ဖားကန့်ဒေသတွင် ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် ညအချိန် လုယက်တိုက်ခိုက်မှုများအား ကျောင်းသားများ ပါဝင်နေသည့် လူငယ်အဖွဲ့များ အဓိက လုပ်ဆောင်နေဟုဆို


ဖားကန့်ဒေသတွင် ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် ညအချိန် လုယက်တိုက်ခိုက်မှုများအား ကျောင်းသားများ ပါဝင်နေသည့် လူငယ်အဖွဲ့များက အဓိက လုပ်ဆောင်နေကြောင်း ဖားကန့်မြို့ခံများ၊ ကျေးရွာ ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများက ပြောကြားသည်။

ဖားကန့်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ သွားရာလမ်းများတွင် အမည်မသိ လူတစ်စုမှ ညအချိန် လုယက်တိုက်ခိုက်မှုများ အပြင် လူသတ်မှုများပါ ကျူးလွန်မှုရှိနေသည့်အတွက် သွားရေးလာရေး အခက်အခဲ ဖြစ်နေသည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။ ယခုကဲ့သို့ အုပ်စုဖွဲ့ လုယက်တိုက်ခိုက်နေသူများမှာ လူငယ်အများစုဖြစ်ကြပြီး ထိုအထဲတွင် ကျောင်းသားလူငယ်အများအပြား ပါဝင်နေကြောင်း သိရသည်။

“ပထမတစ်ခေါက်က ဆယ့်ခုနစ်ယောက် မိတယ်။ အားလုံးက ဘော်ဒါဆောင်က ကျောင်းသားတွေချည်းပဲ။ ဒါကို အရေးယူတာ မရှိပါဘူး။ ကျောင်းတက်နေတဲ့ အချိန်ဆိုတော့ စခန်းမှာ ခံဝန်ကတိနဲ့ပဲ ပြန်လွတ်လာတာ။ ဒီလို လူငယ်တွေဟာ အုပ်စုဆန်ဆန်ဖုန်းလုတယ်။ ပိုက်ဆံလုတယ်။ လူတွေကိုလည်း ရိုက်နှက်တာတွေ လုပ်တယ်။ ဥပဒေအရ အရေးမယူဘူး ဆိုရင်လည်း ပိုပိုပြီး ဆိုးလာလိမ့်မယ်။ လူငယ်အဖွဲ့ နှစ်ဖွဲ့ ရှိတယ်ဆိုပြီးလည်း သိရပါတယ်” ဟု ဖားကန့်မြို့ခံ ဦးမျိုးဝင်းက ပြောကြားခဲ့သည်။

“လမ်းကြောမှာတွေဖြစ်တဲ့ ရိုက်တယ်၊ နှက်တယ်၊ သတ်တယ်၊ ဒီအဖွဲ့ပဲ။ အခု မကြာခဏ ဖြစ်နေတဲ့ မမုံ၊ ဖားပြင်၊ ကျောက်သွေးတောင် စက်လှေဆိပ်တို့၊ ညောင်ပင်ကုန်း၊ ရှရော်ခတို့မှာ သူတို့ပဲ။ ဓားတွေနဲ့ ခုတ်တယ်။ သူတို့က လေးငါးယောက်တည်း မဟုတ်ဘူး။ များတယ်” ဟု ကျေးရွာ ရပ်မိရပ်ဖ တစ်ဦးက ပြောကြားသည်။

အောက်တိုဘာ ၂၁ ရက်က မှော်တောင်းကျေးရွာ သွားလမ်းတွင် ရှစ်တန်းကျောင်းသား အပါအ၀င် အဖွဲ့ဝင် ၁၄ ယောက်ပါသည့် လူငယ်အဖွဲ့ တစ်ခုအား ရွာသားများက ဖမ်းဆီးပြီး ရဲလက်အပ်ခဲ့ကြောင်း၊ ထို့နောက်တွင် ကျေးရွာအား အဆိုပါအဖွဲ့မှ အန္တရာယ်ပေးလာနိုင်သည့်အတွက် ရွာသားများမှ ညစဉ်လုံခြုံရေး ယူနေရကြောင်း သိရသည်။

“အခုက တစ်ပတ်လောက်ရှိပြီ လုံခြုံရေး ထားနေရတာ။ ဘာလို့လဲဆိုတော့ သူတို့က အဖွဲ့အစည်းနဲ့လေ။ ရန်ရှာနိုင်တယ်။ အေးမြသာယာနဲ့ မှော်တောင်းကြားမှာ သူတို့ လူကို ဖမ်းတဲ့အတွက် ဖြတ်သွားနေတဲ့ ကျွန်တော်တို့ ရွာသားမှ မဟုတ်ဘူး ပြည်သူလူထုကို အန္တရာယ်ပေးမှာ စိုးရတယ်။ အဲဒီလိုဆိုရင် လက်လွန်မှာ။ ကျွန်တော်တို့ရွာကိုလည်း မီးတွေဘာတွေနဲ့ လုပ်သွားနိုင်တယ်။ နေ့တိုင်းလိုလို လုံခြုံရေးက ထားနေရတယ်။ ရဲတပ်ဖွဲ့ကလည်း နှစ်ရက်ဆက်တိုက် လာပြီးတော့ လှည့်ပါတယ်။ စစ်တပ်ကလည်း လှည့်ပါတယ်။ ကိုယ့်ရွာနဲ့ ကိုယ့်လုံခြုံရေး ယူနေရတာပေါ့” ဟု မှော်တောင်းကျေးရွာ ရာအိမ်မှူး ဦးထွန်းထွန်းက ပြောကြားသည်။
အဆိုပါ လူငယ်အဖွဲ့များနှင့် ပတ်သက်၍ ဖားကန့်မြို့မ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ရဲအုပ်ဦးထွန်းအောင်က “အခုကတော့ ဖမ်းမိထားတဲ့ လူငယ် ၁၄ ယောက်ကို စစ်ဆေးနေတုန်းပါပဲ။ သူတို့ကို ပုဒ်မ ၃၈၂/၁၁၄ နဲ့ အမှုဖွင့်ထားပါတယ်။ အဲဒီထဲမှာ ကျောင်းသားနှစ်ယောက်ပဲ ပါပါတယ်။ အားလုံးကတော့ အသက်နှစ်ဆယ်အောက်တွေပဲ။ အဖွဲ့တွေနဲ့ ဆက်စပ်မှု ရှိမရှိတော့ စစ်ဆေးနေတာ မပေါ်သေးဘူး” ဟု ပြောကြားသည်။

Writer:
အောင်ဟိန်းမင်း (ဖားကန့်)
Eleven Media Group
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.