ဒီမိုကရေစီနဲ့မထိုက်တန်သောစိတ်ဓာတ်များ --သရ၀ဏ်(ပြည်)


အခုတလော ကြားရကြားရ နားဝမှာ မချမ်းသာတဲ့အဖြစ်တွေများပါတယ် ။ ကိုယ့်နိုင်ငံသားတွေရဲ့ တွေးခေါ်နိုင်စွမ်းဟာဒီလောက်တောင်နိမ့်ကျနေပြီလားလို့လည်း ရင်နာနာနဲ့တွေးမိပါတယ် ။ တကယ်တော့ကျွန်တော်တို့ဟာ ဒီမိုကရေစီနိုင်ငံထူထောင်ဖို့  အရှေ့ကို တစ်လှမ်းပြီးတစ်လှမ်း သွားကြဖို့ ကြံရွယ်နေကြတာပါ ။ဒါပေမယ့်ဒီလိုအဖြစ်မျိုးတွေ တွေ့ ရပြန်တော့ မြန်မာအချို့ ဟာ ၁၆ ရာစု ၁၇ ရာစုကအတွေးအခေါ်အဆင့်လောက်ပဲရှိနေတုန်းဆိုတာ အံ့သြခမန်းသိလိုက်ရပါတော့တယ် ။သူများနိုင်ငံတွေက လကမ္ဘာပေါ်လူရောက်ရုံမက အင်္ဂါဂြိုဟ်ပေါ်ကိုတောင်သွားဖို့ အားထုတ်နေကြပြီ ။ ကျွန်တော်တို့ တွေဘာလုပ်နေကြသလဲ ။ အားလုံးသိကြတဲ့အတိုင်း ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် တွံတေးဝကျေးရွာမှာ သုံးနှစ်အရွယ်ကလေးတစ်ယောက် ၊ လေးနှစ်အရွယ်ကလေးတစ်ယောက် ၊ ရှစ်လအရွယ်ကလေးတစ်ယောက် ကို ပယောဂဆရာက သူရဲဝင်ပူးနေတယ်ဆိုပြီး ရိုက်နှက်ရာက သေဆုံးကုန်ကြတဲ့သတင်း ၊ မသင်းသင်းစိုးဆိုတဲ့ကလေးမလေး ကိုတော့ ခြေထောက်နဲ့ကန် ၊ တက်နင်း ၊ လက်သီးနဲ့ထိုး ၊ ပုဆိန်နဲ့ထုခဲ့လို့  ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာအတွင်းလူနာအဖြစ်ကုသထားရတဲ့သတင်းပါ ။ အဲဒိဖြစ်စဉ်မှာကျွန်တော်အံ့သြတာက ပယောဂဆရာကိုမဟုတ်ပါဘူး ။ လောကမှာ ကိုယ့်ကိုယ်ကို တော်တယ်တတ်တယ် ဆရာတစ်ဆူပါရဂူလို့ဘ၀င်မြင့်ရူးရူးနေတဲ့သူတွေ ဒုနဲ့ဒေးရှိနေနိုင်ပါတယ် ။ ဒေါက်တာရမ်းကုတွေ ၊ ဘိုးတော်အတုတွေ ၊ ဆရာဝန်အတုတွေ ၊ ရမ်းကုတွေ ၊ ပျောက်စေဆရာယောင်တွေ ဒီလောကမှာ အများကြီးရှိတတ်တာပဲ ။ သူတို့ကတော့ကိုယ့်သားသမီးအသက်မဟုတ်လို့ တွေ့ သမျှလူကို ပယောဂ၀င်တယ်ဆိုပြီးလက်တည့်စမ်းမှာပါပဲ ။ ကျွန်တော်အံ့သြတာက သေသွားတဲ့ ကလေးသုံးယောက်နဲ့  သေလုမျောပါးဖြစ်သွားတဲ့ ကလေးမလေး ရဲ့မိဘတွေကိုပါပဲ ။ ပယောဂဆရာဟာ ကလေးတွေကို နိုင့်ထက်စီးနင်းနှိပ်စက်နေချိန်မှာ ကလေးလေးယောက်ရဲ့ အဖေလေးယောက် ၊ အမေလေးယောက် လူရှစ်ယောက်တိတိအနားမှာထိုင်ကြည့်နေတာပါ ။ သူတို့ ဟာ လူစိတ်မရှိကြတော့ဘူးလား ၊ မိခင်စိတ် ၊ဖခင်စိတ်မရှိကြတော့ဘူးလား ။ ကိုယ့်သားသမီး လူမမယ်အရွယ်လေးကို ယောက်ကျားရင့်မကြီးက ဒီလိုရက်ရက်ရက်စက်စက်ပြုမူနေတာကို မတားမြစ်ပဲ ကြည့်နေခဲ့ကြတာကို အအံ့သြဆုံးပါပဲ ။ ကလေးတွေဟာ ရုတ်တရက်တချိန်ထဲ တစ်ပြိုင်နက်ကွယ်လွန်ခဲ့တာမဟုတ်ပါဘူး ။ တစ်ယောက်ပြီးတစ်ယောက်သွေးအေးအေးနဲ့  ဂျာမန်ဂက်စတာပိုတွေက ဂျူးတွေကို သတ်သလို သတ်ခဲ့တာပါ ။

