နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ တွေ့ဆုံပွဲအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် အဖွင့်မိန့်ခွန်း



နေပြည်တော် အောက်တိုဘာ ၂၂
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ တွေ့ဆုံပွဲ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် အဖွင့်မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

ဒီလို တွေ့ဆုံပွဲအခမ်းအနားလုပ်ရတဲ့ အကြောင်းကတော့ ကျွန်မတို့ အစိုးရသစ် တက်ကတည်းက ဒီလိုအခမ်းအနားမျိုး ကျင်းပမယ်လို့ ကျွန်မတို့ပြောခဲ့ပါတယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့ စနစ်တစ်ခုပြောင်းသွားတဲ့ အခါကျရင် စီးပွားရေးစနစ် လည်းပြောင်းရမယ်။ စီးပွားရေးစနစ်ပြောင်းတဲ့ အခါ ကျရင် အရင်တုံးကလုပ်နေတဲ့ စီးပွားရေးသမားတွေအတွက် နေရာရှိပါ့မလား ဆိုတဲ့ ပူပန်သောကတွေလည်းရှိပါတယ်။ ကျွန်မတို့ကတော့ အားလုံးကို ကြိုဆိုပါတယ်။

နိုင်ငံသူနိုင်ငံသား အားလုံးက စီးပွားရေး တိုးတက်မှု ဖွံ့ဖြိုးမှုမှာ ပါဝင်ပြီး ဆောင်ရွက် စေလိုပါတယ်။ အတိတ်ကို ပြန်ပြီး ကြည့်တာမဟုတ်ဘဲနဲ့ အနာဂတ်ကို မျှော်တဲ့ မူဝါဒမျိုးနဲ့ ကျွန်မတို့က ဆက်ပြီးဆောင် ရွက်သွားချင်တာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခါမှာ ပြည်တွင်းက လုပ်ငန်းရှင်တွေသာမက ပြည်ပမှာရှိတဲ့ ကျွန်မတို့ရဲ့ မိတ်ဆွေများ၊ ကျွန်မတို့ရဲ့ နိုင်ငံမှာ ရင်းနှီုးမြှုပ်နှံဖို့ စိတ်ပါဝင်စားတဲ့ မိတ်ဆွေများ၊ စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ကျွန်မတို့က ဖိတ်ခေါ်ချင်ပါတယ်။ ဒီနိုင်ငံ တစ်နိုင်ငံ တိုးတက်ဖို့ဆိုတာဟာ အားလုံးဝိုင်းပြီးရုန်းမှ ဖြစ်ပါလိမ့်မယ်။

ကျွန်မတို့ စီးပွားရေးမူဝါဒနဲ့ ပတ်သက်ရင် အမျိုးမျိုး မေးမြန်းတာတွေ ရှိကြပါတယ်။ မကြာခင်က ကျွန်မပြောခဲ့ပါတယ်။ ဘာတွေကို ကျွန်မတို့ ဦးစားပေးမှာလဲ၊ ဘယ်မူဝါဒ တွေကို ဦးစားပေးမှာလဲ၊ ဘယ်အချက်အလက်တွေကို အရေးကြီးအနေနဲ့ မြင်သလဲ ဆိုပြီး မေးတဲ့အခါမှာ ကျွန်မက ဒီမေးခွန်းတွေကို ဖြေဖို့စဉ်းစားပါတယ်။ စဉ်းစား ပြီးတော့လည်း ဖြေခဲ့ပါတယ်။

ဒါပေမယ့် အမှန်ပြောရရင် ကျွန်မပေးတဲ့ အဖြေတွေကို ကျွန်မမကျေနပ်ဘူး။ သေသေချာချာပြန်ပြီးတော့ စဉ်းစားတယ်။ ကျွန်မတို့ နိုင်ငံအတွက် တကယ့်အရေးကြီး ကိစ္စကဘာလဲ။ ကျွန်မတို့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကထားရမယ့် အချက်တစ်ချက်တည်း ပြောပါဆိုရင် ဘယ်အချက်ကို ပြောမလဲဆိုတာ ကျွန်မသေသေ ချာချာ စဉ်းစားကြည့်တဲ့အခါ ကျွန်မခေါင်းထဲမှာ ပေါ်လာတာက တကယ်ကျွန်မတို့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးအကြီး ဆုံးအချက်က ကျွန်မတို့ ပြည်သူပြည် သားများရဲ့ အရည်အချင်းတန်ဖိုးကို မြှင့်တင်ရေးပဲ။ အဲဒါကို အခြေခံပြီးမှသာ ကျွန်မတို့ဟာ ရေရှည်တည်တံ့ခိုင်မြဲနိုင်မယ့် ဖွံ့ဖြိုးတဲ့ စီးပွားရေးစနစ်တစ်ခုကို ထူထောင်နိုင်မှာပါ။ ပြည်သူပြည်သားတွေရဲ့ အစွမ်းအစအရည်အချင်းကို အဓိက အားကိုးတဲ့ စနစ်မျိုးသာလျှင် ရေရှည် တည်တံ့ခိုင် မြဲနိုင်မယ်လို့ ကျွန်မခေါင်းထဲမှာ ဒီလိုပဲရောက်လာပါတယ်။

အဲဒါကြောင့် နိုင်ငံအတွက် မျှော်မှန်းချက် အိမ်မက်စိတ်ကူး တစ်ချို့ကို ပြောချင်ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံဟာ တစ်ချိန်တစ်ခါတုံးက အင်မတန်အလားအလာ ကောင်းတဲ့ နိုင်ငံဆိုပြီး ထင်ရှားခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီဂုဏ်သရေသတင်းဟာလည်း မှေးမှိန်သွားခဲ့ပါတယ်။ ဒါပေမယ့် အချိန်ကာလဆိုတာ အမြဲပဲပြောင်းနေပါတယ်။ ပြောင်းနေတာနဲ့အမျှ ကျွန်မတို့ အခွင့်အရေးသစ်တွေ ဆိုတာလည်း အမြဲပဲ ပေါ်ထွက် နေပါတယ်။ ကျွန်မတို့က ဒီအခွင့်အရေးသစ်တွေကို အသုံးချပြီးတော့ နိုင်ငံ တိုးတက်ရေးအတွက် ၀ိုင်းပြီးတော့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ မျှော်လင့်ရုံနဲ့ မရပါဘူး၊ ကြိုးစားမှ အလုပ်လုပ်မှ၊ ၀ါယမစိုက်ထုတ်မှ ကျွန်မတို့လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်မှာ ဖြစ်ပါတယ်။

