နည်းပြအသစ်နဲ့ ကစားသမားအဟောင်း ...... သရ၀ဏ်(ပြည်)

တစ်ခါတလေကျ ကျွန်တော်စဉ်းစားမိတာရှိသည် ။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို ကမ္ဘာကျော်နည်းပြဆရာတွေဖြစ်သည့် ဖာဂူဆန်တို့ ၊မော်ရင်ဟိုတို့  ၊ ဂွါဒီယိုလာတို့  ၊ အာဆင်ဝင်းဂါးတို့ လက်ထဲအပ်လိုက်လျှင်ဘယ်လိုနေမည်လဲဟု ။ ကစားသမား Player တွေကတော့ လက်ရှိ မြန်မာ့လက်ရွေးစင်အသင်းမှလူများပင်ပြန်ပါမည် ။ ကမ္ဘာ့အဆင့်နည်းပြနှင့် လက်ရှိပြည်တွင်းဖြစ်ကစားသမားဟောင်းများကိုတွဲစပ်လိုက်လျှင် မြန်မာအသင်းသည် အရှေ့တောင်အာရှတွင်ဗိုလ်စွဲသွားမလား ၊ အာရှချန်ပီယံဖြစ်မလား ၊ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအောင်ကာ ကမ္ဘာ့ဖလားဘောလုံးပွဲတွေမှာဝင်ရောက်ဆင်နွှဲနိုင်မလား ဟုစိတ်ကူးယဉ်မိသည် ။ သို့ သော် သေချာသည်ကတော့ နည်းပြဘယ်လောက်ကောင်းကောင်း ကစားသမားတွေဘက်ကလည်း ကမ္ဘာ့အဆင့်မီဖို့ လိုသေးသည် ။ ခပ်ညံ့ညံ့ကစားသမားအများစုပါဝင်သောအသင်းတစ်သင်းတွင် မည်မျှပင်နည်းပြကတော်သော်လည်း အောင်မြင်မှုရဖို့ ဆိုတာ အချိန်တိုအတွင်းဖြစ်နိုင်မည်မဟုတ် ။ မည်မျှတော်သောနည်းပြပဲဖြစ်ဖြစ် သဲထဲရေသွန်သလိုသာဖြစ်ပေလိမ့်မည် ။ မြန်မာ့ဘောလုံးအသင်းလည်း ဤမိုးဤလေ ဤလူတွေနှင့်ကတော့ ကမ္ဘာကျော်နည်းပြဆရာမကလို့ သိကြားမင်းဆင်းနည်းပြလည်း သိပ်ပြီး ပြောင်းလဲလာမှာမဟုတ်ပေ ။