ကံဆိုးရှာတဲ့ပထမကလေး မောင်နေလလင်း ဟာ ပယောဂဆရာ ထွန်းနိုင်လက်ချက်နဲ့ အောက်တိုဘာလ ၁၈ ရက် ည ၁၂ နာရီခန့်မှာ အသက်ထွက်သွားပါတယ် ။အလောင်းကိုတွံတေးတူးမြောင်းထဲကိုပယောဂဆရာကလှေနဲ့သွားရောက်စွန့်ပစ်ခဲ့ပါတယ် ။ မိဘတွေဟာ ဒီလောက်ဆိုသိသင့်ပါပြီ ။ဆက်မလုပ်ဖို့တားမြစ်ရမှာပါ။ ဒါပေမယ့်ပယောဂဆရာကိုဆက်လုပ်ခွင့်ပေးထားခဲ့တယ် ။ နောက်တစ်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ မလှနှင်းရွှေ (၂ နှစ် ) ၊ မသင်းသင်းစိုး (၄ နှစ် ) ၊ မယမင်း ( ၈ လ) တို့ မှာလဲ သရဲတစ္ဆေ၀င်ပူးနေတယ်ဆိုပြီး ထပ်မံနှိပ်စက်ခဲ့ပါတယ် ။ အဲဒိနေ့  ည ၁၀ နာရီမှာ မလှနှင်းရွှေ နဲ့ မယမင်းတို့ထပ်မံ သေးဆုံးပါတယ် ။ နောက်တနေ့မနက် မှာ အိမ်ဘေးမှာ မြေမြှုပ်လိုက်ပါတယ် ။ မိဘတွေဟာ ဒီအချိန်အထိအသိတရားမရသေးပါဘူး ။ ဘေးအိမ်ကအမြင်မတော်တဲ့လူတစ်ယောက်က သက်ဆိုင်ရာကိုသွားသတင်းပို့ တော့မှ ဟိုးလေးတကျော်ဖြစ်ပြီး တွံတေးမြိ့ရဲစခန်းက ပြစ်မှုဆိုင်ရာဥပဒေပုးမ ၃၀၂ /၃၂၅/ ၂၀၁ နဲ့ ပယောဂဆရာကို ဖမ်းဆီးအရေးယူခဲ့တာပါ ။ ပြောရရင် မိဘတွေအပါအ၀င်ဘေးကရပ်ကြည့်နေတဲ့သူတွေအားလုံးကို လူသတ်မှုမှာ အားပေးအားမြှောက်ကူညီမှုနဲ့ ဖမ်းဆီးအရေးယူရမှာပါ ။ တကယ်တော့ အခင်းဖြစ်ခဲ့တဲ့ တွံတေးဝကျေးရွာဆိုတာ ရန်ကုန်နဲ့သိပ်အဝေးကြီးတောင်မဟုတ်ပါဘူး ။တွံတေးတူးမြောင်းနဘေးမှာရှိပြီး သူတို့ရွာကနေလှမ်းကြည့်လိုက်ရင် ရွှေတိဂုံစေတီတော်မြတ်ကြီးကိုတောင် ခပ်ဝေးဝေးမှာလှမ်းမြင်နေရတဲ့နေရာပါ ။ လူသူအရောက်အပေါက်နည်းတဲ့ ချင်းတောင်တန်း ၊ကယားပြည်နယ် လိုနေရာမျိုးလည်းမဟုတ်ပါဘူး ။ သုံးနာရီလောက်ကားစီးလိုက်ရင် ရန်ကုန်ကိုရောက်နိုင်တဲ့နေရာမျိုးပါ ။ အဲဒိလိုနေရာမှာဒီလိုကိစ္စမျိုးတွေဖြစ်နေတော့ အံ့သြရပါတယ် ။ အဓိကလက်သည်တရားခံအစစ်ဟာ ပညာမတတ်ကြခြင်း ၊ ဗဟုသုတမရှိခြင်း ၊ ဆင်းရဲနွမ်းပါးခြင်း ၊ နဲ့စာမဖတ်ကြခြင်းတို့ပဲဖြစ်ပါတယ် ။

