ချင်းတွင်းမြစ် ရေယာဉ်တိမ်းမှောက်မှု လူအများအပြား ပျောက်ဆုံးနေဆဲ



မိချောင်းတွင်းကျေးရွာနား နစ်မြုပ်သွားသည့် ရေယာဉ် မှ ပျောက်ဆုံးသူများကို ရှာဖွေနေဆဲ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်ကနေ မုံရွှာမြို့ကို စုန်ဆင်းလာတဲ့ ခရီးသည် ရေယာဉ်တစင်း ဒီကနေ့ တိမ်းမှောက်ခဲ့တာကြောင့် လူ တချို့သေဆုံးပြီး တော်တော်များများလည်း ပျောက်ဆုံးနေပါတယ်။ ခရီးသည် ၂၀၀ လောက် လိုက်ပါလာတယ်လို့ အစိုးရသတင်းတွေမှာ ပြောထားတဲ့ အဲဒီ ရေယာဉ်တိမ်းမှောက်မှုမှာ လူဆယ်ဂဏန်း ပျောက်ဆုံးနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေကတော့ ရှာဖွေ ကယ်ဆယ် မှုတွေ ဆက်လက် လုပ်ဆောင်နေတာပါ။ အပြည့်အစုံကို ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာ ဆက်ပြီးပြောပြပါမယ်။

စစ်ကိုင်းတိုင်းကနီမြို့နယ် မိချောင်းတွင်းကျေးရွာအနီးမှာ အမြန်ရေယာဉ် တိမ်းမှောက် ခဲ့တာပါ။ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ အမြန်ယာဉ်ဟာ လူဦးရေ ၂၀၀ လောက် သယ်ဆောင်လာခဲ့ပြီး တိမ်းမှောက်ခဲ့တာကြောင့် ညနေပိုင်းအထိ ကနီမြို့နယ် ကင်းတိုက်နယ် ဆေးရုံကို အလောင်း တချို့ ရောက်ရှိလာသလို၊ ကယ်ဆယ် ရမိတဲ့ လူနာတွေကိုလည်း ဆေးကုသမူပေးနေတယ်လို့ ကင်းတိုက် နယ်ဆေးရုံက သူနာပြုဆရာမ ဒေါ်အေးအေးဝင်းက ပြောပါတယ်။

“လူနာတွေ ပြောပြတဲ့ပုံအရ မော်တော်ပေါ်မှာလူက မတန်တဆ တင်ထား တယ်ပေါ့လေ၊ နှစ်ရာကျော် သုံးရာလောက် ပါတယ်ပေါ့နော့။ အဲဒါ ကနီမြို့နယ် မိချောင်းတွင်းရွာနားမှာ မော်တော်က မှောက်သွားတာ၊ မနက်ခင်း ၆နာရီလောက်ပေါ့။ ကျမတို့ဆီ လူနာအဖြစ်ရောက် လာတာက ၄၂ ယောက်ရှင့်၊ အားလုံးအခြေအနေကောင်းပါတယ်၊ အသက်ရှင်ပါတယ်။ အသေရောက်လာတာက အခုထိဆို ၄ လောင်းရှိသွားပြီ။ နောက် တခုကကျတော့ ဒီ အင်းကျေးရွာထဲက သိမ်ကုန်းကျောင်း တိုက်မှာက ၂၃ ယောက်၊ နောက် ကျောင်းတွင်းကျေးရွာမှာက ၈၄ ယောက်ရှင့်။ ခုနက ပြောတဲ့ ဘုန်းကြီးကျောင်းတို့ မိချောင်းတွင်းတို့ မှာရောက်တဲ့ သူတွေကတော့ ကောင်းလို့ ဒီတိုင်းပဲ ဆက်ထားထားတာပေါ့၊ လူနာ ဆိုရင်တော့ ဆေးရုံကို ပို့ပါတယ် ရှင့်”

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့မှ ရေယာဉ်မထွက်ခွာမီ
တိုက်နယ်ဆေးရုံကို ရောက်လာသူ အတော်များများကတော့ စိုးရိမ်စရာမရှိကြောင်းနဲ့ နည်းနည်းပိုစိုးရိမ် ရသူတွေကိုတော့ မုံရွာဆေးရုံကို ပို့ဖို့စီစဉ်နေတယ်လို့ ပြော ပါတယ်။

“ဟိုဟာပေါ့ အဆုပ်ရောင်တာ ဘာတာ ၄ယောက်လောက် ရှိပါတယ်။ နဂို ကတည်းက ဆီးချိုဘာညာနဲ့ အဲဒီ ၄ယောက်ကိုတော့ ကျမတို့ မုံရွာကို လွှဲဖို့ စီစဉ်ထားပါတယ်။ သူတို့ကလည်း အခြေအနေ အရမ်းကြီး မဆိုးပါဘူးရှင့်”

လူပျောက်ဆုံးတာတွေ ရှိနေတာကြောင့် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဦးစီးဌာန နဲ့ ပရဟိတအဖွဲ့တွေက ကယ်ဆယ်ရေးတွေ ဆက်လုပ်နေ တယ်လို့လည်း ဆိုပါတယ်။

“ ဆက်လက်ရှာဖွေနေတယ်ရှင့်၊ နောက်ထပ် အလောင်းဘာညာ အနေနဲ့ ရောက် လာရင်တော့ ဆေးရုံပေါ် ရောက်လာမှာရှင့်။ မြစ်ထဲမှာတော့ ကယ်ဆယ်ရေး အဖွဲ့တွေက ဆက်လုပ်နေကြပါတယ်ရှင့်”

တိမ်းမှောက် ရေယာဉ်မှ ဆယ်ယူရရှိသည့် အလောင်းတချို့
ပြန်ကြားရေးဝန်ကြီးဌာနနဲ့ မီးသတ်ဦးစီဌာနက ဖေ့စ်ဘွတ် စာမျက်နှာတွေပေါ် မှာတော့ ဟုမ္မလင်းကနေ မုံရွာမြို့ကို စုန်ဆင်းလာတဲ့ ခရီးသည် ၃၀၀ လောက် တင်ဆောင်လာတဲ့ အောင်စိုးမိုးကျော် အမြန်ရေယာဉ် တိမ်းမှောက် နစ်မြုပ် ခဲ့ကြောင်း၊ ရေယာဉ်တိမ်းမှောက်မှုကြောင့် လူ (၁၅၀)ကျော်ကို ဆယ်ယူရရှိထားပြီးပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေ ဆဲဖြစ်ကြောင်းရေးထားပါတယ်။

ရေယာဉ်တိမ်းမှောက်တဲ့နေရာကို စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်နဲ့အတူ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဦးစီးဌာန တာဝန်ရှိသူတွေ သွားရောက်ပြီး၊ ပျောက်ဆုံးသူ ရှာဖွေရေးအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက် နေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာန၀န်ကြီး ဒေါက်တာဝင်းမြတ်အေးရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

 မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.