လူမှုကွန်ယက်ပေါ်က ကိုကျော်မင်းဆွေ-Kyaw Min Swe ရေးတဲ့ စာတစ်စောင်။

ခုံးကျော်တံတားတွေဆောက်လိုက်တဲ့ နေရာတွေမျာ ယာဉ်ကြောပိတ်ဆို့မှုက မပြေလည်တဲ့အပြင် တံတားပေါ်အထိပါ ပိတ်လာတာတွေ့ရတော့ မပြောချင်ပေမယ့် ပြောစရာ ဖြစ်လာတယ်။

ပြီးပြီးသား ကိစ္စတွေ ပြန်ပြောရတာ မကောင်းဘူးဆိုပေမယ့် အဲလို ပြောရအောင်လည်း နောက်ဆက်တွဲ ပြဿနာတွေက ဒုက္ခပေးနေတာကိုး။ နောက်ဆုံးဖွင့်ထားတဲ့ တာမွေခုံးကျော်တံတားဆိုရင် အင်ဂျင်နီယာပညာရပ်ကိုတောင် သိက္ခာချထားသလိုပဲ။ ပုံစံထုတ်၊ ဆောက်သွားတဲ့သူကို အံ့သြပါရဲ့။ အဲဒီထက်ဆိုးတာက မြောက်ဥက္ကလာ ခြောက်ကွေ့နဲ့ လေဆိပ်ဖက်ကို သွားတဲ့လမ်းပေါ်က ခုံးကျော်တံတားပဲ။ ဘယ်လို အင်ဂျင်နီယာ ပညာရပ်နဲ့ ပုံစံထုတ်လိုက်သလဲမသိဘူး။ အဲဒီတံတားကို အခုထိ မျက်စိလည်နေတုံး။

ခုံးကျော်တံတားတွေ ဆောက်တာက ဘာနဲ့တူနေလဲဆိုတော့ ဒုတိယကမ္ဘာစစ်က ဗြိတိသျှ တပ်တွေ မြန်မာ့စစ်မြေပြင်မှာ ချီတက်ရာလမ်းတစ်လျှောက် ယာယီတံတားတွေထိုးပြီး သွားတာနဲ့ တူနေတယ်။ ယာယီဆိုတဲ့သဘောက လတ်တလော ပြဿနာ ပြေလည်ဖို့ အဓိက။ ရေရှည်အတွက်မပါဘူး။ ဒါက အယဉ်ကျေးဆုံး ဥပမာလို့ပြောရမယ်။ လွန်ခဲ့တဲ့ အနှစ်ခြောက်ဆယ်လောက်က ဗြိတိသျှ စစ်အင်ဂျင်နီယာတွေက ဒီနေ့ ရန်ကုန်မှာ ခုံးကျော်တံတား ဆောက်တဲ့ အင်ဂျင်နီယာတွေထက် အပုံကြီးသာတယ်။

ပြောရရင် ခုံးကျော်တံတားတွေကို နိုင်ငံတကာနဲ့တောင် ယှဉ်ကြည့်စရာမလိုဘူး။ မြန်မာပြည်မှာတင် မ.ဆ.လ ခေတ်က ဆောက်သွားတဲ့ အမဲဈေး(အခုမင်္ဂလာဈေး)အကျော်က တံတားကိုသာကြည့်လို့ပြောချင်တယ်။ အဲဒီတံတားမှာ သာကေတဖက်ကိုသွားချင်တဲ့ကားတွေရော၊ ပုစွန်တောင်ဈေးဖက်သွားချင်တဲ့ ကားတွေရော၊ စက်ဆန်းကနေ ကြက်ဘဲဈေးဖက် ပြန်လာချင်တဲ့ ကားတွေကိုရော အဆင်ပြေပြေ ချောချောမွေ့မွေ့ မီးပွိုင့်မလို၊ ကားကြောမပိတ်ဘဲ သွားလို့ရအောင် ပုံစံထုတ်ထားတယ်။ အဲဒီ တံတားကို ဒီနေ့ ခုံးကျော်တံတား ဆောက်တဲ့ အင်ဂျင်နီယာတွေ သွားလေ့လာကြည့်လိုက်အုံးလို့ ပြောချင်တယ်။

ဒီဖက်ခေတ် ခုံးကျော်တံတားတွေကိုတော့ နိုင်ငံခြားအထိ သွားကြည့်စရာမလိုဘူး။ အွန်လိုင်းမှာ ကလစ်တစ်ချက် နှိပ်လိုက်တာနဲ့ ပညာရပ်ဆိုင်ရာ နယ်ပယ်အလိုက် အထူးပြုတဲ့ အပိုင်းအလိုက် ဝက်ဘ်ဆိုဒ်ပေါင်း သိန်းချီထွက်လာလိမ့်မယ်။

