖက်ဒရာယ်ပြည်ထောင်စုဆိုတာ စုဖွဲ့ပြီးအားလုံးအေးအတူ ပူအမျှနေထိုင်သွားဖို့ဖြစ်တယ်။ ဖက်ဒရာယ်ပြည်ထောင်စုဟာလည်း ခွဲထွက်ရေးမပါဘူးဆိုတာ ကျွန်တော်တို့ ပြောလိုတယ်။ ‘ ဟု ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ကြီးအန်ဘန်လက အဖွင့်မိန့်ခွန်းတွင်ပြောဆိုသည်။

၎င်းအနေဖြင့် ၂၁ ရာစု ပင်လုံအသုံးနှုန်းနှင့်ပတ်သက်၍ ၁၉၄၇ ခုနစ်က တိုင်းရင်းသားများနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့အကြား လွတ်လပ်ရေးအရယူနိုင်ရန် လက်မှတ်ရေးထိုးခဲ့သည့် ပင်လုံစာချုပ်သဘောတူညီချက်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည်ဟု ခံစားရကြောင်းလည်း အဖွင့်မိန့်ခွန်းတွင် ပြောဆိုသည်။

‘ ဟိုတုန်းက ထားရှိခဲ့တဲ့ ပင်လုံစိတ်ဓါတ် ၊ ပင်လုံ ကတိက၀တ်နဲ့ စာချုပ်တွေက အားလုံးပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း၊ တိုင်းရင်းသားပြည်သူအားလုံးအတွက် တန်းတူညီမျှရှိသော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံမဖြစ်သည်ကလွှဲ၍ ကမ္ဘာ့အလယ်တွင် လွတ်လပ်သည့်နိုင်ငံအဖြစ် ပေါ်ထွန်းခဲ့သည်ကိုတော့ အသိအမှတ်ပြုရမည်ဖြစ်သည်ဟု ဆိုသည်။

‘ ညီအစ်အကိုမောင်နှမ စိတ်ဓါတ် ပြည်ထောင်စု စိတ်ဓါတ်မွေးကြဖို့အရေးကြီးပါတယ်။ ဗမာမဟုတ်တဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ ဘာကြောင့် လက်နက်ကိုင်စွဲတော်လှန်နေကြသလဲဆိုတာ မေးချင်ကြပါလိမ့်မယ်။ ကျွန်တော်တို့ ပင်လုံမှာ ရှိခဲ့တဲ့ ကတိက၀တ်တွေကို အကောင်ထည်မဖော်ခဲ့ကြလို့ ကျွန်တော်တို့လိုလားတဲ့ ဒီမိုကရေစီအရေး ၊တန်းတူအရေး ကိုယ်ပိုင်ပြဌာန်းခွင့်တွေဆုံးရှုံးနေလို့ပဲ ဖြစ်တယ်လို့ ဆိုရမှာဖြစ်တယ် ‘ ဟု ဗိုလ်ချုပ်ကြီးအန်ဘန်လက ပြောသည်။

၁၉၆၂ ခုနစ်နှစ်မှစ၍ အာဏာသိမ်းကာ မြန်မာ့နိုင်ငံရေးတွင် တောက်လျှောက်ပါဝင်ခဲ့သည့် တပ်မတော်မှာ ၆၂ အာဏာသိမ်းရသည့်အကြောင်းအရင်းမှာ ခွဲထွက်ခွင့်ကြောင့် တိုင်းပြည် ချောက်ကမ်းပါးထဲကျမည်ကို စိုးရိမ်သဖြင့် တပ်မတော်မှ အာဏာဝင်ယူခဲ့ရခြင်းဟု ခေတ်အဆက်ဆက် အကြောင်းပြခဲ့သည်။

‘ကျွန်တော်တို့သွားမှာက ဖက်ဒရာယ်သွားမှာ ဖက်ဒရာယ်မှာ ကျွန်တော်တို့ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းလို့ရတဲ့ ဖက်ဒရယ်ကိုသွားမှာ ကနေဒါလို ဖြစ်ချင်မှ ဖြစ်မယ်။ ရေမြေတောတောင်သဘာဝချင်း နောက်ခံသမိုင်းချင်း မတူဘူး။ ခွဲထွက်ခွင့်မပါဘူး။ ‘ ဟု တပ်မတော်၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖြစ် ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ပါဝင်နေသူ ဦးခင်ဇော်ဦး ( ဒုတိယ ဗိုလ်ချုပ်ကြီး အငြိမ်းစား ) က ပြောသည်။

ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏ ထိပ်တန်းခေါင်းဆောင်ကမူ ပင်လုံ ကတိက၀တ်၊သဘောတူညီချက်များကို အသုံးပြုခြင်းမှာ ငြိမ်းချမ်းရေးအတွက် အလွန်အရေးကြီးသည်ဟု ဆိုသည်။

================

The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.