“၀”၊ မိုင်းလားအရေးနှင့် အန်စီအေ အခြေပြု တိုင်းရင်းသားများအကြား သဘောထားကွဲလွဲမှု || စိုင်းထွန်းအောင်လွင် ||


၁။ “၀” အတွက် တောင်ပိုင်းနယ်မြေထက်ပင် အရေးကြီးတဲ့ မိုင်းလား
.
အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည့် “၀” တပ်ဖွဲ့အတွက် မူလ “၀” နယ်မြေနှင့် ကပ်လျက် တည်ရှိသော မိုင်းလားဒေသသည် စစ်ရေး ၊ နိုင်ငံရေး ၊ စီးပွားရေးအရ အတော်ပင် အရေးပါသော ဒေသဖြစ်သည်။ မကြာသေးမီက ဖြစ်ခဲ့သည့် “၀” နှင့် မိုင်းလား တင်းမာမှုအကြောင်းနှင့် ပတ်သက်၍ ရှမ်းရေးရာ လေ့လာသူ ဦးခွန်ဆိုင်းက “ “၀” ရဲ့ ပန်ဆန်းနယ်မြေအတွက် မိုင်းလားက စစ်ရေးအရပါ အရေးကြီးတဲ့အပြင် တောင်ဘက်က လာအိုနယ်စပ်နဲ့ မဲခေါင်မြစ် ထွက်ပေါက်အတွက် စီးပွားရေးအရပါ အရေးပါတယ်။ တကယ်လို့ “၀” အနေနဲ့ တောင်ပိုင်း ထိုင်းနယ်စပ်က နယ်မြေနဲ့ မိုင်းလားနှစ်ခုထဲက တစ်ခုရွေး ဒါမှမဟုတ် တောင်ပိုင်းကို လက်လွတ်ရပြီ ဆိုရင်တောင် မိုင်းလားဒေသကို လက်လွတ်မှာ မဟုတ်ဘူး” ဟု ဧရာဝတီနှင့်မေးမြန်းမှုမှာ ဖြေဆိုထာသည်။

ဦးခွန်ဆိုင်းမှာ ရှမ်းတော်လှန်ရေး သမားအဖြစ်အပါ နှစ်ပေါင်းများ စွာ ဖြတ်သန်းခဲ့သူဖြစ်ပြီး မူးယစ်ဆေးဝါးရေးရာနှင့် ပတ်သက်၍ Shan Drug Watch ကို ထူထောင်ခဲ့သူဖြစ်ကာ လက်ရှိအချိန်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အထောက်အကူပြု အဖွဲ့အစည်းဖြစ်သည့် PI ပြည်ထောင်စု အင်စတီကျုတွင် ဒါရိုက်တာအဖြစ် ဆောင်ရွက်နေပါသည်။ အမှန်တကယ်လည်း ပန်ဆန်းဒေသသို့ တန့်ယန်းဘက်က ၀င်ခဲ့ဖူးပြီး မိုင်းလားဘက်မှ ပြန်ခဲ့ဖူးသူ စာရေးသူ အနေဖြင့် ဦးခွန်ဆိုင်း ပြောဆိုမှုကို မအံ့သြပေ။ အမှန်စင်စစ် “၀” တို့၏ မူလ အစဉ်အဆက် နေထိုင်ခဲ့သည့် “၀” မြောက်ပိုင်းဒေသ ( ၂၀၀၈ အခြေခံဥပဒေအရ သတ်မှတ်ထားသည့် ပန်ဆန်းဒေသ ၆ မြို့နယ်) မှာ သံလွင်မြစ် အရှေ့ဘက်ကမ်းနှင့် တရုတ်နိုင်ငံ အကြားတွင် တည်ရှိပြီး တောင်ကုန်း တောင်တန်း ထူထပ်သည့် ဒေသသာဖြစ် သည်။

ပန်ဆန်းမှ တရုတ်မြန်မာ နယ်စပ်အတိုင်း ဆင်းသွားပါက နယ်မြေ အများစုမှာ တောင်ပေါ်ဒေသ ဖြစ်သလို မိုင်းပေါက်၊ မိုင်းဖျန်နှင့် မိုင်းလား (ဆီလူးဒေသ) နယ်စပ် ရောက်ပါမှ အနည်းငယ် ပြန့်ပြူးသည့် လွင်ပြင်ကို တွေ့ရမည်ဖြစ်ပြီး တစ်ဖက်တွင် တရုတ်နိုင်ငံ၊ အလယ်တွင် လွင်ပြင်၊ တစ်ဖက်တွင် အစိုးရထိန်းချုပ်နယ်မြေနှင့် တံတိုင်းခြား ထားသည့် တောင်တန်းများ ဆိုသည့် အနေအထားအရ မိုင်းလားဒေသကို သွားသည့် လွင်ပြင်ကမ်းမြောင်ဒေသမှာ ပန်ဆန်းအတွက် စစ်ရေးအရ အရေးပါသည်တော့ အမှန်ပင်။ အားမနာတမ်းဆိုရလျှင် မိုင်းလားဒေသမှာ ပန်ဆန်းအတွက် အ၀င်ခံတပ်ဟု ဆိုပါကလည်း ဆိုနိုင်ပါသည်။ အစိုးရစစ်တပ်ဌာနချုပ်မှာ အနောက်တောင်ဘက် မနီးမဝေး ကျိုင်းတုံဒေသ တွင် ရှိသည်မဟုတ်ပေလော။

ယင်းအပြင် မိုင်းမ၊ မိုင်းလားဒေသမှာ နာမည်ကျော် ရွှေတြိဂံဒေသ အတွင်းက ဒေသဖြစ်သည့် အပြင် လာအိုနယ်စပ်၊ မဲခေါင်မြစ်ရှိခြင်း၊ ထိုင်းနယ်စပ်သို့ အချိန်အနည်းမျှဖြင့် သွားရောက်နိုင်မှုတို့မှာလည်း မိုင်းလားအတွက် သာမက “၀” အတွက်ပါ စီးပွားရေး၊ စစ်ရေးအရပါ အရေးပါသည့် အနေအထားပင်။ UWSA “၀” တပ်ဖွဲ့၏ ဒုတိယ ခေါင်းဆောင်ဖြစ်သူ ရှောင်မင်လျှံက အကယ်၍ “၀” နယ်မြေ အား ပြည်နယ်အဖြစ် တရားဝင် သတ်မှတ်ပေးပါက အငြင်းပွား ဖွယ် ဖြစ်နေသည့် (ရှမ်းလက်နက်ကိုင်များထံမှာ စစ်တပ် ၊ စစ်ထောက် လှမ်းရေး ဦးခင်ညွှန့်တို့နှင့် လက်ဝါးရိုက် ရယူခဲ့သော) တာချီလိတ် မှ အောက်ဘက် ထိုင်းမြန်မာ နယ်စပ်တစ်လျှောက် “၀” တောင်ပိုင်း ဟု ခေါ်တွင်သည့် နယ်မြေများကို စွန့်လွတ်ရန် စဉ်းစားကောင်း စဉ်းစားပေးမည်ဟု “၀” အခြေစိုက် မီဒီယာ တစ်ခုတွင် ဆောင်းပါး ရေး သားခဲ့ဖူးသည်ဟု ပန်ဆန်းဒေသမှ ရှမ်းအသိုင်းအ၀ိုင်းက ဆိုပါသည်။ ဆိုခဲ့ပါအနေအထားမှာ UWSA “၀” တပ်ဖွဲ့မှာ ညီအစ်ကို မဟာမိတ်အဖြစ် ရပ်တည်ခဲ့သည့် မိုင်းလား NDAA အား ထာဝရ မိတ်ဖက်အဖြစ် တွက်ချက်ထားခဲ့ပုံရပြီး လက်တွေ့ ပြင်ပအခြေအနေတွင်လည်း NDAA မိုင်းလားအဖွဲ့မှာ စစ်ရေး မဟာမိတ်အဖြစ် “၀” အား နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ရပေသည်။ ပြီးခဲ့သည့် ဇန်န၀ါရီလက တရုတ်သံတမန်နှင့် ရှမ်းပြည်နယ်ရှိ အင်အားကြီး ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးတို့၏ တွေ့ဆုံမှုတွင် ရှမ်းအရှေ့ဒေသမှာ မဲခေါင်မြစ်ကို ဖြတ်ပြီး မူးယစ် လက်နက် ကုန်သွယ်မှုတွေက တစ်ဆင့် မြန်မာနိုင်ငံထဲ လက်နက်တွေ အမြောက်အမြား ၀င်လာနေမှုကို ကြပ်မတ်တားဆီးပေးရန် ဦးခွန်ထွန်းဦးက တရုတ်သံတမန်ကို တင်ပြခဲ့သည့် သတင်းကို ပြည်တွင်းအခြေစိုက် မီဒီယာအချို့တွင် ဖော်ပြခဲ့ဖူးပါသည်။ အမှန်စင်စစ် မဲခေါင်မြစ်မှာ မိုင်းလားဒေသတွင် လာအိုနှင့် နယ်နိမိတ် အဖြစ် ခြားထားသည့် မြစ်အဖြစ် ရှိနေသည်။ ဦးခွန်ထွန်းဦး အဓိက အကြောင်းပြခဲ့သည့် အချက်မှာ တိုင်းရင်းသားအရေးကို ထောက်ခံခဲ့သော ၄င်းအနေဖြင့် တိုင်းရင်းသားအရေး အားပေးသည်ကို လက်ခံသော်လည်း လက်နက်များ အဆက်မပြတ် စီးဝင်နေမှုမှာ ရေရှည် ငြိမ်းချမ်းရေးရန်အတွက် ခက်ခဲနိုင်သည်ဟု ထောက်ပြခဲ့သည်ဟု ပြည်တွင်းမီဒီယာ အချို့တွင် ဖော်ပြခဲ့ဖူးသည်။ မိုင်းလားဒေသအတွင်း မဲခေါင်မြစ် အနီးတွင် ဆွပ်လွေဆိုသည့် ရွာရှိကြောင်းလည်း ဒေသအတွင်း သုတေနသ ပြုလုပ်နေသူ အချို့ကဆိုပြီး ဆွပ်လွေမှ ကူးလိုက်ပါက လာအိုသို့ ရောက်နိုင်သကဲ့သို့ အောက် ဘက် ထိုင်းနယ်စပ်သို့လည်း စုန်ဆင်းနိုင်သည်ပင်။

ယင်းအပြင် မုန်းယောင်းနယ်မှ တစ်ဆင့်လည်း ထိုင်းနယ်စပ်သို့ အလွယ်တကူ သွားလာနိုင်သကဲ့သို့ တာချီလိတ် အောက်ဘက် လွယ်လန်းဒေသမှ ပုံပါကျင်၊ မုန်းထားနယ်အထိ ထိုင်းမြန်မာ နယ်စပ်တစ်လျှောက် နေရာယူထားသည့် “၀” တောင်ပိုင်းနယ်မြေနှင့် ဆက်သွယ်ရာတွင်လည်း မိုင်းလားဒေသမှာ အရေးပါသည့် အခြေအနေတွင်ရှိသည်။ မြေပုံအရဆိုလျှင် မူလ “၀” နယ်မြေနှင့် ထိုင်းနယ်စပ်ရှိ တောင်ပိုင်းနယ်မြေအကြား မိုင်းလားဒေသမှာ တည်ရှိနေရာ ထိုင်းနယ်စပ်တွင် ရှမ်းလက်နက်ကိုင်လည်း ရှိနေပြီး ၊ ထိုင်းလည်း မကြိုက် တပ်မတော်ကလည်း မကြိုက်၊ RCSS/ SSA ကဲ့သို့ ရှမ်းလက်နက်ကိုင်လည်း မနှစ်သက်ဖြစ်နေသည့် “၀” တောင်ပိုင်း နယ်မြေထက် မိုင်းလားဒေသက “၀” ၏ ပင်မနယ်မြေအတွက် အတော်ပင် အရေးပါသည့် အခြေအနေပင်။

၂။ NCA ကြောင့် ကွဲလွဲ တိုက်ခိုက်မှုတွေ ဖြစ်တဲ့ တိုင်းရင်းသားတွေ
.
တိုင်းရင်းသား လက်နက်ကိုင် အရေအတွက်အား အများစု သတ်မှတ်ထား သည့် ၂၁ ဖွဲ့ဖြင့် သတ်မှတ်မည်ဆိုပါက ယျေဘူယျအားဖြင့် အစု (၃) စု သတ်မှတ်နိုင်ပေသည်။ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲထားသည့် အဖွဲ့ (၈) ဖွဲ့တစ်စု (ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး၊ RCSS / SSA ရှမ်းလက်နက်ကိုင် စသည့်အဖွဲ့တို့ အဓိကပါဝင်)၊ လက်မှတ် မထိုးထားသေးသည့် UNFC တိုင်းရင်းသား တပ်ပေါင်းစု အဖွဲ့ဝင် ၇ ဖွဲ့က တစ်စု ၊ UWSA “၀” တပ်ဖွဲ့နှင့် နီးစပ်သည့် အဖွဲ့များဖြစ်သော (MNDAA ကိုးကန့်၊ တအာင်းပလောင်၊ မိုင်းလား၊ အေအေ ရခိုင် အဖွဲ့များက တစ်စု) ဆိုသည့် အနေအထားကို မြင်တွေ့ရပြီး နာဂ NSCN (k) မှာ သီးသန့်အနေဖြင့် အိန္ဒိယနာဂအရေးနှင့် မြန်မာနာဂ အရေးကိုသာ စိတ်ဝင်စားနေဖွယ် ရှိနေပေသည်။

