ကလေးတယောက်နှင့် မေးခွန်းတရွက်အကြောင်း



''မမက ကျွန်မကို ထိန်းချုပ်ဖို့ ကြိုးစားနေတာလား၊ မကြိုးစားပါနဲ့။ မမရှေ့က ဆရာမတယောက်လည်း အဲသလိုလုပ်လို့ ကျွန်မလက်ချက်နဲ့ ထိပ်ပေါက်သွားပြီးပြီ။ ကျွန်မကို ဆုံးမဖို့ မလိုပါဘူး။ ကျွန်မ မြန်မာစာကို မုန်းတယ်။ မြန်မာကျောင်းတွေကို ရွံတယ်။ အဲဒီကျောင်းတွေရှေ့က ဖြတ်သွားတိုင်း 'ဖွီ'လို့ ထွေးပစ်လိုက်တယ်။ အဆင့်မရှိတဲ့ကျောင်းတွေ။ ဒီမြန်မာပြည်မှာနေရတာကိုလည်း မကြိုက်ဘူး။ ညစ်ပတ်နံစော်နေတယ်။ ကျွန်မက အင်္ဂလိပ်စာကို ခေါင်းပေါ်တင်ထားပြီး မြန်မာစာကိုတော့ ခြေသုတ်ဝတ်လို ခြေထောက်အောက်မှာပဲထားတယ်'' ဖော်ပြပါစကားကို အသက်ဆယ်နှစ်အရွယ် မြန်မာမိန်းကလေးငယ်တဦးက ပြောလိုက်ခြင်းဖြစ်သည်ဆိုလျှင် စာရှုသူစိတ်တွင်း၌ မည်သို့ဖြစ်ပေါ်လာပါမည်နည်း။ ကျွန်တော် လုပ်ကြံချဲ့ကားပြောသည်လားဟူ၍တော့ မထင် လိုက်ပါနဲ့ခင်ဗျာ။ ထို ကလေးငယ်ပြောနေသည့် မမဆိုသူမှာ သူ့ကိုစာသင်ပေးနေသည့် အသက်ဆယ့်ခြောက် နှစ်အရွယ် (ဆယ်တန်းအောင်ခါစ) မိန်းကလေးတဦးဖြစ်ပြီး ဤစာရေးသူ၏ သမီးလည်းဖြစ်ပါသည်။ ဤဇာတ်လမ်းကို အကျဉ်းမျှတင်ပြရလျှင်-

အထက်ပါ ဆယ်နှစ်အရွယ် မိန်းကလေးငယ်၏မိဘများသည် ပုဂံတွင် ဟိုတယ်ကြီးတလုံးကိုပိုင်လျက် ရန်ကုန်မြို့၏ လူနေသိပ်သည်းလှသော မြို့လယ်ကောင် (ရထားသံလမ်းနှင့် မနီးမဝေး)တနေရာတွင် နန်းတော်တမျှ ကြီးမားလှသော အိမ်ကြီးနှင့်အတူ ခြံဝင်းအတွင်း၌ ပန်းခြံ၊ ရေကူးကန်တို့အပြင် ရေတံခွန် အသေးစားတခုဖြင့်ပါ တန်ဆာဆင်ကာ ခမ်းနားထည်ဝါစွာ နေထိုင်ကြ၏။ တန်ဖိုးကြီးဧရာမခွေးနက်ကြီး သုံးကောင်ကလည်း အိမ်၏ဘော်ဒီဂတ်ဒ်အဖြစ် ရှိပါသေးသည်။ သူတို့၏ သားအကြီးမှာ သွားဆရာဝန်ဖြစ်ကာ သားအလတ်မှာ ဘိုကျောင်းတွင် ဆယ့်နှစ်တန်းတက်လျက် မကြာမီ ယူအက်စ်သို့ကျောင်းတက်ရန် သွားတော့ မည် ဆိုပါသည်။ ယခုသမီးငယ်လေးကမူ ဘိုကျောင်းတွင် စတုတ္ထတန်းတက် ရောက်နေပြီး (သူ့မိခင်၏ အဆို အရ) မြန်မာစာညံ့လှသောကြောင့် ကျွန်တော့်သမီးကို ဂိုက်ဒ်သဘောမျိုး (မြန်မာစာသင်ပေးရုံမျှမက မြန်မာ ပုံပြင်များပါပြောပြရန်) တာဝန်ပေးလာခြင်းဖြစ်ပါသည်။

ကျွန်တော့်သမီးပြောပြချက်အရ အဆိုပါကလေးမလေးသည် ရုပ်ရည်သွင်ပြင် လွန်စွာချစ်ခင်ဖို့ကောင်းကြောင်း။ အကြောင်းအကျိုး ဆက်စပ်တွေးတတ်ကြောင်း။ ပုံပြင်များကို စိတ်ဝင်စားကြောင်း။ လူဖြစ်ပါလျက် ခြေထောက် မပါဘဲ အမြီးပေါက်ကာ ရေထဲမှာသာနေရသော ရေသူမဘ၀သို့ ဘာကြောင့်ရောက်သွားရတာလဲ။ ကာမေသုမိစ္ဆာစာရကံဆိုတာ ဘာလဲ စသဖြင့် မေးတတ်ကြောင်း။ အကြောက်အရွံ့မရှိရာ၌ မိခင်ကြီးကိုပင် (မကျေနပ်ပါက) ပြန်လှန်အော်ဟစ်ဆူငေါက်တတ်ကြောင်း။ တနေ့လျှင် ဖုန်းဘေလ်တထောင်ပဲထည့်ပေးသဖြင့် မကျေမနပ် အမြဲဖြစ်နေကြောင်း။ မမရာ ဒီနေ့တော့ စာမသင်နဲ့တော့ ကျောင်းမှာ ဟိုကောင်နဲ့ မကြည်ခဲ့လို့ စာသင်ရမှာ စိတ်မပါဘူး ဖြစ်နေတယ်ဆိုသည်မျိုးလည်း ညည်းညူးတတ်ကြောင်း။ မြန်မာစာသင်နေလည်း အပိုပါပဲ မမရာ။ ကျွန်မက နိုင်ငံခြားသွားမှာ။ ဟိုမှာ အပြီးအပိုင်နေမှာလေ။ ပြန်လာမှာမှ မဟုတ်တာ။ ဒီမှာ ခုနစ်တန်းအောင်ပြီးတာနဲ့ သွားတော့မှာဟုလည်းပြောကြောင်း။ ဆယ်နှစ်အရွယ် ကလေးငယ်တဦး၏ အတွေးချော်နေမှုများကို ပြုပြင်ပေးလိုသဖြင့် ညီမလေးက မြန်မာလေ။ ဟိုရောက်ရင် မြန်မာစာ၊ မြန်မာစကားနဲ့ မြန်မာတွေအကြောင်းမေးကြမှာ အဲဒီအခါဘယ်လိုရှင်းပြမလဲ စသဖြင့် (မြန်မာလိုပြောလျှင် နားထောင်မည် မထင်၍) အင်္ဂလိပ်လိုပြောဆိုတည့်မတ်ပေးပြန်သော် သူ့ကို မြန်မာစာသာသင်ပါ။ မမကိုခေါ်ထားတာ မြန်မာစာ သင်ဖို့ပါဟူ၍ အင်္ဂလိပ်လိုပြန်ပြောတတ်ကြောင်း။ (ကျွန်တော့်သမီးမှာ နယ်သာလန်မှလာသော တိုးရစ်စ်မကြီး နှင့် အင်္ဂလိပ်လို အပြန်အလှန်ပြောနိုင်သူ ဖြစ်ပါသည်။)

ဆက်ရလျှင် ကြွယ်ဝချမ်းသာလှသော ထိုထိုအိမ်ကြီးက ရေတခွက်ပင် မတိုက်ကြောင်း။ စာသင်နေစဉ် ကလေးမလေးက အကြော်များစားနေသော်လည်း မမ စားပါဦးဟု တခွန်းမျှမဟကြောင်း၊ ပိုက်ဆံပေးပြီး ခိုင်းထားသူဟုသာ သဘောထားပုံရကြောင်း။ ဘိုကျောင်းတွင် ငါးနှစ်တိုင် ပညာသင်ခဲ့ပြီဖြစ်သော်လည်း မြန်မာစာကို ပီပီသသ မရေးတတ်၊ မဖတ်တတ်သေးကြောင်း။ သူတို့ကျောင်းမှာ မြန်မာစာချိန်ဆိုရင် စိတ်မ၀င် စားလို့ လုပ်ချင်ရာလုပ်နေလိုက်တာပဲဟု ပြောတတ်ကြောင်း။ အဆိုပါ ဘိုကျောင်းသည် မြန်မာစာကို စိတ်မ၀င်စားရုံမျှမက ကလေးတို့၏စိတ်ဝယ် မုန်းစရာကောင်းလှသည့် အဆင့်မရှိသောစာဟု အောက်မေ့လာ အောင် သင်နေကြပုံရသည်ဟုထင်ကြောင်း။ မြန်မာ့ဓလေ့၊ မြန်မာ့စိတ်ရင်းများ ပျောက်ကွယ်လျက် ဘိုအကျင့် ဘိုစရိုက်များ ဇွတ်အတင်းသွတ်သွင်းနေသည်ထင်ကြောင်း စသည် စသည်အဖြစ်သနစ်စုံကို ကျွန်တော့်သမီးက ကျွန်တော့်အား ပြန်လည်ပြောပြပါသည်။
ဖော်ပြပါအချက်တို့ကိုထောက်ရှု၍ ပိုင်းခြားစိတ်ဖြာခြုံငုံသုံးသပ်ရသည်ရှိသော် ကျွန်တော်တို့ ရွှေပြည်ကြီးဝယ် အချို့နေရာတို့၌ (၁) အင်္ဂလိပ်စကားသာ ပဓာန မြန်မာစာမှာ ပေယျာလ (၂) ငါတို့ဘိုးဘွားအမွေ ငါတို့စာပေ များနှင့်တကွ ငါ့နိုင်ငံတော် ငါ့နိုင်ငံသား အမြတ်တနိုး တန်ဖိုးထားလျော့ပါးပျောက်ကွယ်ဟူသော ကြောက်မက် ဖွယ်နှစ်ရပ်ကို အထင်အရှားတွေ့လာရပါ၏။ ဤကိစ္စမျိုးမှာ လူနည်းစုသာဖြစ်၍ အန္တရာယ်အဆင့်သို့ ရောက် မလာနိုင်ဟု ယူဆကောင်းယူဆကြလိမ့်မည် ထင်ပါသည်။ ယင်းသို့ဆိုလျှင် အများစုမြင်ကွင်းတွင် အများစု သုံးနေသော မြန်မာစာအချို့ကို စောင့်ငဲ့ကြည့်စေချင်ပါသည်။ သာဓက ''ဖြတ်သန်းသွားလာသော မော်တော် ယာဉ်များ စာမေးပွဲဖြေနေရ၍ အ၀င်လမ်း ခဏပိတ်ထားသည်'' ''အိမ်သာကို စားသုံးသူများမှအပ အပြင်လူများ သုံးစွဲခွင့်မပြုပါ'' ''မြို့တော်ဝန်၏ စီမံဆောင်ရွက်မှုကြောင့် မင်္ဂလာဈေးကြီး မီးလောင်သွားရာမှ ယခင်ထက် ပိုမို ကောင်းမွန်လာတော့မည်'' ''စက်လှေမှောက်ရာတွင် သေဆုံးသွားသည့် ဆရာ/မ သုံးဦးအတွက် ထောက်ပံ့ ငွေများနှင့် အသက်ကယ်အင်္ကျီများပေးအပ်''သာမန်လူထုအတွင်း မြင်ကွင်းများတွင်သာမက သတင်းစာနှင့် ဂျာနယ်အချို့တို့တွင်ပါ တွေ့လာရသည့် ရေးသားမှုများဖြစ်၏။ ပြောဟန်နှင့်ရေးဟန်သဏ္ဌာန်မကွဲ အဓိပ္ပာယ် လွဲမှု ပြယုဂ်များ ဖြစ်ပါသည်။

တဖက်တွင်လည်း နိုင်ငံတော်၏ အရင်းမူလပညာရေးကြီးကိုက နည်းမမှန်၊ လမ်းမမှန်၊ စေတနာမမှန်သော အခြေခံသဘောထားကြီး အမြစ်တွယ်ခိုင်မာနေပြန်သည်။ အကြောင်းမှာ ပညာရပ်များစွာကို အင်္ဂလိပ်လို တိုက်ရိုက်သင်ယူစေလျက် စာမေးပွဲကိုပါ ကျက်ဖြေစနစ် ဖန်တီးထားလေသဖြင့် မြန်မာလိုရော အင်္ဂလိပ်လိုပါ ထိုးထွင်းသိမြင် ကိုယ်တိုင်ရေးသားဖန်တီးနိုင်မှု လုံးဝပျောက်ဆုံးသွားခဲ့သည်မှာ ငွေရတုအခါ ပင်တိုင်ခဲ့ပြီ ဖြစ်၍တည်း။ ဤသို့ဖြင့် လူတယောက်ဖျက်ဆီးခဲ့သော ဆိုးမွေကို လူသန်းပေါင်းများစွာတို့ မပြုနိုင်မပြင်နိုင်ဘဲ အဂတိတွေ မြိုင်မြိုင်ဆိုင်ဆိုင်နှင့် လုပ်ကိုင်စားသောက်ရင်း ပညာရေးကြီး ဂယောက်ဂယက်ဖြစ်နေခဲ့သည်မှာ အဆုံးတိုင် ပြိုကျပျက်သုဉ်းမှုက အထင်အရှား သက်သေခံနေခဲ့ပေပြီ။ အလျဉ်းသင့်၍ ကြုံရပုံတခု မျှဝေချင်ပါသေးသည်။ ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းတွင် တက္ကသိုလ်စာမေးပွဲများ ကျင်းပပါသည်။ ဒေးကျောင်းသား/သူများ ဘွဲ့ကြိုပထမနှစ်မှသည် ဘွဲ့လွန်မဟာ ဒုတိယနှစ်များထိ ဖြေဆိုကြရ၏။ ကျွန်တော် စာမေးပွဲခန်းကြီးကြပ်ချုပ်တာဝန်ကျခဲ့ပါသည်။ မဟာဝိဇ္ဇာ/သိပ္ပံ ဒုတိယနှစ်၏ ပထမနှစ်ဝက်သင်တန်း (၉) တန်း ကို အခန်းတခန်းထဲပေါင်း ဖြေစေသောအခန်း၌ ဖြစ်ပါ၏။ ထိုတွင် အမှတ်မထင် မြင်ရမိသည်မှာ သမိုင်းမေးခွန်း ဖြစ်၏။ Hist-634/Contemporany Myanmar (တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ န၀တ-နအဖ ခေတ်တို့၏ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အာဆီယံရေးစသည်တို့ဆိုင်ရာများနှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ နည်းနည်း) ဖြစ်ပါသည်။ ထိုမေးခွန်းတွင် (၁) ကွက်လပ်ဖြည့်ပါ (၂) အမှား၊ အမှန်ရေးပါ (၃) မေးခွန်းတို အဖြေတိုဖြေပါ (၅) မေးခွန်းရှည်လေးပုဒ်မှ ကြိုက်ရာနှစ်ပုဒ်ဖြေပါ စသည့် မေးခွန်း ၅ ပုဒ်ပါဝင်၏။ ကျွန်တော် ငယ်စဉ် စတုတ္ထတန်းကျောင်းသားဘ၀ အတန်းတင်စာမေးပွဲကြီးတွင် သမိုင်းဖြေခဲ့ရသည်ကို ရုတ်ချည်းသတိရ လိုက်မိပါသည်။ မူလတန်းနှင့် မဟာဝိဇ္ဇာ မနှိုင်းသာမယှဉ်သာ အံ့သြဖွယ်ရာတိုက်ဆိုင်စွာပင် 'မေးခွန်းပုံစံ'နှင့် 'အနှစ်သာရ'အတူတူလာဖြစ်နေပါ၏။ (မြန်မာလိုနှင့် အင်္ဂလိပ်လိုသာ ကွဲပါ၏) ဘွဲ့လွန်မဟာဝိဇ္ဇာဘွဲ့၊ သမိုင်း ပညာရှင်တဦး ဖြစ်-မဖြစ် မှတ်ကျောက်တင်သည့် စာမေးပွဲမေးခွန်းပါတဲ့ ခင်ဗျာ။

ဤမျှနှင့်ပင်လွန်နေပါလျက် ထပ်၍လွန်လွန်းသွားသည်မှာ နံပါတ် (၂) အမှန်၊ အမှားရေးပါ မေးခွန်း၌ (a)To defend the independence and soveneighty of the state, the government tried to strong than Police Force. ပါတဲ့။ ဘာမှားနေသည်ကို ဤစာစုအား လက်ခံဖတ်ရှုနေသည့် စာဖတ်သူကိုယ်တိုင် မျက်ဝါး ထင်ထင် မြင်နိုင်ပါလိမ့်မည်။ ကွန်ပျူတာကို အပြစ်ပုံချ၍မရပါ။ မေးခွန်းကို မည်သူထုတ်ပါသနည်း။ မေးခွန်းကို မည်သူစစ်ပါသနည်း။ မေးခွန်းကို မည်သူစာစီပါသနည်း။ ထိုသူများသည် မမှားသင့်သော၊ မမှားထိုက်သော၊ မမှားနိုင်သော၊ စိတ်အလွန်ချရသော၊ အခွင့်ထူးနှင့်လုပ်ပိုင်ခွင့်များ မတန်တဆရရှိခံစားနေသော ပုဂ္ဂိုလ်တို့သာ ဖြစ်၏။ ထိုအမှားကို မဟာဘွဲ့ရပညာရှင်ကြီးများဖြစ်လာတော့မည့် စာဖြေကျောင်းသား/သူကြီးများက သိပုံ မရကြပါ။ မည်သူကမျှ (မေးခွန်းနှင့်ပတ်သက်၍) ထ,မမေးကြ။ အလိုအလျောက်ပင် ဖြေဆိုသွားကြ၏။ ဟုတ်သည်လေ။ သူတို့တာဝန်ကား နံပါတ် 2.(a) True (သို့မဟုတ်) False တခုခု ရေးလိုက်ရုံမျှသာ ဖြစ်သည်ကိုး။ မည်သည့်အရာက မှားသည်။ မည်သည့်အရာက မှန်သည်။ အဘယ့်ကြောင့် မှားသည်၊ အဘယ့် ကြောင့်မှန်သည်စသဖြင့် ရှင်းပြရန်လိုသည်မှ မဟုတ်ပေဘဲ။

ကျွန်တော့်အနေဖြင့် မည်သူ့ကိုမျှ အပြစ်မတင်လိုပါ။ ပညာရေးစနစ်ကြီး မည်မျှထိုးစိုက်ကျဆင်းနေသည်ကို ပြသရင်းပြင်သင့်သည်ကို အမြန်ပြင်စေလိုခြင်းသာ ဖြစ်ပါ၏။ လက်ရှိအချိန်ဝယ် ကျွန်ုပ်တို့၏ ရွှေနိုင်ငံ၌ ပညာ ရေးနှင့် ကျူရှင်ဈေးကွက်မှာ တိုက်ရိုက် အချိုးမကျဘဲ ပြောင်းပြန်အချိုးကျလျက်သာရှိပါ၏။ ယင်းသို့ ဖြစ်သည်နှင့်အမျှ လူသားအရင်းအမြစ်သည် သခင်မဖြစ်၊ ကျွန်ဖြစ်လျက် နွံနစ်ရန်သာ ရှိပေလိမ့်မည်။ အမှန်စင်စစ် နိုင်ငံတော်ကြီးကျင့်သုံးနေသော ပညာရေးစနစ်ကိုယ်တိုင်က မြန်မာ့အတွေးနှင့် မြန်မာအရေးကို အမိန့်အာဏာဖြင့် ဖျောက်ဖျက်၍ ဘိုအတွေးနှင့် ဘိုအရေးနောက် စိတ်ကူးယဉ်ဇွတ်ညှစ်ကာ ကောက်ကောက်ပါ အောင်လိုက်ခိုင်းနေပေရာ ဆောင်းပါးအစတွင် တင်ပြခဲ့သော ဆယ်နှစ်သမီးလေးကို အဆိုးမဆိုသာတော့ပါ။ သူကလေးက ရိုးသားစွာပင် ပြတ်ပြတ်သားသားပြောခဲ့၏။ အင်္ဂလိပ်စာကို ခေါင်းပေါ်တင် ၍ မြန်မာစာကို ခြေသုတ်ဝတ်နှယ် ခြေထောက်အောက်တွင် ထားပါသည်တဲ့လေ . . . ။ ကျွန်တော်တို့တတွေ 'ရင်ဝလှံစူး၊ ထိပ်ဦးမီးလောင်'နေခဲ့ချေပြီတကား . . . ။ အားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ။

ကိုမာကျော
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.