အစိုးရသစ်ရဲ့ အခြေခံမူဝါဒတွေ ထဲမှာ တရားဥပဒေစိုးမိုးရေးဆိုတာကို ကျွန်မတို့ က ထိပ်တန်းမှာ ထားပါတယ်။ တစ်ချို့က ဒီဟာကို သိပ်ပြီးတော့ နားမလည်ပါ ဘူး။ တရား ဥပဒေ စိုးမိုးရေးဆိုတာ တရားဥပဒေနဲ့ဘောင်ခတ်ထားတယ်လို့ နားလည် ကြပါတယ်။ တကယ်တော့ တရားဥပဒေ စိုးမိုးရေးဆိုတာ ဘောင်ခတ်တာမဟုတ်ပါဘူး။ အထောက် အကူပြုတာပါ။ ကျွန်မတို့ အားလုံးအတွက် လုံလုံခြုံခြုံနဲ့ တိုးတက်နေဖို့ အတွက် အထောက်အကူပြုတဲ့ အရာဖြစ်ပါတယ်။ အဲဒါကို ပြည်သူပြည် သားများအားလုံး နားလည်စေချင်ပါတယ်။ အထူးသဖြင့် အခုဒီအစည်း အဝေးကို တက်ရောက်လာတဲ့ လုပ်ငန်းရှင်ကြီးများ အားလုံးကိုလည်း နားလည်စေချင် ပါတယ်။ တရားဥပဒေ စိုးမိုးရေးဆိုတာ လုပ်ငန်းရှင်များအတွက်လည်း အထောက်အကူ အများကြီး ဖြစ်နိုင်ပါတယ်။ လုပ်ငန်းရှင်များအနေနဲ့ လုံလုံခြုံခြုံ ယုံယုံကြည်ကြည်နဲ့ ကိုယ့်ရဲ့ စီးပွားရေး အောင်မြင်ဖို့အတွက် ကိုယ့်စီးပွားရေးကနေတစ်ဆင့် ကိုယ့်ရဲ့နိုင်ငံ တိုးတက်ဖို့ အတွက် လုပ်ပေးနိုင်တဲ့ အခွင့်အရေးတွေကိုပေးမယ့် မူဘောင်တစ်ခု ချခြင်းဆိုတာဟာ တရား ဥပဒေစိုးမိုးရေးပဲ ဖြစ်ပါတယ်။ တကယ် တရားဥပဒေ စိုးမိုးရေး ရှိတဲ့နိုင်ငံမှာဆိုရင် ရင်းနှီးမြှုပ်နှံမှု တွေဖိတ်ခေါ်ဖို့ဟာ အခက်အခဲရှိမှာ မဟုတ်ပါဘူး။

ကျွန်မတို့ရဲ့ နိုင်ငံဟာ စိန်ခေါ်မှု အမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီစိန်ခေါ်မှုတွေကို တစ်ဆင့်ချင်း ကျော်လွှားနိုင်လာပြီလို့ ကျွန်မမြင်ပါတယ်။ ကျွန်မတို့ မျှော်မှန်းသလောက် ပထမ ၆ လဟာ စီးပွားရေးဘက်မှာ မြန်မြန်ဆန်ဆန် တိုးတက်မှု မရှိခဲ့ဘူးဆိုတာ ပွင့်ပွင့်လင်းလင်းပဲ ၀န်ခံချင်ပါတယ်။ ဒီလိုမရှိခဲ့ရတဲ့ အကြောင်းတွေက တော်တော်များများရှိပါတယ်။ ဒါတွေကိုလည်း ကျွန်မတို့ရဲ့ စီမံ၊ ဘဏ္ဍာဝန်ကြီး အနေနဲ့လည်း အတိုင်းအတာတစ်ခုအထိ ရှင်းပြသွားမယ်လို့ ကျွန်မ နားလည်ပါတယ်။ ကျွန်မတို့ နိုင်ငံရဲ့ ကျော်လွှားရမယ့် အခက်အခဲတွေကို အားလုံး ၀ိုင်းပြီးတော့ ကူညီပြီးတော့ ကျော်လွှားပေးစေချင်တဲ့ စိတ်စေတနာ ထားစေချင်ပါတယ်။

ကျွန်မတို့ စီးပွားရေးနဲ့ ပတ်သက်လို့ မူဝါဒ ၁၂ ချက်ချပြီးဖြစ်ပါတယ်။ ဒီ မူဝါဒ တွေကို အများကလည်း သိပြီးဖြစ်ပါတယ်။ ဒါကို ဇူလိုင်လ က ထုတ်ပြန် ခဲ့ရာမှာ တချို့တွေက သိပ်ပြီးတော့ ယေဘုယျ ဆန်လွန်းတယ်၊ ပိုပြီးတော့ တိတိကျကျ ဘယ်လို ဆက်ပြီးတော့ လုပ်နိုင်မလဲ ဆိုတာကို သိချင်ပါတယ် ဆိုတာကြောင့်လည်း ဒီ အစည်းအဝေးကို စီစဉ်ရခြင်းဖြစ်ပါတယ်။

ဒါပေမယ့် ပထမ အကြောင်းအရင်းကတော့ စောစောက ပြောခဲ့တဲ့အတိုင်းပဲ ဒီအစိုးရသစ် တက်လာကတည်းက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ တွေ့ဆုံပါမယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အားလုံးဟာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုထဲမှာ ပါဝင်ပိုင်ခွင့် အပြည့်အ၀ရပါလိမ့်မယ်။ အဲဒီ ပါဝင်ပိုင်ခွင့်ကို မှန်မှန်ကန်ကန်နဲ့ သုံးပြီးတော့ ပြည်သူပြည်သားတွေရဲ့ တိုးတက်ရေးအတွက် ၀ိုင်းဝန်းပြီးတော့ ကူညီကြပါဆိုတဲ့ ကျွန်မတို့ရဲ့ ဆန္ဒကို ထုတ်ဖော်ပြောချင်လို့ စီစဉ် လိုက်ရတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။

အခုကျွန်မတို့ နိုင်ငံမှာဆိုရင် လူများစုဟာ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အားကိုးပြီးတော့ နေကြတယ်ဆိုတာ အများသိပြီးသား ဖြစ်ပါတယ်။ ၇၀ ရာခိုင်နှုန်းလောက် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့ စီးပွားရေး မူဝါဒထဲမှာဆိုရင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ခေတ်မီအောင်လုပ်ဖို့ကို ထည့်ထားတာ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ခေတ်မီတယ်ဆိုတာ အခုခေတ်မဟုတ်ဘူး။ နောင်ခေတ် အတွက်ပါ စဉ်းစားစေချင်ပါတယ်။ ကမ္ဘာကြီးမှာ အစားအစာ ဖူလုံရေးဟာ အင်မတန်မှ အရေးကြီးတဲ့ ကဏ္ဍ တစ်ခုဖြစ်နေတယ်။ တစ်နှစ်ထက် တစ်နှစ်ပိုပြီးတော့ အရေးကြီး လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံရဲ့ စီးပွားရေး မူဝါဒကို ချမှတ်တဲ့အခါမှာ နောင်နှစ် အတွက် မဟုတ် ဘူး၊ နောက်ငါးနှစ်အတွက် မဟုတ်ဘူး။ နောင်ဆယ်စုနှစ်တွေအတွက် စဉ်းစားပြီး တော့ လုပ်ရမှာဖြစ်ပါတယ်။ အောင်မြင်တဲ့ စီမံကိန်းဆိုတာ တစ်နှစ် အတွက်လည်းမဟုတ်ဘူး ငါးနှစ်အတွက်လည်း မဟုတ်ဘူး။ ဆယ်နှစ်အတွက်လည်း မဟုတ်ဘူး။ ဆယ်စုနှစ်တွေ ဆယ်စုနှစ်တွေအတွက် မျှော်မှန်းပြီးတော့ ချမှတ်မှ အောင်မြင်နိုင် မှာပါ။