သမ္မတ ဦးသိန်းစိန်လက်ထက်က အန်စီအေ အပစ်ရပ်စာချုပ် ပေါ်လာပြီး သည့်နောက် ပထမဆုံး စတင်ကွဲလွဲမှုမှာ အပစ်ရပ်စာချုပ် ထိုးမထိုးဆိုသည့် ကိစ္စပင်၊ တိုင်းရင်းသားအချို့က အစိုးရသစ်ကို စောင့်ကြည့်ချင်သည့် နည်းတူ အားလုံး ပါဝင်နိုင်မှု မရှိမှုအပေါ် အကြောင်းပြ၍ လက်မှတ်မထိုးခဲ့ကြပေ။ ယင်းအချက်အပေါ်တွင် မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးကျော်ဝင်းက အစိုးရသစ်ကို စောင့်ကြည့်ချင်၍ မထိုးခြင်းလော (သို့တည်းမဟုတ်) တရုတ်ကြောင့်လော ဆိုသည့် အချက်နှစ်ချက်ထဲမှ တစ်ချက်ဖြစ်နိုင် သည်ဟု နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု စာချုပ်ချုပ်ဆိုစဉ်က မေးမြန်းသည့် သတင်းမီဒီယာ အချို့ကို ဖြေဆိုထားခဲ့သည်။ အန်စီအေ လက်မှတ် ထိုးပြီးနောက်ပိုင်း တိုင်းရင်းသား အချင်းချင်း ဖြစ်ခဲ့သည့် နယ်မြေ ပြသ၁နာများကို ကြည့်ပါက RCSS / SSA ရှမ်းလက်နက်ကိုင်နှင့် တအာင်းပလောင် အဖွဲ့တို့၏ ရှမ်းမြောက်ဒေသတွင် နယ်မြေ အငြင်းပွားတိုက်ခိုက်မှု၊ မွန်ပြည်သစ်နှင့် ကေအန်ယူတို့အကြား ထိတွေ့မှု အချို့နှင့် “၀” မိုင်းလား တင်းမာမှု ဆိုပြီး မြင်တွေ့ရမည်ဖြစ်သည်။ NCA ၏ အားနည်းချက်မှာ နယ်မြေသတ်မှတ်မှုနှင့် ပတ်သက်၍ ကြိုတင် သတ်မှတ်ထားခြင်း မဟုတ်ဘဲ လက်မှတ်ထိုးပြီးမှ သတ်မှတ်မည့် သဘောဖြစ်ရာ လက်မှတ်ထိုးထားသည့် အဖွဲ့များအနေဖြင့် စာချုပ်၏ အားနည်းမှုကို အခွင့်ကောင်းယူလိုက ယူနိုင်သည့် သဘောလည်း သက်ရောက်သလို “၀” ကဲ့သို့ အဖွဲ့များကလည်း ယခင် ကတည်းက နေရာ တိုးတိုးယူလာခဲ့သည့် ကိစ္စမှာ မေးခွန်းထုတ်စရာ ရှိပါသည်။

မြန်မာနိုင်ငံ အထက်ပိုင်း လက်နက်ကိုင် အဖွဲ့များအနက် အင်အားရှိပြီး လက်မှတ်ထိုးထားသည့် အာစီအက်စ်အက်စ်မှာ ၄င်းအား အခြေချရန် ပေးထားသည့် ထိုင်းမြန်မာ နယ်စပ် မုန်းထားနယ်မြေတွင် “၀” တပ်ဖွဲ့များ ၂၀၁၃ ကတည်းက ၀င်ရောက် နေရာယူခဲ့သည့်အတွက် သံလွင်မြစ် အနောက်ဘက်ကမ်းရှိ ရှမ်းမြောက်ဒေသတွင် အခြေပြန်ချရန် ကြိုးပမ်းခဲ့ရာမှ တအာင်းပလောင်နှင့် တိုက်ပွဲများ ပေါ်ပေါက်ခဲ့ပါသည်။ အန်စီအေ မထိုးခင်ကတည်းက တရုတ်နယ်စပ် ရွှေလီမြစ်ကမ်းတွင် အာစီအက်စ်အက်စ် စခန်းအချို့ရှိခဲ့ဖူးရာ လက်နက်ကိုင် အချင်းချင်းလည်း ဆက်နွယ်မှု ရှိခဲ့ဖူးဖွယ်ရှိပြီး အာစီအက်စ်အက်စ် မြောက်ပိုင်း တက်လာချိန်တွင် တိုက်ခိုက်နေမှုမှာ အုပ်စုချင်း မတူ၍လော၊ နောက်ခံပေး သည့် နိုင်ငံချင်း မတူ၍လောဆိုသည်မှာ စဉ်းစားဖွယ်ပင်။ ထိုနည်းတူ ထိုင်းမြန်မာနယ်စပ်ရှိ “၀” တပ်စခန်းများ ပြန်ဆုတ်ပေးရန် ထိုင်း- မြန်မာ နယ်ခြား အစည်းဝေးများတွင် ထိုင်းဘက်မှ မကြာခဏ တောင်းဆိုမှုများ ရှိနေပါသည်။ ဆိုခဲ့ပါ “၀” တပ်များမှာ န၀တ လက်ထက် တစ်လျှောက် မြန်မာ့အရေးအတွက် အတိုက်အခံနှင့် တိုင်းရင်းသား လက်နက်ကိုင် မှန်သမျှကို အားပေးခဲ့သည့် ထိုင်းအစိုးရအား တန်ပြန်ရန် ဗိုလ်ချုပ်ခင်ညွှန့်မှ တရုတ်နယ်စပ်အခြေစိုက် “၀” အား ခြေချခွင့်ပေးခဲ့မှု၏ အကျိုးဆက်ပင် ဖြစ်ပေသည်။ တပ်မတော်ကလည်း အဆိုပါ ဒေသမှ “၀” တပ်များဆုတ်ရန် တောင်းဆိုခဲ့ဖူးသည်။

