ထရမ့်ရဲ့အောင်ပွဲကို လူသစ်စုဆောင်းဖို့ ဝါဒဖြန့်လက်နက်တစ်ခုအဖြစ်သုံးမယ်လို့ ဂျီဟတ်တွေဆို


ဒေါ်နယ်ထရမ့်ရဲ့ အံ့အားသင့်စရာအောင်မြင်မှုကို ၀ါဒဖြန့်လက်နက်တစ်ခုအဖြစ် အသုံးချသွားဖို့ စီစဉ်နေပါတယ်။

ကဘူး၊ ကိုင်ရို၊ နိုဝင်ဘာ ၁၄ – အာဖဂန် နစ္စတန်ကနေ အယ်ဂျီးရီးယားအထိ နေရာအနှံ့မှာရှိနေတဲ့ ဂျီဟတ်တွေဟာ တိုက်ပွဲဝင်တိုက်ခိုက်ရေးသမားအသစ်တွေကို စုဆောင်းရာမှာ ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန် သမ္မတ အဖြစ်ရွေးကောက်ခံရတဲ့ အံ့အားသင့်စရာ အောင်မြင်မှုကို ဝါဒဖြန့်လက်နက်တစ်ခုအဖြစ် အသုံးချသွားဖို့ စီစဉ်နေပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ မွတ်စလင် ဆန့်ကျင်တဲ့လေသံတွေ၊ သာဓကအနေနဲ့ အမေရိကန် နိုင်ငံအတွင်း မွတ်စလင်တွေဝင်ရောက်တာကို လုံးဝ ပိတ်သိမ်းပစ်ဖို့တောင်းဆိုထားတာ တွေဟာ သူတို့ရဲ့လူသစ်စုဆောင်းမှုကြိုးပမ်းချက်တွေ၊ အထူးသဖြင့် အနောက်နိုင်ငံတွေက ဘဝင်မကျဖြစ်နေတဲ့ လူငယ်တွေကို စုဆောင်းရာမှာ ပိုပြီးတော့အဆင်ပြေသွားစေတယ်လို့ တာလီဘန်တပ်မှူးတွေနဲ့ အိုင်အက်စ် ထောက်ခံသူတွေက ပြောပါတယ်။

ဒီလူက တကယ့်ကို အရူးတစ်ယောက်ပဲ၊ သူ့ရဲ့ မွတ်စလင်မုန်းတီး ရေးစကားတွေက ကျွန်တော်တို့အတွက်တော့ လူထောင်ပေါင်းများစွာကို စုဆောင်းနိုင်မှာဖြစ်လို့ အလုပ်ပို လွယ်သွားစေတယ်လို့ အာဖဂန်နစ္စတန်က အိုင်အက်စ်ထိပ်တန်းတပ်မှူးတစ်ဦးဖြစ်တဲ့ အဘူ အိုမာခိုရာစန်နီက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ထရမ့်ဟာ သူ့ရဲ့မဲဆွယ်လှုပ်ရှားမှုတွေမှာ စစ်သွေးကြွအဖွဲ့တွေအပေါ်ပြင်းပြင်းထန်ထန် ပြောကြားခဲ့ပြီး စစ်အေးတိုက်ပွဲတုန်းက အောင်နိုင်ခဲ့သလိုမျိုး အိုင်အက်စ်အကြမ်းဖက် သမားတွေကိုလည်း ချေမှုန်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ဒါပေမဲ့ သူဟာနောက်ပိုင်းမှာတော့ မွတ်စလင်တွေအားလုံးဝင်ရောက်ခွင့် လုံးဝပိတ်သိမ်းဖို့ သူ့ရဲ့တောင်းဆိုချက်ကို လျှော့ချလိုက်ပြီး အကြမ်းဖက်သမားတွေ ပို့ဆောင်နေတဲ့ သမိုင်းကြောင်းရှိတဲ့ တိုင်းပြည်တွေက မွတ်စလင်တွေကိုပဲ ပြည်ဝင်ခွင့် ယာယီရပ်ဆိုင်းသွား မယ်ဆိုပြီး ပြောပါတယ်။

ဒါပေမဲ့ အိုင်အက်စ်၊ တာလီဘန်နဲ့ အယ်လ်ကိုင်းဒါးအပါအဝင် ပုန်ကန်ထကြွတဲ့အဖွဲ့ အမျိုးမျိုးအပေါ်ချေမှုန်းမယ့် သူ့ရဲ့အစီအစဉ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအမြင်အတိမ် အနက်ကိုဖော်ပြမယ့် အသေးစိတ်အချက်အလက်တွေ ကိုတော့ မပြောကြားခဲ့ပါဘူး။

အမေရိကန်ပြည်ထောင်စုဟာ ဇွန်လက အော်လန်ဒို နိုက်ကလပ်တစ်ခုကို အိုင်အက်စ်ကို သစ္စာခံထားတဲ့ သေနတ်သမားရဲ့ တိုက်ခိုက်မှုအပါအဝင် အိုင်အက်စ်စစ် သွေးကြွအဖွဲ့တွေကို အထင်ကြီးအားကျတဲ့ လက်တစ်ဆုပ်စာ မျှရှိတဲ့ တိုက်ခိုက်မှုတွေ ကြုံခဲ့ရပြီးဖြစ်ပါတယ်။

အမေရိကန် အရာရှိတွေကလည်း တကယ်လို့ အိုင်အက်စ်ကိုထောက်ခံသူတွေဟာ အရှေ့အလယ်ပိုင်းမှာ ပူးပေါင်းတိုက်ခိုက်မယ့်အစား ပြည်တွင်းမှာပဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့တိုက်တွန်းခံရမယ်ဆိုရင်အလားတူ တိုက်ခိုက်မှုတွေပိုပြီး မြင့်တက်လာ ဖွယ်ရှိနေတယ်လို့ သတိပေးထားပါတယ်။

ကျွန်တော်တို့ ခေါင်းဆောင်တွေဟာ အမေရိကန်ရွေးကောက်ပွဲနောက်ကို အနီးကပ် စောင့်ကြည့်နေကြပါတယ်၊ ပြီးတော့ အမေရိကန်နိုင်ငံသားတွေဟာ သူတို့သေတွင်း သူတို့တူးမယ်လို့ မမျှော်လင့်မိဘူး၊ အခုတော့ သူတို့က တကယ်ပဲ ကိုယ်သေတွင်း ကိုယ်တူးလိုက်ကြတာပဲလို့ အိုင်အက်စ်ရဲ့ ခိုရာစန်နီက ပြောပါတယ်။ သူကသမ္မတ ဘာရက်အိုဘားမားဟာ အလယ် အလတ်သဘောထားရှိတဲ့ မိစ္ဆာတစ်ဦးဖြစ်ပြီး ထရမ့်ထက်စာရင် ဦးနှောက် နည်းနည်းပိုကောင်းသူ အဖြစ်ရည်ညွှန်းဆိုပါတယ်။

စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအပြီး ၁၅ နှစ်ကြော်ကြာ ကြံ့ကြံ့ခံနိုင်စွမ်းရှိတဲ့ အယ်လ်ကိုင်း ဒါးကတော့ ထရမ့်ရဲ့ အောင်မြင်မှုနဲ့ပတ်သက်ပြီး မှတ်ချက်ပေးပြောကြားတာမျိုးမရှိသေးပါဘူး။ဆွန်နီဂျီဟတ်တွေရဲ့ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး အီရတ်အစိုးရအကြံပေး ဟီရှမ်အယ်လ် ဟာရှီးမီကလည်း သည်စစ်သွေးကြွအဖွဲ့ဟာ ထရမ့်ရဲ့ပထမဆုံး သမ္မတမိန့်ခွန်းပြောကြား ပြီးနောက်မှပဲတုံ့ပြန်သွားဖွယ်ရှိပြီး သူ့ရဲ့ပြောကြားချက်တွေအပေါ်အမြတ်ထုတ်အောင်ပွဲခံသွား ဖွယ်ရှိတယ်လို့ ပြောပါတယ်။

ဝါဒဖြန့် ကိရိယာတစ်ခု

သည်စစ်သွေးကြွတွေရဲ့ ကြေညာချက်တွေနဲ့ပတ်သက်ပြီးတော့ မှတ်ချက်စကားပြောဖို့ တောင်းဆိုထားတဲ့ အပေါ်ထရမ့်ရဲ့ရုံးကတော့ အကြောင်းမပြန်သေးပါဘူး။ တကယ်လို့ ထရမ့်ဟာ ဇန်နဝါရီလမှာ သမ္မတအဖြစ် တာဝန် ထမ်းဆောင်ချိန်မှာ သူ့ရဲ့ မွတ်စလင်ဆန့်ကျင်တဲ့ လေသံကို လျှော့ချလိုက်မယ်ဆိုရင်တောင်မှ မဲဆွယ်လှုပ်ရှား မှုအတွင်း သူပြောကြားထားတာတွေကပဲ စစ်သွေးကြွတွေရဲ့ဝါဒဖြန့်လက်နက်တစ်ခု အဖြစ် လုံလောက်နေပြီလို့ လေ့လာဆန်းစစ်သူတွေကပြောပါတယ်။

သူဟာ ရွေးကောက်ပွဲမဲဆွယ်တုန်းက ပြောခဲ့တဲ့အတိုင်းလုပ်ခဲ့မယ်ဆိုရင်တော့ ဒါဟာ ကမ္ဘာအနှံ့မှာရှိတဲ့ မွတ်စလင်အသိုင်းအဝိုင်းကို ဆွပေးလိုက်သလိုဖြစ်သွားနိုင်ပြီး ဂျီဟတ်အဖွဲ့အစည်းတွေကလဲ ဒါကိုအမြတ်ထုတ်သွား လိမ့်မယ်ဆိုတာ ကျွန်တော်သေချာပေါက်ပြောရဲတယ်လို့ အာဖဂန်က အကြီးတန်းတာလီဘန်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ထရမ့်အောင်ပွဲခံပြီး မကြာမီမှာပဲ ဂျီဟတ်တွေကို အားပေးထောက်ခံတဲ့ လူပေါင်းများစွာဟာ ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် ဒါဟာ သူတို့အတွက်အခွင့်အရေးတစ်ရပ်ပဲဖြစ်တယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။

Author – ချိုလေးငယ်

[ref: Reuters, Nov 14,2016.]
Kumudra
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.