မဟာ ဗီဂျီယာ လောင်ကွန်း


ကွယ်လွန်သွားပြီ ဖြစ်တဲ့ သက်တော် ၈၈ နှစ်ရှိ ထိုင်း ဘုရင် ဘူမိဘော အဒူဂျာဒက်နဲ့ မိဖုရားကြီး သီရိခေတ် တို့ရဲ့ တဦးတည်းသော သား ဖြစ်ပါတယ်။

၁၉၅၂ ဂျူလိုင်လ ၂၈ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ၁၉၇၂ အသက် ၂၀ မှာ ဖခင် ဖြစ်သူက အိမ်ရှေ့မင်းသား အဖြစ် တရားဝင် ခန့်အပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သြစတေးသျှ နိုင်ငံ ကင်ဘာရာရှိ ဒန်တွန်း ဘုရင် စစ်အကယ်ဒမီ ကျောင်းမှ ဆင်းပြီးနောက် ထိုင်း တပ်မတော်မှာ အရာရှိတဦး ဖြစ်လာခဲ့ပါတယ်။ ၁၉၇၀ နောက်ပိုင်း နှစ်များမှာ ထိုင်းနိုင်ငံ အတွင်းရှိ ကွန်မြူနစ် သောင်းကျန်းမှုကို ချေမှုန်းတဲ့ စစ်ဆင်ရေးတွေမှာ ကိုယ်တိုင်ပါဝင်ခဲ့ပြီး ကျွမ်းကျင်တဲ့ ရဟတ်ယာဉ် မောင်းတဦးလည်း ဖြစ်လာပါတယ်။

၁၉၇၈ မှာ ထိုင်း ဘုရင် ကိုယ်ရံတော်တပ်ရင်း ရဲ့ အကြီးအကဲ ဖြစ်လာခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန် နဲ့ သြစတေးသျှ တို့မှာ အထူးစစ်ဆင်ရေးသင်တန်းတွေ ဖြစ်တဲ့ ဖေါက်ခွဲရေး၊ သမာယိုးကျ မဟုတ်သော စစ်ဆင်ရေးများ၊ နောက်ဆုံးပေါ် လေကြောင်း သွားလာမှု အတတ်ပညာ တွေ သွားရောက်လေ့ကျင့်ခဲ့သူ ဖြစ်ပါတယ်။

ပညာရေးမှာတော့ အင်္ဂလန်က ပုဂ္ဂလိက ကောလိပ်များမှာ ပညာဆည်းပူးခဲ့ပြီး နိုင်ငံတွင်းရှိ ဆူကိုထိုင်း သမာထရီရတ် တက္ကသိုလ်မှာ ၀ိဇ္ဖာဘွဲ့ ရရှိခဲ့ပါတယ်။

သို့သော်လည်း မင်းသားရဲ့ အနေအထိုင် ရှုပ်ထွေးမှုကြောင့် ထိုင်းနိုင်ငံသားတွေ အမြင်မှာ ကြည်ညိုစရာ ကောင်းတဲ့သူတော့ ဖြစ်မလာခဲ့ပေ၊

ဂျာမဏီ ရှိ မြူးနစ် မြို့ မှာ လေယာဉ်မယ်တဦးနဲ့ အနေများသူ ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်မှာ ၎င်းနဲ့ ထိုစဉ်က ထိုင်း ၀န်ကြီးချုပ် သက်ဆင် ရှင်နာထွာတို့ စီးပွားရေး လုပ်ငန်းတွေ နဲ့ အဆက်အစပ်ရှိနေကြောင်း အရှေ့ဖျားဒေသ စီးပွားရေး စာစောင်မှာ သတင်းတွေ ပါလာခဲ့ပါတယ်။ The Economist မဂ္ဂဇင်းကလည်း ၎င်းရဲ့ စိတ်နေစိတ်ထားသည် ခန့်မှန်း၍ မရပဲ ကြောင်တောင်တောင် အမူအရာ များနဲ့ ပြည့်နေတယ်လို့ ရေးသားခဲ့ပါတယ်။ အဆိုပါ မဂ္ဂဇင်း နှစ်စောင်စလုံး ပိတ်ပင်ခံခဲ့ရပါတယ်။