အခုအချိန်မှာ ကျွန်မတို့နိုင်ငံက ဘယ်နေရာမှာ သိပ်ပြီးတော့ ကံကောင်းနေလဲ ဆိုတော့ နိုင်ငံကို ကူညီချင်တဲ့ မိတ်ဆွေနိုင်ငံများ၊ အဖွဲ့အစည်းများ၊ အင်မတန်မှ များပြားနေပါတယ်။ ဒီနိုင်ငံတိုးတက်စေချင်တယ်။ ကျွန်မတို့ရဲ့ တိုးတက် မှုဟာ ကမ္ဘာကြီးအတွက် အောင်မြင်မှုဆိုပြီးတော့ မြင်နေတဲ့ အဖွဲ့အစည်းများ၊ နိုင်ငံများ၊ မိတ်ဆွေများ ရှိပါတယ်။ ဒါဟာ ကျွန်မတို့အတွက် အင်မတန်မှ ထူးခြားတဲ့ အခွင့်အရေး ပါ။

ကျွန်မတို့ရဲ့ အောင်မြင်ခြင်းဟာ ကမ္ဘာ့ရဲ့အောင်မြင်ခြင်းပဲ။ ပြည်သူ ပြည်သားတွေရဲ့ အောင်မြင်ခြင်းဟာ ကမ္ဘာ့ ပြည်သူပြည်သားတွေရဲ့ အောင်မြင်ခြင်းပဲ ဆိုပြီးတော့ အဲဒီလို မိတ်ဆွေတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အဖွဲ့အစည်းတွေ ရှိနေလို့ ဒီအခွင့်အရေးကို မိမိရရဆုပ်ကိုင်ပြီးတော့ ဆက်ပြီးတော့ ချီတက် သွားရမှာဖြစ်ပါတယ်။ ဒါကြောင့် အစောဆုံးလုပ်တဲ့ ကိစ္စတစ်ခုကဘာလဲ ဆိုတာ ကျွန်မတို့ရဲ့ မိတ်ဖက်များ၊ ကျွန်မတို့ကို ကူညီမစချင်တဲ့ အဖွဲ့အစည်းများ၊ အလှူရှင်များ အားလုံး ပူးပေါင်းဆောင်ရွက် နိုင်ဖို့အတွက် အစီအစဉ်တစ်ခု ချပါတယ်။ အဲဒါ ကတော့ ဖွံ့ဖြိုးတိုးတက်မှု မိတ်ဆွေများ၊ မိတ်ဖက်များ အားလုံးစုပေါင်း ပြီးတော့ ဆွေးနွေးနိုင်တဲ့ အဖွဲ့အစည်းလေးတစ်ခု ဖွဲ့စည်းပြီးဖြစ်ပါတယ်။ ဒီအဖွဲ့ အစည်းလေးကို ဖွဲ့လို့ပြီးပါပြီ။ အသေးစိတ် ဘယ်လို ဆက်ပြီးတော့ လုပ်မလဲ ဆိုတာတော့ ဆက်ပြီးတော့ ပြောပါမယ်။

အဲဒီတော့ ဒီလိုဘာလို့ဖွဲ့စည်းရလဲဆိုတာ စောစောက ပြောခဲ့တဲ့ အတိုင်းပဲ ကျွန်မတို့ကို ကူညီချင်တဲ့အဖွဲ့အစည်းများ၊ နိုင်ငံများ၊ လုပ်ငန်းရှင်များ အများကြီးရှိပါ တယ်။ ဒါပေမယ့်လည်း တစ်ယောက်တစ်ပေါက်လုပ်နေတဲ့ အခါကျတော့ အားလုံး တိုင်တိုင်တိုင်ပင်ပင် ညှိုညှိုနှိုင်းနှိုင်းနဲ့ လုပ်တာလောက်ကို အရာမရောက်ပါဘူး။ ဒါကြောင့်မို့ ဒီလိုအဖွဲ့အစည်းဖွဲ့စည်း ခြင်းဟာ ဘာဖြစ်မလဲဆိုတော့ နိုင်ငံရဲ့ အဓိက လိုအပ်ချက်တွေဟာဘာလဲ၊ ဘယ်နေရာတွေမှာ တိုးတက်ဖို့လိုလဲ၊ ရင်းနှီးမြှုပ်နှံမှု တွေဟာ ဘယ်ဘက်ကို သွားဖို့လိုလဲ၊ အလှူ့ရှင်တွေရဲ့ ပံ့ပိုးမှု တွေဟာ ဘယ်ကဏ္ဍ တွေမှာ သုံးဖို့လိုလဲ ဆိုတာကို အားလုံး မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ရသမျှ အကူအညီများ အထိရောက်ဆုံး ဖြစ်အောင် ဒီလိုအဖွဲ့ အစည်းလေးကို ဖွဲ့လိုက်ခြင်း ဖြစ်ပါတယ်။

ဒီအဖွဲ့အစည်းကို ကျွန်မအနေနဲ့ ဥက္ကဌအဖြစ်နဲ့ ဦးဆောင်ပြီးတော့ စီမံ၊ ဘဏ္ဍာဝန်ကြီးက ဒု-ဥက္ကဌအဖြစ်နဲ့ တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့ အခု ဘယ်ကဏ္ဍတွေမှာ အလိုအပ်ဆုံးလဲ၊ အကူအညီအလိုအပ်ဆုံး လဲဆိုတာ အားလုံးဝိုင်းဝန်းပြီးတော့ ဆုံးဖြတ်ဖို့ ဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့ အခါမှာ ပွင့်လင်းမြင်သာ မှုရှိရမယ်။ တာဝန်ယူမှု ရှိရမယ်။ တာဝန်ယူမှုဆိုတာဟာ နိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ ပတ်သက်လို့သာ တာဝန်ယူမှု မဟုတ်ဘဲနဲ့ အလှူ့ရှင်နိုင်ငံများကလည်း မိမိတို့ရဲ့ နိုင်ငံသူ၊နိုင်ငံသားတွေနဲ့ ပတ်သက်လို့ တာဝန်ယူမှုရှိရမယ်ဆိုတာ လက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ ဘဏ္ဍာငွေကြေးဆိုတာ နောက်ဆုံးတော့ ပြည်သူဆီကလာတာပါပဲ။ ပြည်သူဆီကလာတဲ့ ဘဏ္ဍာငွေကြေး ဖြစ်တဲ့အတွက် ဒီဘဏ္ဍာငွေကြေးကို ဘယ်လိုပုံစံနဲ့ သုံးမယ်ဆိုတာ ပြည်သူ ပြည်သားများဟာ သိပိုင်ခွင့်ရှိပါတယ်။ ဆုံးဖြတ်ပိုင်ခွင့်လည်း အတိုင်းအတာတစ်ခုအထိ ရှိပါတယ်။ အတိုင်းအတာ တစ်ခုချင်းကို ပြောချင်တာက ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်ကို မှေးမှိန်စေချင်လို့ မဟုတ်ပါဘူး။ ပြည်သူအားလုံးဟာ တစ်သဘောထားတည်း မဟုတ်ဘူး ဆိုတော့ ပြည်သူအားလုံးရဲ့ သဘောထားနဲ့ ကိုက်ညီတဲ့ မူဝါဒတွေ ချဖို့ ဆိုတာကတော့ ခက်ခဲပါတယ်။ ဒါကြောင့်မို့ အုပ်ချုပ်တဲ့ အစိုးရများဟာ ဒီတာဝန်ကို ယူရပါတယ်။ ဒီတာဝန်ကို ယူတဲ့အခါမှာ တာဝန်ယူမှုဆိုတဲ့ အသိစိတ်ဓာတ်နဲ့ အမှားအယွင်းရှိရင်လည်း ခေါင်းခံရမယ်ဆိုတာကို အားလုံး နားလည်ဖို့က အရေးကြီးပါတယ်။ ဒီလို ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သ်ရင် ဘယ်နေရာတွေမှာ ပထမဘယ်လိုပုံစံ နဲ့ ဖွံ့ဖြိုး ဖို့လိုလဲ ဆိုတာဟာ အလှူ့ရှင်တွေရော၊ ဒီနိုင်ငံ မှာရှိတဲ့ နိုင်ငံရဲ့စီးပွားရေးမူဝါဒကို ဆုံးဖြတ်နေတဲ့ အစိုးရပိုင်း ကရော ဒီနိုင်ငံအတွင်းက စီးပွားရေး သမားတွေရဲ့ အမြင်တွေကို လိုချင်ပါတယ်။

နောက်အလှူရှင်များလို့ ဆိုတဲ့အခါမှာ ပြည်တွင်းအလှူ့ရှင်များကိုလည်း ပါဝင်စေချင် ပါတယ်။ ကျွန်မတို့ နိုင်ငံဟာ စီးပွားရေးသမားတွေထဲမှာ ဆိုရင် အင်မတန်မှ အောင်မြင် နေတဲ့ စီးပွားရေးသမားတွေ ရှိပါတယ်။ အခု ဒီအစည်း အဝေးကို ဖိတ်တဲ့ အခါမှာ တက်ချင်တဲ့ပုဂ္ဂိုလ်များလွန်းလို့ ဘယ်လိုပုံစံနဲ့ ဘယ်သူ တွေကို ဖိတ်မလဲဆိုတာ ဆွေးနွေးတဲ့အခါ အခွန်အကောက် အများဆုံး ပေးတဲ့ စီးပွားရေးလုပ်ငန်း ၁၀၀ ကို ဖိတ်မယ်ဆိုပြီးတော့ ပထမဦးဆုံး ဒီလိုပဲ ဆုံးဖြတ်ခဲ့ပါတယ်။ သို့သော်ငြားလည်း တက်ရောက်ချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများက များတဲ့အခါကျတော့ ဒါကို တိုးပြီးတော့ ၁၅၈ ဦး အထိ တိုးလိုက်ရပါတယ်။ ၁၅၈ ဦးသော အကောက်အခွန် အများဆုံးပေးသော လုပ်ငန်းရှင်များကို ဖိတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အကောက်အခွန်ပေးခြင်းဆိုတာဟာ ကိုယ့်ရဲ့နိုင်ငံကို ထောက်ပံ့ခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့လည်ပတ်မှု၊ နိုင်ငံတစ်နိုင်ငံရဲ့ အောင်အောင်မြင်မြင် လည်ပတ် မှုဆိုတာဟာ နိုင်ငံရဲ့ဘဏ္ဍာတော်ငွေ အခြေအနေအပေါ်မှာ အများကြီး တည်ရှိပါတယ်။ အခွန်အကောက်ပေးခြင်းဆိုတာကို ပြည်သူပြည်သားများအားလုံးက ဂုဏ်ယူရမယ့် ကိစ္စပါ။ ဒါဟာ တာဝန်လည်းဖြစ်တယ်။ ဒါဟာ ကိုယ့်ရဲ့ ဂုဏ်သရေ လည်းဖြစ်ပါတယ်။ တစ်ချို့နိုင်ငံတွေက ပြည်သူပြည်သားတွေ ပြောတဲ့စကားကို ကျွန်မနားထဲမှာ ကြားယောင်နေပါတယ်။ ငါတို့က အကောက်အခွန် မှန်မှန်ပေးနေတဲ့ နိုင်ငံသူနိုင်ငံသား တွေ၊ ပြောချင်တာက ဒါကြောင့်မို့လို့ ငါတို့ဟာ နိုင်ငံသူနိုင်ငံသားများ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအားလုံးကို ရပိုင်ခွင့်ရှိတဲ့ လူတွေဆိုပြီးတော့ ၀ံ့ကြွှားစွာပြောတာကို ကြားဖူးပါတယ်။ ပြည်သူပြည်သားများ၊ စီးပွားရေး လုပ်ငန်းရှင်များကိုလည်း ဒီလိုမာနမျိုး ထားစေချင်ပါတယ်။ ငါတို့ဟာ အပြည့်အ၀ နိုင်ငံတော်ကို ဆောင်ရမယ့် အခွန်တွေကို ဆောင်နေတဲ့ ပြည်သူပြည်သားတွေဖြစ်လို့ ငါတို့ဟာ ပြည်သူပြည်သားတွေ ရသင့် ရထိုက်တဲ့ အခွင့်အရေးအားလုံး ရထိုက် တယ်ဆိုတဲ့ မာန်မာန မျိုးကိုတော့ ထားစေချင် ပါတယ်။

အခွန်အကောက်နဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့အခါမှာ မကြာခဏ ပြောရပါတယ်။ အခွန်အကောက်ပေးခြင်းဆိုတာ ယဉ်ကျေးမှုတစ်ခုပါ။ ဒါဟာ ဥပဒေ နဲ့လုပ်ရုံနဲ့ မပြီးပါ ဘူး။ ဥပဒေလည်းလိုတယ်၊ အခွန်အကောက်ဥပဒေတွေရှိတယ်။ သို့သော်ငြားလည်း အခွန်အကောက်ဘာဖြစ်လို့ ပေးဖို့လိုလဲ ဆိုတာဟာ ပြည်သူ ပြည်သားတွေက နားလည်ပြီးတော့ လျောလျောရှုရှု၊ လိုလိုလားလားနဲ့ ဒီအခွန်တွေ ပေးမှသာလျှင် နိုင်ငံမှာ အခွန်အကောက်ယဉ်ကျေးမှုတစ်ခု တည်တံ့ခိုင်မြဲ သွားပြီလို့ ပြောလို့ရမှာပါ။

အခွန်အကောက်ယဉ်ကျေးမှု ထူထောင်ဖို့ ဆိုတာဟာ ပထမဦးဆုံး အခွန်အကောက် ဥပဒေများဟာ မှန်ကန်ရမယ်၊ ပြည်သူပြည်သားများ နားလည်လွယ် ရမယ်။ နောက်ပြီးတော့ ဘာကြောင့် အခွန်အကောက်တွေ ပေးလဲဆို တာကိုလည်း သဘောပေါက်ရမယ်။ အဲဒီမှာ စီးပွားရေးလုပ်ငန်းရှင်ကြီး တွေက ရှေ့တန်းကနေပြီး တော့ ဦးဆောင်လမ်းပြ ဖြစ်စေချင်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးများ အနေနဲ့ နိုင်ငံရဲ့ဘဏ္ဍာကို ပံ့ပိုးပေးရတဲ့ ဂုဏ်သရေကို တန်ဖိုး ထားစေချင်ပါတယ်။

ဘယ်လိုပုံစံနဲ့ ပြည်သူပြည်သားတွေနဲ့နိုင်ငံကို ဘယ်လိုပံ့ပိုး နိုင်မလဲ ဆိုတဲ့ စိတ်ဓာတ်နဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများကို ဆက်ပြီးတော့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို ပံ့ပိုးပေးစေချင်ပါတယ်၊ ခေတ်သစ်တစ်ခု ထွန်းကား ပြီဆိုတဲ့ အချိန်မှာ အားလုံးအတွက် လိုအပ်တဲ့ အရာ(၃)မျိုးရှိတယ်လို့ ထင်ပါတယ်။

ပညာ၊ စေတနာ၊ သတ္တိ။ ဘယ်လိုပုံစံပြောင်းလဲမလဲဆိုတဲ့ ပညာဟာ ကျွန်မတို့ အားလုံးမှာ ရှိဖို့အင်မတန်မှ အရေးကြီးပါတယ်၊ မှန်မှန်ကန်ကန် ဘယ်လမ်းကို သွားမယ်ဆိုတာကို ရွေးတတ်မှသာ လမ်းမှန်ပေါ်ရောက်သွားမှာပါ၊ လမ်းမှန်ဟာ ဘယ်လမ်းလဲဆိုတာသိရဲ့သားနဲ့ ဒီလမ်းကို သွားချင်တဲ့ စေတနာလဲရှိဖို့လိုပါတယ်၊ ကိုယ့်အကျိုးအတွက်၊ ကိုယ့်အဖွဲ့အစည်း အကျိုးအတွက်၊ ကိုယ့်စီးပွားရေးလုပ်ငန်း အကျိုးအတွက် မဟုတ်ဘဲနဲ့နိုင်ငံအကျိုး အတွက် လုပ်ပေးချင်တဲ့စေတနာရှိမှပဲ လမ်းမှန် ပေါ်မှာလျှောက်နိုင်မှာပါ။

ပညာအရ ကျွမ်းကျင်တဲ့ပညာရှင်များ၊ နိုင်ငံတကာမှ မိတ်ဖက်များ၊ ဘယ်လို လမ်းကိုလျှောက်သင့်တယ်၊ ဘာလုပ်သင့်တယ်ဆိုတဲ့ မူဝါဒတွေချပေး၊ချပေး ဒီလမ်းကို သွားချင်တဲ့ စေတနာ မရှိရင်တော့ နိုင်ငံအတွက် ပြဿနာတွေ ရှိပါလိမ့်မယ်၊ နိုင်ငံ တိုးတက်ဖွံ့ဖြိုးဖို့အတွက်၊ စီးပွားရေးဖွံ့ဖြိုးဖို့အတွက် ပညာပြီးရင် စေတနာလိုပါတယ်၊ ဒီစေတနာနဲ့ ဆက်သွားမှသာလျှင် အောင်မြင်နိုင်မှာပါ၊ တတိယအရာကတော့ သတ္တိ လိုပါတယ်။

လမ်းသစ်တစ်ခုကို လျှောက်တယ်ဆိုတာဟာ လမ်းဟောင်းလျှောက်တာထက် အများကြီး သတ္တိလိုပါတယ်။ ကိုယ့်လျှောက်လာတဲ့လမ်းဟောင်းဟာ နှစ်ပေါင်း များစွာ လျှောက်လာတဲ့လမ်းဟောင်းဆိုတာ ကိုယ်ကသိနေပြီဆိုတော့ ပိုပြီးတော့ လွယ်ကူ သလို၊ ပိုပြီးတော့ အဆင်ချောသလိုထင်နိုင်ပါတယ်။ သို့သော် လမ်းသစ်ကို လျှောက်ဖို့ အချိန်ရောက်ပြီဆိုရင် ဒီလမ်းသစ်ကိုလျှောက်နိုင်တဲ့သတ္တိတော့ အားလုံးမှာ လိုအပ်ပါတယ်။ အချို့က အရင်တုန်းကအတိုင်း ဆက်ပြီးသွားတာကို သတ္တိလို့ထင်ကြပါ တယ်။ ငါတို့ကတော့ စိတ်ထားမပြောင်းဘူး၊ အရင်အတိုင်းဆိုတာ ဘာမှ ဂုဏ်ယူစရာ မဟုတ်ပါဘူး၊ ခေတ်သစ်မှာ နိုင်ငံသူ နိုင်ငံသား၊ ပြည်သူ ပြည်သား အားလုံးကို အခွင့်အရေး သစ်တွေကို ပေးနေတာပါ။ ဒီအခွင့်အရေးတွေကို စေတနာရှိရှိ၊ သတ္တိရှိရှိနဲ့ မိမိရရဆုပ်ကိုင်ပြီးတော့ ဆက်ပြီးတော့ နိုင်ငံရဲ့တိုးတက်မှုအတွက်လုပ်ပေး စေချင်ပါ တယ်။

နိုင်ငံရဲ့ တိုးတက်မှုအတွက်ဆိုတာ အားလုံးပါဝင်ဖို့ ဖြစ်ပါတယ်။ အခု ခေတ်မှာ ဆိုရင် အားလုံးပါဝင်ဖို့ကို သိပ်သုံးကြပါတယ်။ ပါဝင်သင့်၊ ပါဝင်ထိုက်သူများ အားလုံး ပါဝင်သင့်တဲ့နေရာကပါဝင်ဖို့ ဆိုရိုးစကားအတိုင်းပြောရမယ်ဆိုရင် လူမှန်၊နေရာ မှန်လုပ်မှ အောင်မြင်နိုင်မှာပါ။ လူမှန်နေရာမှန်ဆိုတာ အဲဒီမှာ စီးပွားရေး လုပ်ငန်းရှင် များအတွက် နေရာမှန်ရှိပါတယ်။ နိုင်ငံတိုးတက်ဖို့အတွက်၊ ဖွံ့ဖြိုးဖို့အတွက် လုပ်ပေး နိုင်တဲ့နေရာမှန်ရှိပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ ဖြောင့်ဖြောင့်မတ်မတ်နဲ့ အားလုံး လုပ်ဖို့လိုပါတယ်။ စီးပွားရေးအောင်မြင်ဖို့ဆိုတာ ယုံကြည်မှုဟာ အဓိကဖြစ်တယ်ဆိုတာ စီးပွားရေးလုပ်ငန်းရှင်ကြီးများသိပြီးသားဖြစ်ပါတယ်။ ယုံကြည်မှုရှိဖို့ဆိုရင် စီးပွားရေး လောကမှာ ဖြောင့်ဖြောင့်မတ်မတ်လုပ်တယ်ဆိုတာကို ကမ္ဘာကသိဖို့လိုပါတယ်။ တိုတို ပြောရမယ်ဆိုရင် အဂတိလိုက်စားမှု ကင်းရှင်းဖို့လိုပါတယ်။ အဂတိလိုက်စားမှု ကင်းရှင်း ဖို့ဆိုတာ ပြည်သူပြည်သားတစ်ယောက်ချင်း၊ တစ်ဦးချင်း၊ လုပ်ငန်းရှင် ကြီးများ တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ အဖွဲ့အစည်းများ တစ်ခုချင်းပေါ်မှာအများကြီး မူတည်ပါတယ်။

ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ ဒီလိုအဂတိလိုက်စားမှုဖြစ်စေခြင်းကို ထိန်းထား နိုင်တာ ပထမဆုံး ပြောသွားတဲ့ တရားဥပဒေစိုးမိုးရေးပါပဲ။ တရားဥပဒေ စိုးမိုးရေးရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုက ဒါပါပဲ။ ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ အဂတိလိုက်စားမှု ဖြစ်စေတဲ့ စိတ်ဓာတ်များကို ထိန်းသိမ်းထားနိုင်ဖို့ပါပဲ။ ကိုယ့်ဆန္ဒအရ လုပ်ချင်တိုင်း လုပ်လို့မဖြစ်ဘူး၊ ဥပဒေကနေ ခွင့်ပြုသလောက်ပဲ လုပ်ရမယ်၊ မှန်မှန်ကန်ကန်လုပ်ရ မယ်၊ မျှမျှတတ လုပ်ရမယ်၊ ဒေါသကို အခြေခံပြီးတော့ တခြားသူကို ထိခိုက်စေချင်လို့ လုပ်လို့လဲ မဖြစ်ဘူး၊ မှန်မှန်ကန်ကန်လုပ်ရမယ်၊ နိုင်ငံတစ်နိုင်ငံလုံးအကျိုးအတွက် အောင်မြင်ဖို့အတွက် လုပ်ရပါမယ်။

ဘယာဆိုတဲ့ကြောက်ရွံ့မှု၊ ကျွန်မတို့ဟာ ဒီမိုကရေစီစနစ်ကိုထူထောင်နေတဲ့ အချိန်ကာလဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် အောက်မှာဆိုရင် တရားဥပဒေဘောင် အတွင်းမှာ မှန်မှန်ကန်ကန်လုပ်တဲ့ ပုဂ္ဂိုလ်တွေ ဘယ်သူမှကြောက်ရွံ့စရာမလိုပါဘူး။ အခုဆိုရင် ပထမဦးဆုံး ခြောက်လအတွင်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ နှေးကွေး တယ်ဆိုပြီးတော့ ဝေဖန်တာတွေရှိပါတယ်။ ဝေဖန်ချက်တွေကို နားထောင်ပါတယ်။ လက်ခံပါတယ်။ ပိုပြီးတော့ မြန်မြန်သွက်သွက်လက်လက်နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားပါ တယ်။ အမှန်ဆုံးဖြစ်စေချင်တာ ကျွန်မတို့အစိုးရလောက်မြန်ချင်တာ ဘယ်သူမှ မရှိဘူးလို့ ပြောချင်ပါတယ်၊ စီးပွားရေးတိုးတက်မှုမြန်ဆန်အောင်လုပ်ပေးနိုင်မှသာလျှင် ထူထောင်ချင်တဲ့စနစ်ကို မြန်မြန်ဆန်ဆန် အမြစ်တွယ်အောင်လုပ်နိုင်မှာ ဖြစ်ပါတယ်။

ကြောက်ရွံ့မှုရှိဖို့မလိုဘူး၊ ဘယာကတိရှိဖို့မလိုဘူးလို့ ပြောခြင်းဟာ အခု ဒီမိုကရေစီ စနစ်ကို ထူထောင်လိုက်တဲ့အခါမှာ အဂတိလိုက်စားမှုရှိရင် ပြည်သူ ပြည်သားများဟာ ပွင့်ပွင့်လင်းလင်းသတ္တိရှိရှိနဲ့တိုင်လို့ရပါတယ်။ ဒီကိစ္စကို အစိုးရပိုင်း၊ ဌာနပိုင်းဆိုင်ရာကို အသိပေးလို့ရပါတယ်။ ဒီလိုအသိပေးလို့ ဘာမှကိုယ့်အတွက် အန္တရာယ်မရှိဘူး ဆိုတာကို ကျွန်မအနေနဲ့အာမခံချက်ပေးပါတယ်။ သို့သော်ငြားလည်း ပစ်စာတွေကို အားပေးတာ မဟုတ်ပါဘူး။ တိုင်ရဲရင် တာဝန်ခံရဲရမယ်။ ကျွန်တော် ဘယ်သူပါ၊ ကျွန်မ ဘယ်သူပါ၊ ကျွန်မတို့အမျိုးသားမှတ်ပုံတင်က ဘယ်လောက်ပါ၊ ဘယ်လို အဂတိ လိုက်စားမှုနဲ့ ကြုံတွေ့ ရပါတယ်ဆိုတဲ့ သက်ဆိုင်ရာဌာနများ၊ ကျွန်မတို့ ၀န်ကြီးဌာန ဖြစ်တဲ့ အတိုင်ပင်ခံဝန်ကြီးဌာနရုံးကို ရေးလို့ရပါတယ်။ ဒီလိုရေးလို့ တိုင်လို့ ရအောင်လို့လည်း အားလုံးကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာကို သတင်း ဖြန့်ချိပေး မှာဖြစ်ပါတယ်။ အားလုံးမှာ တာဝန်ရှိပါတယ်။

အောက်ကလူတွေက ကျွန်မကို ပြောကြပါတယ်။ ၀န်ကြီးတွေကတော့ သန့်ရှင်းပါတယ်၊ အောက်ကလူတွေကတော့ အရင်အတိုင်း ပဲတဲ့။ အရင်အတိုင်းပဲဆိုရင် ၀န်ကြီးတွေကို သတိပေးရမယ်။ ၀န်ကြီးတွေက ဖြောင့်မတ် သန့်ရှင်းတယ်လို့ ယုံကြည်ရင် ၀န်ကြီးတွေကို အသိပေးမယ်။ ၀န်ကြီးအောက်ကဖြင့် ဘယ်သူ၊ ဘယ်နေရာမှာဖြင့် ဘယ်လိုလုပ်နေပါ တယ်လို့ သတ္တိရှိရှိနဲ့အသိပေးပါ။ တိုင်တဲ့သူတွေ ရဲ့နာမည်ကို ဖော်ထုတ်ပြမှာ မဟုတ်ပါဘူး။ သို့သော်ငြားလည်း ပစ်စာဆိုတာကို လက်မခံတာ ကြောင့် နာမည်တော့ခံရမယ်။ ကျွန်တော်၊ကျွန်မဟာ ဘယ်သူ၊ ဘယ်ဝါပါ မှတ်ပုံတင် နံပါတ် ဘယ်လောက် ဘယ်လောက်ပါ၊ ဒီလောက်ကတော့ ပြောရမယ်။ မပြောဘဲနဲ့ တိုင်တာဆိုတာ ပစ်စာမြောက်ပါတယ်၊ ပစ်စာကတော့ လက်ခံလို့မဖြစ်ပါ ဘူး။

