ကြာချင်တိုင်းကြာတတ်သည့် မြန်မာ့တရားစီရင်ရေး

သရ၀ဏ်(ပြည်)

တခါတလေကျ မြန်မာနိုင်ငံသားများသည် ကိုယ့်ကိုယ်ကို နိုင်ငံခြားသားမျက်နှာဖြူလူမျိုးဘာကြောင့်မဖြစ်ခဲ့ပါလိမ့်ဟုမချင့်မရဲဖြစ်မိမည်ဖြစ်သည် ။ မျက်နှာဖြူမဖြစ်တောင် နိုင်ငံခြားသားဖြစ်တာနှင့်မြန်မာနိုင်ငံတွင် နိုင်ငံသားတို့ မရနိုင်သော ပိုပိုသာသာအခွင့်အရေးများရလေ့ရှိသည် ။ ယခင်စစ်အစိုးရလက်ထက်ကပင် ကျွန်တော်သတိထားမိသည် ။ သာမန်မြန်မာနိုင်ငံသား နိုင်ငံရေးသမားတယောက်ကိုစစ်အစိုးရကဖမ်းဆီးလိုက်သည်နှင့် သက်ဆိုင်ရာမိသားစုသည် ဒုက္ခပင်လယ်ဝေတော့သည် ။ ဘယ်ကိုခေါ်သွားသည် ၊ ဘယ်နေရာမှာထားသည် ၊ ဘယ်လိုအခြေအနေရှိသည် ဆိုတာ မိသားစုက လုံးဝသိခွင့်မရ ။သေသလားရှင်သလား ၊ နှိပ်စက်ခံနေရသလား ၊ ကောင်းမွန်စွာရှိနေသလား ၊ ဥပဒေကြောင်းအရရှေ့နေငှားခွင့်ရှိသလား ၊ မိသားစုနှင့်တွေ့ ခွင့်ရမလား စသည်များကို ကာယကံရှင်မိသားစုဘက်မှ ဘာမှသိခွင့်မရှိ ။လူ အခွင့်အရေးဆိုတာဝေလာဝေး ။ စစ်အစိုးရအာဏာပိုင်များဘက်ကတော့ ဘာဘာဘာမှမသိဘူးဆိုသည့်အချိုးများဖြင့် တာဝန်မဲ့ပြုမူခဲ့ကြသည် ။ သို့ သော်ချွင်းချက်တော့ရှိသည် ။ အမေရိကန် ၊ ဗြိတိသျှ ၊ ဥရောပ စသောနိုင်ငံများမှတက်ကြွလှုပ်ရှားသူများ မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပါတ်သက်မိသဖြင့်အဖမ်းခံရသောအခါ မြန်မာများမရသောအခွင့်အရေးများကိုပေးလေ့ရှိပါ၏ ။ ထို့ ကြောင့် ဂျိမ်းမော်စလေ ၊ ဂျွန်ယက်တော စသူတို့ အဖမ်းခံရသောအခါ သက်ဆိုင်ရာသံရုံးတာဝန်ရှိသူများနှင့်တွေ့ ဆုံခွင့်ရ၏ ။ ဥပဒေကြောင်းအရ ခုခံခွင့် ရ၏ ။ အကျဉ်းသားအခွင့်အရေး ၊လူ့ အခွင့်အရေးများ အပြည့်ရသည် ။ သူတို့သည် နိုင်ငံခြားသားဖြစ်တာနှင့် အခွင့်အရေးများအပြည့်ရခြင်းဖြစ်သည် ။ မြန်မာနိုင်ငံရေးသမားများ ဘယ်မှာနေ၍ ဘယ်မှာသေမှန်း မသိရချိန်တွင် ပြည်ပအားကိုးသူများကိုဆန့် ကျင်ကြဟူသော စစ်ဗိုလ်ချုပ်များ၏ နိုင်ငံခြားသားအပေါ်ကိုင်တွယ်ဆောင်ရွက်ပုံဖြစ်သည် ။ တိုတိုပြောရလျှင် မြန်မာနိုင်ငံတွင် တရားဥပဒေအရာ၌ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံသားများထက် ဥပဒေ၏အကာအကွယ်ကိုပို၍ရကြလေ၏ ။ မြန်မာနိုင်ငံတွင်းဝယ် သစ်ခိုးခုတ်ကြသောတရုတ်နိုင်ငံမှ သစ်မှောင်ခိုသမား တရာကျော်သည် ထောင်ဒဏ် နှစ်နှစ်ဆယ်နှင့်ညီမျှသောတသက်တကျွန်းပြစ်ဒဏ်များချမှတ်ခံခဲ့ရသော်လည်း အမိန့် ချမှတ်ခံရပြီးရက်ပိုင်းအတွင်းမှာပင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ကြပေသည် ။

ယခုအခါ ဟော်လန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်တဦးသည် ဗီဇာစည်းကမ်းချိုးဖောက်မှု ၊ ဘာသာသာသနာညှိုးနွမ်းစေမှုများဖြင့် ဖမ်းဆီးခံထားရကာ အမှုရင်ဆိုင်နေရ၏ ။မန္တလေးမြို့  မဟာအောင်မြေမြို့နယ် ၈၂ လမ်းနှင့် ၈၃ လမ်း ၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြား တမာကုန်းရပ်ကွက်ဓမ္မာရုံတွင် ညဆယ်နာရီခွဲခန့် ကအသံချဲ့စက်ဖွင့်၍ စမ္မစကြာရွတ်ဖတ်နေသောအဖွဲ့ အား အသံချဲ့စက်ကြိုးများဆွဲဖြုတ်ကာနှောက်ယှက်ခဲ့သည့် နယ်သာလန်နိုင်ငံသားကို ပြစ်မှုပုဒ်မ ၂၉၅(က) ၊ လ၀က ဥပဒေပုဒ်မ ၄(၂) ၊ ၁၃(၁) တို့ဖြင့် အမှတ်(၉)ရဲစခန်းတွင် အမှုဖွင့်ထားသည့် ကိစ္စဖြစ်သည် ။ စာရေးသူသည် ဟော်လန်နိုင်ငံသားကိုလည်းအပြစ်မပြောလို ၊ ဓမ္မစကြာဝတ်ရွတ်သည့်အဖွဲ့ ကိုလည်း အပြစ်မပြောလို ။အားလုံးသည် သူ့ ရှုထောင့်နှင့်သူမှန်သည်ချည်းသာဖြစ်သည် ။ ပြောလိုသည်မှာ တရားစီရင်ရေးစနစ်ကိုဖြစ်သည် ။ တရားခံကိုရောတရားလိုကိုရော အပြစ်မပြောလိုဆိုခြင်းကိုအနည်းငယ်ရှင်းပြလိုပါ၏ ။စာရေးသူလည်းဗုဒ္စဘာသာဝင်ဖြစ်ရာ ဓမ္မစကြာတရားတော်များ ၊ ပဌာန်းဒေသနာတော်များ ရွတ်ဖတ်ကြသည်ကို ကြည်ညိုပါ၏လေးစားပါ၏ ။နှစ်သက်ပါ၏ ။ ဘာသာခြားဖြစ်စေ ဘာသာတူဖြစ်စေ လူတယောက်က မိမိဘာသာ သာသနာ ယုံကြည်မှုကို စော်ကားလျှင်၊စော်ကားရန်အားထုတ်လျှင် စိတ်ဆိုးကြမည်ဖြစ်သည် ။ ထို့ အပြင် ၀တ်ရွတ်နေစဉ် ဓမ္မာ၇ုံထဲသို့ ဖိနပ်စီးဝင်ခြင်း ၊ အသံချဲ့စက်ကြိုးများကိုဆွဲဖြုတ်ခြင်း ဖြင့် ဘာသာရေးလုပ်ငန်းဆောင်၇ွက်နေမှုတခုကို အနှောက်အယှက်ပေးခြင်းတို့ ပြုမူလျှင် သည်းခံနိုင်ကြမည်မဟုတ်ပါ ။စိတ်လိုက်မာန်ပါမတုန့်ပြန်ပဲ ဥပဒေကြောင်းအရတရားစွဲတာသည်ပင် အလွန်လျှော်ကန်သင့်မြတ်သော အပြုအမူဖြစ်သည် ။ ဤနေရာ၌ ဟော်လန်နိုင်ငံသားမဟုတ်ပဲ မူဆလင်ကုလားတယောက်ကလုပ်ခဲ့လျှင် အလွန်ကြီးမားသော ဘာသာရေးပဋိပက္ခပင်ဖြစ်ပေါ်သွားနိုင်ပေသည် ။ ထို့ ကြောင့်တရားစွဲသူတို့သည် မှန်ကြပေ၏ ။

တရားစွဲခံရသူဘက်မှအမှန်တရားလည်းရှိပေ၏ ။ထိုအမှန်တရားမှာ လူအများအိပ်စက်အနားယူရမည့် ညဆယ်နာရီခွဲ ဆိုသောအချိန်တွင် လူတစုသည် အသံချဲ့စက်များ ၊ဆောင်းဘောက်စ်များဖြင့် ဆူညံစွာ ပြုမူနေကြခြင်းဖြစ်သည် ။ ကျွန်ုပ်ကိုယ်၌လည်း ဆူညံသံများကိုမနှစ်သက်ချေ ။အထူးသဖြင့် ဘာသာရေးကိုအကြောင်းပြု၍ အသံချက်စက်များဖြင့် အော်ဟစ်ဆူညံနေကြခြင်းကို မည်သည့်ယဉ်ကျေးသောလူ့ဘုံအသိုင်းအ၀ိုင်းကမျှ လက်ခံနိုင်မည်မဟုတ်ချေ ။ ထိုအကြောင်းကို မဆူညံလျှင်မြန်မာမဟုတ်ဟူသောအမည်ဖြင့်ဆောင်းပါးတပုဒ်ရေးဖူးပါ၏ ။ မြို့ကြီးပြကြီးများတွင် ဆူညံသံများ ( Noise Pollution ) ဟူ၍ရှိရာ အသံချဲ့စက်ဥပဒေဖြင့် ထိုအရာများကိုထိမ်းချုပ်ထားပြီးဖြစ်သည် ။ ပြသနာကထိုအသံချဲ့စက်ဥပဒေကိုမည်သူကမျှတိတိကျကျမလိုက်နာကြခြင်းဖြစ်သည် ။ဓမ္မစကြာသည်ကောင်း၏ ၊ အသံချဲ့စက်ကားမကောင်းပေ ။ ပရိတ်ကြီး ၁၁ သုတ်သည်ကောင်း၏ ၊ ဆောင်းဘောက်များကားမကောင်းချေ ။ နံနက်စောစောဆွမ်းချက်ကြခြင်းသည်ကောင်း၏ ၊ လောက်စပီကာဖြင့်အများသူငါအိပ်စက်အနားယူသော နံနက်လေးနာရီ တွင်အိပ်ရာမှထကြဖို့ နှိုးဆော်သည်ကားမကောင်းပေ ။ ကျွန်တော်တို့ နိုင်ငံတွင် နိဗ္ဖာန်ဆော်အချို့မှာ မျောက်လက် အုန်းသီးရသည့်သဖွယ် မိုက်ကရိုဖုန်းနှင့်အသံချဲ့စက်များကို ပါတ်ဝန်းကျင်အားလုံးဝထည့်မတွက်ပဲထင်တိုင်းကြဲကြခြင်းမှာကား ဥပဒေကို ဂရုမစိုက်သောသဘောဖြစ်နေပါသည် ။ ကျွန်တော်တို့ ရပ်ကွက်တွင်ဆွမ်းလောင်းအောင်ပွဲဟူ၍ နှစ်စဉ် ပျော်ပွဲရွှင်ပွဲပြုလုပ်ရာ ထိုအချိန် သုံးရက်လောက်မှာ လမ်းတိုင်းတိုင်းသည် အသံချဲ့စက်ငှားသူများကို ဆောင်းဘောက်များ များနိုင်သမျှသယ်လာစေကာ သီချင်းများအသံကုန်ဖွင့်ကြသောကြောင့် မည်သို့မျှ အေးဆေးစွာနေထိုင်၍မရတော့ပါ ။ ပို၍ဆိုးသည်မှာ မျက်နှာချင်းဆိုင်လမ်းနှစ်လမ်း သည် ပေ ၂၀ လောက်သာခြားလျက် တဖက်နှင့်တဖက် စက်အဖွဲ့ နှစ်ဖွဲ့ ငှားကာအပြိုင်အဆိုင် အသံအကျယ်ဆုံးတင်ကာဖွင့်ကြခြင်းဖြစ်သဖြင့် ဂီတသံလည်းမကြားရ ၊ဂီတရသလည်းမရှိတော့ပဲ အသံနှစ်ခုသည် ဆူညံစွာထွက်ပေါ်နေကြခြင်းဖြစ်သည် ။ ထိုအချိန်တွင်ကျွန်တော်သည် ဆောင်းဘောက်ကြိုးများကိုသွား၍ ဆွဲဖြုတ်ပစ်ချင်စိတ်အကြိမ်ကြိမ်ပေါက်မိပါသည်။သို့ သော် အများနှင့်တယောက်ဖြစ်နေသဖြင့် ကိုယ့်စိတ်ကိုယ်ဖြေကာ အိမ်မှအဝေးတနေရာသို့  နှစ်ရက်ခန့်သွားရောက်တိမ်းရှောင်နေရပါသည် ။ အသံဘေးရှောင်ဒုက္ခသည်ဖြစ်ရခြင်းဖြစ်သည် ။ ထို့ ကြောင့် ဟော်လန်နိုင်ငံသားသည် ညအချိန်အိပ်စက်မရလောက်အောင်ဆူညံနေသောအသံကို ဘာသာရေးရယ်ဘာရယ်မသိတော့ပဲ ကြိုးများဆွဲဖြုတ်လိုက်ခြင်းဖြစ်ဟန်ရှိသည် ။ ထို့ ကြောင့်ဟော်လန်နိုင်ငံသားလည်း မမှားပေ ။ သူမှားသည်မှာ ထိုသို့ ဆူညံမှုကို ရဲစခန်းသို့ ဖုန်းဆက်တိုင်ကြားရမည့်အစား ကိုယ်တိုင်ဝင်၍ဟန့်တားခဲ့ခြင်းဖြစ်သည် (သို့ သော်တိုင်ပြန်သော်လည်း မြန်မာရဲများသည် အသံချဲ့စက်ဆူညံမှုကို ဥပဒေချိုးဖောက်မှုဟု ယူဆချင်မှယူဆကြပေမည်။ အရေးမပါဟုထင်ချင်ထင်ပေလိမ့်မည် ။ ) ။ ဥပဒေလမ်းကြောင်းအမှန်မှာ တိုးရစ်သည် ဟိုတယ်ကို ကွန်ပလိန်း(စောဒက)တက်ရမည် ။ ဟိုတယ်မန်နေဂျာမှ တရားလိုလုပ်၍ ရဲစခန်းသို့ ဖုန်းဆက်ကာ လူအများအနားယူအိပ်စက်ချိန်တွင် အသံချဲ့စက်နှင့်ဆောင်းဘောက်စ်များကိုစည်းကမ်းနှင့်မညီပဲသုံးစွဲနေသူတစုကိုတားမြစ်ပေးပါရန် အကြောင်းကြားရမည် ။ ရဲများသည် ဥပဒေကိုလေးစားခဲ့ပါက တိုင်ကြားချက်ကို အရေယူဆောင်ရွက်ရမည်ဖြစ်သည် ။ ဓမ္မစကြာရွတ်သည်ဖြစ်စေ၊ ကုလားဗလီမှဝတ်ပြုသည်ဖြစ်စေ ၊တရုတ်ဘုံကျောင်းမှ ဆုတောင်းသည်ဖြစ်စေ ၊ ဟိန္ဒူဘုရားကျောင်းမှအလှူလုပ်သည်ဖြစ်စေ ၊ နတ်ပွဲမှနတ်ကနားပေးသည်ဖြစ်စေ အသံချဲ့စက်ဥပဒေအတိုင်း လူအများအိပ်စက်မည့်အချိန်တွင် တိုးတိုးသက်သာ ဆောင်ရွက်ခိုင်းရပေမည် ။ ထို့ ကြောင့်ဤဖြစ်စဉ်တွင် နှစ်ဖက်စလုံးမှန်သည် ( တနည်းဆိုရလျှင် နှစ်ဖက်စလုံးမှားသည် ) ဟုဆိုရမည်ဖြစ်သည် ။ စင်္ကာပူလိုဥပဒေစိုးမိုးသောနိုင်ငံမှာဆိုလျှင် ဖုန်းဆက်တိုင်လိုက်သည်နှင့်  ဆူညံမှုပြုလုပ်နေသူကိုအရင်ဆုံးလာရောက်ဖမ်းဆီးမည်ဖြစ်သည် ။

ထားတော့ ဤဆောင်းပါးသည် မည်သူမှန်၍မည်သူမှားသည်ကိုဝေဖန်ဆန်းစစ်လိုရင်းမဟုတ် ။ မြန်မာ့တရားစီရင်ရေး၏ အချို့ အချက်များကိုထောက်ပြလို၍ဖြစ်သည် ။ မြန်မာနိုင်ငံတွင် တရားစီရင်ရေးစနစ်ကို ပြည်သူလူထုက အားကိုးယုံကြည်မှုနည်းပါးနေသည်မှာကြာချေပြီ ။ တရားစီရင်ရေးကို စိတ်ပျက်ကြသောအဓိကအကြောင်းတချက်မှာ အမှုတခုကိုကိုင်တွယ်စစ်ဆေးချိန် အလွန်ကြာသောကြောင့်ဖြစ်သည် ။ တရားသူကြီးအင်အားနည်းပါးသောကြောင့်ပေလော ။ အမှုကများ၍ စစ်ဆေးပေးရမည့်တရားရုံးနည်းခြင်းကြောင့်ပေလော ။ စစ်ဆေးခြင်းကနည်းပြီး အလွန်ကွာခြားသောရက်ချိန်းများဖြင့် ချိန်းပြီးရင်းချိန်းနေသောကြောင့်ပေလော ။ သက်သေထွက်ဆိုမည့် ရဲတပ်ဖွဲ့ ဝင်များ ရုံးချိန်းသို့ တိကျမှန်ကန်စွာမလာရောက်သောကြောင့်ပေလော ( တရားရုံးများတွင်မစစ်ဖြစ်သောရုံးချိန်းများ၏ ၆၀ ရာနှုန်းမှာ တရားလိုရဲအရာရှိရောက်မလာသောကြောင့်ဖြစ်ကြောင်းစစ်တမ်းတခုတွင်ဖော်ပြထား၏)။ ရဲကတရားလိုပြုလုပ်၍စွဲဆိုသောအမှုများတွင် တရားလို ရဲအရာရှိမလာသဖြင့် မကြာမကြာရက်ချိန်းပေးရသောကြောင့်ပေလော ။ တရားလို တရားခံဘက်မှတင်ပြသောသက်သေများမှာလိုတာထက်ပိုများနေလို့လား ။ တရားသူကြီးများသည် အမှုတခုကိုအမြန်ဆုံးနှင့်အမှန်ဆုံး မိမိကိစ္စကဲ့သို့ သဘောထား၍ စစ်ဆေးလိုသည့်စိတ်ဓိတ်ကောင်းများ နည်းပါးနေ၍လားဆိုတာ တရားစီရင်ရေး၏အခေါင်အချုပ်ဖြစ်သော ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အဖွဲ့ ဝင်များ ဆန်းစစ်လေ့လာသင့်သည် ။ ပြုပြင်ပြောင်းလဲသင့်သည် ။ ယခုအခါ အမှုတော်တော်များများသည် မလိုအပ်ပဲနှင့် အချိန်များကြန့်ကြာနေတာ တွေ့ ရလေသည် ။

ဥပမာအားဖြင့် စစ်ကိုင်းမှနေပြည်တော်သို့ လမ်းလျှောက်ချီတက်ဆန္ဒပြမှုကြောင့်ဖမ်းဆီးထိမ်းသိမ်းခံထားရသည့် အလုပ်သမားများအမှုတွင်အဖမ်းခံရချိန်မှ လေးလကြာလာသည့်ယခုအချိန်အထိ ၎င်းတို့ အမှုကို စွဲချက်တင်သင့် မတင်သင့် အဆင့်သို့ မရောက်ရှိနိုင်သေးပဲ စက်တင်ဘာ ၁၉ ရက်နေ့က (၁၁)ကြိမ်မြောက်ရုံးချိန်းအဖြစ်ချိန်းဆိုရုံးထုတ်ခဲ့ကြောင်းသိရသည် ။ အပြစ်ရှိသည်ဟု တရားရုံးကမဆုံးဖြတ်မချင်း အပြစ်ကင်းစင်သူဟုမှတ်ယူရမည်ဖြစ်သော်လည်း ဤသို့ သော အမှုများ၌ အချုပ်တွင်းမှအမှုရင်ဆိုင်ရသူများမှာ အပြစ်ရှိသည် မရှိသည်မသေချာသေးပဲ ချုပ်နှောင်ခံထားရခြင်းတွင်အလွန်နစ်နာပေသည် ။ လေးလကြာသည်အထိ စွဲချက်တင်မတင်ပင် မဆုံးဖြတ်ရသေးရာ စွဲချက်တင်ခံရပြီးပါက တရားလိုပြသက်သေ ၁၂ ဦးအားစစ်ဆေးခြင်း ၊ တရားခံပြသက်သေများအားစစ်ဆေးခြင်း ၊ ပြန်ခေါ်သက်သေများစစ်ဆေးခြင်း ၊ တရားခံများအားစစ်ဆေးခြင်း ၊ တရားလိုများအားစစ်ဆေးခြင်း ၊ အပြန်အလှန်လျှောက်ထားခြင်း စသည့်အဆင့်ဆင့်သော တရားစီရင်ရေး လမ်းကြောင်းအတိုင်းသွားမည်ဖြစ်၍ နောက်ထပ် တစ်နှစ်ကျော် တစ်နှစ်ခွဲခန့် ထောင်ထဲတွင်ဆက်လက်နေထိုင်ရမည့်သဘောဖြစ်နေပေသည် ။ အချိန်ကြာသည်နှင့်အမျှ အဖမ်းခံရသူတို့မှာနစ်နာလှပေသည် ။

အခြားအမှုတခုတွင်လည်း ဒဂုံမြို့သစ်မြောက်ပိုင်း (၄၂)ရပ်ကွက် မှ အိမ်အကူမိန်းကလေး ဆေးရုံတက်ရသည်အထိ နှိပ်စက်ခံရမှု၌ ကျူးလွန်သူအိမ်ရှင်အား တနှစ်ကျော်ကြာလာသည်အထိအမိန့် မချနိုင်သေးသည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်မှ လွှတ်တော်သို့ မေးမြန်းရန်စီစဉ်နေကြောင်းသိရသည် ။ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၂ ရပ်ကွက်ရှိ အိမ်တစ်အိမ်မှ အိမ်အကူမိန်းကလေး နှိပ်စက်ခံရသည့် ဖြစ်စဉ်အား အမိန့်မချနိုင်သေးသည့်အပေါ် မည်သူ့တွင် တာဝန်ရှိသနည်း၊ ဘာကြောင့် အမိန့်မချနိုင်သနည်း စသည်တို့ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ မေးခွန်းအနေဖြင့် မေးမြန်းရန် စီစဉ်နေကြောင်း ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောကြားသည်။

ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် လေးထောင့်ကန်ကျေးရွာနေ အသက် ၁၆ နှစ်အရွယ်ရှိ မသန်းသန်းအိသည် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၁ ရပ်ကွက်ရှိ ဒေါ်အေးအေးဝင်း၏ နေအိမ်တွင် အိမ်ဖော်လုပ်ကိုင်ရာမှ မတရားနှိပ်စက် ခံခဲ့ရသည့်ဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိန်းကလေးတွင် ရရှိသောဒဏ်ရာများကြောင့် မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓာဝီဆေးရုံသို့ တက်ရောက်ကုသခဲ့ရကြောင်း ဦးညီညီ၏ ပြောကြားချက်အရ သိရသည်။

“အဲဒီမိန်းကလေးက တံတောင်ဆစ်၊ ခြေထောက်၊ ကျောကုန်း၊ ဗိုက်၊ တစ်ကိုယ်လုံးမှာ ကြည့်လို့ အဆင်မပြေတဲ့ နေရာလေး တစ်နေရာလောက်ပဲ ဒဏ်ရာတွေက လွတ်တယ်လို့ ပြောလို့ရတယ်။ တစ်ကိုယ်လုံးနီးပါးမှာ ဒဏ်ရာဒဏ်ချက်တွေ ပြည့်နေတာ။ ဖွင့်ထားတဲ့ ပုဒ်မတွေကတော့ ထိခိုက်နာကျင်တာနဲ့ပဲ ဖွင့်ထားခဲ့တာ။ ဒါကြောင့် ဒီကိစ္စကို သတင်းစာ ရှင်းလင်းပွဲလေးတောင်ဒဂုံလေးထောင့်ကန်မှာရှိတဲ့ ဒို့အမေဆေးခန်းမှာ လုပ်ခဲ့တယ်။ အဲဒီမှာ ကလေးမလေးရဲ့ စိတ်ခံစားမှုက ကသိကအောက်ဖြစ်ပြီးတော့ အရူးတစ်ယောက်လို ဖြစ်ခဲ့တယ်။ ဒါကြောင့် စိတ်ကျန်းမာရေးဆေးရုံမှာ သွားပြခဲ့ရတယ်။ ဓာတ်မှန်တွေ အမျိုးမျိုးရိုက်ခဲ့ရတယ်။ အဲဒီလို သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့လို့ ဌာနဆိုင်ရာတွေက သိသွားပြီးတော့ ရဲစခန်းက အဲဒီကိစ္စကို သိတယ်ဆိုတဲ့ အခါကျတော့မှ ပုဒ်မပြောင်းပြီး အဲဒီအမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းလိုက်တာပါ။ သုံးယောက်မှာ နှစ်ယောက်ကိုတော့ အာမခံပေး လိုက်တယ်ပေါ့” ဟု ဦးညီညီက ပြောကြားသည်။

“အဲဒီနောက်ပိုင်းမှာ အင်းဝကိစ္စ ဖြစ်လာတဲ့အခါမှာ ဒီကိစ္စက HighLight ပြန်ဖြစ်လာတယ်။ အကြောင်းရင်းက အဲဒီကလေးလေးနဲ့ ပတ်သက်လို့ ငွေပေး ငွေယူနဲ့ပဲ ပြီးသွားတာလား။ ဒါမှမဟုတ် ကွယ်ပျောက်သွားတဲ့ ပုံစံ ဖြစ်လာတာလားဆိုတော့ ကျွန်တော့် Facebook ကနေ ကျွန်တော်တို့ ဒီလိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီလိုဖ မ်းဆီးထားပါတယ်ဆိုတာကို ပြန်ဖြေပေးခဲ့ရတယ်။ တစ်ကယ်တမ်း အမိန့်ချရတဲ့ တာဝန်ကတော့ ကျွန်တော်တို့ တာဝန် မဟုတ်တဲ့အတွက် တရားရေးရာနဲ့ပဲ ဆိုင်တာဖြစ်တဲ့အတွက် ကျွန်တော်ပြန်ရှင်းပြခဲ့တယ်။ ကျွန်တော်ပြောချင်တာက တစ်ကိုယ်လုံး ထိခိုက်ဒဏ်ရာရသွားတယ်။ အုတ်အုတ် ကျက်ကျက် ဖြစ်သွားတဲ့အမှုဟာ သိသာထင်ရှားပါလျက်နဲ့ ဘာကြောင့် အမိန့်မချနိုင်သလဲဆိုတာကို ကျွန်တော်တို့က ယခင်လိုပဲ တရားစီရင်ရေးလားဆိုတာ ပြန်လည်မေးခွန်းထုတ်ရမယ့် သဘောဖြစ်နေတယ်” ဟု ဦးညီညီက ပြောကြားသည်။

ယခုကိစ္စသည် အစိုးရသစ်ကူးပြောင်းပြီး ကာလအတန်ကြာသည်အထိ အမိန့်မချနိုင်သေးသည့်အတွက် တရားစီရင်ရေးမဏ္ဍိုင်အပေါ် ပြန်လည်သုံးသပ်ရမည်ဖြစ်ကြောင်း၊ အဆိုပါကိစ္စ ထပ်မံ၍ ကြန့်ကြာနေမည် ဆိုပါက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ကြယ်ပွင့်ပြ မေးခွန်းအနေဖြင့် မေးမြန်းမည် ဖြစ်ကြောင်း၊ ယင်းသို့ ကြယ်ပွင့်ပြအနေဖြင့် မေးမြန်းခွင့် မရခဲ့ပါက ရိုးရိုးမေးခွန်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌသို့ ခေါင်းစပ်တပ်၍ မေးမြန်းမည်ဖြစ်ကြောင်း ဦးညီညီက ပြောကြားသည်။

ထို ကိစ္စများအပြင် တရာဥပဒေစိုးမိုးရေး အတွက် ဥပဒေနှင့်အညီလုပ်ဆောင်ခြင်းမရှိသည့်တရားသူကြီးများအား ထိထိရောက်ရောက်အရေးယူပေးရန် ကိုထင်ကျော်ဦးဆောင်သည့် ဒီမိုကရေစီစဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု( MDCF) အဖွဲ့ မှ စက်တင်ဘာ ၃၀ ရက်နံနက် ၁၁ နာရီ တွင် ရန်ကုန်မြို့  မဟာဗန္စုလပန်းခြံလမ်းရှိ တိုင်းတရားလွှတ်တော်ရှေ့၌ ဆန္ဒပြတောင်းဆိုခဲ့ကြသည် ။ ပြောရလျှင် မြန်မာနိုင်ငံ၏တရားစီရင်ရေးစနစ်သည် အလွန်နှေးကွေးလေးလံစွာလည်ပါတ်လျှက်ရှိ၏ ။ အမှုတခုဖြစ်ပြီဆိုလျှင်မှန်သည်ဖြစ်စေ မိမိဘက်ကမှားသည်ဖြစ်စေ တရားရုံးတွင် နှစ်ပေါက်အောင် (တခါတရံ နှစ်ပေါက်သည်ထက်ပိုကြာအောင်) တရားရင်ဆိုင်ရမည်ကို လူတိုင်းသိနေကြပြီဖြစ်သည် ။ တရားရုံးသို့ တခါလာ၍အမှုရင်ဆိုင်လျှင် ရှေ့နေခမပါသေး၊သက်သေလိုက်သူကိုပေးရငွေမပါသေးပဲ သွားလာစားရိတ် ၊ ထမင်းစားရိတ် စသည်ဖြင့် အနည်းဆုံးငွေတသောင်းကျပ်ခန့်ကုန်ကျသဖြင့် အမှုကြာလာလေ ဆင်းရဲသားများမှာရင်ဆိုင်နိုင်စွမ်းနည်းလေလေ ၊ငွေကြေးချမ်းသာသူများ အသာစီးရလေလေဖြစ်သည် ။ ဤအကြောင်းကို ယခုထက်တိုင် တနှစ်ကြာသည်အထိ အမှုရင်ဆိုင်နေရသော ဒဂုံမြို့ သစ်မှနှိပ်စက်ခံအိမ်ဖော်မလေးမသန်းသန်းအိက

“ သမီးအသက် ၁၀ နှစ်လောက်မှာ ဒေါ်အေးအေးဝင်းတို့ အိမ်ကိုရောက်ခဲ့ပါတယ်။ ရောက်တဲ့နေ့ကစပြီး အပြစ်ရှာ ဆူပြောရိုက်နှက်ခဲ့ပါတယ်။ သံဆူးကြိုးနဲ့ချည်နှောင်ပြီး သံယောက်မတွေနဲ့ရိုက်ပါတယ်။ဝါယာကြိုးတွေနဲ့လဲရိုက်ပါတယ်။ဓားတွေ့ရင်ဓား ၊ တုတ်တွေ့ရင်တုတ်နဲ့ရိုက်ပါတယ် “

ဟုပြောခဲ့၏။သူမအဆိုကိုထောက်ခံသည့်အနေနှင့် “အဲဒီမိန်းကလေးက တံတောင်ဆစ်၊ ခြေထောက်၊ ကျောကုန်း၊ ဗိုက်၊ တစ်ကိုယ်လုံးမှာ ကြည့်လို့ အဆင်မပြေတဲ့ နေရာလေး တစ်နေရာလောက်ပဲ ဒဏ်ရာတွေက လွတ်တယ်လို့ ပြောလို့ရတယ်။ တစ်ကိုယ်လုံးနီးပါးမှာ ဒဏ်ရာဒဏ်ချက်တွေ ပြည့်နေတာ” ဟု ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးညီညီကပြောကြားခဲ့၏။
အမှုကိုလိုက်ပါကုညီပေးသူ Myanmar NGO Network မှအမှုဆောင်ဒါရိုက်တာ ဦးအာကာစိုးနောင်က
“ မသန်းသန်းအိရဲ့အမှုဟာ ၂၀၁၄ ဇူလိုင်လကတည်းကဖြစ်ခဲ့တာအခုဆိုရင် တနှစ်ကျော်နေပါပြီ ။တရားခံတွေကိုအာမခံမပေးသင့်ပဲ ပေးခဲ့တာတွေ ၊အမှုကိုရက်ရှည် ဆွဲနေတာတွေဟာ ကာယကံရှင်တွေအတွက်ရော ၊တရားခံတွေအတွက်ပါ များစွာနစ်နာပါတယ်။ကာယကံရှင်တွေဟာ မရှိဆင်းရဲသားဖြစ်တဲ့အတွက် ရုံချိန်းတခါလာစရိတ်က ငွေတသောင်းမရှိပဲ မဖြစ်ပါဘူး။ တရားခံတွေအတွက်လည်း ပြစ်မှု ကိုစီရင်ချက်ချခဲ့ရင်ရုံးထုတ်ရက်တွေ ထုတ်နှုတ်ခံစားခွင့်ရပြီး ပေးဆပ်ရမယ့်ဟာအနည်းငယ်ပဲဖြစ်မှာမို့ နောင်ဒီလို အမှုမျိုးကို ထပ်မံကျူးလွန်နိုင်ပါတယ် “ ဟုပြောကြားခဲ့သည် ။ပြောရလျှင် မြန်မာနိုင်ငံ၌ အမှုဖြစ်လျှင်စစ်ဆေးနေသည်မှာ အနည်းဆုံးတနှစ်နှင့် တနှစ်အထက်ကြာမြင့်မည့်သဘောဖြစ်သည် ။ထို့ ကြောင့်တရားရုံးကိုလူတွေကအားမကိုးချင်ကြတော့တာဖြစ်သည် ။

သို့ သော် အမှုတိုင်းတော့ထိုသို့ မဟုတ် ။ ဆောင်းပါးအစတွင်ရေးသားခဲ့သလို နိုင်ငံခြားသားများပါဝင်ပါတ်သက်သောအမှုများတွင်တော့ “တိတိကျကျမှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန်လုပ် “ ဟူသော စစ်အစိုးရဆောင်ပုဒ် ရုတ်တရက်အသက်ဝင်လာတာကိုတွေ့ ရ၏ ။ ဘာသာသာသနာညှိုးနွမ်းစေသောအမှု ၊လ.၀.က စည်းမျဉ်းချိုးဖောက်မှုတို့ဖြင့် အမှုရင်ဆိုင်နေရသော ဟော်လန်နိုင်ငံသား၏ အမှုတွင်တော့ ၂၀၁၆ စက်တင်ဘာလ ၂၃ ရက်ညသန်းခေါင်တွင်ဖမ်းဆီးခံလိုက်ရသော အမှုအတွက် (၆) ရက်အကြာ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပုဒ်မ ၂၉၅ အတွက် တရားလိုနှင့်တရားလိုပြသက်သေ သုံးဦး ကို မဟာအောင်မြေမြို့နယ်တရားရုံး၌ စစ်ဆေးခဲ့၏ ။ ထို့ နောက်ရုံးချိန်ကို စက်တင်ဘာလ (၃၀ )ရက်နေ့သို့ချိန်းဆိုလိုက်သည်တဲ့ခင်ဗျ ။ပထမရုံးချိန်နဲ့ နောက်ရုံးချိန်းက (၂၄ )နာရီပဲကွာသည့်သဘောဖြစ်ပေ၏။ အလွန်လျှင်မြန်သွက်လက်သောတရားစီရင်ရေးဖြစ်ပါပေ၏ ။ ထိုနေ့တွင်ပုဒ်မ ၂၉၅ အတွက်ကျန်ရှိနေသေးသောသက်သေ(အားလုံး )ကိုစစ်ဆေးသွားမည်ဟုလည်းသိရ၏ ။

“နိုင်ငံခြားသားဖြစ်လို့ အမှုကိုအမြန်ဆုံးပြီးပြတ်အောင် စစ်ဆေးပေးရခြင်းဖြစ်ပါတယ်။မနက်ဖြန်သက်သေတွေအားလုံးစစ်ဆေးပြီးရင် တနင်္လာနေ့ မှာ စွဲချက်တင်သင့်မတင်သင့်အမိန့်ချမှာဖြစ်ပါတယ် “ ဟု မဟာအောင်မြေမြို့နယ်တရားသူကြီးဦးဝင်းနိုင်ကပြောကြားသည် ။

ထိုအခါစဉ်းစားမိသည်မှာ ရန်ကုန်မြို့ ဒဂုံမြောက်ပိုင်းမှနှိပ်စက်ခံအိမ်ဖော်မလေးမသန်းသန်းအိအမှု ၊မန္တလေးပန်ဒိုရာအဆီချလုပ်ငန်းမှ ခွေးလှောင်အိမ်ထဲထည့်၍အနှိပ်စက်ခံရသည့်မဇာလီဝင်းနှင့်အလုပ်သမားများအမှု ၊ စစ်ကိုင်းဆန္ဒပြအလုပ်သမားများအမှု နှင့်မြန်မာပြည်တ၀ှမ်းမှ အမှုပေါင်းများစွာသည် မန္တလေးမှတရားသူကြီးဦးဝင်းနိုင်ကဲ့သို့သွက်လက်ဖျတ်လတ်လှသောတရားသူကြီးမင်းတို့မစစ်ဆေးသဖြင့်ကြန့် ကြာနေခြင်းပေလော ။ သို့တည်းမဟုတ် မဇာလီဝင်း ၊အိမ်ဖော်မလေးနှင့် စစ်ကိုင်းဆန္ဒပြအလုပ်သမားများအပါအ၀င် အမှုရင်ဆိုင်နေရသော မြန်မာပြည်သူအားလုံးမှာ မျက်နှာဖြူနိုင်ငံခြားသားတိုးရစ်များမဟုတ်ကြခြင်းကြောင့်လော ဟုသာတွေးတောမိပါပေသတည်း ။

သရ၀ဏ်(ပြည်)

စောင့်ကြည့်ဂျာနယ် ၇.၁၀.၂၀၁၆

COMMENTS

Name

art,1,article,1303,cartoon variety,22,crime,66,culture,1,documentary,7,Entertainment,8,health,32,history,2,international,7359,interview,220,knowledge,8,Live,8,LocalNews,15726,news,2842,opinion,765,photos,203,poem,116,satires,39,song,12,speech,12,sports,141,statement,59,technic,56,translate,34,video,1068,voice,76,
ltr
item
dawnmanhon: ကြာချင်တိုင်းကြာတတ်သည့် မြန်မာ့တရားစီရင်ရေး
ကြာချင်တိုင်းကြာတတ်သည့် မြန်မာ့တရားစီရင်ရေး
https://4.bp.blogspot.com/-v5gC0ibZqh8/V_hgjUQkZCI/AAAAAAAAZe0/xUmFpPhFcXsrQj7FoJJqREc_BFHxK0YFACLcB/s400/q1.jpg
https://4.bp.blogspot.com/-v5gC0ibZqh8/V_hgjUQkZCI/AAAAAAAAZe0/xUmFpPhFcXsrQj7FoJJqREc_BFHxK0YFACLcB/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2016/10/blog-post_790.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/10/blog-post_790.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy