အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့အစည်းများအနေနှင့် ပြည်သူများ၏ ဆင်ခြင်တုံတရားကို လျော့မတွက်ကြရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား


“ပြည်သူတွေက ဒီနိုင်ငံကို ဘာက အကျိုးပေးမယ်၊ အကျိုးမပေးဘူးဆိုတာ သိနေကြပါတယ် …”
------ ------ ------ ----- ------

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့အစည်းများအနေနှင့် ပြည်သူတို့၏ ဆင်ခြင်နိုင်စွမ်း ဆင်ခြင်တုံ တရားအား လျော့မတွက်ကြရန်လိုအပ်ကြောင်းနှင့် ပြည်သူများသည် တိုင်းပြည်အတွက် မည်သည်က အကျိုးပြု နေသည်။ မည်သည်က အကျိုးယုတ်စေသည်ကို သိနေကြကြောင်းကို NCA နှစ်ပတ်လည်အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“၁၉၈၈ ခုနှစ်က အင်းလေးဘက်က ဆရာတော်ကြီးတပါးက ကျမကို သြ၀ါဒတခုပေးခဲ့ဖူးတယ်။ အဲဒီ ဆရာတော်ကြီးက ဦးဖိုးစိန်ကို မီခဲ့တယ်။ ဇာတ်ကိုသွားကြည့်တော့ လူရွှင်တော်ပြောတဲ့စကားရှိတယ်။ ဦးဖိုးစိန်ကြီး ခင်ဗျားလောက်ကတတ်တဲ့သူ ပရိသတ်ထဲမှာ တယောက်မှမရှိဘူး။ ဒါပေမဲ့ ခင်ဗျား ခြေထိုး နည်းနည်းမှာရင် အားလုံးသိတယ်။ စိန်ဗေဒါကြီး ခင်ဗျားလောက်တီးတတ်တာ တယောက်မှမရှိပါဘူး။ ဒါပေမဲ့ တီးလုံးလေးတကွက်လွဲသွားရင် အားလုံးသိတယ်ဆိုပြီး သတိပေးဖူးကြောင်း ဆရာတော်ကြီးက ကျွန်မကို မိန့်ပါ တယ်။ ဘာကိုဆိုလိုတာလဲဆိုတော့ ကိုယ်က ဘယ်လောက်ပဲတော်တော် ကိုယ့်ပရိသတ်ကို အထင်မသေးရဘူး ဆိုတဲ့သဘောပြောတာပါ။ ကျွန်မတို့ရဲ့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမအဖွဲ့အစည်းများ ဟာ ကျွန်မတို့ပြည်သူတွေရဲ့ ဆင်ခြင်တုံတရားကို လျော့မတွက်ကြပါနဲ့။ ပြည်သူတွေက ဒီနိုင်ငံကို ဘာက အကျိုးပေးမယ်၊ အကျိုးမပေးဘူးဆိုတာ သိနေကြပါတယ်”ဟု ၄င်းက ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းရင်းသားလူမျိုးအားလုံးတွင် နာကြည်းချက်တွေရှိနေမည်ဆိုတာ နားလည်ပါကြောင်းနှင့် ထိုနာကြည်းချက်များကိုလည်း ကျော်လွှားနိုင်မည့်အရည်အချင်းလည်း မိမိတို့အားလုံးတွင်ရှိနေမည်ဆိုတာ ယုံကြည်ပါကြောင်း ၄င်းက ပြောကြားခဲ့သည်။

“အားလုံးက ကိုယ့်အမြင်နဲ့ကိုယ် ရှိကြပါတယ်။ နာကြည်းချက်တွေ ရှိနေကြတယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမဲ့ နာကြည်းချက်တွေကို ကျော်လွှားနိုင်မယ့် အရည်အချင်းလည်း ကျွန်မတို့အားလုံးမှာရှိတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ မီးအင်အားကို ပြိုင်ရမှာမဟုတ်ပါဘူး။ မီးကို ငြိမ်းနိုင်မယ့်အင်အားကို ပြိုင်ရပါမယ်။ အခုဆို ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးကြိုးစားမှုတွေကို တနိုင်ငံလုံးက ကြည့်နေကြပါတယ်။ မျှော်လင့်ချက်ကြီးစွာ စောင့်မျှော် နေကြပါတယ်။ ဒါကြောင့် ကျွန်မတို့ပြည်သူတွေကို လျှော့မတွက်ကြပါနဲ့”ဟု ၄င်းက ဆက်လက်ပြောကြားသည်။

NCA နှစ်ပတ်လည်အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်မှ NCA စာချုပ်တွင် ပါသင့်ပါထိုက်သည့်အဖွဲ့များ အားလုံးပါဝင်ရန် အင်မတန်မှ လိုအပ်ပါကြောင်း၊ အတိတ်ကလမ်းကြောင်းမှ အနာဂတ်ကို ပြောင်းလဲရန် ပြောင်းလဲရဲတဲ့သတ္တိ၊ ရင်ဆိုင်ရဲတဲ့သတ္တိရှိဖို့ လိုပါကြောင်း၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင်အား ပြန်လည်သုံးသပ် ပြင်ဆင်မည်ဖြစ်ကြောင်းနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်နှင့်အညီ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထွန်း(နေပြည်တော်)၊ လတ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.