အစိုးရသစ်တက်ပြီးနောက်ပိုင်း KIO ကချင်လွတ်မြောက်ရေး တပ်မတော်မှ ဦးဆောင်သည့် UNFC မှာ အစိုးရနှင့် တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဖြစ်ပွားလင့်ကစား အစိုးရနှင့် နီးစပ်စွာ ဆက်ဆံမှုပြုခဲ့သည်။ အဆိုပါ အဖွဲ့များမှာ အန်စီအေအား လက်မှတ် မထိုးထားသော်လည်း ငြင်းဆန် မှု ပြုသည့် အဖွဲ့များတော့မဟုတ်။ အဖွဲ့ဝင်များကို ကြည့်ပါက ယခင်က အမျိုးသားညီလာခံကို ဖြတ်သန်းဖူးသည့် အဖွဲ့များ ဖြစ်နေသည့်အတွက် စစ်မှန်သည့် နိုင်ငံရေးဆွေးနွေးမှု ပေါ်ပေါက်ရေးအတွက် ဈေးဆစ်နေကြပုံ ပေါ်ပါသည်။ ယင်းအပြင် အဆိုပါ အဖွဲ့များ၏ ရပ်တည်မှုနှင့် အခြား လက်မှတ် မထိုးထားသည့် အဖွဲ့များဖြစ်သည့် UWSA ၊ MNDAA အဖွဲ့များ ရပ်တည်မှုမှာ အနည်းငယ် ကွာဟသည်ဟု ကောက်ချက်ချနိုင်သည်။ ကေအိုင်အေ ၊ SSPP/SSA ၊ KNPP ၊ မွန်ပြည်သစ်တို့မှာ ဖက်ဒရယ်နှင့် ပတ်သက်၍ နိုင်ငံလုံးဆိုင်ရာ အခွင့်အရေးအတွက် အဓိက အားစိုက်တောင်းဆိုသူများဖြစ်ပြီး “၀” နှင့် တရုတ်နယ်စပ်အဖွဲ့အချို့မှာ မိမိတို့နယ်မြေ ကိစ္စကိုသာ အဓိကထား အားထုတ်ကြသည် ကို တွေ့ရပါသည်။ နိုင်ငံရေးအရ အားပြုပြီး ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို အူလှိုက်သည်းလှိုက် လိုချင်သည့် အဖွဲ့နှင့် နယ်မြေ မဟာဗျူဟာအရ အုပ်စိုးပိုင်ခွင့်ကိုသာ အဓိကထားသည့် အဖွဲ့များဟူ၍ ခွဲခြားနိုင်ပါသည်။ ဥပမာအားဖြင့် ကေအိုင်အေ ကဲ့သို့ အဖွဲ့များမှာ ၂၀၁၅ ရွေးကောက်ပွဲအတွက် မိမိတို့ ဆက်စပ်နယ်မြေ အတွင်းမှာပင် ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးရန် ခွင့်ပြုခဲ့သော်လည်း “၀”၊ မိုင်းလားနယ်မြေများတွင် ရွေးကောက်ပွဲ ကျင်းပခွင့်ကို သက်ဆိုင်ရာ အဖွဲ့အစည်းများက လက်မခံခဲ့ပါ။

