ထိုင်းတို့ရဲ့ ရွှေတောင်ကြီးပြိုပြီးနောက်



အောက်တိုဘာ ၁၃ ရက်နေ့ ဒေသစံတော်ချိန် ၃ နာရီ ၅၂ မိနစ်က နတ်ရွာစံသွားသော ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်၏ ရုပ်အလောင်းတော်ကို ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းနှင့်အညီ ရေချိုးခြင်းကို အိမ်ရှေ့မင်းသား မဟာရာဇာဝဇိယလောင်ကွန်း၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်သည်။ သက်တော်(၈၈)နှစ်တွင် ကံကုန်တော် မူခဲ့သည့် ဘုရင်ဘူမိဘော၏ ရုပ်လောင်းတော်ကို သီရိရာဇာဆေးရုံမှ ဘုရင့်နန်းတော်သို့ အောက်တိုဘာ ၁၄ ရက် သောကြာနေ့က ပြန်လည်ပင့်ဆောင်ခဲ့သည်။ ထိုသို့ပင့်ဆောင်လာရာ လမ်းတလျှောက်တွင် ၀မ်းနည်း ကြေကွဲခြင်းအထိမ်းအမှတ်အဖြစ် အနက်ရောင်အင်္ကျီများ ၀တ်ဆင်ထားသည့် ထိုင်းပြည်သူများက လမ်း၏ တဖက်တချက်စီတွင် နေရာယူ၍ အရိုအသေပေးကြသည်။ ဘုရင်အပေါ် သစ္စာစောင့်သိခြင်း၊ ချစ်ခင်မြတ်နိုးခြင်း ကို ပြသသည့်အနေဖြင့် ထောင်ပေါင်းများစွာသော ထိုင်းပြည်သူများ လာရောက်ဂါရ၀ပြုကြပြီး ၎င်းတို့ထဲတွင် မျက်ရည်မဆည်နိုင်ဘဲ ချုံးပွဲချငိုကြွေးကြသူများကိုလည်း တွေ့ရသည်။ လက်ရှိတွင် အများပြည်သူလာရောက် ဂါရ၀ပြုနိုင်ရန်အတွက် ဘုရင့်ရုပ်အလောင်းတော်ကို မြဘုရားဝင်းအနီးရှိ ဘုရင့်နန်းတော်တွင် ရက်ပေါင်း ၁၀၀ ထားရှိမည်ဖြစ်သည်။ သင်္ဂြိုဟ်မည့်နေ့ရက်ကို တရားဝင်ကြေညာခြင်းမရှိသေးဘဲ ၀မ်းနည်းကြေကွဲခြင်း အထိမ်း အမှတ်ကာလကိုလည်း တနှစ်သတ်မှတ်ထားသည်။ ဘုရင့်နန်းတော်သို့ မလာရောက်နိုင်သူများအတွက်လည်း ဈာပနအခမ်းအနားကို ရုပ်မြင်သံကြားလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်ပေးလျက်ရှိသည်။ ထိုင်းဓလေ့ရိုးရာအရ တော်ဝင်မိသားစုဝင်များ ကံကုန်သည့်အခါ ရုပ်အလောင်းကိုရွှေခေါင်းတလားနှင့် ထားလေ့ရှိသော်လည်း အဆိုပါဓလေ့ကို ဆက်လက်ကျင့်သုံးခြင်းမရှိတော့သဖြင့် ဘုရင်ဘူမိဘော၏ ရုပ်အလောင်းကို သစ်သား အခေါင်းဖြင့်သာထားရှိကြောင်း ဘုရင့်နန်းတော်အရာရှိများက ပြောသည်။

ဘားဆိုင်၊ နိုက်ကလပ်အပြင် အခြားအပျော်အပါးလုပ်ငန်းများဖြင့် ခရီးသွားလုပ်ငန်း အလွန်အားကောင်းသော ထိုင်းနိုင်ငံတွင် ဘုရင်ဘူမိဘော ကွယ်လွန်ခြင်း၊ ၀မ်းနည်းကြေကွဲခြင်း၊ အထိမ်းအမှတ်ကာလအတွင်း ဖျော်ဖြေ ရေးများ၊ ပွဲလမ်းသဘင်များကိုလျှော့ချရန် ထိုင်းအစိုးရကညွှန်ကြား ထားသည်။ ဈေးဆိုင်များနှင့် ထိုင်းစတော့ အိတ်ချိန်းဈေးကွက်မှာမူ ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်သည်။ ဗြိတိန်အပါအ၀င် ဥရောပနိုင်ငံအစိုးရများ ကလည်း မိမိတို့နိုင်ငံသားများအနေဖြင့် ထိုင်းပြည်သူနှင့် ဘုရင်ကြီးအပေါ် အဂါရ၀ဖြစ်မည့် ပြုမူပြောဆိုမှုများကို ရှောင်ရှားကြရန်၊ သိမ်မွေ့စွာ ၀တ်စားဆင်ယင်ကြရန် ညွှန်ကြားချက်များထုတ်ပြန်ထားသည်။

