ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှ ရန်ကုန်ရောက်လာသူ ၁၇ ဦးအတွက် နေရာချထားရေး မရေမရာဖြစ်နေ

ကျိုက်ဝိုင်းရှိလူကယ်ပြန်ရုံးတွင် ယာယီနေထိုင်သော ဒုက္ခသည်များ (ဓာတ်ပုံ − ငြိမ်းငြိမ်းပြည့်)

ထိုင်းဒုက္ခသည်စခန်းမှ ပထမဆုံးအသုတ် ပြည်တော်ပြန် လာသူများအနက် ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် ဒုက္ခသည် ၁၇ဦးသည် ကျိုက်ဝိုင်းရှိ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး ရုံးဝင်းအတွင်း ဂိုဒေါင်၌ ယာယီ နေထိုင်နေပြီး ၎င်းတို့ကို နေရာ ချထားမည့်အစီအစဉ် မရေရာ သေးကြောင်းသတင်းရရှိသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံအစိုး ရအစီအစဉ်၊ ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ထောက်ပံ့ကူညီမှုတို့ ဖြင့် နယ်စပ်ရှိ ဒုက္ခသည်စခန်းမှ ပထမဆုံးအသုတ်အဖြစ် ဒုက္ခ သည် ၆၅ ဦးကို အောက်တိုဘာ ၂၆ ရက်က နှစ်နိုင်ငံနယ်စပ်၌ တ ရားဝင်အခမ်းအနားဖြင့် မြန်မာ နိုင်ငံသို့ လွှဲပြောင်း ပို့ဆောင်ခဲ့ သည်။

ယင်းအနက် ၁၇ ဦးကို အောက်တိုဘာ ၂၈ ရက် နံနက် ၅ နာရီခန့်က ရန်ကုန်မြို့ရှိကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး ရုံးဝင်းအတွင်း ပို့ဆောင်ခဲ့ပြီး နောက် ယခုအချိန်အထိ နေထိုင် ရေး၊ အလုပ်အကိုင်၊ ပညာရေး၊ စားသောက်ရေး စသည်တို့နှင့် ပတ်သက်၍ ရေရာသောအစီအ စဉ်များ မရှိသေးဟုဆိုသည်။

‘‘ထွက်လာခါနီးရော၊ လာ နေတုန်းရော ဒီမှာနေစရာအဆင် သင့်ဖြစ်ပြီလို့ ယုံကြည်နေခဲ့တာ။ ပြန်ချင်တဲ့သူတွေ လျှောက်လွှာ တင်ရမယ်။ လုပ်ပေးမယ်လို့ လာ ပြောတုန်းက ကိုယ့်အမိမြေပြန်ရ မယ်ဆိုတော့ ပျော်တာပေါ့။ ပြန် ရင် နေစရာမရှိဘူးဆိုတာ ကျွန် တော်တို့ ပြောပြထားပြီးသား။ နေ စရာအတွက် မပူပါနဲ့လို့ သူတို့က ပြောတယ်။ အခု ဒီမှာကျတော့ ရေတောင် သောက်စရာမရှိဘူး။ နေရဖို့ မသေချာသေးဘူး’’ဟု နို့ဖိုး ဒုက္ခသည်စခန်းတွင် ရှစ်နှစ်ခန့်ခို လှုံခဲ့ပြီး ပြန်လာသော အသက် (၄၇)နှစ်အရွယ် ဦးအေးလွင်က ပြောသည်။

ဆက်လက်၍ ၎င်းက ‘‘ဒီ ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးက လူကြီးက နေ့ လယ်တုန်းက ပြောတယ်။ လှိုင် သာယာ ရွှေလင်ဗန်းမှာ တန်ဖိုး နည်းအိမ်ရာ တိုက်ခန်း သုံးလွှာမှာ တစ်ခန်းကို ၉၈ သိန်းနဲ့ရမယ်။ လောလောဆယ် သိန်း ၃၀ အရင်ချေရင် ကျန်ငွေကို ရှစ်နှစ်အတွင်း အရစ်ကျချေလို့ရမယ်တဲ့။ အခု မပေးနိုင်ရင် လေးနှစ်နဲ့ အပြီးဆပ် ရမယ်တဲ့။ ယူနိုင်၊ မယူနိုင် (ဒုက္ခ သည်) အချင်းချင်း ညှိကြတဲ့။ မနက်ဖြန် (အောက်တိုဘာ ၃၀)ကျရင် ပြောတဲ့။ သူတို့မို့လို့ ဒီလို ပြောထွက်တယ်ဗျာ။ ကျွန်တော် တို့က ဒုက္ခသည်ဘဝနဲ့ သွားနေခဲ့ ရတာ။ ဒီလောက်ငွေ ၉၈ သိန်းကို ကျွန်တော့်တစ်သက်လုံး တစ်ခါမှ တောင် မကိုင်ဖူးဘူး’’ဟု ပြောပြ သည်။

သားသမီးခြောက်ဦးအပါအ ဝင် မိသားစုရှစ်ဦးရှိသော ဦးအေး လွင်မိသားစုနှင့်အတူ အခြားမိ သားစုသုံးစုတို့ အတူပြန်လာကြ ခြင်းဖြစ်သည်။ ၎င်းတို့သည် ထိုင်းဒုက္ခသည်စခန်းသို့ နိုင်ငံရေး အပါအဝင် အကြောင်းအမျိုးမျိုး ကြောင့် မရောက်သွားခင်က အင်း စိန်၊ ပဲခူး၊ ပုသိမ်၊ တောင်ငူတို့တွင် နေထိုင်ခဲ့ကြသူများ ဖြစ်ကြောင်း သိရသည်။ ရန်ကုန်အနီး ဒေသများတွင် နေခဲ့ဖူးပြီး အိုးအိမ်မရှိတော့သူများအနေဖြင့် မိမိနေလိုသောအရပ်တွင် နေထိုင်ခွင့်ရမည်ဆိုသဖြင့် ရန်ကုန်တွင်နေထိုင်လိုကြောင်း လျှောက်လွှာဖြည့်သွင်းခဲ့ကြသည်ဟုဆိုသည်။

‘‘ကျွန်မတို့ကို ထိုင်းအစိုးရက ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်ပို့ပေးပြီး တရားဝင်လွှဲပြောင်းပေးခဲ့တယ်။ ကျွန်မတို့ ရန်ကုန်အစိုးရကျတော့ ဘာမှ လာမလုပ်ပေးဘူး။ အိမ်ဝယ်ရမယ်လို့ပဲ ပြောတယ်။ ဝယ်မယ် ဆိုရင် အိုးအိမ်ဌာနကို အကြောင်း ကြားပါတဲ့။ ကျွန်မတို့မှာ အခုမှ ကိုယ့်နိုင်ငံကိုယ် ပြန်အခြေချရ မှာ။ ဘာမှမရှိဘူး။ အခု ထမင်းကိုလည်း ဖာလေးတွေ (ဖော့ဘူး)နဲ့ မနက်တစ်ခါ ညတစ်ခါ လာကျွေးတယ်။ လောက်တာလည်းရှိတယ်။ မလောက်တာလည်း ရှိတယ်။ ဟို မှာ ဆယ်နှစ်နေတုန်းက တအား ကိုခံစားခဲ့ရတာပါ။ အခု ဒီဘက် မှာကျတော့လည်း ဒီလိုဖြစ်ပြန် တယ်။ သူတို့ လာခေါ်တုန်းက ဂုဏ်သိက္ခာရှိရှိ လက်ခံပါ့မယ်။ အဆင်ပြေပြေ ဂုဏ်သိက္ခာရှိရှိ လူ တွေနဲ့နေရအောင် လုပ်ပေးပါ့မယ်ဆိုပြီးတော့ အခုကျတော့ ကျွန်မတို့ တော်တော်ခံစားရတယ်။ ရှေ့ဆက် ဘာဖြစ်မယ်မှန်းမသိလို့ မျှော်နေရတုန်း’’ဟု ကလေးတစ်ဦး၏မိခင် အသက် (၄၃)နှစ်အရွယ် ဒေါ်အေးအေးစန်းက ပြောသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဦးစီးမှူး ဦးကျော်သူထိုက်က ‘‘လက်ရှိက သူတို့ကို ကြိုပြောထားတာက လှိုင်သာယာမှာ နေရာပေးမယ်။ ဒါပေမဲ့ အရစ်ကျ ပြန်ပေးရမယ်။ နေရာကို အိုးအိမ် က ပေးမယ်လို့ ပြောတယ်။ ပုံစံ (၃)ခု သူတို့ကိုချပြထားတယ်’’ ဟု ဖုန်းမှတစ်ဆင့် ဖြေကြားသည်။

အစိုးရအဖွဲ့မှ တာဝန်ရှိသူ အချို့ အောက်တိုဘာ ၂၈ ရက် တွင် လာရောက်ကြည့်ရှုခဲ့ပြီး အား ပေးစကား ပြောကြားခဲ့ကြောင်း မိသားစုတစ်စုစီအတွက် အလှူ ငွေ ကျပ် နှစ်သိန်းစီပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက မိသားစုတစ်စုလျှင် ကျပ်တစ်သိန်းစီ ပေးခဲ့ကြောင်း ယာယီကယ်ဆယ်ရေးဂိုဒေါင်တွင် နေထိုင်နေကြရသူများက ပြောသည်။ အစိုးရအဖွဲ့အနေဖြင့် ဒုက္ခသည် များကို ပြန်လည်နေရာချထားရေး အတွက် အစည်းအဝေးခေါ်ယူ တိုင်ပင်လျက်ရှိသည်ဟု သတင်း ရရှိသော်လည်း ရလဒ်ကို ထုတ် ပြန်မှုမရှိသေးပေ။

လတ်တလောပြန်လာကြသူ များကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က သုံးလစာ စားနပ်ရိက္ခာအတွက် ကုန်ကျစရိတ်ငွေသားကို ထောက်ပံ့ပေးလိုက် သည်။ ရှေ့ဆက် လိုအပ်သည့် အထောက်အပံ့များကို မြန်မာ အစိုးရ၊ UNHCR နှင့် အခြားအေ ဂျင်စီများက ထောက်ပံ့မည်ဟု ဆိုထားသည်။

မြန်မာ-ထိုင်းနယ်စပ်တစ် လျှောက် ဒုက္ခသည်စခန်း ကိုးခု တွင် မြန်မာဒုက္ခသည်ပေါင်း၁၀၃,၃၀၀ ခန့် လက်ရှိခိုလှုံလျက်ရှိပြီး အများစုမှာ ကရင်၊ ကရင်နီ(ကယား)၊ ဗမာနှင့် မွန်တိုင်းရင်းသားများဖြစ်ကြသည်။ ၎င်းတို့ကို ပြည်တော်ပြန်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရသဘောတူညီမှုပြုလုပ်ခဲ့ကြသည်။ ဒုက္ခသည်များအနေဖြင့် ဌာနေရင်းသို့ မိမိ ဆန္ဒအလျောက် ပြန်နိုင်ရန် UNHCR အနေဖြင့် ဒုက္ခသည်စခန်းတိုင်းတွင် ဌာနေပြန်သွားနိုင်ရေး အကျိုးဆောင်ဌာနများ ဖွင့်လှစ်ထားမည်ဖြစ်၍ ပြန်လိုသူများ စာရင်းပေးသွင်းနိုင်သည်ဟု ကြေညာထားသည်။

‘‘စခန်းမှာ ကျန်ခဲ့တဲ့လူတွေ က ကျွန်မတို့ အခြေအနေကို စောင့်ကြည့်နေကြတာ။ အားလုံး က အဆင်ပြေမယ်ဆိုပြန်လာချင် ကြတယ်။ ကျွန်မတို့ အခြေအနေ ကို ဖုန်းကရော၊ ဖေ့စ်ဘွတ်ခ်ကနေ ရော မေးနေကြတယ်’’ဟု နို့ဖိုး ဒုက္ခသည်စခန်းတွင် ဆယ်နှစ် ကြာနေထိုင်ခဲ့ပြီး ပြန်လာသူ ဒေါ် အေးအေးစန်းက ဆိုသည်။

ငြိမ်းငြိမ်းပြည့်
http://www.7daydaily.com/story/79485
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.