RCSS/SSA ၊ KNU ကဲ့သို့ အဖွဲ့များမှာမူ နိုင်ငံရေးအရထက် ကာလရှည်စွာ စစ်တိုက်လာရသည့်အတွက် ခဏတာ အနားယူ အားဖြည့်ရင်း နိုင်ငံရေးအရ ရသွားရင်လည်း မဆိုးဆိုသည့် အယူအဆဖြင့် အန်စီအေတွင် လက်မှတ်ထိုးခဲ့ဟန် ရှိပါသည်။ ယင်းအချက်ကြောင့်ပင်လျှင် ကေအိုင်အေ ဦးဆောင်သည့် UNFC နှင့် RCSS/SSA ၊ ကေအန်ယူတို့အကြား ရပ်တည်မှု ကွဲလွဲခဲ့သည့် သဘောပင်။ ယင်းအပြင် တိုင်းရင်းသား အခွင့်အရေးအတွက် အရေးကြီးသည့် တိုင်းရင်းသားများအကြား ညီညွတ်ရေးတွင် အားလုံးကို ခြုံငုံသည့် မူဝါဒများထက် မိမိ တစ်ဖွဲ့ရပ်တည်မှုသာ အထူးအလေးပြုသည့် အဖွဲ့များ၊ ကြီးနိုင်ငယ်ညှဉ်းကဲ့သို့ တပ်မတော်က ကျင့်သုံးသည့် ကိစ္စများကို တိုင်းရင်းသား လက်နက်ကိုင်အချို့ကပါ ကျင့်သုံးမှုမှာ ညီညွတ်မှုကို ပိုမို ပြိုကွဲစေသည့် အချက်ပင် ဖြစ်ပါသည်။ ယင်းအပြင် တစ်ဖွဲ့ချင်းစီအလိုက် ကျောထောက်နောက်ခံပြု နိုင်ငံများ၏ အနေအထားမှာ စဉ်းစားစရာပင်။ ကချင်ပြည်နယ်သို့ အမေရိကန်သံအမတ် သွားရောက် ခဲ့ပြီး ကေအိုင်အေ တာဝန်ရှိသူများနှင့်ေ တွ့ဆုံခဲ့မှု ၊ ဗိုလ်ချုပ်ဂွန်မော်၏ တရုတ်မှာ တိုင်းရင်းသား အရေးအတွက် အပြည့်အ၀ အားထား စရာ နိုင်ငံမဟုတ်ဟု ပြောဆိုခဲ့မှုကို နယူးယောခ့်တိုင်မ်း သတင်းစာ က ဖော်ပြခဲ့မှုအပြီး ကေအိုင်အေနှင့် တပ်မတော်အကြား တိုက်ပွဲများ မှာ ပြင်းထန်လာခဲ့ကာ ကေအိုင်အေ စခန်းများကို ဗုံးကြဲသည့် တပ်မတော် လေယာဉ်အချို့မှာ တရုတ်ပိုင်နက်အတွင်းသို့ ဖြတ်ကျော်မှုများ ရှိခဲ့သော်လည်း တရုတ်ဘက်မှ အသံမထွက်ဟု မီဒီယာအချို့တွင် ဖော်ပြမှု ရှိခဲ့ပါသည်။ ဗိုလ်ချုပ်ဂွန်မော်မှာ ၂၀၁၄ ခုနစ်က အမေရိကန်နိုင်ငံသို့ သီးသန့်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ဖူးသူ ဖြစ်သည်။

၃။ “၀” မိုင်းလားလည်း အန်စီအေ အခြေပြု ကွဲလွဲခဲ့
.
အမှန်စင်စစ် အရပ်သားအစိုးရ တက်လာသည့် အချိန်တွင်ပင် စစ်မှန်သည့် နိုင်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက် မလာသေးပါ။ ၂၁ ပင်လုံမှာ ဆွေးနွေးဆုံးဖြတ်မှု မပါသည့် ဆွေးနွေးပွဲ ဖြစ်ပါသည်။ ယင်းညီလာခံ အပေါ်တွင်လည်း တိုင်းရင်းသားများအကြား ချဉ်းကပ်မှုပုံစံမှာ ကွဲပြားခဲ့ကြသည်သာ။ အစဉ်အလာအရ မဟာမိတ်များဖြစ်သည့် “၀” နှင့် မိုင်းလား အကြားတွင်လည်း နှစ်ကာလများစွာ ရပ်တည်မှု တူခဲ့ကြသည်သာ။ နယ်ခြားစောင့်တပ်ကိစ္စ လက်မခံမှုတွင်လည်း အတူတူ ရပ်တည်ခဲ့သလို ပြီးခဲ့သည့် သမ္မတ ဦးသိန်းစိန် လက်ထက်အထိ လည်း ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ၄င်းတို့ရပ်တည်မှုက အတူတူပင်။ မဟာမိတ် တိုင်းရင်းသား အဖွဲ့အားလုံး ပါဝင်ရေးအပေါ်ရပ်ခံခဲ့ပြီး ၄င်းတို့နှစ်ဖွဲ့မှာ အန်စီအေ အပစ်ရပ်စာချုပ်ထိုးရန် မလိုဆိုသည့် ရပ်တည်မှုမျိုး ရှိခဲ့သည်သာ။ ယင်းအပြင် တပ်မတော်မှ လက်မခံသည့် ကိုးကန့်၊ အေအေ၊ တအာင်းပလောင် အဖွဲ့တို့နှင့် အစိုးရအကြား ဆွေးနွေးမှုကို မိုင်းလားက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သေးသည်။ ၂၁ ပင်လုံမစခင် မိုင်ဂျာယန် အစည်းအဝေးသို့ လေ့လာသူအဖြစ် တက်ခဲ့သည့် တရုတ်သံတမန် မစ္စတာ ဆွန်းကော့ရှန်က ငြိမ်းချမ်းရေးတွင် အားလုံးပါဝင်ရန် လိုသည်ဟု စာရေးသူ၏ မေးမြန်းမှုကို ပြောဆိုခဲ့ဖူးသည်။ မစ္စတာ ဆွန်းကော့ရှန်မှာ ၂၁ ပင်လုံမစတင်မှီ “၀” ၊ မိုင်းလား အဖွဲ့များနှင့် တရုတ်နိုင်ငံ လန်ချန်းမြို့ တွင် တွေ့ဆုံခဲ့ဖူးပါသည်။ ၂၁ ပင်လုံ တက်ရောက်မှုတွင်မူ “၀” နှင့် မိုင်းလားအဖွဲ့တို့မှာ ချဉ်းကပ်မှု ကွာဟသွားခဲ့ပြန်သည်။ မိုင်းလားမှာ ဥက္ကဋ္ဌ ကိုယ်တိုင် တက်ရောက်ခဲ့ပြီး နယ်မြေသတ်မှတ်ပေးပါက အန်စီအေ လက်မှတ်ရေးထိုးမည်ဟု ပြောဆိုခဲ့သည်။ “၀” တပ်ဖွဲ့မှာမူ အဆင့်မြင့် ကိုယ်စားလှယ်များ မစေလွတ်ခဲ့ဘဲ ကိုယ်စားလှယ်များမှာလည်း ညီလာခံမပြီးခင် ပြန်လည်ထွက်ခွာခဲ့သည်။ ယင်းအချက်များအရ အန်စီအေ ထိုးလိုက်ပါက “၀” ၏ နယ်အနီး မိုင်းလားမှာ “၀” ၏ သြဇာခံအဖြစ် ရှိမနိုင်တော့ခြင်းသည် “၀” အတွက် အဓိက ပူပန်စရာ ဖြစ်နိုင်သကဲ့သို့ ယခင်ကတည်းက ခရီးသွားလုပ်ငန်းများဖြင့် စည်ပင်နေသည့် မိုင်းလားမှာ အနီးနားရှိ ထိုင်းကဲ့သို့ နိုင်ငံများနှင့် လူမျိုးချင်းဆက်နွယ်မှုရှိသည့် အာစီအက်စ်အက်စ် ရှမ်းလက်နက်ကိုင် အကူအညီဖြင့် ကျောထောက်နောက် ခံ ယူနိုင်စရာ ရှိလာနိုင်ပေသည်။ ရှမ်းဆိုပါက ထိုင်းအနေဖြင့် အလွယ်တကူ ကျောထောက်နောက်ခံ ပေးခဲ့သည်မှာလည်း နှစ်ပေါင်းများစွာ ပြည်တွင်းစစ် သမိုင်းကြည့်ပါက တွေ့မြင်နိုင်ပေသည်။

တစ်ချိန်က မူးယစ်သံသယဖြင့် အနောက်နိုင်ငံများက စောင့်ကြည့်ခြင်းခံခဲ့ရသူ RCSS/SSA ဥက္ကဋ္ဌ ဦးယွက်စစ်မှာ အနောက်နိုင်ငံများသို့ပင် လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီ ဖြစ်ရာ အန်စီအေ ထိုးလိုက်ပါက မိုင်းလားနှင့် နယ်မြေချင်း တောင်ဘက်တွင် နီးစပ်သည့် RCSS/SSA တို့နီးစပ်သွားပါက ဆိုခဲ့ပါ ကိစ္စရပ်များမှာလည်း နယ်နိမိတ် ထိစပ်နေသည့် “၀” အတွက် သို့မဟုတ် အခြားနောက်ကွယ်မှ လူများအဖွဲ့ အစည်း၊ ကျောထောက်နောက်ခံ ပြုသူများအတွက် ကြိုက်မကြိုက်မှာ စဉ်းစားစရာ ရှိနေပေသည်။ “၀” မှာ မြန်မာနိုင်ငံ မြောက်ပိုင်းပဋိပက္ခတွင် အနောက်နိုင်ငံများ၏ ပါဝင် ပတ်သက်မှုကို မကြိုက်ဟု ထုတ်ပြန်ခဲ့ဖူးပါသည်။

လူရည်လည်သော မိုင်းလားဥက္ကဋ္ဌ ဦးစိုင်းလင်းအတွက်မူ မိုင်းလားဒေသမှာ “၀” ဒေသထက်စာလျှင် ကျေးလက်များပါ မကျန်တိုးတက်ပြီး မူးယစ်ဆေးဝါး မလုပ်ဘဲ ချမ်းချမ်းသာသာ တည်တည်ငြိမ်ငြိမ် နေနိုင်ပြီဖြစ်ရာ ဒေသတွင်း တည်ငြိမ်မှုအတွက် အလေးထားခဲ့ဟန် ရှိပါသည်။ ဦးစိုင်းလင်းနှင့် NDAA သမိုင်းကို ကြည့်ပါက အင်အား ထောင်ဂဏန်းမျှ (ခန့်မှန်းခြေ ၁၅၀၀ ခန့်) ရှိသည့် တပ်အင်အားဖြင့် သီးသန့်နယ်မြေကို နှစ်ပေါင်းများစွာ တည်တည်ငြိမ်ငြိမ် ထူထောင်နိုင်ခဲ့သည်ဖြစ်ရာ အန်အယ်လ်ဒီ အစိုးရလက်ထက်တွင် ဒေသ၏ တည်ငြိမ်မှုအတွက် အစိုးရနှင့်နီးစပ်ရန် ကြိုးပမ်းခဲ့ဟန်တူပါသည်။ “၀” အတွက်မူ မြောက်ဘက် အိမ်နီးချင်း ကိုးကန့် ဒေသမှာ အစိုးရ တပ်မတော် လက်အောက်တွက် ကျရောက်ခဲ့ပြီဖြစ်ရာ တောင်ဘက် မိုင်းလားဒေသမှာ ၄င်း၏ သြဇာမရှိတော့လျှင် ပန်ဆန်းအနေဖြင့် ၄င်း၏ သြဇာနယ်မြေနှင့် စစ်ရေးအရ အရေးကြီးသည့် နယ်မြေတို့အား လက်မလွတ်လိုသည်မှာ ဓမ္မတာပင်။ ယင်းအပြင် မိုင်းလားမှာ ရှမ်းအများစု ဖြစ်နေသည့်အချက်မှာ အခါဆိုပြီး သီးသန့်နယ်မြေ မဖြစ်နိုင်တော့သည့် အတွက် အရှေ့ဘက် ဆစ်ဆောင်ပဏ္ဏား ရှမ်းဒေသ (တရုတ်နိုင်ငံအတွင်း) နှင့် ကျန်ရှမ်းဒေသများ ဆက်စပ်မှု ပိုမို အားကောင်းလာနိုင်မှုကလည်း ကြားခံဒေသအဖြစ် ဆက်ရှိနိုင်၊ မရှိနိုင် ဆိုသည့် မေးခွန်းများကလည်း ထုတ်လို့ကောင်းသည့် အရာပင်။

မည်သို့ပင်ဖြစ်စေ “၀” တပ်ဖွဲ့မှ မိုင်းလားနယ်မြေရှိ တပ်စခန်းများအား စီးနင်းခဲ့မှု၊ မိုင်းလားနယ်မြေအတွင်း အင်အားထပ်မံ ဖြည့်တင်းခဲ့မှုများမှာ ၄င်းအတွက် စစ်ရေး၊ စီးပွားရေးအရ အရေးပါမှု၊ အန်စီအေ နှင့် ပတ်သက်၍ သဘောထား မတိုက်ဆိုင်မှုများက စီးနင်းမှုအတွက် တွန်းအားဖြစ်စေသည့် အချက်အဖြစ် ဖြစ်နိုင်ဖွယ်ရာ ရှိနေသည်။ တိုင်းရင်းသားများ အားလုံး အခွင့်အရေးဘက်က ကြည့်လျှင်မူ တိုင်းရင်းသား အင်အားစုများအတွက် အားလုံးကို ခြုံငုံကြည့်ပြီး ရုန်းကန်နေသည့်အစု၊ ဘယ်အစိုးရတက်တက် တည့်အောင်ပေါင်း အင်အားတည်ဆောက် အဖွဲ့အစည်း ရပ်တည်မှုအတွက် အဓိက ဆိုသည့်အစု၊ နယ်မြေနှင့် အင်အား လူမျိုးသာ အဓိကကျသည် ဆိုသည့် အဖွဲ့များက တစ်စု ဖြစ်နေရာ လက်ရှိအနေအထားမှာ နှစ် ၅၀ ကျော် မြန်မာ့နိုင်ငံရေး တွင် တစ်နည်းနည်းဖြင့် ပါဝင်နေသူများအတွက် အကွဲအဟများကို ၀င်ကစားရန် ဖိအားပေးရန် အခွင့်အရေး ဖြစ်နေသည်ဟု ဆိုနိုင်ပါသည်။ “၀” အနေဖြင့်မူ မိုင်းလားဒေသအား လက်ရှိအနေထားအရ အလွယ်တကူ လက်လွတ်ရန် ခက်သည်ကတော့ အသေအချာပင်။

စိုင်းထွန်းအောင်လွင်
The Ladies News
http://www.theladiesnewsjournal.com/articles/tue-2016-10-25-1735/3969
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.