။လူမမာကိုပယောဂဆိုပြီးနှိပ်စက်ပြတဲ့ပြကွက်တွေဟာမြန်မာဗီဒီယိုတွေ ၊ရုပ်ရှင်တွေထဲမှာ ဇာတ်နာပြီးကြည့်ကောင်းပေမယ့်အပြင်မှာမရှိသင့်တော့ပါဘူး ။ အကျဉ်းချုပ်ကတော့ ဆင်းရဲခြင်း ဗဟုသုတနည်းခြင်းတို့ပါပဲ ။ တိုင်းပြည်ကို တကယ်ဒုက္ခပေးနေတာလဲအဲဒိအချက်နှစ်ချက်ပါပဲ ။ လူတွေဟာ ဆင်းရဲကြတယ် ။ဆင်ရဲတော့ပညာကောင်းကောင်းမသင်နိုင်ဘူး ၊ ပညာမတတ်တော့ ဗဟုသုတနည်းတယ် ။ အယုံလွယ်တယ် ။အမြင်မကျယ်ဘူး ။ အမှားအမှန်ကိုမခွဲခြားတတ်ဘူး ။ အယူသီးတယ် ။အရာရာကိုကြောက်တတ်တယ် ။ အတွေးအခေါ်နိမ့်တယ် ။ဒါတွေဟာ ဆက်စပ်နေတာပါ ။သပ်သပ်စီမဟုတ်ပါဘူး ။မြန်မာနိုင်ငံဖြစ်နေတဲ့ပြသနာဟာ ဒီနှစ်ခုပါပဲ ။ ဆင်းရဲမွဲတေခြင်းဟာ တိုင်းပြည်ရဲ့အဓိကအန္တရာယ်ပါ ။ တိုင်းပြည်မှတကယ်လိုနေတာ အပေါ်ထပ်အဆောက်အဦတွေမဟုတ်ဘူး ။ မစားရ၀ခမန်းစီမံကိန်းကြီးတွေမဟုတ်ဘူး ။ခရိုနီတွေနဲ့ညီညွတ်ရေးမဟုတ်ဘူး ။ ကော်ဇောတွေဖိတ်ဖိတ်တောက်နေတဲ့ အဲကွန်းခန်းထဲက ဟိုတယ် တွေမှာမကြာခနလုပ်လေ့ရှိတဲ့ Work Shop တွေ ဆီမီနာတွေ ၊ အစည်းအဝေးတွေမဟုတ်ဘူး ။ တကယ်လိုနေတာ ဆင်းရဲမွဲတေမှုကို ကယ်တင်ဖို့  နဲ့ မြန်မာတွေ လူတိုင်းလူတိုင်းမသင်မနေရ အနည်းဆုံး အလယ်တန်းပညာပြီးဆုံးအောင်တတ်ဖို့ ပါပဲ ။ ပိုပြီးပြောရရင် လူတွေစာဖတ်ဖို့ ကိုလဲအစိုးရဟာ စီမံကိန်းတွေချပြီး အပြင်းအထန် ကြိုးစားသင့်ပါတယ် ။ မြို့ကြီးတွေမှာ ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေး (ပြန်/ဆက် ) စာကြည့်တိုက်တွေဖွင့်ပြီး စာဖတ်သူနတ္ထိအနေအထားနဲ့ လူတွေကိုငုတ်တုတ်ထိုင်စောင့်တဲ့စနစ်အစား ကျောင်းတွေအားလုံးမှာကျောင်းစာကြည့်တိုက် (စစ်အစိုးရခေတ်ကလို အမည်ခံမဟုတ် ) တွေတွင်တွင်ကျယ်ကျယ်ဖွင့်ပြီး မူလတန်းအရွယ်ထဲက ကျောင်းသားကျောင်းသူတွေရဲ့အသိအမြင်ကိုမြှင့်တင်ပေးသင့်ပါတယ် အလုပ်မဖြစ်တဲ့ ပြန်/ဆက် စာကြည့်တိုက်စနစ်ကိုလဲ ပြန်ကြားရေးဝန်ကြီးဌာနက ပြန်ပြီးဆန်းစစ်ကာသူ့ထက်ကောင်းတဲ့စနစ် တခုဖော်ဆောင်သင့်ပါတယ် ။ လူတွေဟာ ဆင်းရဲလို့ကျောင်းမနေ ၊ ကျောင်းမနေလို့ စာ မတတ် ၊စာမတတ်လို့စာမဘတ် ၊စာမဘတ်လို့ဗဟုသုတနည်းဆိုတဲ့ သံသရာဆိုးကိုရပ်တန့် ပြစ်ဖို့လိုပါတယ် ။ ရန်ကုန်မြို့မှာ စာပေဗိမာန်စာအုပ်အရောင်းဆိုင်အောင်မြင်သလို အဲဒိလိုစနစ်မျိုး စာပေဗိမာန်စာအုပ်အရောင်းဆိုင်စနစ်မျိုးကို တိုင်းနဲ့ပြည်နယ် မြို့ကြီးတွေအားလုံးမှာ ဖွင့်လှစ်ရောင်ချသင့်ပါတယ် ။