ပြည်သူ ပြည်သားများဟာ နိုင်ငံအတွင်းမှာ အဂတိလိုက်စားမှု ပျောက်ကင်းသွား ဖို့အတွက် တစ်ဦးချင်းမှာ တာဝန်ရှိတယ်လို့ လက်ခံပြီးတော့ သိသင့်၊ သိထိုက်တဲ့ ကိစ္စများကို အထက်အရာရှိများ၊ ၀န်ကြီးများ သိအောင်လို့ အကြောင်းကြား ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ အားလုံးမှာ တာဝန်ရှိပါတယ်။ နိုင်ငံသူ နိုင်ငံသားများရဲ့ အရည်အချင်း တန်ဖိုးကသာလျှင် နိုင်ငံရဲ့တိုးတက်ဖွံ့ဖြိုးမှုကိုဖြစ်စေမှာပါ။ ဒါဟာ တာဝန်ယူမှုပါပဲ။ မောဟဆိုတာကတော့ နောက်ဆုံးကတော့ မသိတတ်တဲ့ ကိစ္စပေါ့။ "ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ" မသိတတ်ခြင်း ဆိုတာဟာ လောကီအရ ပြောနေတာပါ။ လောကီအရ ပညာအရ မစုံလင်ခြင်း၊ မသိတတ်ခြင်းဆိုတာကတော့ နိုင်ငံမှာ ဒီကိစ္စကို ကိုင်တွယ်ဖို့ အများကြီးတာဝန်ရှိပါတယ်။

ပညာရေးစနစ်ဟာ နှစ်ပေါင်းများစွာ ဆယ်စုနှစ်ပေါင်းများစွာနောက်ကျ ကျန်ခဲ့ပါတယ်။ ပညာရေးစနစ်ကို မြှင့်တင်ဖို့ ပြည်သူ ပြည်သားတွေရဲ့ အရည်အချင်းကို မြှင့်တင်ဖို့ဟာ အစိုးရရဲ့တာဝန်ဖြစ်ပါတယ်။ ဒီလိုမြှင့်တင်တဲ့အခါမှာ အနာဂတ်ကိုကြည့် ပြီးတော့ ဆက်သွား ချင်ပါတယ်။ အသက်မွေးဝမ်းကျောင်းပညာကို အထူးအလေးထားပြီး၊ တန်ဖိုး ထားပြီး ပိုပြီးတော့ တိုးတက်အောင်လုပ်ဖို့ ဆန္ဒရှိပါတယ်။

ကမ္ဘာ့နိုင်ငံတွေထဲက အတိုးတက်ဆုံး၊ အဖွံ့ဖြိုးဆုံး နိုင်ငံတွေထဲမှာ ဘယ်လိုနိုင်ငံမျိုး ပါလဲဆိုတော့ အသက်မွေးဝမ်းကျောင်းပညာကို တက္ကသိုလ်ပညာနဲ့ တန်းတူ တန်ဖိုးထားပြီး တန်းတူတန်ဖိုးကို ပညာကိုလူထုက လက်ခံအောင်လို့ လုပ်နိုင်တဲ့ နိုင်ငံတွေ ပါပါတယ်။ အသေးဆုံးဆိုပေမယ့် အချမ်းသာဆုံးနိုင်ငံများ၊ အသက်မွေး ၀မ်းကျောင်းပညာကို အားပေးတဲ့နိုင်ငံများ ပါနေပါတယ်။ အခု အရှေ့တိုင်းနိုင်ငံတွေ ကတော့ တက္ကသိုလ်ပညာကို အသက်မွေးဝမ်းကျောင်းပညာထက် အများကြီး အလေး ထားတာ၊ တန်ဖိုးထားတာကို တွေ့ရပါတယ်။ ဒီစိတ်တွေကို ပြောင်းလဲစေချင်ပါတယ်၊ ပညာဆိုတာဘာလဲ၊ အဲဒီအခြေခံကိုပြန်စဉ်းစားပါ။ ပညာဆိုတာဟာ အခြေအနေ တစ်ခုကိုသုံးသပ်ပြီး မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်တဲ့ အရည်အချင်းပဲဖြစ်ပါတယ်။

တက္ကသိုလ်ဘွဲ့တွေ ဘယ်လောက်ပဲ ရထား၊ ရထား။ အခြေအနေတစ်ခုကို မှန်မှန်ကန်ကန် ဆုံးဖြတ်ပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်နိုင်တဲ့အရည်အချင်း မရှိဘူး ဆိုရင် ပညာမရှိဘူးလို့ဘဲ သတ်မှတ်ရမှာပါ။ အသက်မွေးဝမ်းကျောင်းပညာ ကောင်းကောင်းမွန်မွန်တတ်ထားတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ သူ့ဘ၀မှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို သေသေချာချာသုံးသပ်ပြီး ကျော်လွှားနိုင်တဲ့ အရည်အချင်း ရှိပြီဆိုရင် သူဟာပညာတတ်ပဲ။ တက္ကသိုလ်က ဘွဲ့တွေအများကြီး ရထားပြီးတော့ အိမ်ကနံရံ ပေါ်မှာ၊ ဘွဲ့နှင်းသဘင်တွေမှာ တက်ရောက်ထားတဲ့ ဓာတ်ပုံတွေ အများကြီး ချိတ်ထားပြီးတော့ တကယ့်ပြဿနာရှိတဲ့အခါမှာ မရင်ဆိုင်နိုင်ဘူး၊ တကယ်ကိုယ့် အသက်မွေးဝမ်းကျောင်းအတွက် ထိထိရောက်ရောက် မလုပ်နိုင်ဘူးဆိုရင် ကျွန်မတို့ ပညာတတ်လို့ သတ်မှတ်နိုင်ပါ့မလား။

ဒါကိုစဉ်းစားစေချင်ပါတယ်။ ပညာတတ်လို့ သတ်မှတ်တဲ့အခါမှာ ကိုယ့်အတွက် ပညာတတ်တာနဲ့၊ အများအတွက်ပညာတတ်တာကို နှစ်ခုခွဲပြီးတော့မြင်စေချင်ပါတယ်။ တချို့တွေက ကိုယ့်အတွက်တော့ ပညာအများကြီးတတ်ပါတယ်၊ ပညာတတ်တယ် ဆိုတာထက် ပညာပြတတ်တယ်လို့ ဆိုချင်ပါတယ်။ ကိုယ့်အတွက်ကို ပညာပြတာထက် အများအတွက် ပညာရှိတာဟာ ပိုပြီးတော့ တန်ဖိုးရှိပါတယ်ဆိုတာလည်း ပြည်သူ ပြည်သားများနဲ့ လုပ်ငန်းရှင်ကြီးများကို သတိထားစေချင်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင် ကြီးများကို အများကြီးအားကိုးပါတယ်။

ဒီအစိုးရမတက်ခင်ကတည်းက အားလုံးသိနေတဲ့၊ အင်္ဂလိပ်ဘာသာစကားကို မကျွမ်းကျင်ဘူး ဆိုပေမယ့် သိနေတဲ့ အသုံးအနှုန်းတစ်ခုရှိပါတယ်။ "ခရိုနီ"ဆိုတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံ တစ်နိုင်ငံလုံးမှာ ပြန့်ပွားနေတဲ့ ခရိုနီ၊ စီးပွား ရေး အောင်မြင်ကျော်ကြားနေတဲ့သူတွေက ခရိုနီတွေ၊ ပြောရမယ်ဆိုရင် အစိုးရနဲ့ အာဏာရှိတဲ့ပုဂ္ဂိုလ်များနဲ့ ပင်းပြီးတော့ သူတို့ရဲ့အောင်မြင်မှုအတွက်လုပ်တာ တရားဥပဒေ ဘောင်အတွင်းက လုပ်တာမဟုတ်ဘူး။ အများပြည်သူ အတွက်လုပ်တာ မဟုတ်ဘူး ဆိုပြီး ဝေဖန်ချက်တွေရှိပါတယ်။ ဒီလိုဝေဖန်ချက်တွေ ကြားရတဲ့အခါမှာ ကျွန်မ စိတ်မကောင်းပါဘူး။ စိတ်မကောင်းဘူးဆိုတာ ပြည်သူ ပြည်သားများ အချင်းချင်း ဘာလို့ဒီလောက်စိတ်ဝမ်းကွဲနေကြပါသလဲ။ ကိုယ့်အတွက်ပဲ လုပ်မယ်ဆို တဲ့ လုပ်ငန်းရှင်ကြီးများ နိုင်ငံမှာများနေသလား၊ ကိုယ်ကျိုးအတွက်ပဲကြည့်မယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကျွန်မတို့နိုင်ငံမှာ များနေသလား။ ဒီလိုမျိုးတွေရှိနေတယ် ဆိုရင် နိုင်ငံ့အတွက်အင်မတန်မှဝမ်းနည်းစရာဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်မယုံကြည်ချက်တစ်ခုက အတိတ်ဆိုတာဟာ ကိုယ့်ကိုကိုယ် ချည်နှောင် ထားဖို့ မဟုတ်ဘူး။ သင်ခန်းစာယူပြီးတော့ ရှေ့ကိုဆက်သွားနိုင်ရမယ်၊ တစ်ချိန် တစ်ခါတုန်းက ကိုယ့် အတွက်ပဲလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေက နောင်တစ်ချိန်တစ်ခါမှာ အများအတွက်မလုပ်နိုင်ဘူးလား။ အများအတွက်လုပ်နိုင်တဲ့အရည်အချင်းတွေသူတို့မှာ မရှိဘူးလား။ ကိုယ့်အစုအဖွဲ့၊ ကိုယ့်ရဲ့လုပ်ငန်း၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့မိသားစု အတွက်ပဲ စဉ်းစားခဲ့တဲ့ ပုဂ္ဂိုလ်များဟာ အမြင်ကျယ်လာပြီးတော့ တစ်တိုင်းပြည်လုံး အတွက် စဉ်းစားနိုင်တဲ့ အရည်အချင်းတွေ မမွေးမြူနိုင်ဘူးလားဆိုတာကို ကျွန်မစဉ်းစား ခဲ့ပါတယ်။ ကျွန်မ ကတော့ ဖြစ်နိုင်တယ်လို့ ယုံကြည်ပါတယ်၊ ဖြစ်နိုင်ဖို့အတွက်ကိုလည်း အခွင့်အရေးတွေပေးပါ့မယ်။

ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာဆိုရင် တချို့တွေ ကြိုက်တာလဲပါမယ်၊ မကြိုက်တာ လဲပါမယ်။ ဘာပဲလုပ်လုပ် ၁၀၀ ရာခိုင်နှုန်း အားလုံးကြိုက်တယ်၊ အားလုံး လက်ခံ တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ တတ်နိုင်သမျှ ကျွန်မတို့နိုင်ငံမှာ မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံ မှုတွေ ပြည်တွင်းကရော ပြည်ပကပါ ၀င်လာအောင်လို့ ဒီဥပဒေကို ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ တချို့က စိတ်ပူတယ်။ ပြည်ပက ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းတွေအတွက် အခွင့်အရေးတွေသိပ်ပေးရင် ပြည်တွင်းက လုပ်ငန်းရှင်များက ပြိုင်နိုင်ပါ့မလား။ ဒီလိုစိတ်ပူပန်မှုတွေမရှိပါနဲ့၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပါ။ အခက်အခဲ ရှိရင် အသိပေးပါ၊ နိုင်ငံတစ်နိုင်ငံရဲ့အစိုးရတာဝန်တစ်ခုဟာ ပြည်သူပြည်သားများရဲ့ အခက်အခဲကိုဖြေရှင်းပေးဖို့ပါ။ ပြည်သူ ပြည်သားတွေထဲမှာ စီးပွားရေး လုပ်ငန်းရှင် ကြီးတွေပါပါတယ်။ ပြည်သူ ပြည်သားတွေထဲက ချမ်းသာကြွယ်ဝ လာတာကို သဘော ကျပါတယ်၊ ဒါပေမယ့် ချမ်းသာကြွယ်ဝလာတာ မှန်ဖို့တော့လိုပါတယ်။ အရင် တုန်းက မှန်တာ မမှန်တာ အတိတ်ကိုတော့ ပြန်ပြင်လို့မရတော့ဘူး။ ပစ္စုပ္ပန်မှာတော့ မှန်မှန်ကန် ကန်လုပ်သွားပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

ဒီကနေ့ ပြောမယ့်ပုဂ္ဂိုလ်တွေက တစ်ယောက်ချင်း၊ တစ်ယောက်ချင်း ကိုယ့်ကဏ္ဍ အရ ပြောသွားကြမှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီးတော့ ပူးပေါင်း ဆောင်ရွက်မယ့် အကြောင်း ပိုပြီးတော့ ပြောပြချင်တဲ့ စိတ်ဆန္ဒရှိပေမယ့် အချိန်အကန့် အသတ်ကြောင့် အခုအချိန်မှာတော့ ပြောလို့မရပါဘူး။ မကြာမီကာလအတွင်း ဒီအဖွဲ့က ဘယ်လိုလုပ်ငန်းတာဝန်တွေကို ထမ်းဆောင်သွားမယ်ဆိုတာကို ရှင်းလင်း ပြမှာ ဖြစ်ပါတယ်။ အဲဒီအခါကျရင် စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံကို တိုးတက် စေချင်တဲ့ အလှူရှင်များ၊ မိတ်ဖက်နိုင်ငံများကလည်း အကြံဥာဏ်တွေပေးပါလို့ ကျွန်မတို့က တောင်းခံပါတယ်။ အကြံဉာဏ်သစ်တွေကို ရင်ဆိုင်ဖို့၊ စဉ်စားဖို့၊ မကြောက် ပါဘူး။ ပြည်သူ ပြည်သားများ လုပ်ငန်းရှင်များဟာလည်း အတွေးအခေါ် အသစ်တွေ၊ အကြံအသစ် တွေနဲ့ ဆက်ပြီးတော့လုပ်ဖို့ မကြောက်ကြပါနဲ့ နိုင်ငံရဲ့ဖွံ့ဖြိုး တိုးတက်ရေး ကိုသာစိတ်ထဲမှာ ထားပြီးတော့ ၀ိုင်းဝန်းပြီးတော့ ကူညီကြပါလို့ မေတ္တာ ရပ်ခံရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။

Myanmar State Counsellor Office
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.