Wikileak မှ ရရှိခဲ့တဲ့ အမေရိကန် သံရုံး ကြေးနန်းတွေမှာ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အထက်တန်းအရာရှိတဦးက ၎င်းရဲ့ လောင်းကစားကြွေးတွေကို သက်ဆင် ရှင်နာထွာမှ ဒိုင်ခံ ဆပ်ပေးနေတယ်လို့ အခိုင်အမာ ပြောကြောင်း ဖေါ်ပြထားခဲ့ပါတယ်။

၂၀၀၉ ခုနှစ်အတွင်း အဆိုးရွားဆုံး အဖြစ် အပြင်ကို ပေါက်ကြားခဲ့တဲ့ ဗီဒီယိုဖိုင်မှာ ၎င်းရဲ့ အချစ်တော် ဖူဖူး အမည်ရှိ ခွေးကလေး(ထိုင်းဘုရင် လေတပ်ရဲ့ မာရှယ် ဗိုလ်ချုပ်ကြီးဘွဲ့ အပ်နှင်းခံခဲ့ရတဲ့) ရဲ့ မွေးနေ့ကို ၎င်းရဲ့ တတိယ မြောက် ဇနီး အရပ်သူ Srirasmi နဲ့အတူ (ပုံတွင်ရှု့)သီးသန့် ကျင်းပခဲ့ရာမှာ ဇနီးဖြစ်သူက အောက်ပိုင်းမှာ ကြိုးတချောင်းပါတဲ့ G-string သာ ၀တ်ဆင်ပြီး အပေါ်ပိုင်း ဗလာကျင်းနဲ့ နန်းတော်ဝန်ထမ်းတွေ ရှေ့ တက်ရောက်လာခဲ့ပုံတွေ ပါဝင်ခဲ့ပါတယ်။

၂၀၁၁ သြဂုတ် လမှာ ဂျာမန်တရားရေး အာဏာပိုင်တွေက ၎င်းပိုင် ဘိုးရင်း ၇၃၇ လေယာဉ်တစီးကို ထိုင်းအစိုးရမှ ဒေ၀ါလီ ခံသွားရတဲ့ ဂျာမန် ဆောက်လုပ်ရေး ကုမ္ပဏီတခုကို ပေးရန် ရှိတဲ့ ယူရို သန်း ၃၀ အတွက် သိမ်းယူခဲ့ပါတယ်။ ဒီအတွက် ထိုင်းအစိုးရက ပထမအရစ် အဖြစ် ယူရို သန်း ၂၀ စိုက်ပေးခဲ့ရပါတယ်။

မင်းသားရဲ့ နောက်ဆုံး အရှုပ်အထွေးကတော့ ပြီးခဲ့တဲ့ ဂျုလိုင်လ အတွင်း မြူးနစ် မြို့မှာ ၎င်းပိုင်လေယာဉ်ပေါ်ကို တကိုယ်လုံး ထိုးထားတဲ့ ဆေးမင်ကြောင်တွေ ပေါ်လွင်ရန် စွပ်ကျယ် ဂျိုင်းပြတ် ကို အပေါ်ပိုင်း တ၀က်သာ ၀တ်ဆင်ထားပြီး ဂျင်းဘောင်းဘီ နဲ့ တက်ရောက်သွားတဲ့ပုံကို ဂျာမန် သတင်း ဂျာနယ်တခုက ဖေါ်ပြခဲ့တဲ့ အတွက် ထိုင်း စစ်အစိုးရမှ သတင်း အပြင်ကို မရောက်ရှိရအောင် ဖုံးဖုံးဖိဖိ လုပ်ခဲ့ရပါတယ်။

၁၉၇၇ မှာ လက်ထပ်ခဲ့ပြီး ယခုအထိ သုံးကြိမ်မြောက် လက်ထပ်ခဲ့ကာ နှစ်ကြိမ်က သာမန် အရပ်သူတွေ ဖြစ်ပါတယ်။ သုံးကြိမ်စလုံးလည်း ကွာရှင်း ပြတ်စဲခဲ့ပြီး ဖြစ်ပါတယ်။

ဒသာမမြောက် ရာမ ဘုရင် အဖြစ် ၎င်း နေရာကို ဆက်ခံဘို့ ရွေးချယ်ထားတဲ့သူကတော့ တတိယမြောက် ဇနီးနဲ့ ရတဲ့ အငယ်ဆုံး သားတော် အသက် ၁၁ နှစ်ရှိ ပရာ အွန် ချောင် ဖြစ်ပါတယ်။(ပုံတွင်ရှု့) ကျန်တဲ့ သားတော်များက တရားဝင် လက်မထပ်မီ မွေးခဲ့တဲ့ အတွက် အကျုံးမ၀င် ဖြစ်သွားရပါတယ်။