နောက်ထပ် ကမောက်ကမကိစ္စတခုကတော့ အသုဘချရင်း၊တောင်ရွာ မြောက်ရွာ စကားများရန်ဖြစ် အငြင်းပွားကြတဲ့ကိစ္စပါပဲ ။ အဲဒါကလည်း ရန်ကုန်မြို့နဲ့ သိပ်မဝေးတဲ့အရပ်မှာဖြစ်ခဲ့တာမို့ ထူးဆန်းပေ၏လို့ပြောရမလိုပါပဲ ။ မြန်မာနိုင်ငံရဲ့စီပွားရေးမြို့တော်ကြီးနဲ့သိပ်မဝေးတဲ့နေရာမှာဖြစ်ခဲ့တာမို့  ပြည်နယ်တွေ ၊ တောင်တန်းဒေသတွေ ဝေးလံခေါင်းဖျားဒေသတွေမှာဆို ဒိထက်ဆိုးမယ်လို့ ထင်ပါတယ် ။ရန်ကုန်တိုင်းဒေသကြီး ၊ကော့မှူးမြို့နယ် ၊ ကျိုက်ထော်ကျေးရွာမှာဖြစ်ပွားခဲ့တာပါ ။ အဲဒိရွာဟာ တစ်ရွာတည်းပေမယ့် ရွာအလယ်မှာပေ ၅၀ လောက်ကျယ်တဲ့ ချောင်းလေးတစ်ခုခြားပြီး နေတဲ့အတွက် တောင်ရွာနဲ့ မြောက်ရွာရယ်လို့ နှစ်ရွာကွဲနေပါတယ် ။ မြောက်ရွာမှာအိမ်ခြေ ၉၆၀ခန့်  လူဦးရေ ၄၂၀၀ ကျော် ၊ တောင်ရွာကတော့ အိမ်ခြေ ၅၈၀ ခန့် နဲ့ လူဦးရေ ၂၄၆၀ လောက်ရှိတယ်လို့ ဆိုပါတယ် ။ အုပ်ချုပ်ရေးကအစသီးခြားစီဖြစ်ပေမယ့်  သုသာန်ကတော့ တခုတည်းပဲရှိပါတယ် ။ ရွာနဲ့ ၅ ဖာလုံလောက်ဝေးတဲ့ တိုးမြစ်ကမ်း နဘေးမှာ သုသာန်ရှိပါတယ် ။ မြောက်ရွာမှာနာရေးဖြစ်ရင်တောင်ရွာ ကိုဖြတ်သန်းသွားမှ သုသန်ကိုရောက်ပါတယ် ။ အရင်ကတော့ နာရေးဖြစ်ရင် မြောက်ရွာ ကအလောင်းကို ရေကြောင်းကပဲသယ်ပြီး သုသာန်ကိုပို့ ကြပါတယ် ။ အခုတော့ နှစ်ရွာကြားက ချောင်းကလေးမှာ တံတားဆောက်ပြီးသွားလို့ လမ်းကောင်းသွားပြီးကားတောင်မောင်းလို့ရသွားတာကြောင့် နှစ်ရွာဟာ တဆက်တည်းဖြစ်သွားပါပြီ ။ အဲဒိအချိန်မှာ ၁၉.၁၀.၂၀၁၆ ( တိုက်တိုက်ဆိုင်ဆိုင် အဲဒိနေ့ ဟာ တွံတေးဝကျေးရွာမှာ ပယောဂဆရာလက်ချက်နဲ့ ကလေးတွေသေတဲ့နေ့ပါ ) ကျိုက်ထော် (မြောက်ရွာ )မှာ ဒေါ်ကျင်စိန် (၇၇)နှစ်ဟာ လူကြီးရောဂါနဲ့ကွယ်လွန်ပါတယ် ။အိမ်မှာသုံးရက်ထားအပြီး ၂၁ ရက်နေ့ မှာနာရေးချပါတယ်။မြောက်ရွာဟာ လမ်းတွေကောင်းသွားတဲ့အပြင် ရွာမှာလဲ ရွှေကျိုက်ထော်နာရေးကူညီမှုအသင်းလဲရှိနေပြီမို့ တံတားဖြတ်ပြီး နိဗ္ဖာန်ယာဉ်နဲ့ အသုဘပို့ ချင်ပါတယ် ။ ဒါမေယ့် တောင်ရွာက နာရေးကားအဖြတ်မခံလို့  အငှားကားနဲ့  သယ်ဆောင်လာကြရာမှာ ရွာနှစ်ရွာကြားတံတားပေါ်အရောက် တောင်ရွာကလူထုက သူတို့ ရွာထဲအ၀င်မခံပဲတားကြပါတယ် ။ တံတားတဖက်က တောင်ရွာနယ်မိမိတ်ထဲဝင်လာကာစမှာပဲ လူအုပ်နဲ့တားမြစ်တာကြောင့် အခေါင်းကိုကားပေါ်ကအချ တောင်ရွာကလူထုကတားမြစ် ၊ တောင်ရွာနဲ့မြောက်ရွာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လမ်းပေါ်ကိုအခေါင်းလွတ်ကျသွားပါတယ် ။ တောင်ရွာကလူတွေက အသုဘအလောင်းကိုရွာဖြတ်မသယ်ကောင်းဘူး ဆိုတဲ့အယူအဆရှိသလို ၊ မြောက်ရွာကလည်း အလောင်းကျတဲ့နေရာကမရွှေ့ကောင်းဘူးဆိုတဲ့အယူအဆရှိတာကြောင့် ၂၁ ရက်နေ့  တစ်နေ့လုံး ဒေါ်ကျင်စိန်အခေါင်းကြီးဟာ လမ်းပေါ်မှာ ပဲကန့်လန့်ဖြတ်ကြီးယူမယ့်သူမရှိလို့ မိုးတွေရွာတာကြောင့်ထီးကြီးတလက်မိုးထားရပါတယ် ။

သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းတွေက ညှိနှိုင်းပေးပေမယ့်မပြေလည်ခဲ့ပါဘူး ။ ၂၂ ရက်နေ့မှာတော့နယ်လုံဝန်ကြီးညှိနှိုင်းပေးချက်အရ ဒေါ်ကျင်စိန်ရုပ်အလောင်းကို မြောက်ရွာဧရိယာထဲနောက်ကြောင်းပြန်သယ်လာပြီး ရေကြောင်းကပို့ ဆောင်ပေးလိုက်ပါတယ် ။ အလောင်းကိုရေကြောင်းကပို့ ဆောင်ပြီး အသုဘပို့ ပရိတ်သတ်က တောင်ရွာကိုကုန်းကြောင်းကဖြတ်သွားဖို့ လုပ်ကြတော့ မလိုလားအပ်တဲ့ ပြသနာတွေထပ်ဖြစ်မှာစိုးလို့ တာဝန်ရှိသူတွေက လူအုပ်ကို မလိုက်ခဲ့ဖို့ ပြောတာကြောင့် အသုဘဟာ မိသားစုနဲ့ပဲ တိတ်တိတ်ဆိတ်ဆိတ်သဂြိုဟ်လိုက်ရပါတယ် ။ နယ် /လုံဝန်ကြီးအမိန့် အရ နိုဝင်ဘာ ၁ ရက်နေ့အထိ သေဆုံးသူတွေကို မြောက်ရွာကရေကြောင်းကနေပို့ ဆောင်ရမှာဖြစ်ပြီး အဲဒိကာလနောက်ပိုင်းမှာတော့ နာရေးဖြစ်ရင် တောင်ရွာကိုဖြတ်သန်းပြီးပို့ ဆောင်ခွင့်ပြုရမယ်လို့ ဆုံးဖြတ်လိုက်တယ်လို့သိရပါတယ် ။

ဒီကိစ္စကိုကြည့်ရင် မြန်မာလူမျိုးတွေမှာအရိုးစွဲနေတဲ့ (ဘုရားဟောမဟုတ်တဲ့ ) အယူဝါဒတွေကိုတွေ့ရမှာဖြစ်ပါတယ် ။ အသုဘဖြစ်ရင် ရွာထဲကိုမသွင်းကောင်း ၊ ရွာထဲမဖြတ်သန်းကောင်း ၊ နောက်ပြန်မပို့ ကောင်း ၊အဆန်မသယ်ကောင်း ၊ အလောင်းကျတဲ့နေရာကနေမရွှေ့ ကောင်း ၊လမ်းထဲရွာထဲ ရပ်ကွက်ထဲ အိမ်ရှေ့မှာ နာရေးယာဉ်မရပ်ကောင်း ၊ ရွာနာတယ် ၊ ရပ်ကွက်နာတယ်ဆိုတဲ့အယူအဆတွေဟာ အခုအချိန်အထိအချို့နေရာတွေမှာ အရိုးစွဲ နေကြဆဲ ၊အယူသီးကြဆဲဖြစ်ပါတယ် ။ အရင်တုန်းကလို ကိုယ့်တရွာထဲအများနဲ့ကင်းပြီးတောထဲမှာရွာတည်ထားရင်တော့ ဒီဓလေ့တွေဟာ ကျင့်သုံးရ လိုက်နာရ လွယ်ကူပါတယ် ။ဒါပေမယ့် ၂၁ ရာစုမှာ ကမ္ဘာကြီးဟာရွာကြီးတစ်ရွာဖြစ်သွားပြီ ၊ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကိုရောက်ပြီ ၊ မြို့ ပြဟာ ကျယ်ပြန့်လာပြီဆိုတဲ့အချိန်မှာ ဘုရားဟောမထားတဲ့ ဓလေ့ထုံးစံအချို့ ကို ပြင်ဖို့ လိုပါပြီ ။ ရန်ကုန်မှာ တမြို့လုံးက အလောင်းတွေကို မြောက်ဥက္ကလာ ကိုဖြတ်ပြီး ရေဝေးသုသာန်ကိုသယ်လာနေကြတာပါ ။အသုဘကားတွေဟာ မြောက်ဥက္ကလာ (-) ရပ်ကွက်ကနေဖြတ်ပြီး ရေဝေးသုသာန်ကိုလာကြရတာပါ ။ မြောက်ဥက္ကလာမြို့သူမြို့ သားတွေဟာ ဘာမှမပြောသလို ကိုယ့်အိမ်ရှေ့ကဖြတ်ပြီး နာရေးကားတွေ သွားနေတာကို (- )ရပ်ကွက်သူရပ်ကွက်သားတွေကလဲဘာမှမကန့်ကွက်ကြပါ ။ဘာ့ကြောင့်လဲဆိုတော့ သဘောထားကြီးကြီးထားနိုင်လို့  ၊အမြင်ကျယ်လာကြလို့ ဖြစ်ပါတယ် ။ တကယ်တော့ လူသေတာအဆန်းမဟုတ်ပါဘူး ။ လူတွေအားလုံးသေမျိုးတွေချည်းပါပဲ ။လူသေရင် အလောင်းကို သင်္ချိုင်းကိုပို့ ကြရတာချည်းပါပဲ ။ သက်မဲ့အလောင်းတလောင်းဖြတ်သန်းသွားလို့ လဲတကယ်တော့ ရပ်ရွာမှာ ဘာမှ အထူးတလည်ဘေးဒုက္ခကျစရာမရှိပါဘူး ။