ဘုရင်ဘူမိဘောကွယ်လွန်ခြင်းအတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှ ၀မ်းနည်းခြင်းသ၀ဏ်လွှာများ ပေးပို့ခဲ့ကြသည်။ တိဘက်ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဒလိုင်းလားမားကလည်း ဘူမိဘောသည် ထိုင်းပြည်သူ၏ မျှော်လင့်ချက်နှင့် ရည်မှန်းချက်ဖြစ်ကြောင်း၊ ကံကုန်သွားခြင်းအပေါ် ၀မ်းနည်းကြေကွဲရကြောင်း မိဖုရားသီရိခစ်ထံ သ၀ဏ်လွှာ ပေးပို့သည်။ ၎င်းသ၀ဏ်လွှာတွင် တိဘက်မှ အိန္ဒိယနိုင်ငံ ဒါရမ်ဆာလာသို့ ထွက်ပြေးပုန်းရှောင်ခဲ့ရပြီးနောက် ၁၉၆၇ ခုနှစ်က ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့သွားရောက်ခဲ့စဉ်က ဘူမိဘောနှင့်တွေ့ဆုံခဲ့ရသည့် အမှတ်တရအကြောင်းအရာများကို ထည့်သွင်းရေးသားထားကြောင်းသိရသည်။

ဘုရင်ဘူမိဘောသည် နန်းသက်အရှည်ဆုံး ဘုရင်တပါးဖြစ်သည့်အပြင် ကမ္ဘာ့အချမ်းသာဆုံးဘုရင်ဟုလည်း ခေါ်ဆိုကြသည်။ ဘူမိဘော၏ ပိုင်ဆိုင်မှုသည် ဒေါ်လာဘီလီယံ ၄၀ ၀န်းကျင်ရှိသည်ဟုဆိုသည်။ ၎င်းငွေကြေး ဥစ္စာပိုင်ဆိုင်မှုများကို ဘုရင့်ဘဏ္ဍာဗျူရိုက စီမံခန့်ခွဲပြီး အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ တွင် ရင်းနှီးမြှုပ်နှံသည်။ ထို့ပြင် ဘုရင်ပိုင်မြေဧရိယာအများအပြားကိုလည်း ဈေးကွက်ပေါက် ဈေးထက်လျှော့၍ အငှားချပေးခြင်းများလည်း ပြုလုပ်သည်။

ဘူမိဘောသည် အသက်(၁၈)နှစ်အရွယ် နန်းတက်ချိန်မှစ၍ အာဏာသိမ်းမှု၊ လူထုဆန္ဒပြမှုနှင့် အပြောင်းအလဲ များစွာတို့တွင် ပြည်သူလူထုအကျိုးကိုသာ ရှေးရှုဆောင်ရွက်ခဲ့သည်။ နိုင်ငံရေးပါတီများ၊ အင်အားစုများအကြား သဘောထားကွဲလွဲမှုတိုင်းတွင် ကြားဝင်စေ့စပ်ပေးခဲ့သဖြင့် ဘုရင်ဘူမိဘောကို တိုင်းပြည်ကိုစုစည်းပေးသူ ပြည့်အင်အားအဖြစ် ရှုမြင်ပြီး ပြည်သူလူထုက အထူးရိုသေလေးစားကြသည်။ ၁၉၉၂ ခုနှစ်က ဖြစ်ပွားခဲ့သော ထိုင်းအာဏာလုပွဲတွင် အတိုက်အခံခေါင်းဆောင် ဗိုလ်ချုပ်ကြီးဆူချီဒါခရပ်ရာယွန်းနှင့် အငြိမ်းစားဗိုလ်ချုပ် ချမ်လောင်းစရီမောင်းတို့အား ငြိမ်းချမ်းစွာညှိနှိုင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ အဆိုပါ စေ့စပ်ညှိနှိုင်းမှုကို ရုပ်မြင်သံကြားလိုင်းများမှ တနိုင်ငံလုံးသို့ ထုတ်လွှင့်ပြသခဲ့၍ ဗိုလ်ချုပ်နှစ်ဦးစလုံး ဘူမိဘောထံဒူးတုပ်ခစားခဲ့ကြ သည်။ ၎င်းညှိနှိုင်းမှု၏ရလဒ်အဖြစ် အထွေထွေရွေးကောက်ပွဲတခု ကျင်းပနိုင်ခဲ့၍ အရပ်သားအစိုးရတရပ် ပေါ်ထွန်းခဲ့သည်။