နိုင်ငံရေးမှာလည်း ဤနည်းနှင်နှင်သာဖြစ်ပေသည် ။ ယခုအခါ ကျွန်တော်တို့ နိုင်ငံသည် နည်းပြအသစ်ပြောင်းလဲလိုက်သော ဘောလုံးအသင်းနှင့်တူသည် ။ မန်နေဂျာပြောင်းလိုက်သော အသင်းတစ်သင်း ၊ အဖွဲ့ တစ်ဖွဲ့ နှင့်တူသည် ။ကစားကွက်ပြောင်းလိုက်သော ဘောလုံးအသင်းတစ်သင်းနှင့်တူသည် ။ခေါင်းတွဲလဲလိုက်သော ရထားတစ်စင်းနှင့်တူသည် ။သမ္မတကြီးဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောအစိုးရသစ်လက်ထက်တွင် ဒီမိုကရေစီလမ်းစဉ်အတိုင်း အားကောင်းမောင်းသန်ချီတက်နေခဲ့ပြီဖြစ်သည် ။ သို့ သော်မပြောင်းမလဲ ကျန်နေရစ်သောအရာများစွာလည်းရှိသေးသည် ။ တရားစီရင်ရေးသည် မပြောင်းလဲသေး ။ ရဲတပ်ဖွဲ့ သည်မပြောင်းလဲသေး ။ အကျဉ်းထောင်များသည်မပြောင်းလဲသေး ။ မြို့နယ်နှင့် ၊ခရိုင်အုပ်ချုပ်ရေးသည် မပြောင်းလဲသေး ။ ပြည်ထဲရေးဝန်ကြီးဌာနသည်မပြောင်းလဲသေး ။ အရာရာသည်အရင်အတိုင်းပင်ရှိသေးသည် ။ နိုင်ငံတွင် ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာနများသည် NLD ၏ထိမ်းချုပ်ကွပ်ကဲမှုအောက်တွင်မရှိပဲ တပ်မတော်၏ထိမ်းချုပ်မှုအောက်တွင်သာရှိနေသေးရာ ထိုအဖွဲ့များမှာ ထိပ်ဆုံးမှ နည်းပြပြောင်းသော်လည်း ကစားသမားမပြောင်းသောဘောလုံးအသင်းလိုရှိနေဆဲဖြစ်သည် ။ အထူးသဖြင့် မြန်မာနိုင်ငံတွင် NLD အစိုးရတက်လာသော်လည်း ပြည်ထောင်စုအဆင့်အချို့အဖွဲ့ အစည်းများမှာ ယခင်ဦးသိန်းစိန်အစိုးရကထားခဲ့သည့်ပုံစံဟောင်းအတိုင်းဆက်လက်တည်မြဲနေတာအံ့သြဖွယ်တွေ့ ရှိရလေသည်။ အထူးသဖြင့် မြန်မာနိုင်ငံလူ့ အခွင့်အရေးကော်မရှင်ဆိုတာကြီးနှင့် ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆိုသောအဖွဲ့ ကြီးနှစ်ဖွဲ့ မှာ ယခင်အစိုးရလက်ထက်ကထားခဲ့သော လူဟောင်းကြီးများနှင့်သာ ဆက်လက် တည်မြဲနေတာ အံ့သြဖွယ်တွေ့ ရှိရလေသည် ။မြန်မာနိုင်ငံလို လာဘ်ပေးလာဘ်ယူမှုဗရပွ ဖြစ်နေသောနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့ ကြီးမှ ဖြေရှင်း အမိဖမ်းအပြစ်ပေးတရားစွဲနိုင်သော ဟိုးလေးတကျော်အမှုကြီးဆို၍ မယ်မယ်ရရတစ်ခုမှမကြားရပါ ။ယခင်လူဟောင်းများ၏လုပ်နည်းလုပ်ဟန်အဟောင်းကြီးအတိုင်း သက်သေမစုံလင်သဖြင့် ၊ တိုင်ကြားသူကအချက်အလက်မပြည့်စုံသဖြင့် ၊ လုပ်ထုံးလုပ်နည်းနှင့်မညီသဖြင့် စသည်ဖြင့် အကြောင်းအမျိုးမျိုးပြပါယ်ချလိုက်ရာ အရေးယူအပြစ်ပေးနိုင်စရာပြစ်မှုပင်မြန်မာနိုင်ငံတွင်မရှိသလောက်ရှားနေရပေတော့သည် ။

မသိလျှင်မြန်မာနိုင်ငံသည် လာဘ်ပေးလာဘ်ယူမှုအလွန်ကင်းရှင်းနေသယောင်ရှိပေသည် ။ တကယ့်လက်တွေ့တွင်မူကား ရုံးဌာန အတော်များများ ၊တရားသူကြီးတော်တော်များများ ၊ ဥပဒေအရာရှိတော်တော်များများနှင့် ရဲဝန်ထမ်းများ သည် လာဘ်ပေးလာဘ်ယူမှုတွင်နက်နက်ရှိုင်းရှိုင်းပါဝင်ပါတ်သက်နေကြသည် ။ပြည်သူလူထု၏တိုင်ကြားမှုများကိုသာ အလေးပေးထောက်လှမ်းစုံစမ်းခဲ့ပါလျှင် တသီတတန်းကြီးပေါ်လာနိုင်စရာအကြောင်း၇ှိပေသည် ။ သို့ သောမြန်မာနိုင်ငံ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးကော်မရှင်သည် စင်္ကာပူလို၊ တရုတ်လို အသည်းအသန်ရေဆုံးမြေဆုံးလိုက်ချင်သောအဖွဲ့ အစည်းမဟုတ်သဖြင့်ကြီးမားသော အဂတိလိုက်စားမှုများမှာ တရားဥပဒေရှေ့မှောက်သို့ ရောက်ရှိ၍မလာခဲ့ပေ ။

ထို့ ကြောင့် Player အဟောင်းများနှင့် ကစားနေသော အဖွဲ့ကြီးကို ပြည်သူလူထုက မျှော်လင့်ချက်ကြီးကြီးမားမားမထားခဲ့ပေ ။နောက်ထပ်ပြည်သူ့ ချဉ်ဖတ်အဖွဲ့ တစ်ဖွဲ့ မှာ မြန်မာနိုင်ငံလူ့ အခွင့်အရေးကော်မရှင်ဖြစ်သည် ။ထိုအဖွဲ့ ဖွဲ့ စည်းရသော၏ရည်ရွယ်ချက်မှာကောင်းမွန်လှသော်လည်းလက်တွေ့လုပ်ငန်းများမှာအားရစရာမရှိချေ ။ယခင်အစိုးရအဟောင်း၏ထုံးစံအတိုင်း မည်သည့်အရာမဆို လူကြားကောင်းအောင်ပဲ ဟန်ဆောင်ပန်ဆောင် အဖွဲ့ ဖွဲ့ ၍ လူမြင်ကောင်းကောင်လုပ်ပြကြသည်ဖြစ်ရာ လူ့ အခွင့်အရေးအဖွဲ့ ကြီးမှာလည်း ပြည်သူလူထု၏လူ့ အခွင့်အရေးကိုကာကွယ်ဖို့ထက် ဟန်ပြအဖွဲ့ ကြီးတစ်ခုလိုဖြစ်နေခဲ့ပါသည် ။ထိုအချက်ကိုထင်ရှားစေသည်မှာ မြန်မာနိုင်ငံ၏သူသိထင်ရှားလူ့ အခွင့်အရေးချိုးဖောက်မှုများဖြစ်သော လက်ပန်းတောင်းတောင်မှတောင်သူဒေါ်ခင်ဝင်းသေနတ်ပစ်ခံရမှု ၊ အလွတ်တန်းသတင်းထောက်ကိုပါကြီးအသတ်ခံရမှု ၊ ကချင်ဆရာမလေးနှစ်ယောက် အဓမ္မကျင့်သတ်ဖြတ်ခံရမှု ၊ ပြည်မြို့န၀ဒေးတံတားအောက်တွင်လူသတ်ခံရမှု စသည့်နိုင်ငံကျော်အမှုများဖြစ်သည် ။ထို့ အပြင် လက်ပန်းတောင်းတောင်သပိတ်စခန်းတွင်သံဃာတော်များ မီးလောင်ဗုံးဖြင့်ပစ်ခတ်နှိမ်နှင်းခံရမှုတွင်လည်း လူ့အခွင့်အရေးကော်မရှင်၏ထိရောက်သောကိုင်တွယ်မှုကိုမကြားရပေ ။
ယခုနောက်ဆုံးလူပြောအများဆုံးကိစ္စဖြစ်သည့်  အင်းဝအပ်ချုပ်ဆိုင်မှအိမ်အကူကောင်မလေးနှစ်ယောက်နှိပ်စက်ညှဉ်းပန်းခံရသောကိစ္စတွင်မူကားလူ့ အခွင့်အရေးကော်မရှင်၏ ၀တ္တရားမကြေပြွန်မှု ၊တာဝန်ပျက်ကွက်မှုမှာ ကမ်းကုန်အောင်ရှိပါတော့သည် ။ လူ့အခွင့်အရေးကိုကာကွယ်စောင့်ရှောက်ရန် တာဝန်အရှိဆုံးပုဂ္ဂိုလ်များ၏ပါးစပ်မှထွက်လာသောတာဝန်မဲ့စကားများမှာတနိုင်ငံလုံးကိုတုန်လှုပ်သွားစေသည် ။ “

အိမ်ဖော်ကိုတခါတလေရိုက်တယ်ဆိုတာဖြစ်တတ်ပါတယ်။ ကျွန်မလည်းအိမ်ဖော်ကိုရိုက်တာပဲ “ဟူသောစကားက မြန်မာတနိုင်ငံလုံးကိုအံ့အားသင့်စေခဲ့သည် ။ ငွေကျပ်သိန်းငါးဆယ်နှင့် ဥပဒေလမ်းကြောင်းကိုမသွားပဲကြေအေးအောင်ပွဲစားဆန်ဆန်လုပ်ကိုင်ခဲ့ကြခြင်းကိုလည်း သြချကြရသည် ။ မင်းသားခေါင်းပြုတ်ကျသောအခိုက်အတန့်မှာ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်စုကြည်က ဘယ်သို့ ဘယ်ပုံဟု ဒေါ်အောင်ဆန်းစုကြည်အမည်ကို ဒေါ်စုကြည်ဟုခေါ်တွင်လိုက်ခြင်းဖြစ်သည် ။ ဒေါ်စုကြည်ဟူသောအမည်ကိုကျွန်တော်တို့ မကြားရတာကြာပေပြီ ။ မေ့မေ့ပျေက်ပျောက်ပင်ဖြစ်နေပေပြီ ။နောက်ဆုံးကြားရသည်မှာ စစ်အစိုးရလက်ထက် သတင်းစာရှင်းလင်းပွဲများ ၊ အမည်ခံလူထုစည်းဝေးပွဲ များတွင်ဖြစ်သည် ။ စစ်အာဏာရှင်များ၏ဒေါ်အောင်ဆန်းစုကြည်အပေါ်မလိုမုန်းထားမှုပြယုတ်အဖြစ် ဒေါ်စုကြည်ဆိုသည့် မလိုတမာ နာမည်ကိုသုံးခဲ့ကြသည် ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အမည်ကို ရည်ရွယ်ချက်ရှိရှိချန်လှပ်ခဲ့ကြသည် ။ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့်လူထုကတွဲမြင်မှာကို စစ်အစိုးရဘက်တော်သားများသေလုအောင်ကြောက်ရွံ့ ခဲ့ကြသည် ။ထို့ ကြောင့် စစ်အာဏာရှင်များကဒေါထိုအောင်ဆန်းစုကြည်ကို စုကြည်ဟုသာခေါ်ခဲ့ကြသည် ။ ထိုနာမည်သည် န.၀.တ ၊ န.အ.ဖ ခေတ်ဆိုးကြီးကိုကိုယ်စားပြုသောအမည်ဖြစ်သည် ။ ထိုအမည်ကိုအားလုံးပင်မေ့မေ့ပျောက်ပျောက်ရှိနေရာမှ သူတို့ ရှိနေသေးကြောင်း ၊ စစ်အာဏာရှင်အကြွင်းအကျန်များမတိမ်ကောမပပျောက်သေးကြောင်းတပ်လှန့်နှိုးဆော်လိုက်သည့်ပမာ ဒေါ်စုကြည်ဆိုသောအမည် ကိုတဖန်ပြန်၍ကြားရတော့ လူတွေတအံ့တသြဖြစ်ကြသည် ။
ပို၍အံ့သြကြရသည်မှာ တလလျှင်သိန်းနှစ်ဆယ်ခန့် ကား ၊နေစရာအိမ်များ နိုင်ငံတော်အစိုးရက ယခင်အစိုးရလက်ထက်ရာထူးအတိုင်းဆက်လက်ချီးမြင့်ခြင်းကိုခံစားနေရသော (ဒေါ်အောင်ဆန်းစုကြည်ဆက်လက်သူကောင်းပြုထားသဖြင့် ရာထူးနှင့်စည်းစိမ်ဆက်လက်တည်မြဲနေသော ) လူ့ အခွင့်အရေးကော်မရှင်မှ ခေါင်းဆောင်ပုဂ္ဂိုလ်တပ်ထွက်ကြီးကခေါ်ဝေါ်သုံးနှုန်းလိုက်ခြင်းဖြစ်သည် ။ မီဒီယာများနှင့်ဆက်ဆံရာတွင်လည်း ကျွန်တော်ဘယ်ကလာပါသည် ၊ မည်သူ့ ကိုကိုယ်စားပြုပါသည်ဟုကြေငြာနေသည့်သဖွယ်မောက်မာလှပေသည် ။

ထိုသူများကိုမြင်ရသောအခါ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်ဆိုသော နည်းပြဆရာကြီးနှစ်ယောက်သည် မည်မျှအပင်ပန်းခံ၍ ဒီမိုကရေစီကစားကွက်များကိုပြသနည်းလမ်းပေးနေသည်ဖြစ်စေ ၊ယခင်ကစားသမားလူဟောင်းများကတော့ နှစ်ပေါင်းများစွာအသားကျခဲ့သောအာဏာရှင် ကစားကွက်ဖြင့်သာတောင်ကန်မြောက်ကန်လုပ်နေသည်ဖြစ်ရာ သံယောဇဉ်ထား၍အသင်းတွင်ဆက်လက်ပါဝင်ခွင့်မပေးသင့်တော့ပါ ။သူတို့နေရာတွင် အမှန်တကယ် အရည်အချင်းရှိသော ကစားသမားများနှင့်ရဲရဲဝံ့ဝံ့အစားထိုးလိုက်တာကောင်းပါသည် ။ နည်းပြဘယ်လောက်တော်တော် ညံဖျင်သောကစားသမားများနှင့်ဆက်ကစားမည်ဆိုပါက နည်းပြဆရာပင်နာမည်ပျက်၍ သူတို့နှင့်ရောကာတန်းဆင်းရသောအဖြစ်များအဖြစ်မခံနိုင်ပါ ။ သုံးစားမရသော ကစားသမားများကို သူတို့ နှင့်ထိုက်တန်သောအရပ်သို့ သာပြန်လွှတ်လိုက်ပါတော့။နိုင်ငံတစ်ဝှမ်းလုံးခြေစွမ်းမပြနိုင်သောလူဟောင်းများအားလုံးရှင်းထုတ်ပစ်ဖို့ အချိန်တန်ပါပြီ ခင်ဗျား။

သရ၀ဏ်(ပြည်)

သူရိယနေ၀န်းဂျာနယ်
၁.၁၀.၂၀၁၆
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.