ကမ္ဘာပေါ်မှာနေ့စဉ် လေယာဉ်တွေနဲ့အလောင်းတွေသယ်နေကြတာပါ ။ မြန်မာနိုင်ငံကိုဖြတ်ပြီး မြောက်များစွာသောလေယာဉ်တွေဟာ အလောင်းတွေကိုသယ်ဆောင်လို့ ဖြတ်ကျော်ပျံသန်းနေကြတာပါ ။ ဆေးရုံတွေကနေ ၊ အနယ်နယ်အရပ်ရပ်ကို မော်တော်ကားတွေနဲ့ ကွယ်လွန်သူကိုသယ်ဆောင်ပြီး မောင်းနှင်နေကြတာပါပဲ ။အလောင်းကျရာနေရာကနေ မရွေ့ ရဘူးဆိုတာလည်းအဓိပါယ်မရှိပါဘူး ။စစ်မြေပြင်မှာကျဆုံးလေသမျှ စစ်သည်တွေကို ဘယ်တပ်မတော်ကပဲဖြစ်ဖြစ် သေတဲ့နေရာမှာ ပဲထားခဲ့ရိုးမရှိပါ ။ မရရအောင်အလောင်းကိုနောက်တန်းမိသားစုရှိရာပြန်သယ်ကြပါတယ် ။အာဖဂန်နစ္စတန်မှာသေတဲ့အမေ၇ိကန်စစ်သားတွေကိုလည်း မိခင်အမေရိကန်ပြည်ထောင်စုကိုပြန်သယ်ကြပါတယ် ။ ပြင်သစ်ကလည်း ပြင်သစ်ကိုပြန်သယ်ကြတာပါ ။ ဒါ့ကြောင့်ဒီအဖြစ်အပျက်မှာ တောင်ရွာရော ၊မြောက်ရွာကလူတွေရော မြန်မာတပြည်လုံးကလူတွေ အမြင်ကျယ်သင့်ပြီလို့ထင်ပါတယ် ။ ခုနကပြောခဲ့သလို ကမ္ဘာပေါ်မှာအချို့နိုင်ငံတွေက ဆက်သွယ်ရေးဂြိုဟ်တုတွေလွှတ် ၊ နျူကလီးယားနည်းပညာတွေ တီထွင် ၊ ကမ္ဘာပျက်ရင်အခြေချဖို့ အခြားဂြိုဟ်တွေ စကြာဝဋ္ဌာထဲမှာရှာနေတဲ့အချိန်မှာ ကျွန်တော်တို့တွေက တောင်ရွာမြောက်ရွာရန်ဖြစ်တုန်း ၊ စလောင်းဖုံးနှစ်ချပ်တီးရင်ကျားကိုက်မယ်လုပ်တုန်း ၊အသုဘကိုရွာထဲဖြတ်မသွားရလုပ်တုန်း ၊ ပယောဂဆရာလက်ကို ကိုယ့်သားသမီးအသက်အပ်တုန်းလုပ်နေတာတွေဟာ သိပ်ရှက်ဖို့ ကောင်းပါတယ် ။ ဒါတွေဟာ အသိပညာဗဟုသုတ နည်းပါးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေပါ ။ဒီလိုတွေမဖြစ်ဖို့ နိုင်ငံသားအားလုံးမှာတာဝန်ရှိပါတယ်။ သာသနာပြု ဓမ္မကထိကဆရာတော်များဟာ လဲ ကျေးလက်တောရွာများက မြန်မာလူမျိုးတွေအသိအမြင်ပွင့်လင်းလာဖို့  တောနယ်ဘက်တွေမှာ အယူမသီးကြဖို့ တရားတွေ များများဟောကြားပေးစေချင်ပါတယ် ။
ဒီမိုကရေစီစနစ်ဟာ ကမ္ဘာမှာအခုအချိန်အထိ အကောင်းဆုံးစနစ်တခုပါ ။ ဒါပေမယ့် ဒီစနစ်အောင်မြင်ဖို့ ခက်ပါတယ် ။ ဒီမိုကရေစီစနစ်ဟာ အာဏာရှင်စနစ်လို အုပ်ချုပ်သူတွေ တာဝန်ချည်းပဲလို့ အရာရာလွှဲချထားလို့ မရပါဘူး ။ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုကအရေးကြီးပါတယ် ။ပြည်သူလူရဲ့ တယောက်ချင်းအရည်အသွေးကအဓိကကျပါတယ် ။ပြည်သူလူထုရဲ့တာဝန်ယူတတ်မှု ကအရေးကြီးပါတယ် ။ အရာရာကို ခေါင်းဆောင်တယောက်ထဲ လွှဲချလို့ မရပါဘူး ။ကိုယ်တိုင်လဲပါဝင်ဆောင်ရွက်ရပါမယ် ။ဒီမိုကရေစီလိုချင်တယ်ပြောပြီး အမှိုက်တွေကို တွေ့ကရာနေရာမှာလုံးထွေးပြီးလွှင့်မပစ်ကြဖို့ လိုပါတယ် ။ ဒီမိုကရေစီလိုချင်တယ်ပြောပြီး ကွမ်းတံတွေးတွေ တွေ့ ကရာနေရာမှာမထွေးဖို့ လိုပါတယ် ။ဒီမိုကရေစီလိုချင်တယ်ပြောပြီး အများအတွက်မစဉ်းစားပဲ တကိုယ်ကောင်းမဆန်ကြဖို့ လိုပါတယ် ။ တန်းစီတတ်တဲ့အလေ့အထ ၊ သူတပါးကိုငဲ့ညှာတဲ့အပြုအမူ ၊ နိုင်ငံသားတယောက်ချင်း အရည်အသွေးတိုးတက်အောင် အမြဲမပြတ်လေ့လာဆည်းပူးနေချင်တဲ့စိတ်ဓာတ် ၊တာဝန်ယူမှုတာဝန်ခံမှု ၊မတရားအခွင့်အရေးယူရမှာရှက်တဲ့အကျင့်တွေ အားလုံးမှာရှိနေမှ ဒီမိုကရေစီဝါဒ ခိုင်မြဲမှာပါ ။

မြန်မာနိုင်ငံဟာ ၁၉၅၈ မှာဒီမိုကရေစီ ခေတ္တသေဆုံးသွားတယ် ။ အာဏာရှင်စနစ် ၂ နှစ်လောက်ခေါင်းထောင်ထလာတယ် ။ နောက်တော့ အားလုံးဝိုင်းဝန်းကြိုးစားလို့ ၁၉၆၀ မှာ ဒီမိုကရေစီ ပြန်ပြီးအသက်ဝင်လာတယ် ။ ဒါပေမယ့် ၁၉၆၂ မှာ ဒီမိုကရေစီသေဆုံးရပြန်တယ် ။အခုအချိန်အထိပါပဲ။ အခုတော့ ဒီမိုကရေစီဟာ တစ်ပိုင်းတစ်စထွက်ပေါ်လာပါပြီ ။ ရေရှည်မှာ ဒိထက်မက ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့  ၊အာဏာရှင်စနစ်အပြီးတိုင်ကျဆုံးသွားပြီး နိုင်ငံကောင်းစားဖို့  နိုင်ငံသားတစ်ယောက်ချင်းရဲ့အကူအညီလိုတယ် ။ နိုင်ငံသားတွေဟာ ပညာဥာဏ်ရည်မြင့်နေဖို့ လိုတယ် ။ နိုင်ငံသားတွေဟာ ဆင်းရဲတွင်းကလွတ်ဖို့လိုတယ် ။ နိုင်ငံသားတွေ စာတတ်ကြဖို့  ၊စာဖတ်ကြဖို့လိုတယ် ။ရှေးရိုးစွဲအယူအဆတွေ ဖျောက်ဖို့ လိုတယ် ။ဝါးလုံးခေါင်းထဲလသာမနေဖို့လိုတယ် ။