ဘူမိဘောကို ၁၉၂၇ ဒီဇင်ဘာ ၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ်၌ ဖွားမြင် သည်။ ခမည်းတော်မှာ မင်သားမဟီဒေါအဒူယာဒက်နှင့် မယ်တော်မှာ မင်းသမီးသီရိနာဂအိန္ဒြာဖြစ်သည်။ ၎င်း၏ဦးရီးတော် သတ္တမမြောက်ရာမဘုရင်က 'ပြည့်အင်အား (သို့) အနှိုင်းမဲ့ခွန်အား'ဟု အဓိပ္ပာယ်ရသော ဘူမိဘောအဒူယာဒက်အဖြစ် မှည့်ခေါ်စေသည်။ ၁၉၂၉ တွင် ခမည်းတော်ကွယ်လွန်ခဲ့၍ မိခင်၏ အုပ်ထိန်းမှု အောက်တွင် ကြီးပြင်းခဲ့သည်။ ငယ်စဉ်က ဆွစ်ဇာလန်နိုင်ငံတွင် နေထိုင်ခဲ့ပြီး နောင်တော် အာနန္ဒာမဟီဒေါသည် အသက် ၉ နှစ်တွင် ဘုရင်ဖြစ်လာသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် မိသားစုလိုက် ထိုင်းနိုင်ငံသို့ ပြည်တော်ပြန် ခဲ့သည်။ ၁၉၄၆ ဇွန်လတွင် နောင်တော်ဘုရင်အာနန္ဒာသည် အိပ်ခန်းအတွင်း ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် နတ်ရွာစံခဲ့သည်။ ယင်းလုပ်ကြံမှု၏ အသေးစိတ်အချက်အလက်များကို ယနေ့တိုင် မသိရှိရချေ။ နောင်တော်လုပ် ကြံခံရပြီးနောက် ဘူမိဘောအဒူယာဒက် ထီးနန်းအရိုက်အရာဆက်ခံကာ ဆွစ်ဇာလန်နိုင်ငံသို့ပြန်၍ Lausanne တက္ကသိုလ်တွင် သိပ္ပံနှင့်နည်းပညာသင်ယူနေခြင်းမှ တိုင်းပြည်အုပ်ချုပ်ရာတွင် ပိုမိုအသုံးဝင်မည့် ဥပဒေနှင့် နိုင်ငံရေးသိပ္ပံဘာသာရပ်သို့ ပြောင်းလဲသင်ယူခဲ့သည်။ ထိုကာလများအတွင်း ပြင်သစ်ခရီးစဉ်တခုတွင် နောင်အခါကြင်ယာတော်ဖြစ်လာမည့် ရာဇ၀န်စီသီရိခစ်နှင့် ချစ်ကျွမ်းဝင်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် စေ့စပ် ကြောင်းလမ်း၍ ၁၉၅၀ ဧပြီတွင် စုလျားရစ်ပတ် ထိမ်းမြားလက်ထပ်ခဲ့သည်။ ထိုနှစ်မေလတွင် ဘူမိဘော ဘိသိက်ခံယူ၍ နန်းတက်မင်္ဂလာပွဲ ကျင်းပခဲ့သည်။

၎င်းကိုယ်တိုင် ဒူးဆစ်နန်းတော်၊ ချစ်ထရာလာဒါအိမ်ရာရှိ ဥယျာဉ်တွင် စိုက်ပျိုးရေးသုတေသနများနှင့် အသေးစားလုပ်ငန်းစီမံကိန်းများကို စမ်းသပ်လုပ်ကိုင်ခဲ့ပြီး အောင်မြင်မှုရှိသည်နှင့် နိုင်ငံအနှံ့တွင် အကောင် အထည်ဖော်စေသည်။ ဆင်းရဲနွမ်းပါး၍ ဝေးလံခေါင်သီသောဒေသများသို့ မကြာမကြာသွားရောက်၍ အခြေခံ လူထုများနှင့်တွေ့ဆုံကာ ယင်းဒေသရှိ လူမှုဘ၀များဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းပေါင်း ၃၀၀၀ ကျော် ပြုလုပ်ခဲ့သည်။