၎င်းရဲ့ မိခင် ဖြစ်သူကို ဘတ်ငွေ သန်း ၂၀၀ နဲ့ ၂၀၁၄ မှာ ကွာရှင်းပေးခဲ့ပေပြီး မင်းသမီး အဆောင်အယောင်တွေ ရုတ်သိမ်းခဲ့ပါတယ်။ ယောက္ခမ နှစ်ဦးကိုတော့ သွားပုတ်လေလွင့် ပြောဆိုမှုနဲ့တရားစွဲခဲ့တဲ့အတွက် ထောင် နှစ်နှစ်ခွဲ တရားရုံး က ချမှတ်ခြင်း ခံခဲ့ရပါတယ်။

လက်ရှိမှာ ပြည်ပြေး ဖြစ်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်စင် ရှင်နာထွာနဲ့ ဂျာမဏီ ရှိ ဘာဗေးရီးယား ပြည်နယ်အတွင်းက အယ်လ်ပိုင်းတောင်ခြေ အပန်းဖြေစခန်းမှာ မကြာခဏ တွေ့ဆုံပြီး လက်ပွန်းတတီးရှိနေမှုကိုလည်း ထိုင်း စစ်ဖက်၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အထက်တန်းလွှာ အသိုက်အ၀န်းနဲ့ ဘုရင် နန်းတော်က စိတ်မသက်မသာ ဖြစ်နေကြရပါတယ်။ ၂၀၀၁ ခုနှစ်က သက်စင်က အိမ်ရှေမင်းသားအား ပေါင်စတာလင် ၅ သိန်း ပေးရတဲ့ Maybach ဇိမ်ခံကားကြီး တစီး လက်ဆောင်ပေးခဲ့တဲ့အကြောင်း ဂျာမန် သတင်းစာတွေမှာ ရေးသားထားခဲ့ကြပါတယ်။

သို့သော်လည်း လောလောဆယ်မှာ အဖေ ဖြစ်သူ အတွက် ပူဆွေးသောက ရောက်နေရမှုများ ကြောင့် တရားဝင် ဘိသိတ် ခံမယ့် အခမ်းအနားကို တနှစ် ရွှေ့ဆိုင်းပေးရန် မင်းသားက တောင်းဆိုခဲ့တဲ့ အတွက် နိုင်ငံတွင်း သြဇာတက္ကိမ ကြီးမားတဲ့ ဘုရင် အကြံပေး အဖွဲ့ (Privy Council) ရဲ့ အကြီးအကဲ ၀န်ကြီးချုပ်ဟောင်း ပရမ်တင် ဆူလာနွန်ဒါမှ ယာယီ ထီးနန်းကို ရင်ခွင်ပိုက် ထိမ်းသိမ်းသွားမယ်လို့ သိရပါတယ်။

ဘုရင်ကြီးအတွက် ၀မ်းနည်းပူဆွေးမှု ကာလကို တရားဝင် တနှစ်တိတိ သတ်မှတ်ထားတဲ့ အတွက် မီးသဂြိုလ်ရေးသည် ထိုအတောအတွင်း ဖြစ်ဖွယ်မရှိလို့ မျှော်လင့်ရပါတယ်။ ယခု လာမည့် တလအတွင်း မည်သည့် ပျော်ပွဲရွှင်ပွဲမှ မပြုလုပ်ရဟု တားမြစ်ထားပါတယ်။

(နိုင်ငံတကာ စာနယ်ဇင်းများတွင် ဖေါ်ပြခဲ့သော အကြောင်းအရာများကို စုစည်းတင်ပြထားပြီး ဗီဒီယိုဖိုင်နှင့် ဓါတ်ပုံကို အိမ်နီးချင်းနိုင်ငံ ရဲ့ ဂုဏ်သိက္ခာကို ထောက်ထားငဲ့ညှာသင့်သည်ဟု ယူဆသဖြင့် ချန်လှပ်ထားခဲ့ရပါသည်)

Hla Soewai
BrainWave ဉာဏ်လှိုင်း
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.