မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအကယ်ဒမီရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ မောင်နှင်းမိုးနှင့် ၂၀၁၆ ခုနှစ် အကယ်ဒမီစံချိန်စံညွှန်းအကြောင်း


မေး-ဒီနှစ်အကယ်ဒမီပေးရင် ဘယ်လိုစည်းကမ်းချက်တွေနဲ့ ပေးမလဲ
ဆိုတာ သိချင်ပါတယ်။

ဖြေ-အကယ်ဒမီက အဓိကစည်းကမ်းချက်တွေကတော့ ရှိပြီးသားပေါ့။
ဥပမာ ဇာတ်ပို့ဇာတ်ရံဆိုတာက အခု ပြဿနာတွေမြင့်တက်နေတာက ဇာတ်ပို့ဇာတ်ရံပေးရမှာ ဘယ်သူက ဇာတ်ပို့ ဘယ်သူက ဇာတ်ဆောင်ဆိုတာ မခွဲခြားတတ်ဘူးလားတို့၊ ဘာတို့ သူတို့လျှောက်အော်နေတာလေ၊ အဲဒါတွေက အရင်တုန်းကတည်းက ကျွန်တော်တို့က စည်းကမ်းရှိပြီးသား။

ဒါရိုက်တာက ဘယ်သူက ဇာတ်ဆောင် ဘယ်သူက ဇာတ်ပို့ဆိုတာ သူတို့ခွဲခြားပြီး တင်ပေးတဲ့အပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ ဆုံးဖြတ်တယ်လေ။ အခုကျွန်တော်တို့က ဒီအတိုင်းပဲ ဆုံးဖြတ်တယ်လေ။ အဲဒါကို သူတို့က လျှောက်ပြီးအော်နေကြတယ်ဗျာ။ အဲတော့ ဒီနှစ်ခု ထပ်တိုးပေးလိုက်တာက ဘာတိုးပေးလိုက်တာလဲဆိုတော့ တခုတလေကျတော့ ဇာတ်ပို့နဲ့ ဇာတ်ဆောင်ကျတော့ တချို့က ရိုးသားမှုမရှိဘဲ တင်တာရှိတယ်။
ဥပမာဗျာ သရုပ်ဆောင်ဗျာ ဖွေးဖွေးနဲ့ ၀တ်မှုန်ရွှေရည် သရုပ်ဆောင်နှစ်ယောက်ပါနေပြီဆိုပါတော့ဗျာ၊ ကားတကားထဲမှာ တယောက်က တော် တော်ကောင်းနေတယ်။ တယောက်က နည်းနည်းအီနေတယ်ဆိုရင် အဲဒီ ကောင်းနေတဲ့ဟာကို သူတို့က ဇာတ်ဆောင်၊ နည်းနည်းအီနေတာကို ဇာတ်ပို့ဆိုပြီး ပြောင်းလိုက်တယ်ဗျာ။ သူတို့ဘာသူတို့လုပ်တတ်တယ်၊ အဲဒါမရိုးသားဘူးပြောတာ။ အဲလို မရိုးမသားတင်ပြလို့ရှိရင် ကျွန်တော့် အနေနဲ့ သေချာစိစစ်မယ်ပေါ့ဗျာ၊ ကျွန်တော်တို့ အကဲဖြတ်အဖွဲ့ကနေပြီးတော့ ဒါဟာဖြင့် သူက ဇာတ်ပို့တင်ထားပြီး ဇာတ်ဆောင်ကနေ မရိုးမသား တင်ပြလာတာဆိုပြီးတော့ ကျွန်တော်တို့က စဉ်းစားဆုံးဖြတ်ပြီးလုပ်မယ်၊ ပြန်ပြောင်းပြီး ဆုပေးမယ် အဲဒီသဘောမျိုးလေးပဲ တိုးလာတာပါ။

မေး-အရင်နှစ်တွေကလိုပဲ ဒီဇင်ဘာ ၃၁ ရက်နေ့ထိ ရုံတင်တဲ့ ကားတွေကိုပဲ ပေးမှာပေါ့။

ဖြေ-အရင်နှစ်တွေက ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ရုံဝင်တဲ့ကားတွေကို အကယ်ဒမီစာရင်းဝင်ပေါ့နော်။ ဒီနှစ်ကတော့ နှစ်ချင်းပြီးပေးတဲ့ဟာဆိုတော့ ဒီဇင်ဘာထိ စောင့်နေလိုက်လို့ရှိရင် တချို့က အကယ်ဒမီ ၀င်ချင်တာနဲ့ ရန်ကုန်မှာမ၀င်ဘဲနဲ့ နယ်တွေမှာ သွားဝင်တယ်ပေါ့နော်။ အရင်တုန်းက အဲဒီလိုဝင်သလို အခုလည်း အဲဒီလိုဝင်ကိစ္စမရှိဘူး။

အကယ်ဒမီနယ်ဝင်မယ့်ကားတွေအနေနဲ့ နိုဝင်ဘာ ၃၀ ရက်နေ့ နောက်ဆုံး အ၀င်ပြပြီး ၃၀ ရက်နေ့အထိပဲ ယူမယ်။ ဇာတ်ညွှန်းတွေဘာတွေက တခါတလေကျရင် မတင်ဘူးဗျ။ ဇာတ်ညွှန်းမတင်ပြတော့ ဇာတ်ညွှန်းနဲ့တိုက်ပြီး ဆုပေးဖို့က သိပ်ခက်တယ်လေ။

ဒီနှစ်မှာ ဇာတ်ညွှန်းဆုကို အကယ်၍ ဇာတ်ညွှန်း မတင်ပြလာရင်ထည့်မစဉ်းစားဘူးဆိုတဲ့ ဟာမျိုးလေးတွေရှိတယ်။ နဂိုက နိုင်ငံခြားကားကို ပုံတူကူးပြတာဆိုရင် ဒါရိုက်တာ၊ ဇာတ်ကား၊ ဇာတ်ညွှန်းမပေးဘူးဗျ။ ကျွန်တော်တို့က နည်းနည်းပါးပါး ကူးချတာဆိုရင်တော့ မသိဘူးပေါ့ဗျာ။ သဘောကတော့ တချို့ဆို ပုံတူကူးချတာ တွေရှိတယ်လေ။ အဲ့လို ပုံတူကူးချရင် ကျွန်တော် လုံးဝမစဉ်းစားဘူး။ ရုံဝင်ဖို့ကား ၂၀ တော့ ကျော်မယ်၊ များတာပေါ့။

ဒီနှစ်တော်တော်တိုးတက်တယ်ခေါ်ရမှာပေါ့။ ဇာတ်အရေအတွက် တိုးတက်တာဒါပဲ။ ဟိုးအရင် ကလို ကား ၃၀ တို့၊ ဘာတို့တဖြည်းဖြည်းတော့ ဖြစ်လာမှာပါ။

မေး-ဆုရဲ့တန်ဖိုးကကော အရင်အတိုင်းပဲလား။

ဖြေ-ဆုချီးမြှင့်ရင် တန်ဖိုးက အရင်အတိုင်းပဲ။ နှစ်ကျပ်သားပဲပေါ့။ အရင်နှစ်က ဘာပဲပြောပြော အပြောင်းအလဲလုပ်တာလေးတွေရှိတယ်ဗျာ။ တချို့က ကောင်းမယ်ထင်တာကို အမျိုးမျိုးပြောင်းတာပေါ့နော်။
အဲတော့ မနှစ်ကပေးတဲ့အခါမှာ ဘာပြောင်းထားလဲဆိုတော့ ဟိုတုန်းကတော့ ၁၂ ဆုလုံးအတွက် စဉ်းစားပြီး ပေးတယ်။ အဲဒါတော့ မနှစ်ကတော့ သူ့အုပ်စုနဲ့သူ ကောင်းမလားလို့တော့ ပြောင်းကြည့်တာပေါ့။

မေး-ဆုပေးရွေးချယ်ရေးအဖွဲ့ ဖွဲ့တာကရော ဘယ်လိုနည်းစနစ်နဲ့ ဖွဲ့ပါသလဲ။

ဖြေ-ဇာတ်ညွှန်းဆို ဇာတ်ညွှန်းအုပ်စုကပေး၊ အသံဆို အသံကပေး။ သူ့အဖွဲ့နဲ့သူ ကျွန်တော်တို့က ဖွဲ့ပေးထားတာပေါ့။ အဲလို ငါးယောက် တဖွဲ့ဖွဲ့ပေးထားတော့ ကိုယ့်အုပ်စုနဲ့ကိုယ်ပေးရတော့ ငါးယောက်မှာ သုံးယောက်က ပေးလို့ရှိရင် အကယ်ဒမီရတယ်ဆိုတော့ ပြန်စဉ်းစားလို့ရှိရင် ဒါလည်း သိပ်တော့မမှန်ဘူး။

ဘာလို့လဲဆိုတော့ အဂတိဆိုတာ ငွေရေးကြေးရေးမှ မဟုတ်ဘူး၊
ခင်ဗျားနဲ့ ကျွန်တော်နဲ့ ခင်လို့ ခင်ဗျားကို ကျွန်တော် အသာပေးတာလည်း ရှိကောင်းရှိနိုင်မယ်လေ။ အဲဒါမျိုးမဖြစ်ရအောင် ကျွန်တော်တို့က ဒီနှစ်အုပ်စုလိုက် ငါးစုရည်မှန်းတယ်။ ဒါရိုက်တာကို ခုနစ်ယောက်ထားတယ်။

ဒါရိုက်တာသည် အကုန်လုံးကို နားလည်တတ်ကျွမ်းတဲ့အတွက် ၁၁ ဆုလုံးအတွက် ပေးရမယ်။ ဒါရိုက်တာအဖွဲ့က အဲတော့ ကျန်တဲ့အဖွဲ့တွေက နှစ်ဆုတည်းတော့ မဟုတ်ဘူးဗျ။

ဥပမာ ခင်ဗျားက ဇာတ်ညွှန်းကိုင်တယ်ဆိုပါတော့ဗျာ။ ဇာတ်ညွှန်းနဲ့ ဇာတ်ကားကို ရွေးရမယ်ဆိုပြီးတော့ အရင်နှစ်ကလုပ်တယ်။ ဒီနှစ်ကတော့ ခင်ဗျား ဇာတ်ညွှန်း ပိုင်ပိုင် မပိုင်ပိုင် ဇာတ်ညွှန်းပိုင်လည်း ဇာတ်ညွှန်းဆုရယ်၊ လမ်း ဘေးကကောင်တွေတောင်မှပဲ ကျွန်တော်တို့ သရုပ်ဆောင်တွေကို ဘယ်မင်းသားက ကောင်းတယ်။ ဘယ်မင်းသမီးကကောင်းတယ်ဆိုတာ အကဲဖြတ်နိုင် သေးတာပဲ။ အဲဒီတော့ ကျန်တဲ့သူတွေကို တခုစီပေးပိုင်ခွင့်ပေးထားတယ်။

ခြောက်ဆုစီပေးပိုင်ခွင့်ရှိတော့ မနှစ်ကလို ဇာတ်ညွှန်းဆု ခင်ဗျားက ငါးယောက်တည်းဆိုပြီး ပေးပေမယ့် ကျန်တဲ့ဒါရိုက်တာ ခုနစ်ဦးက ရှိနေသေးတယ်လေ။ ခင်ဗျားက မျက်နှာလိုက်ပြီးပေးပေမယ့် ကျွန်တော်တို့ ခုနစ်ယောက်ရှိနေသေးတယ်လေ။ သရုပ်ဆောင်တွေ၊ ဇာတ်ပို့ဇာတ်ရံတွေကို အခု လူ ၄၀ ရှိရင် လူ ၄၀ လုံးက ပေးရမှာ။ အဲဒီ ၄၀ လုံးရဲ့အဆုံး အဖြတ်က ပိုထိရောက်သွားတာပေါ့။ မနှစ်က ကျွန်တော်တို့တောင်ပေး ပိုင်ခွင့်မရှိဘူးလေဗျာ။ အဲဒီတော့ အားနည်းတာပေါ့ဗျာ။ ဒီနှစ် အဲလိုလေးတော့ လုပ်ပေးထားတယ်ဗျ။ အဖွဲ့ဝင်တွေ အားလုံးက သဘောကျတယ်ဗျ။

မေး-အကယ်ဒမီရွေးတဲ့အခါ အရင်က လက်ကျန်ရုပ်ရှင်ပညာရှင် တွေရှိတယ်၊ သူတို့ကိုရောခေါ်ပြီး အကယ်ဒမီရွေးချယ်ရေးအဖွဲ့မှာ တာဝန်မပေးဘူးလား။

ဖြေ-အကယ်ဒမီက လက်မှတ်မရောင်းတာ နှစ်နှစ်ရှိပါပြီ။ အဲဒါမျိုးကျတော့ အင်တာဗျူးပြီးမှ ရေးစမ်းပါဗျာ။ ဆိုကြပါတော့။
ကျွန်တော် ထင်တာကတော့ မြ၀တီက ကြည့်မယ်၊ မြန်မာ့အသံကကြည့်မယ် ရုပ်သံ အဖွဲ့တော့ရှိတယ်ဗျာ။ ရုပ်သံအဖွဲ့တွေရှိတော့ သူတို့ကရိုက်ပြီးလွှင့်တယ် မဟုတ်လား။

အဲဒီတော့ ရိုက်ပြီးလွှင့်တော့ အလှူငွေလေး၊ ဘာလေးတော့ ခင်ဗျားတို့ထည့်ပါဆိုပြီး ဒီသဘောပြောတာဗျာ။ ကန့်သတ်ချက်မရှိပါဘူး။ တချို့ဆို ကျွန်တော်ဆယ်သိန်းပေးပါမယ်ဆိုပြီး ရုပ်သံလွှင့်ဌာနက ကျွန်တော်တို့ အလှူထည့်ပါတယ်။ အဲလိုပြောတာပါ။

အမှုဆောင်တွေသာများနေတာ။ လုပ်ကြဟေ့ဆို ဘယ်သူမှ မရှိကြဘူး။
အကယ်ဒမီပေးတဲ့အခါ ရုပ်ရှင်သမားတွေပါတာပေါ့။ အကယ်ဒမီ လေးငါးခုရထားတဲ့ အမျိုးသမီးတွေရော အမျိုးသားတွေရော အကုန်ပါတာပဲ၊ ဓာတ်ပုံအကယ်ဒမီထွန်းလှိုင်ပါတယ်လေ။

မေး-နိုင်ငံခြားကားကို တိုက်ရိုက်ပုံတူကူးချတာကိုတော့ အကယ်ဒမီမပေးတာ လက်ခံပါတယ်။ ဒါပေမဲ့ တချို့ဟာတွေကျတော့ တကယ့်ကို ကိုယ့်ရဲ့ဖန်တီးချက်လည်းပါ၊ မြန်မာမှုမြန်မာဟန် ပီပီပြင်ပြင်ဖန်တီးပြီး အကျိုးရှိတဲ့ဇာတ်ကွက်ဇာတ်လမ်းတွေကျရင်ကော ဘယ်လိုလုပ်မလဲ။ ဥပမာ ဟိုးတုန်းက ''ပန်းသာ မစာဥ'' လိုကားမျိုး၊ ''ရတနာပုံ''လို ကားမျိုးစသဖြင့် အနောက်နိုင်ငံကတကယ့်ဂန္ထ၀င်လူ့သဘာဝကို ဖော်ကျူးထားတာတွေကို
မြန်မာမှုပြုထားရင်လည်း အကျိုးရှိတဲ့ ဇာတ်ကားတွေပဲမဟုတ်ပါလား။

ဖြေ-မြန်မာမှုပြုတဲ့နေရာမှာ အကုန်လုံးလုပ်ပစ်လိုက်ရင်
တော်ရုံတန်ရုံက နိုင်ငံခြားကားကူးထားတာမသိဘူးလေ။
နိုင်ငံခြားကို လုံးဝပျောက်သွားတယ်ဗျာ။ မြန်မာမှုပြုပြီး မြန်မာ ယဉ်ကျေးမှုတွေနဲ့ ရိုက်ထားရင်တော့ စဉ်းစားသင့်ရင် စဉ်းစားရမှာပဲ။
ကျွန်တော်တို့ ပြောနေတဲ့ သဘောထားက နိုင်ငံခြားကို ပုံတူမှ တကယ့်ပုံတူကြီးဗျာ။ ခိုးတယ်ပေါ့ဗျာ။ မြန်မာဆန်ဆန် သူတို့ပြုပြင်ပြောင်းလဲထားတာ တခါကနိုင်ငံခြားက ကူးတယ်လို့ကို မသိဘူးဗျာ။ အဲလောက်ထိ ပြောင်းလဲသွားတယ်။ အမှန်မှီးတာကတော့ မှီးတာပဲလေ။ နိုင်ငံခြားကား မှီးတယ်လို့ကို မထင်ရအောင်ပေါ့၊ အဲဒါမျိုးတွေ ပါတဲ့ဟာလည်း ပါသွားတာပဲလေ။ ကျွန်တော်ပြောတဲ့ နိုင်ငံခြားကားပုံတူ ကူးတယ်ဆိုတာ တခါတလေကျ ကိုရီးယားကားတွေကို ကူးချတယ်ဗျာ။ မင်းသမီးကို ကျောပေါ်တင်ပြီ ကုန်းပိုးပြီး သွားနေတယ်ဗျာ၊ အဲဒါမျိုးက မဆိုးဘူးလား။ အဲဒါက မြန်မာနဲ့ ဘယ်ကိုက်မလဲ။

မေး-ဒီကနေ့ခေတ် အကယ်ဒမီကဗျာ၊ ပေးတောင် မပေးရသေးဘူး၊ အပြင်မှာ ပြောနေကြပြီ၊ ပေါက် ကြားနေတယ်။ ပေးစရာလည်း ဒီလူတွေပဲရှိတယ်ဆိုတော့ ရင်မခုန်ရဘူးပေါ့ဗျာ။

ဖြေ-ဟိုတုန်းက ဆန်ခါတင်ဆိုပြီး ကြေညာလိုက်တယ်။ ဆိုကြပါတော့ ၁၇ ကားမှာ ဆန်ခါတင်၅ ကားကို ရွေး လိုက်တယ်။ အဲဒီငါးကားထဲမှာ ခင်ဗျားကိုယ်တိုင် ကြည့်ပြီးပြီလေ။ အဲဒီ ၅ ကားထဲမှာ ခင်ဗျားမှန်း လို့ရနေပြီပဲဗျာ။ ခင်ဗျားကနေ ဒီဟာကို ရွေးပေမယ့် တခြားတယောက်က တခြားဟာကို ရွေးမယ်ဗျာ၊ ခင်ဗျားတို့ လေးငါးယောက်လောက်က ၁၀ ဦးလောက်မှန်းထားရင် တယောက်လောက်တော့ မှန်လိမ့်မယ်ဗျာ။

ကျွန်တော်တို့ဆီက ပေါက်ကြားတာတော့ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားကို ကျွန်တော်ပြောမယ်၊ ကျွန်တော်တို့ဆီက မပေါက်နိုင်ဘူးဆိုတာ ပေးမယ့်နေ့ ၃ နာရီ အကယ်ဒမီပေးမယ့် နေရာကိုရောက်တယ်။

ကျွန်တော်က ဥက္ကဋ္ဌ ဘယ်သူဘယ်သူ အကယ်ဒမီရမယ်ဆိုတာကို ဒိပြင့်လူဘယ်သူမှမသိဘူး၊ ကျွန်တော်နဲ့ နောက်နှစ်ယောက်ပဲ သိတယ် ဆိုပါတော့၊ နောက်နှစ်ယောက်လုံးတောင်မှ သူတို့ကိုင်ထားတာမဟုတ်ဘူး၊ ကျွန်တော်ပဲ ကိုင်ထားတာ။ ဘယ်သူဘယ်သူရတယ်ဆိုတာကို ကျွန်တော် ကိုင်ထားတာ။ ကြေညာတဲ့လူတွေကလည်းအစီအစဉ်တွေနဲ့ ကြေညာတာပေါ့ဗျာ။ ဆုပေးမယ်ဆိုမှ သူတို့လက်ထဲကို ချိတ်ပိတ်တဲ့ စာအိတ်အပ်တာ။ သူတို့က ကြေညာခါနီးမှ ဖွင့်တာ။ ကျန်တဲ့သူသိတယ်ဆိုတာ မှန်းခြေနဲ့သာ ပြောနေကြတာ။ ကျွန်တော်လောင်းရဲတယ်၊ ဘယ်သူမှမသိဘူး။

မေး - အင်တာနက်မှာ ဆုမပေးခင် သတင်းကြိုထွက်နေတယ်။ ဆုပေးတော့လည်း အဲဒါနဲ့ကွက်တိဖြစ်နေတယ်။ အဲဒါကျတော့ကော။

ဖြေ - ကျွန်တော် ခုနက ပြောသလိုဗျာ ကားတွေကလည်း အထွက်နည်း၊ ဇာတ်ဆောင်တွေကလည်း ကားသုံး ကားလောက်ကြည့်ပြီးရင် ဘယ်မင်းသမီး၊ ဘယ်မင်းသားကတော့ အကယ်ဒမီနီးစပ်တယ်ဆိုတာ အကဲခတ်နိုင် တာပဲဗျာ။ ဥပမာဗျာ ခင်ဗျားက ဒီကားမှာ နေတိုးကို ရနိုင်တယ်ဆိုပြီးဗျာ၊ ခင်ဗျားမိန်းမကတော့ ပြေတီဦးရနိုင်တယ်ဆို အဲထဲက တယောက်ယောက်မှန်သွားပြီလေ။

အဲလို စုပေါင်းလိုက်ကတည်းက ပေါက်ကြားသလိုလို တကယ်တော့ ဘာမှမဟုတ်ဘူးဗျ။ ၂၀၁၆ ခုနှစ်အတွက် မပေါက်ကြားဘူး။ ပြောရဲတယ်။ လုံးဝမပေါက်ကြားစေရဘူး။

ချစ်မောင် (အ၀ကျွန်း)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.