ထို့ပြင် ဆေးဝါးရှားပါး၍ ကျန်းမာရေးပြုစုစောင့်ရှောက်မှု အားနည်းသည့် ကျေးလက်ဒေသများအတွက် ကျန်းမာ ရေးစီမံကိန်းများကို ဖော်ဆောင်၍ ဆေးရုံဆေးခန်းများဖွင့်လှစ်ပေးခဲ့သည်။ (လက်ရှိတွင် အဆိုပါကျေးလက် ကျန်းမာရေးစီမံကိန်းများကို သမီးတော်သီရိဒုံက တာဝန်ယူထားသည်။)

ထိုသို့ ဆင်းရဲနွမ်းပါးသူများအတွက် မမောတမ်းမပန်းတမ်း အကျိုးပြုဆောင်ရွက်မှုများကြောင့် UNDP ၏ 'လူသားဘ၀ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု တသက်တာဆု'ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန်လက်ထက်က ချီးမြှင့်ခြင်းခံရသည်။

သူသည် ဂီတနှင့်ဓာတ်ပုံရိုက်ကူးခြင်းကို ၀ါသနာထုံပြီး သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူလည်း ဖြစ်သည်။ Jazz ဂီတကို အထူးကြိုက်နှစ်သက်ပြီး သားတော်အိမ်ရှေ့စံ ၀ဇိယလောင်ကွန်းနှင့်အတူ His Majesty Blues အမည်ဖြင့် တေးအယ်ဘမ်တခုပင် ထုတ်လုပ်ခဲ့သည်။ ဘူမိဘောသည် သွားလေရာကင်မရာတလုံး အမြဲဆောင် လေ့ရှိသည်။ ၁၉၉၆ ခုနှစ် ဘူမိဘော၏ နန်းသက် နှစ်(၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်အဖြစ် Leica ကုမ္ပဏီ က ရွှေ ၂၄ ကာရက်ဖြင့်ပြုလုပ်သော M6 ကင်မရာကို ထုတ်လုပ်ခဲ့သည်။

ထိုင်းနိုင်ငံကို နှစ် ၇၀ ခန့်အရိပ်သဖွယ်အုပ်စိုးခဲ့သော ကမ္ဘာ့နန်းသက်အရှည်ဆုံးဘုရင်တပါးဖြစ်သည့် ဘူမိဘော သည် သူ၏သက်တမ်းတလျှောက်တွင် နိုင်ငံရေးအကျပ်အတည်းပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီး အကျပ်အတည်း တိုင်းကိုလည်း တည်တည်ငြိမ်ငြိမ်ဖြင့် ဖြေရှင်းနိုင်ခဲ့သဖြင့် ပြည်သူများကို စိတ်အေးချမ်းမှုပေးခဲ့သည်။ အိမ်ရှေ့စံ မဟာဝဇိယလောင်ကွန်းမှာလည်း အားကိုးအားထားရလောက်သည့် လူပုဂ္ဂိုလ်တဦးအဖြစ်အများက မရှုမြင်ကြ သဖြင့် ဘူမိဘောအလွန် ထိုင်းနိုင်ငံရေးကို အများပြည်သူက စိုးရိမ်လျက်ရှိသည်။ မဟာဝဇိယလောင်ကွန်းသည် တည်ကြည်ခန့်ညားသော ခမည်းတော်ဘူမိဘောနှင့် အစစအရာရာတွင် ဆန့်ကျင်ဘက်ဖြစ်သည်။ ခမည်းတော် ဘူမိဘောက တည်ငြိမ်အေးဆေး၍ သိုသိုသိပ်သိပ်နေထိုင်သလောက် ၀ဇိယလောင်ကွန်းက ဟော့ဟော့ရမ်းရမ်း လုပ်တတ်သည်။ ဘုရင်ဘူမိဘောသည် သူ၏သက်တမ်းတလျှောက် သီရိခစ်ကိုသာ တဦးတည်းသော ကြင်ယာ တော်၊ မိဖုရားအဖြစ် လက်တွဲခဲ့သော်လည်း ၀ဇိယလောင်ကွန်းမှာမူ အိမ်ထောင်သုံးဆက် ပျက်ပြားခဲ့သူဖြစ် သည်။ ထို့ပြင် သူသည် ပြည်ပတွင်အနေများသူဖြစ်ပြီး စိတ်လိုက်မာန်ပါပြုမူတတ်သူတဦးလည်းဖြစ်သဖြင့် ထိုင်းပြည်သူလူထုက ဘူမိဘော၏ သမီးကြီး မဟာချက်ကရီသီရိဒုံကိုထီးနန်းပေးလိုကြသည်။ မဟာဝဇိယ လောင်ကွန်းသည် ရာထူးမှဖြုတ်ချခြင်းခံရပြီး ပြည်ပတွင်နေထိုင်နေရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာနှင့် နီးစပ်မှုရှိသည်ဆိုသော်လည်း လက်ရှိတွင် ထိုင်းစစ်အစိုးရက ၎င်းထီးနန်းအရိုက် အရာဆက်ခံမည့်အရေးကို ထောက်ခံကြောင်းတွေ့ရသည်။ ထိုင်းစစ်တပ်သည် ဘုရင့်မိသားစုလုံခြုံရေးနှင့် ထီးနန်းကိုအကာအကွယ်ပေးရန်ဆိုသော အကြောင်းပြချက်ဖြင့် နိုင်ငံရေးတွင်ဝင်ရောက်စွက်ဖက်၍ အကြိမ်ကြိမ် အာဏာသိမ်းခဲ့သည်။ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက နိုင်ငံအနှံ့လုံခြုံရေးတိုးမြှင့်ချထားရန် အမိန့်ထုတ်ထား သည့်အလျှောက် နန်းတော်ဧရိယာ၊ ဘုရားကျောင်းကန်များ၊ အစိုးရရုံးများတွင် လုံခြုံရေး အပြည့်ချထားသည်။

