NLD မြောင်းမြ အမတ်ကို ပါတီ စည်းကမ်း ထိန်းသိမ်းရေးဖြင့် အရေးယူမည်


အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးမိုးသူသည် လူမှုရေး ဖောက်ဖျက်ခဲ့သဖြင့် ပါတီ စည်းကမ်းထိန်းသိမ်းရေးက အရေးယူရန် ဆုံးဖြတ်ထားကြောင်း ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းထိန်က ဧရာဝတီသို့ ပြောသည်။

“ကျနော်သူ့ကို ပထမ တခေါက်တုန်းကတည်းက ခေါ်သတိပေးတယ်။ အဲဒီတုန်းက ‘ဘူး’ ငြင်းတယ်။ အခုတော့ ငြင်းလို့ မရတော့ဘူး။ အဲဒါကြောင့် ပါတီစည်းကမ်း ထိန်းသိမ်းရေးက အရေးယူမယ်။ သူသွားဖို့ရှိတဲ့ နိုင်ငံခြား ခရီးစဉ်တခုကိုလည်း ဖျက်သိမ်းလိုက်ပြီ” ဟု ဦးဝင်းထိန်က ပြောသည်။

ဒေါက်တာ စိုးမိုးသူကို NLD ပါတီ၏ စည်းမျဉ်းစဉ်းကမ်းများနှင့် အညီ အရေးယူမည်ဟု သိရပြီး အသေးစိတ် ရှင်းလင်းခြင်း မရှိသေးပါ။

“ပါတီ စည်းကမ်း ထိန်းသိမ်းရေးကနေ အရေးယူမယ်ဆိုရင် ပထမဆုံး စုံခုံဖွဲ့ပြီး စစ်ရမှာ။ ၂ ဖက် အပြန်အလှန် သက်သေတွေကို မေးမယ်။ ပြစ်မှု ထင်ရှားမှ အမြင့်ဆုံး ပြစ်ဒဏ်က ပါတီက ထုတ်ပစ်တာပဲ။ ဒါမှမဟုတ် ကာလ အပိုင်းအခြားနဲ့ ပါတီတာဝန်ကနေ ရပ်စဲတာမျိုး လည်း ဖြစ်နိုင်တယ်” ဟု NLD ရန်ကုန်တိုင်း ပြန်ကြားရေး ဒုတာဝန်ခံ ဦးစိုးဝင်းဦးက ဧရာဝတီသို့ ပြောသည်။

မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သည် အိမ်ထောင် ရှိသော်လည်း လူမှုရေး ဖောက်ပြားသည်ဟုဆိုကာ ဇနီးဖြစ်သူက မန္တလေးမြို့ရှိ အမှတ် (၉) ရဲစခန်းတွင် အောက်တိုဘာလ ၉ ရက်နေ့က အမှုဖွင့်ခဲ့သည်။

ယခုဖြစ်စဉ် မတိုင်မီ NLD ပါတီမှ ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးနှင့် ရွှေပြည်သာ မြို့နယ်ရှိ ဟိုတယ် တခုတို့ကြား ညအချိန်တွင် ပြဿနာ ဖြစ်ပွားခဲ့ရသဖြင့် ပါတီကို ဂုဏ်သိက္ခာ ထိခိုက်မှု ရှိခဲ့ပြီး ဖြစ်သည်ဟု NLD အသိုင်းအဝိုင်းက ပြောသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးဖြစ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ယခုဖြစ်စဉ်များကို လေ့လာကြည့်ပါက တိုင်းပြည်တွင် လွှတ်တော် ကိုယ်စားလှယ်များကို တာဝန်မှ ပြန်လည်ရုတ်သိမ်းနိုင်သည့် ဥပဒေတရပ် လိုအပ်နေသည်မှာ သိသာနေပြီ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ပြည်သူက ရွေးကောက် တင်မြောက်တဲ့သူကို ပြည်သူက မကြိုက်ရင် တာဝန်က ပြန်ရုတ်သိမ်းခွင့် ရှိရပါမယ်။ မဲဆန္ဒရှင် ပြည်သူတွေရဲ့ မူလအခွင့်အရေးကို ရှေ့တန်းတင်နိုင်မှ လွှတ်တော်က ပြည်သူကို မျက်နှာမူနိုင်မှာပါ” ဟု ၎င်းက ပြောသည်။

ယခင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် ၂၀၁၅ ခုနှစ် သြဂုတ်လက “လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း” ကို အမြန်ဆုံး ပြဋ္ဌာန်းပေးပါရန် ထိုစဉ်က ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းထံ အကြောင်း ကြားခဲ့သော်လည်း လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီးနောက် ယင်းဥပဒေကြမ်း ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့သည်။
ဆလိုင်းသန့်စင် / ဧရာဝတီ
http://burma.irrawaddy.com/news/2016/10/10/124694.html
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.