"'ဒုံးကျည်နဲ့ လောင်ချာ မောင်ယူခဲ့ပါ"

သူများတွေ အိပ်တဲ့အချိန် ည ၁၀ နာရီခွဲကျော်တဲ့အထိ လော်စပီကာကြီး ဖွင့်နေတဲ့ ဓမ္မာရုံထဲဝင်ပြီး ပလပ်ကြိုးဖြုတ်လိုက်တဲ့ နယ်သာလန်နိုင်ငံသားအကြောင်း ရေးခဲ့တယ်။ ကျနော့အရင်ပို့စ်အောက်မှာ ဝင်ရေးကြတဲ့ ကွန်မန့်တွေ ဖတ်ကြည့်လိုက်မှ ပလပ်ကျွတ်နေတဲ့ မြန်မာတွေ အတော်များမှန်းသိရတယ်။ လော်ကြီးကျယ်ကျယ်ဖွင့်မှ သာသနာတော် ပြန့်ပွားမယ်လို့ ယုံကြည်စွာ လော်စပီကာကိုးကွယ်သူတွေ ရှိနေတာ အံ့အားသင့်စရာ တွေ့ရပါတယ်။

ဆော်ဒီမှာ ၊ တူရကီမှာ၊ အီရတ်မှာ၊ မူစလင်နိုင်ငံတွေမှာ ဒါမျိုး သွားလုပ်ကြည့်ပါလား၊ အသက်ထွက်သွားမှာပေါ့လို့ ရေးတဲ့သူတွေကိုတော့ ကျနော် ဘာဆိုဘာမှ တုံ့ပြန်မပြောလိုပါဘူး။ သူတို့ရဲ့ အသိဉာဏ်အဆင့်အတန်းက ဟိုးအောက်ဆုံးရောက်နေပြီး ဒီထက် ဘာမှပိုပြီး စဉ်းစားချင့်ချိန်နိုင်စွမ်း မရှိမှန်း ရှင်းရှင်းကြီး သိနေလို့ပါပဲ။

စင်ကာပူ၊ မလေးရှား၊ ဥရောပနိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံမှာရော ဒီလိုလုပ်ရင် အပြစ်ပေးခံရမယ်ဆိုတာ သိရဲ့လား လစ်ဘရယ်လ်စောင်ရူးရဲ့ ဆိုသူတွေကိုတော့ ဒီနိုင်ငံတွေမှာလည်း ဒါမျိုးသွားလုပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာ သိအောင်ပြောပြချင်ပါတယ်။ ပိုင်နက်ကျူးလွန်မှု၊ နှောင့်ယှက်မှုတွေနဲ့ အရေးယူခံရမှာ ကျိန်းသေပေါ့ဗျာ။ ဒါပေမယ့်၊ အဲဒီလို အမှုမျိုးတွေ ဖြစ်မလာအောင် စည်းမျဉ်းစည်းကမ်းတွေနဲ့ နဂိုကတည်းက ကြိုတင်ကာကွယ် တားဆီးထားတယ်လေ။

စင်ကာပူဆိုရင် မလေးမင်္ဂလာဆောင်တွေ ဆူညံတာကို လူပြောများပါတယ်။ ဒါပေမယ့်လည်း နေ့တိုင်း မင်္ဂလာဆောင်နေတာမှ မဟုတ်တာ။ တစ်ရက်တလေဆိုတော့ သည်းခံနိုင်ငံရင်ခံ၊ မခံနိုင်လို့ ရဲကိုတိုင်ရင် ရဲကလာပြီး အသံလျှော့ခိုင်းလိမ့်မယ်။ ကိုယ်တိုင်ဘာမှ သွားလုပ်စရာမလိုဘူး။ ဥပဒေဘောင်ထဲက ရှင်းလို့ရတယ်။ မြန်မာနိုင်ငံမှာ ရဲကို သွားတိုင်ရင် ဘာသာရေးဆိုတာကြီးကြောင့် ဘာမှ လုပ်မပေးဘဲ လက်ပိုက်ကြည့်နေလိမ့်မယ်။ ဘာသာရေးမျက်နှာဖုံးတပ်ပြီး ဆူချင်တိုင်းဆူနေတာကို ဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင် "မနိုင်၍" သည်းခံနေကြရတာပါဗျာ။

ဂျပန်ရောက်တော့ အိမ်ခန်းငှားတဲ့အခါ စာချုပ်မှာ အသံဆူညံတာနဲ့ ပတ်သက်လို့ ရှင်းလင်းတိကျစွာ ထည့်ထားတယ်။ ည ၉ မှ နံနက် ၆ နာရီအတွင်း အဝတ်လျှော်စက်၊ ဖုန်စုပ်စက် (vacuum cleaner) သုံးခြင်း၊ သီချင်း၊ တီဗီအစရှိသည်တို့ကို အသံကျယ်ကျယ်ဖွင့်ခြင်း၊ စကားကျယ်ကျယ်ပြောခြင်းတို့ကို မပြုလုပ်ပါဘူးဆိုတာ ဝန်ခံကတိ လက်မှတ်ထိုးရပါတယ်။
ဂျပန်ကို ကျနော်ရောက်ခါစ ရုန်းကန်နေရတဲ့ ဘဝအခြေအနေမှာ အိမ်ခန်းလေးတွေက ကျဉ်းကျဉ်း၊ အိမ်နံရံတွေကလည်း သိပ်မထူထဲတော့ သေသေချာချာ လိုက်နာရပါတယ်။ သူများ အိမ်နီးချင်းတွေလည်း ဆူညံတာ မကြားဖူးဘူး။ နောက်ပိုင်းမှာ ဝင်ငွေလည်း ပြေလည်လာတော့ မန်ရှောင်ဆိုတဲ့ တိုက်ခန်း၊ ကွန်ဒိုတိုက်ခန်းတွေဟာ အင်မတန် အသံလုံပေမယ့်လည်း ခုနက စာချုပ်စည်းကမ်းကို လက်မှတ်ထိုးမြဲထိုးရတာပဲ။ (ကျနော့အကောင့်ထဲမှာ ဂျပန်မှာလက်ရှိ နေထိုင်နေသူတွေ အများကြီး ရှိပါတယ်။ ဟုတ်မဟုတ် မေးကြည့်ပေတော့။ အသံဆူညံလို့ ရဲကဖမ်းပြီး မြန်မာနိုင်ငံကို ပြန်ပို့ခံရသူတွေလည်း ရှိတယ်။ နောက်မှ အလျဉ်းသင့်ရင် ရေးပါမယ်။)

ဂျပန်မှာ ယာကူဇာတွေနဲ့ နိုင်ငံရေးသမားတွေ လော်စပီကာသုံးတာပဲ မြင်ဘူးတယ်။ ဒါတောင် ယာကူဇာတွေက အလံတလူလူ ကားနက်ကြီးတွေနဲ့ စစ်ချီသီချင်းတွေ မိန့်ခွန်းတွေ ဖွင့်ပြီး လျှောက်မောင်းတာပါ။ တစ်နေရာတည်း ကားရပ်ပြီး ဖွင့်ရင် ရဲနဲ့ ပြဿနာတက်လိမ့်မယ်။

ရထားဘူတာ အဝင်အထွက်ပေါက်မှာ ရွေးကောက်ပွဲ မဲဆွယ်တဲ့ ပါတီနိုင်ငံရေးသမားတွေ စပီကာနဲ့ တရားဟောတာလည်း တွေ့ဖူးတယ်။ ဒါပေမယ်လို့ မြန်မာပြည်လို နားကွဲမတတ် အသံကုန်တင်တာမဟုတ်ဖူး၊ သာမန်ထက် နည်းနည်းလေးပဲ ပိုကျယ်တာ သတိထားမိတယ်။ ဒီလို စပီကာသုံးပြီး တရားဟောဖို့ သက်ဆိုင်ရာ ရဲစခန်းမှာ ခွင့်ပြုချက်ယူရတယ်။ ခွင့်ပြုချက်ထက် အသံကျယ်ရင် ဝန်ကြီးချုပ်ဖြစ်ပါစေ ရဲက အရေးယူမှာပဲ။

အမေရိကားမှာလည်းပဲ အသံဆူညံခြင်းကို စည်းမျဉ်းဥပဒေနဲ့ သေသေချာချာ တားဆီးထားပါတယ်။ Noise Pollution Ordinance လို့ခေါ်တဲ့ စည်းမျဉ်းဥပဒေဟာ တစ်မြို့နဲ့ တစ်မြို့ မတူပါဘူး။ အများအားဖြင့် လူနေရပ်ကွက်တွေမှာ အသံကျယ်နှုန်း ၅၅ ဒက်စီဘယ်လ်ထက် ကျယ်လောင်တဲ့ အသံကို ခွင့်မပြုဘူး။ Decibels (db) ဆိုတဲ့ အသံကျယ်နှုန်းကို နှိုင်းယှဉ်ပြရမယ်ဆိုရင် လေသံလေးနဲ့ ပြောတဲ့အသံက ၃၀၊ သာမန် စကားပြောတဲ့အသံက ၆၀ မှ ၇၀ ဒက်စီဘယ်လ်၊ ရော့ခ်စင်တင်ဂီတပွဲကအသံဆိုရင် ၁၂၀ အထက်ရှိတယ်။ ဒါကြောင့်၊ လမ်းပေါ်မှာ ရိုးရိုးစကားပြောတာထက် အသံကျယ်ပြီး အော်ကြီးဟစ်ကျယ်လုပ်ရင် အရေးယူခံရနိုင်တယ်။

အသံနဲ့ ပတ်သက်တဲ့ စည်းမျဉ်းဥပဒေတွေဟာ တစ်ချို့မြို့တွေမှာ ဘုရားရှိခိုးကျောင်းက ခေါင်းလောင်းသံ၊ ဓမ္မတေးသံတွေကို ကင်းလွတ်ခွင့်ပေးပေမယ့်၊ တစ်ချို့မြို့တွေမှာ အားလုံးလိုက်နာစေတာကြောင့် ဘုရားရှိခိုးကျောင်းရဲ့အကြီးအကဲ ဘုန်းတော်ကြီးတွေပါ အပြစ်ပေး အရေးယူခံရပါတယ်။ (ဗုဒ္ဓဘာသာ ရွှေမြန်မာတို့ သေသေချာချာ ဖတ်ကြည့်စေချင်ပါတယ်။)
အမေရိကန် ပြည်ထောင်စုဟာ ခရစ်ယာန် ၇၅% ကျော် နေထိုင်တဲ့ နိုင်ငံဖြစ်တာတောင် ဘုရားရှိခိုးကျောင်းက ခေါင်းလောင်းသံကြောင့် ဘုန်းကြီးတွေပါ အရေးယူခံရတာ မဖြစ်နိုင်ဘူးလို့ မတွေးကြပါနဲ့။ အရီဇိုးနားပြည်နယ်၊ ဖီးနစ်စ်မြို့မှာရှိတဲ့ ဘုရားရှိခိုးကျောင်း သုံးခုက ဘုန်းတော်ကြီး သုံးပါးကို ၂၀၀၉ ခုနှစ်မှာ တရားစွဲဆိုခဲ့ပြီး တစ်ပါးကို ထောင်ဒဏ်အပြစ်ပေးခဲ့ပါတယ်။

ခရိုက်စ်သည်ကင်းချာ့ခ်ျ ကက်သလစ်ဘုရားရှိခိုးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော် ဘိရှော့ ရစ်ခ် ပိန့်တာကို ခေါင်းလောင်း အသံကျယ်တဲ့ ပြစ်မှုအတွက် ထောင်ဒဏ် ၁၀ ရက် ချမှတ်ခဲ့ပါတယ်။ ထောင်ဒဏ်ကို ခံဝန် ၃ နှစ်နဲ့ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်တာကြောင့် ချက်ချင်းထောင်ဒဏ်မခံရသေးဘဲ ဒီသုံးနှစ်အတွင်း အလားတူပြစ်မှုကျူးလွန်ရင်၊ ဆိုလိုတာက ခေါင်းလောင်းထိုးရင် ထောင်ထဲကို ၁၀ ရက်ဝင်ရပါလိမ့်မယ်။

အဲဒီဘုရားရှိခိုးကျောင်းက ခေါင်းလောင်းသံကို အနီးဆုံး လူနေအိမ်က အသံဖမ်းယူတိုင်းတာတဲ့အခါ ၆၇ db (ဒက်စီဘယ်လ်) ရှိတာတွေ့ရတယ်။ စည်းမျဉ်းသတ်မှတ်ချက် ၅၅ db အထက် ရှိပေမယ့်၊ သာမန် စကားပြောသလောက်အသံပါ။ မြန်မာပြည်လို နေထွက်ကနေဝင်အထိ နားကွဲမတတ် ဖွင့်တာ မဟုတ်ဖူးနော်။ ဒါတောင် အမေရိကန်ကားမှာတော့ ဘုန်းကြီးကို ထောင်ဒဏ် ၁၀ ရက် ချပစ်သတဲ့ဗျာ။

အပြစ်ပေးခံရတဲ့ ဘိရှော့ဘုန်းတော်ကြီးက ရှေ့နေတွေနဲ့ အယူခံဝင်တော့မှ တစ်ပတ်မှာ တနင်္ဂနွေတစ်ရက်တည်းနဲ့ တရားရုံးက သတ်မှတ်ပေးတဲ့ ဘာသာရေးနေ့ထူးနေ့မြတ်တွေမှာ တစ်ကြိမ်ကို ၂ မိနစ် (သေသေချာချာဖတ်နော် ၂ မိနစ်တိတိ) ခေါင်းလောင်းထိုးခွင့် ပေးခဲ့ပါတယ်။

ဗာဂျီးနီးယားပြည်နယ်၊ ဖဲယားဖက်စ်ခရိုင်မှာလည်း ဘုရားရှိခိုးကျောင်းရဲ့ ခေါင်းလောင်းသံနဲ့ ဓမ္မတေးသံက သတ်မှတ်ချက် ၅၅ db ထက်ကျော်ပြီး ၆၀ ဖြစ်နေလို့ ပိတ်ပင်တားမြစ်ခံရတယ်။ ဘုရားရှိခိုးကျောင်း၊ ကုသိုလ်ဖြစ် အလှူရှင်အသင်းအဖွဲ့တွေကို ကင်းလွတ်ခွင့်ပေးတဲ့ မြို့တွေမှာတောင် အသံမကျယ်အောင်၊ အချိန်မကြာအောင် အထူးဂရုစိုက်ကြပါတယ်။

မြန်မာနိုင်ငံက ဓမ္မာရုံတွေ၊ ဘုရားကျောင်းကန်တွေမှာ အရပ်လေးမျက်နှာကို ချိန်ပြီး အသံကုန်ဖွင့်တဲ့ လော်စပီကာကြီးတွေရဲ့ အသံကျယ်နှုန်းကို တိုင်းမယ်ဆိုရင် ၁၂၀ အထက်ရှိပါလိမ့်မယ်။ ပြီးတော့ အမေရိကားလို အိမ်ခြေကျဲတာမဟုတ်ဖူး။ မြန်မာနိုင်ငံမှာ အိမ်ချင်းကပ်နေတာ။ လူသားတစ်ဦးရဲ့ သည်းခံနိုင်စွမ်းက ၁၃၀ db ပဲရှိတယ်။ ဒီလောက်အသံကျယ်ကျယ်ကြီးကို အချိန်ကြာရှည်ခံစားရတဲ့အခါ စိတ်ရောဂါ၊ နားရောဂါတွေ ဖြစ်ပွားလာပါလိမ့်မယ်။ အိပ်ရေးပျက်တာအပြင် mental stress and strain စိတ်ဖိစီးတင်းကျပ်မှုဟာ ဆူညံသံခံစားရသူတိုင်း ဖြစ်တာပါ။ ဓမ္မစကြာဖြစ်ဖြစ်၊ စပယ်ပန်းလေးဖြစ်ဖြစ် အသံအကျယ်ကြီး ကြာရှည်ကြားရရင် ဆူညံသံပါပဲ။

ရုတ်တရက် အုန်းကနဲ အသံကျယ်လောင်စွာ ကြားရတာ၊ အချိန်ကြာရှည် အသံအကျယ်ကြီး ကြားနေရတာတွေကြောင့် tinnitus ဆိုတဲ့ နားထဲမှာ အသံတစီစီ အမြဲကြားနေရတဲ့ အာရုံကြောရောဂါ ဖြစ်တတ်တယ်။ ကိုယ့်ဖာသာ ဖြစ်လို့ဖြစ်မှန်းတောင် မသိကြဘူး။ အရမ်းတိတ်ဆိတ်တဲ့ အရပ်ဒေသမျိုးကိုရောက်တဲ့အခါကျမှ ကျေးငှက်တွေရဲ့ တေးသံ၊ စမ်းရေစီးသံတွေမကြားရဘဲ ကိုယ့်နားထဲ တစီစီဖြစ်နေတာ သိကြတယ်။ အဲဒီရောဂါကို ကုသနည်းလည်း ခုထိ ရေရေရာရာ မတွေ့သေးဘူး။

ဒီလောက်အထိ ဖတ်ပြီးရင် တစ်ခြားခေတ်မီ ဒီမိုကရေစီနိုင်ငံတွေမှာ လော်စပီကာကြိုးကို သွားဖြုတ်တဲ့အထိ ပြဿနာမဖြစ်အောင်၊ အသံကျယ်ကျယ် မထွက်ရတဲ့ စည်းမျဉ်းဥပဒေနဲ့ သေသေချာချာ တားမြစ်ထားတာ သိပြီမဟုတ်လား။ အသံကျယ်ရင် ကျယ်တဲ့လူကို အရင်အပြစ်ပေးလိမ့်မယ်။ ပြီးမှ ကြိုးဖြုတ်သူကို အရေးယူမှာ။

ဒီစည်းမျဉ်းကို အရေးမလုပ်ဘဲ ကိုယ့်စိတ်ကိုယ့်သဘော လုပ်ချင်တိုင်းလုပ်တော့ ဘာဖြစ်လဲ။ သိချင်ရင် ဆက်ဖတ်ကြည့်။

ဖလော်ရီဒါပြည်နယ်မှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ဆယ်ကျော်သက် လူမည်းလူငယ်တစ်ဦးကို သေနတ်နဲ့ ပစ်သတ်မှုဟာ လူအများ စိတ်ဝင်တစား အပြောများတဲ့ သတင်းထူးကြီး တစ်ပုဒ်ပါ။ အသက် ၁၇ နှစ်အရွယ် ဂျော်ဒန် ဒေးဗစ်စ်နဲ့ သူငယ်ချင်းတစ်စုဟာ ဓာတ်ဆီဆိုင်တစ်ခုရဲ့ ပါကင်မှာ ကားရပ်ထားရင်း သူ့ကားထဲမှာ ရက်ပ်သီချင်း အကျယ်ကြီး ဖွင့်ထားပါတယ်။

ဘေးချင်းကပ် ရပ်ထားတဲ့ ကားထဲက အသက် ၄၅ နှစ်အရွယ် လူဖြူ ဆော့ဝဲအင်ဂျင်နီယာ မိုက်ကယ်လ် ဒန်းက နားမခံသာလို့ အသံလျှော့ဖို့ သွားပြောရာက လူငယ်တွေနဲ့ စကားများကြတယ်။ သူငယ်ချင်းတစ်ယောက်က အသံတိုးပေးပေမယ့် ဂျော်ဒန်က ပြန်ကျယ်ပြီး လူငယ်တွေက မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုကြတော့ မိုက်ကယ်လ် ဒန်းက သူ့ကား ဒက်ရှ်ဘုတ်ထဲက ကျည်အပြည့်ထည့်ထားတဲ့ သေနတ်ကို သွားယူပြီး ပစ်တော့တာပဲ။

လူငယ်တွေ မောင်းပြေးတဲ့ ကားကို သေနတ်နဲ့ ၁၀ ချက်ပစ်ရာမှာ ဂျော်ဒန် ဒေးဗစ်စ်ကို ၃ ချက်ထိပြီး သေသွားတယ်။ သီချင်းသံ ကျယ်လောင်ရာက စပြီး ဖြစ်ခဲ့တဲ့ ဒီအမှုကြောင့် မိုက်ကယ်လ် ဒန်းဟာ ထောင်ဒဏ် နှစ် ၆၀ နဲ့ ထောင်တစ်သက် လွတ်ရက်မရှိ ပြစ်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။

ဒီအမှု ဖြစ်ပွားပြီးတဲ့အခါ ပြည်နယ်အတော်များများမှာ ကားထဲက သီချင်းသံ ကျယ်လောင်မှုကို ကန့်သတ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းခဲ့ရပါတယ်။ ကျနော်နေတဲ့ ကယ်လီဖိုးနီးယားမှာ အခု ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က စတင်ပြီး အသက်ဝင်လာတဲ့ ဥပဒေကတော့ မိမိကားထဲကအသံကို ကားရဲ့ ၂၅ ပေအကွာက ကြားရရင် ရဲကို တိုင်နိုင်တယ်၊ ရဲက ပြစ်ဒဏ်ပေးချလံ (ticket) ပေးပြီး တရားရုံးကို ဆင့်ခေါ် အပြစ်ပေးလိမ့်မယ်။ ကိုယ်နားမခံနိုင်ရင် ရဲကို တိုင်လိုက်ရုံပါပဲ။

မြန်မာပြည်မှာတော့ ဓမ္မာရုံ၊ ဘုရားကျောင်းကန်နဲ့ နေရာတကာမှာ လော်စပီကာတွေရဲ့ ဒဏ်ကို နားကွဲမတတ် ခံစားနေရသူတွေ အဲဟို နယ်သာလန်နိုင်ငံသားလို ပလပ်ကြိုး သွားမဖြုတ်နဲ့။ မစို့မပို့ ထောင် ၃ လကျပြီး ဘာမှလည်း မထိရောက်ဖူး။ မိုက်ကယ်လ်ဒန်းလို နားမခံနိုင်လို့ သေနတ်နဲ့ ဖြေရှင်းလည်း ပြီးမယ့်ကိစ္စ မဟုတ်တော့ လောင်ချာသာ ယူသွားပေတော့ဗျာ။ ဒါမှ တစ်ပြည်လုံး နားအေးပါးအေး စိတ်ချမ်းသာသွားမှာပါ။

Min Myat Maung
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.