လာမည့် ၂၀၁၇ တွင် အထွေထွေရွေးကောက်ပွဲကျင်းပပေးမည်ဟု လက်ရှိအာဏာသိမ်းစစ်အစိုးရက ကြေညာ ထားရာ လက်ရှိအခြေအနေကို မိမိကိုယ်ကျိုးအတွက် အသုံးမချကြရန် ၀န်ကြီးချုပ်ပရာယွတ် ချန်အိုချာက သတိပေးထားသည်။ ဘုရင်ဘူမိဘောမရှိတော့သော်လည်း နိုင်ငံရေးအပြောင်းအလဲကို ချောမွေ့စွာ ဆောင်ရွက် နိုင်မည်ဆိုပါက ထိုင်းနိုင်ငံ၏ စီးပွားရေးအခြေအနေနှင့် ၀န်းကျင်အပေါ်များစွာ သက်ရောက်မှုမရှိနိုင်ကြောင်း သံတမန်များနှင့် နိုင်ငံရေးသုံးသပ်သူများက ခန့်မှန်းသည်။သို့သော်လည်း နိုင်ငံရေးပဋိပက္ခများ၊ စီးပွားရေး ကျဆင်းမှုများဖြစ်ပေါ် လာလေမလားဆိုသော စိုးရိမ်မှုများကတော့ ရှိနေဆဲပင်ဖြစ်သည်။ ထိုင်းပြည်သူများ အနေဖြင့် ၎င်းတို့၏ ချစ်လှစွာသော ဘုရင်ဘူမိဘောမရှိတော့သည့်နောက်ပိုင်း စာမျက်နှာသစ်တခုဖွင့်လှစ်ခြင်း၊ ဘ၀သစ်တခုစတင်ခြင်းဟု သဘောထား၍ လန်းဆန်းတက်ကြွစွာ ခရီးဆက်ကြရမည် ဖြစ်သည်။

အော်စကာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

COMMENTS

Name

art,1,article,1323,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,9,health,33,history,2,international,7712,interview,221,knowledge,9,Live,8,LocalNews,16344,news,2842,opinion,767,photos,203,poem,116,satires,39,song,12,speech,12,sports,155,statement,59,technic,58,translate,34,video,1068,voice,76,
ltr
item
dawnmanhon: ထိုင်းတို့ရဲ့ ရွှေတောင်ကြီးပြိုပြီးနောက်
ထိုင်းတို့ရဲ့ ရွှေတောင်ကြီးပြိုပြီးနောက်
https://2.bp.blogspot.com/-_qU4pSWLkj4/WArrTrtjb-I/AAAAAAAAZuU/FgGuUL1swy8CbAyRMPY1PBcxIG86inE1wCLcB/s1600/q1.jpg
https://2.bp.blogspot.com/-_qU4pSWLkj4/WArrTrtjb-I/AAAAAAAAZuU/FgGuUL1swy8CbAyRMPY1PBcxIG86inE1wCLcB/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2016/10/blog-post_153.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/10/blog-post_153.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy