ကျေးကျွန်ဘ၀မှ လွတ်မြောက်ရာသို့



သေနတ်ကိုင်ထားတဲ့ လူတွေကိုမြင်မြင်ချင်း ဒုက္ခတော့ရောက်ပြီဆိုတာ သူသိလိုက်တယ်။ ခေတ် ဆန်ဆန် အင်္ကျီအကွက်ကို ၀တ်ထားတဲ့ အသက် ၂၉ နှစ်အရွယ် ဂျွန်က လွန်ခဲ့တဲ့ ကိုးနှစ်က သူထိုင်း နိုင်ငံ ရောက်ခဲ့ပုံကို ပြောပြနေတာပါ။ သူဟာ အင်္ဂလိပ်စကားကောင်းကောင်းပြောတတ်ပြီး ဂျွန်ဆိုတာ သူရဲ့ နာမည်အရင်းမဟုတ်ပါဘူး။

အသက်အန္တရာယ် လုံခြုံရေးအတွက် သူ့ကိုယ်သူညွှန်းဆိုတဲ့ နာမည်ဖြစ်တယ်။ “တကယ့် ခြောက် အိပ်မက်ကြီးပဲဗျာ”ဟု မြန်မာနိုင်ငံသားတွေနဲ့အတူ ထိုင်းငါးဖမ်းလုပ်ငန်းမှာ ကျွန်ပြုခံခဲ့ရတဲ့ ၁၀ လတာ အတွေ့အကြုံကို ဂျွန်ကပြောပါတယ်။ အတင်းအကျပ်ခိုင်းစေမှု၊ ကာလသေအလုပ်ခိုင်းစေမှုတွေနဲ့ လည်ပတ်လေ့ရှိတဲ့ ထိုင်းငါးဖမ်းလုပ်ငန်းမှာ ၉၀ ရာခိုင်နှုန်းသောလုပ်သားတွေဟာ ပြည်ပကရွှေ့ပြောင်း လုပ်သားတွေဖြစ်တယ်။ အများစုကတော့ ဆင်းရဲမွဲတေမှု အလွန်မြင့်မားပြီး တိုင်းရင်သားလက်နက် ကိုင်တွေနဲ့ မကြာခဏ တိုက်ပွဲတွေဖြစ်နေတဲ့ မြန်မာနိုင်ငံက လုပ်သားတွေပေါ့။

ဂျွန်ဟာ မြန်မာနိုင်ငံက လယ်လုပ်သားဖြစ်ပြီး မိသားစုစီးပွားရေးလည်း တစတစကျပ်တည်းလာတယ်။ ထိုင်းနိုင်ငံက လိမ္မော်ခြံမှာအလုပ်ရမယ်ဆိုတဲ့ ကတိကြောင့် သူ့ကိုခေါ်သွားပေးဖို့ ပွဲစားကို ပိုက်ဆံပေးခဲ့တယ်။ လိမ္မော်ခြံအလုပ်ဆိုတာ လယ်သမားအတွက်တော့ အလွယ်ကလေးပေါ့။
“ကျွန်တော်တို့ ဟိုဘက်ကိုရောက်တာနဲ့ အကုန်လုံးပြောင်းလဲသွားတယ်။ ကျွန်တော် တော်တော်လည်း ကြောက်မိတယ်။”

လက်နက်ကိုင် လူတစုကသူတို့ကိုစောင့်နေကြတယ်။ ပြီးတော့ ဂျွန်နဲ့ နောက်ထပ် လူ ၃၀ လောက်ကို တဦးပေါ်တဦးဆင့်ပြီး ထရပ်ကားတစီးပေါ်ကို စုပုံတင်ဆောင်သွားတယ်။ ဘယ်ကိုသွားနေမှန်း မသိရ အောင် မှန်တွေကိုကာထားတယ်။ ကားပေါ်မှာပဲ အပေါ့အလေးသွားကြရပြီး လေလုံနေရတဲ့အထဲ ချွေးနံ့တွေနဲ့ လှောင်ပိတ်နေတာ ဆိုးရွားလွန်းလို့ သူ့ကိုယ်သူသေမယ်လို့တောင် ထင်မိကြောင်း ဂျွန်က ပြောပြတယ်။ သူ့အရှေ့က လူပေါင်းများစွာလိုပဲ ထိုင်းနိုင်ငံမှာ စီးပွားရေးထွက်ပေါက်ရှာရင်း ဂျွန်လည်း လူကုန်ကူး သူတို့လက်ထဲကျရောက်သွားတယ်။

ထိုင်းနိုင်ငံရဲ့ စီးပွားရေးကောင်းမွန်လာပြီး အလုပ်အကိုင်တွေပေါများလာတာနဲ့အမျှ ထိုင်းနိုင်ငံသားတွေ ဟာ ပင်ပန်းဆင်းရဲတဲ့ အောက်ခြေသိမ်းအလုပ်တွေကိုမလုပ်တော့ဘူး။ ဒီအလုပ်တွေကို ပြည်ပက ရွှေ့ပြောင်းလာတဲ့ အလုပ်သမားတွေက ၀င်ရောက်လုပ်ကိုင်ကြတယ်။ ဒေါ်လာ ခုနစ်ဘီလီယံတန်ကြေး ရှိတဲ့ ထိုင်းငါးဖမ်းလုပ်ငန်းဟာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီယားက ရွှေ့ပြောင်းလုပ်သားတွေနဲ့ လည်ပတ် နေတာပါ။ ဒီလုပ်ငန်းမှာထိုင်လုပ်သားက ၁၀ ရာခိုင်နှုန်းပဲရှိတယ်။

ရွှေ့ပြောင်းလုပ်သားတွေအပေါ်မှာ မှီတည်ပြီး ထိုင်းပင်လယ်စာလုပ်ငန်းဖွံ့ဖြိုးနေပေမယ့် ဒီရွှေ့ပြောင်း လုပ်သားတွေဟာ အကာအကွယ်အမဲ့ဆုံး၊ လူကုန်ကူးမှုအန္တရာယ်နဲ့ ခေါင်းပုံဖြတ်ခိုင်းစေမှုကို အခံရဆုံး လူတွေဖြစ်နေတယ်။ ထိုင်းနိုင်ငံတခုလုံးမှာရှိတဲ့ ရွှေ့ပြောင်းလုပ်သား ၈၀ ရာခိုင်နှုန်းက မြန်မာတွေဖြစ် သလို ဒီဒဏ်တွေကိုလည်း မြန်မာတွေအခံရဆုံး ဖြစ်တယ်။
“ကျွန်တော့်မှာ ဘာစာရွက်စာတမ်းမှမရှိတော့ ထိုင်းရဲက ဖမ်းမိသွားရင် ဘာတွေဖြစ်မလဲတွေးပြီး ကြောက်မိတယ်”လို့ ဂျွန်က ပြောတယ်။
ထိုင်းနိုင်ငံမှာရွေ့ပြောင်းလုပ်သားတွေကို တရားဝင်မှတ်ပုံတင်ပေးတာတွေ လုပ်တယ်ဆိုပေမယ့် လုပ် ပေးတဲ့ကာလက တိုတောင်းတဲ့အတွက် အများစုကတော့ မှတ်တမ်းမှတ်ရာမဲ့ တရားမ၀င် လုပ်သားတွေ ပါ။ ၂၀၁၁ ရွှေ့ပြောင်းလုပ်သားဆိုင်ရာ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းရဲ့ လေ့လာချက်အရ ထိုင်းငါး ဖမ်းလုပ်ငန်းက လုပ်သားအများစုဟာမှတ်တမ်းမဲ့ စာရင်းပျောက်လုပ်သားတွေဖြစ်တဲ့အပြင် ထိုင်းနိုင်ငံ ကို ခိုးဝင်လာသူတွေဖြစ်ကြောင်း တွေ့ရတယ်။ ဒါ့ကြောင့် ဒီရွှေ့ပြောင်းလုပ်သားတွေဟာဥပဒေရဲ့ အကာအကွယ်ကိုလည်း မရရှိနိုင်ကြဘူး။ အလုပ်ရှင်တွေ၊ အိမ်ရှင်တွေ၊ ထိုင်းရဲတွေနဲ့ နောက်ဆုံး လူကုန်ကူးသူတွေကပါ ဒါကိုအခွင့်ကောင်းယူပြီးသူတို့အပေါ် အလွယ်တကူခေါင်းပုံဖြတ်ကြပါတယ်။

လူကုန်ကူးမှုကိုထိရောက်စွာမတားဆီးနိုင်တဲ့အတွက် မကြာခင်လများအတွင်း ထိုင်းနိုင်ငံဟာ နိုင်ငံ တကာရဲ့ ဖိအားပေးခြင်းကိုခံခဲ့ရတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လူကုန်ကူးမှုမှတ်တမ်း နှစ်စဉ်အစီရင်ခံစာမှာ ထိုင်းနိုင်ငံဟာ အနိမ့်ဆုံးအဆင့်မှာရပ်တည်နေပြီး အိမ်နီးချင်းနိုင်ငံရေပိုင်နက် တွင်း ခိုးဝင်ငါးဖမ်းမှုကြောင့် ထိုင်းနိုင်ငံက ပင်လယ်စာတင်သွင်းမှုကို အီးယူက တားမြစ်တော့မလို အခြေအနေဖြစ်နေတယ်။ ဒီအပြင် ရွှေ့ပြောင်းလုပ်သားတွေကို တောတွင်းစခန်းမှာ ပြန်ပေးဆွဲထားပြီး ငါးဖမ်းလှေတွေဆီ ရောင်းစားမှုကို မေလအတွင်းက တွေ့ရှိခဲ့တဲ့အတွက် နိုင်ငံတကာက ပိုမိုဖိအားပေး နေတယ်။
ပတ္တရားအနားကဆိပ်ကမ်းတခုမှာ ဂျွန်နဲ့အဖော်တစုကို ငါးဖမ်းလှေပေါ် တင်ဆောင်သွားကြတယ်။ ပင်လယ်ထဲမှာ သုံးလေးရက်ဆက်တိုက် အလုပ်လုပ်ရပြီး သင်္ဘောကုန်းပတ်ပေါ်မှာပဲ အိပ်စက်ကြရ တယ်။ သူတို့သင်္ဘောက နှစ်ပတ်တခါ ကမ်းကပ်တယ်၊ ကုန်ချတယ်။ နားရက် လုံးဝမရှိဘူး။

“တရက်နားချင်ရင် တခါအထိုးခံရတယ်”လို့ ဂျွန်က ပြန်ပြောပြတယ်။
တရက် နာရီနှစ်ဆယ်လုပ်ရတဲ့အလုပ်ကိုဆက်လုပ်ဖို့ ဂျွန်အတွက်ခွန်အားဟာ လွတ်မြောက်လိုတဲ့ဆန္ဒ တခုတည်းသာဖြစ်တယ်။ တချို့ဆို ဘောကွင်းကို ခန္ဓာကိုယ်မှာချည်နှောင်ပြီး ကမ်းခြေအရောက် ကူးခတ်ထွက်ပြေးကြပုံတွေကိုလည်း ဂျွန်က ပြောပြတယ်။
“သူတို့ဘာဖြစ်သွားသလဲ ကျွန်တော်မသိဘူး။ သေရင်လဲသေမယ်။ တချို့လည်း ကမ်းပေါ်ရောက်မယ် ထင်တယ်”လို့ ဂျွန်က ပြောပါတယ်။
ဆိပ်ကမ်းတခုမှာ ရပ်နားထားတုန်း ထွက်ပြေးဖို့ကြိုးစားတဲ့ လုပ်သားတဦးကိုဖမ်းမိတော့ လှေသူကြီးက အဲဒီလူကို အာလုံးရှေ့မှောက်မှာ ရိုက်နှက်ပြတယ်။

“သူတို့က ထွက်ပြေးတဲ့ကောင် ဒီလိုခံရမယ်လို့လည်းပြောတယ်”လို့ ဂျွန်က ပြောပြတယ်။
ဒီလိုနဲ့ ဂျွန်ဟာ အကောင်းဆုံးအချိန်ကိုစောင့်ဆိုင်းပြီး လွတ်မြောက်ဖို့ ကြံဆနေခဲ့တယ်။ ဖမ်းဆီးကျွန်ပြု ခံရအပြီး ကိုးလအကြာ သူစောင့်ဆိုင်းခဲ့တဲ့ အကောင်းဆုံးအချိန် ရောက်လာခဲ့တယ်။ သူတို့ ငါးဖမ်း သင်္ဘောကမ်းကပ်ထားတဲ့အချိန် ဂျွန်က လှေသူကြီးဆီက သူ့လုပ်ခကိုတောင်းတယ်။ သူ့ရဲ့ ၁၅ ရက် လုပ်အားခက ထိုင်းဘတ် ၃၀၀ (ယူအက်စ် ရှစ်ဒေါ်လာ) ပါ။ သူနဲ့ သူငယ်ချင်းတယောက်ကို ဘီယာ ထွက်သောက်ဖို့ ခွင့်ပြုလိုက်တယ်။

ဂျွန်ဟာ လမ်းမှာတွေတဲ့ ထိုင်းရဲအနားကပ်သွားပြီး “ကျွန်တော့ကိုဖမ်းပြီး မြန်မာပြည် ပြန်ပို့ပေးပါ”လို့ ပြောပြီး လက်ထိပ်ခတ်ဖို့ လက်နှစ်ဖက်ကို ထိုးပေးတယ်။ “ရဲက ကျွန်တော့်ကို မင်းကေ-ာက်ရှုး၊ မင်းလိုအရှုးကို ငါမဖမ်းဘူးလို့ ပြောတယ်ဗျာ”
ထိုင်းရဲဟာလည်း လှေသူကြီးတွေနဲ့ ကြံရာပါတွေပဲလို့ ဂျွန်က သံသယရှိတယ်။
“လူကုန်ကူးမှုနဲ့ လူပြန်ပေးဆွဲမှု ကျုးလွန်သူတွေဆီက ရဲတွေက ပိုက်ဆံယူပြီး မသိချင်ယောင်ဆောင် ကြတယ်”ဟု လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့မှ ဖီးလ်ရောဘတ်စန်က ပြောပါတယ်။ ထိုင်းငါးဖမ်းလုပ်ငန်းကို ကျွန်လုပ်သားများနဲ့လည်ပတ်ရေးမှာ ထိုင်းရဲ၊ လှေသူကြီးနဲ့ လူကုန်ကူးသူတွေ ချိတ်ဆက်လုပ်ကိုင်နေကြတယ်လို့လည်း ရောဘတ်စန်က ပြောပါတယ်။
ဂျွန်တို့နှစ်ယောက် စားသောက်ဆိုင်တခုထဲဝင်၊ မြန်မာအမျိုးသမီးဝန်ထမ်းတဦးကို ချဉ်းကပ်ပြီး သူတို့ ဖြစ်အင်ကို ပြောပြပြီး အကူအညီတောင်းခံတယ်။

“ကျွန်တော်တို့ ဒုက္ခရောက်နေတာတွေ့တော့ ထိုင်းတွေမောင်းတဲ့ကားတစီးပေါ် ကူညီတင်ဆောင်ပေးခဲ့ တယ်”
ဘန်ကောက်နဲ့ ကမ္ဘောဒီယားကြားမှာရှိတဲ့ ရာယောင်းကမ်းခြေမြို့ကိုရောက်ချိန်မှာတော့ တက္ကစီဆရာ က သူတို့ရဲ့လက်ကျန်ငွေစလေးနဲ့ပဲ မြန်မာအသိုင်းအ၀ိုင်းရှိတဲ့နေရာဆီ ဆက်လက်ပို့ဆောင်ပေးဖို့ သဘောတူခဲ့တယ်။ အဲဒီက မြန်မာတွေရဲ့အကူအညီနဲ့ ဂျွန်တို့နှစ်ယောက် ထိုင်းဘီယာကုမ္ပဏီမှာ အလုပ်ရတယ်။ ဂျွန်က ပစ္စည်းတွေကို 7-Eleven အပါအ၀င် လက်လီအရောင်းဆိုင်တွေဆီ ပို့ဆောင် ပေးရတယ်။

“အဲဒီကုမ္ပဏီကတော့ တော်တော်ကောင်းတယ်ဗျ။ ကြို/ပို့လည်းရှိတယ်။ တရားဝင်အလုပ်လုပ်ခွင့်တွေ လည်း လျောက်ပေးပြီး လစာလည်း ကောင်းကောင်းပေးပါတယ်”
ထိုင်းနိုင်ငံမှာ အနိမ့်ဆုံးလုပ်ခလစာဘတ် ၂၅၀ သတ်မှတ်ထားချိန်မှာ ဂျွန်က တရက်ကိုဘတ် ၁၅၀ ရပါ တယ်။

ILO ရဲ့ ၂၀၁၃ အစီရင်ခံစာအရ ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံမှာ တရားဝင်သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်ခလစာဘတ် ၃၀၀ ထက် ၂၅ ရာခိုင်းနူန်းလောက် လျော့ပြီးပဲရကြကြောင်း တွေ့ရပါတယ်။
နောက်ဆုံးမှာ ဂျွန်လည်း တရားဝင်လုပ်ကိုင်ခွင့်ရရှိခဲ့တယ်။ ဘန်ကောက်ကို ပြန်သွားပြီး ကားရေဆေး ဆီ ထိုးလုပ်ငန်းခွင်မှာ အလုပ်လုပ်တယ်။ DEAR Burma အမည်ရဘာသာစကားသင်တန်းကျောင်းမှာ အင်္ဂလိပ်စာသင်တန်းလည်း တက်ခဲ့တယ်။ DEAR Burma ကျောင်းဟာ အကျိုးအမြတ်အတွက် မဟုတ်ဘဲလုပ်ငန်းခွင်ဝင် အရွယ်ရောက်သူများအတွက် အဓိကရည်ရွယ်ပြီးဖွင့်ထားတဲ့ ဘာသာစကား သင်တန်းကျောင်းဖြစ်ပြီး ထိုင်းဘာသာ၊ အင်္ဂလိပ်ဘာသာသင်တန်းပေါင်း ၄၃ ခုဖွင့်လှစ်ထားပါတယ်။

“ထိုင်းလူမျိုးတွေကြားမှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ရှင်သန်ဖို့အတွက်ပေါ့”လို့ ဂျွန်က ပြောပါတယ်။
အစိုးရဆောက်အဦးတခုမှာ ဖွင့်လှစ်ခွင့်ပေးထားတဲ့ DEAR Burma ကျောင်းရဲ့ အပြင်ဘက်မှာ ထိုင်းဘုရင် ဘူမိဘောလ်အဒူယာဒက်ရဲ့ရုပ်ပုံကြီးကို ပြသထားပြီးရုပ်ပုံရဲ့ တဖက်တချပ်မှာအလံတွေ လွှင့် ထားတယ်။ တနင်္ဂနွေမှာ ကျောင်းဖွင့်ပြီး ကျောင်းရဲ့ကားပါကင်နေရာမှာ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစု ကရင်ရိုးရာအကလေ့ကျင့်နေကြတယ်။ လွန်ခဲ့တဲ့ ၁၃ နှစ် ကျောင်းစတင်ဖွင့်လှစ်ချိန် ကစပြီး ဒီနေရာဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ စုရပ်ဖြစ်သလို ပညာသင်ကြားရာနေရာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ကျောင်းသား ၉၈၀ လက်ခံသင်ကြားပေးနေပြီး မနှစ်ကထက် ကျောင်းသား ၂၀၀ လောက် လျော့နည်းသွားတာဖြစ်ပါတယ်။ ဒီကျောင်းမှာဘာသာစကားအပြင် အလုပ်သမားအခွင့်အရေးပညာပေး အစရှိတဲ့ သင်တန်းတွေလည်း ပေးပါတယ်။
“ကျွန်တော်တို့ ကျောင်းသားတွေကို ထိုင်းတွေကြားမှာ လူ့ဂုဏ်သိက္ခာနဲ့ရှင်သန်ရပ်တည်စေချင်တယ် လေ။ ဒီမှာ ကျွန်တော်တို့အချင်းချင်း အတွေ့အကြုံတွေ ဖလှယ်လို့ရတယ်။ ဒီလာတဲ့ မြန်မာအများစုက သူတို့ရဲ့ရပိုင်ခွင့်၊ အလုပ်သမားအခွင့်အရေးကို နားမလည်ကြဘူး။ ဒီမှာပြောကြဆိုကြမှ ဒါတွေကို သိကြသူတွေ အများကြီးပဲ။ ဒီတော့မှ သူတို့လည်း အလုပ်မှာ သူတို့ရပိုင်ခွင့်တွေကိုတောင်းနိုင်မယ်။ ဘာသာစကား စတင်သင်ယူပြီးချိန်ကစပြီး ကျွန်တော့်ဘ၀က သိသိသာသာကြီး ပြောင်းလဲ တိုးတက် သွားတယ်”လို့ ဂျွန်ကပြောပါတယ်။
တနေ့ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ တတပ်တအားပါဝင်နိုင်ဖို့ ဂျွန်ကမျှော်လင့်ထားတယ်။

“ပင်လယ်ထဲမှာရော နေအိမ်အလုပ်ရုံတွေမှာပါ ဒုက္ခခံစားနေရတဲ့ဘ၀တွေ အများကြီးရှိတယ်ဆိုတာ ကျွန်တော်သိတယ်။ လူကုန်ကူးမှုကလည်း အသွင်မျိုးစုံနဲ့ ထိုင်းနိုင်ငံမှာရော ကမ္ဘာအနှံ့အပြားမှာပါ ရှိနေတယ်။ ဒါတွေကိုတိုက်ဖျက်ဖို့ ကိုယ့်အသိုင်းအ၀ိုင်းလေးကနေ စတင်မှဖြစ်မယ်။ အထူးသဖြင့် ထိုင်း နိုင်ငံကစပြီတော့ပေါ့”လို့ ဂျွန်က ပြောပါတယ်။

(From Salve to Student)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.