ဗဟုသုတနည်းတာရယ်၊ အတတ်ပညာသဘော နားမလည်တာရယ်၊ စေတနာနည်းတာရယ်၊ ပရောဂျက်ပြ စားချင်တာရယ်၊ ဘတ်ဂျက်ကုန်ခါနီး အစိုးရသက်တမ်းကုန်ခါနီး နောက်ဆုံးပိတ် အိတ်နဲ့လွယ်ချင်တာရယ်ပေါင်းပြီး လုပ်သွားတဲ့ ကိစ္စပေါ့။ အဲဒါတွေအတွက် အဓိက တာဝန်ရှိ သက်ဆိုင်သူကြီးကတော့ လက်ရှိအစိုးရရဲ့ ထိုင်ခုံကြီးတစ်ခုမှာ မိန့်မိန့်ကြီးထိုင်နေလေရဲ့။

အဲဒီလို ပေါက်ကရလေးဆယ် လုပ်သွားတဲ့ ပရောဂျက်တွေကို သေချာတော့ ပြန်စိစစ်သုံးသပ်ဖို့လိုမယ်။ ဘယ်လို အရေးယူဆောင်ရွက်မလဲ၊ ဘယ်သူ့ကို တာဝန်ယူခိုင်းမလဲဆိုတာ စည်းမျဉ်း၊ စည်းကမ်း ရှိနေဖို့လိုမယ်။ သူတို့ကတော့ လုပ်ချင်သလို လုပ်သွားပြီး ကြွယ်ဝချမ်းသာသွားကြပေမယ့် နောက်ဆုံး ခံရတာက သာမန် ပြည်သူတွေလေ။ အဲတော့ ဘယ်တရားမလဲ။ တစ်ရက် တစ်ရက် လမ်းပေါ်မှာတင် ကုန်သွားတဲ့အချိန်တွေကိုသာ တစ်နာရီ အနိမ့်ဆုံး လုပ်အားခရယ်၊ သက်တမ်းရယ်နဲ့ အချိုးကျ တွက်ကြည့်ရင်တောင် တစ်ရက်အတွင်း သန်းချီ ဆုံးရှုံး၊ လူ့သက်တမ်းဘယ်လောက် ကုန်သွားသလဲဆိုတာ စဉ်းစားသာကြည့်ကြတော့။

အဲဒါထက် လက်တွေ့မှာ ဘာဖြစ်နေသလဲဆိုတော့ ယာဉ်ကြောပိတ်တာများလာတာနဲ့အမျှ ကားသမားတွေ စိတ်ပိုတိုလာတယ်။ စည်းကမ်းပိုဖောက်လာတယ်။ ခရီးသည်တွေအပေါ် ပိုပြီး ရိုင်းပြလာတယ်။ ခရီးသည်တွေမှာလည်း စိတ်ညစ်၊ စိတ်အလိုမကျတာတွေ များများလာတယ်။ အဲဒါတွေက အလုပ်ခွင်တွေထဲအထိ သက်ရောက်လာပြီး အချင်းချင်းအကြား ပြဿနာ ပိုများလာတယ်။ အလုပ်ခွင် အမှားတွေ၊ အလုပ်မပြီးတာတွေ၊ အလုပ်ပျက်ကွက်မှုတွေများလာတယ်။ ကုန်ကုန်ပြောရရင် ဒီတိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်ငန်း စွမ်းဆောင်ရည် နိမ့်ပါးလာပြီး စီးပွားရေးကဏ္ဍကြီးတစ်ခုလုံးအထိပါ ထိခိုက်မှုရှိလာတယ်။ တာဝန်ရှိသူတွေ သတိထားမိစေချင်လို့ပါ။

ခုံးကျော်တံတားတွေက ယာဉ်ကြောပိတ်ဆို့မှုကို မဖြေရှင်းနိုင်ဘဲ ကြာရင် ဝန်ထုပ်ဝန်ပိုးပါ ဖြစ်လာနိုင်တာကို တွေးမိပြီး ရေးဖြစ်တဲ့အတွက် အလိုမကျသံ ပါသွားရင် သည်းခံဖတ်ကြဖို့ ကြိုပြီး မေတ္တာရပ်ခံပါရစေ။

ကျိုးကြောင်းကျ ဝေဖန်ဖို့၊ လွတ်လွတ်လပ်လပ်၊ ယဉ်ယဉ်ကျေးကျေး၊ လူကြီးလူကောင်းဆန်ဆန် သဘောထားကွဲလွဲဖို့နဲ့ ဆင်ခြင်သတိပြုမိကြဖို့ပါ။

ရေးသားသူ-Kyaw Min Swe.
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.