ကိုယ့်သားသမီးလူမမယ်အရွယ်လေးကို ပယောဂဆရာလက်ထဲအပ်ပြီးသေအောင်လုပ်တာထိုင်ကြည့်ကြတဲ့စိတ်ဓာတ်မျိုး ၊လူသေလို့ဝမ်းနည်းကြေကွဲနေတဲ့မိသားစုကို ကိုယ်ချင်းစာတရားမထားနိုင်ပဲ မိမိရပ်ရွာထဲကဖြတ်မသွားဖို့မောင်းထုတ်တဲ့စိတ်ဓာတ်မျိုး ၊ ကိုယ့်စက်လှေမှာ လူများများပါဖို့ ပိုက်ဆံများများပါဖို့ကလွဲပြီး ခရီးသည်တွေအသက်ကို လုံးဝထည်းမတွက်တဲ့စိတ်ဓာတ်မျိုး ၊ရာထူးတစ်ခုကို တာဝန်လို့ သဘောမထားပဲ လုပ်ပိုင်ခွင့်လို့ ယူဆပြီး မတရားမှုကိုမတားဆီးပဲ မိမိကိုယ်ကျိုးပဲကြည့်တဲ့တာဝန်ရှိသူအချို့ရဲ့လုပ်ရပ်မျိုး ၊ ဒီမိုကရေစီဆိုတာ ငါနဲ့ငါ့မိသားစုချမ်းသာရေးလို့ နားလည်တဲ့ အောက်တန်းစားစိတ်ဓာတ်မျိုး၊ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့ စီးပွားရေးဝိသမလောဘသားစိတ်မျိုး တွေဟာ ဒီမိုကရေစီကိုခြိမ်းခြောက်နေတဲ့ အညံ့စားစိတ်ဓာတ်တွေပဲ ။တိုင်းပြည်တပြည်မှာအဲဒိလိုအညံ့ စားစိတ်ဓာတ်ပိုင်ရှင်တွေများနေမယ်ဆိုရင် ဘယ်တော့မှအထက်တန်းကိုမရောက်နိုင်ဘူး ။ အာဆီယံမှာ ဘိတ် ၊ ကမ္ဘာမှာ ဓားမနောက်ပိတ်ခွေးဘ၀မှာပဲ ကျင်လည်နေရလိမ့်မယ် ။ ဒါတွေအားလုံးကို အစိုးရကလည်း အချိန်မဆိုင်းပဲကိုင်တွယ်ဖြေရှင်းရမယ် ။လူတွေကလည်း ပြောင်းလဲကြရတော့မယ် ။

ကျွန်တော်တို့ ညံ့ရင် ရထားတဲ့ဒီမိုကရေစီလေးတောင်ပြန်ဆုံးရှုံးသွားနိုင်တယ် ။ ဒီမိုကရေစီနဲ့မတန်တဲ့ အညံ့ စားစိတ်ဓာတ်တွေကို ဒီနေ့ ကစပြီး ဖယ်ရှားကြရမှာဖြစ်တယ် ။ ခေတ်ဟောင်းကအတွေးအခေါ်အယူအဆတွေကိုဖယ်ရှားပြီး ၂၁ ရာစုနဲ့ကိုက်ညီတဲ့အတွေးအခေါ်အလုပ်အကိုင်တွေနဲ့ မြန်မာကို ကမ္ဘာကသိအောင်လုပ်ကြရတော့မှာဖြစ်ပါတယ် ။ ဒီမိုကရေစီနိုင်ငံဆိုတာနိုင်ငံသားတဦးချင်းရဲ့အရည်အသွေးပေါ်မှာအခြေခံပြီး တည်ဆောက်ရတာဖြစ်လို့ နိုင်ငံသားတယောက်ချင်းအရည်အသွေးမြင့်ရင် ဒီမိုကရေစီမြန်မြန်ရမယ် ။တဦးချင်းအရည်အသွေးနိမ့်ကျရင်ဒီမိုကရေစီနိုင်ငံထူထောင်ဖို့ ကြန့် ကြာမှာဖြစ်ပါကြောင်း။

သရ၀ဏ်(ပြည်)

စောင့်ကြည့်ဂျာနယ်
၂၈.၁၀.၂၀၁၆

COMMENTS

Name

art,1,article,1317,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,8,health,33,history,2,international,7580,interview,221,knowledge,8,Live,8,LocalNews,16132,news,2842,opinion,767,photos,203,poem,116,satires,39,song,12,speech,12,sports,151,statement,59,technic,58,translate,34,video,1068,voice,76,
ltr
item
dawnmanhon: ဒီမိုကရေစီနဲ့မထိုက်တန်သောစိတ်ဓာတ်များ --သရ၀ဏ်(ပြည်)
ဒီမိုကရေစီနဲ့မထိုက်တန်သောစိတ်ဓာတ်များ --သရ၀ဏ်(ပြည်)
https://2.bp.blogspot.com/-WlAq_4Ehpww/WBNwSzno3WI/AAAAAAAAZz4/UJTPBZWc1CcZXdYRlFbzs9kGW4Rz7S1YQCLcB/s320/q1.jpg
https://2.bp.blogspot.com/-WlAq_4Ehpww/WBNwSzno3WI/AAAAAAAAZz4/UJTPBZWc1CcZXdYRlFbzs9kGW4Rz7S1YQCLcB/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2016/10/blog-post_493.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/10/blog-post_493.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy