မြန်မာကို ယန်းငွေ ဘီလီယံ ၈ဝဝ ဂျပန်က ထောက်ပံ့မယ်



ဂျပန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးနဲ့ မနေ့ ညနေက တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျပန်ဝန်ကြီးချုပ်က မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီအဖြစ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၇ဝဝ နဲ့ ညီမျှတဲ့ ဂျပန်ယန်းငွေ ဘီလီယံ ၈ဝဝ ထောက်ပံ့မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဂျပန်နိုင်ငံရဲ့ အခုလို ပံ့ပိုးမှုဟာ မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ တိုးတက်ရေးအတွက် အထောက်အကူဖြစ်ပါလိမ့်မယ်လို့ ပြန်လည်ပြောဆိုပါတယ်။ အဲဒီထောက်ပံ့ငွေကို ဂျပန်အစိုးရက ၅ နှစ်အတွင်းပေးအပ်မှာဖြစ်ပါတယ်။ ကူညီငွေထဲက ယန်းငွေ ဘီလီယံ ၄ဝ ကို တိုင်းရင်းသားလူနည်းစုတွေအတွက် သုံးစွဲရမှာဖြစ်ပြီး ကျန်ငွေတွေကတော့ လျှပ်စစ်စွမ်းအင်ရရှိရေး၊ လေဆိပ်ဆောက်လုပ်ရေးစတဲ့ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးရေးအတွက် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်္ဘာလ ၂ ရက်နေ့ မနေ့မနက်ပိုင်းကတော့ မြန်မာနိုင်ငံသား တထောင်ခန့်နဲ့ တိုကျိုမြို့က ဟိုတယ်တခုမှာ တွေ့ဆုံ့ခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ရောက်မြန်မာတွေအနေနဲ့ မြန်မာပြည်တိုးတက်ရေးအတွက် တတ်နိုင်သမျှပါဝင်ကူညီကြစေလိုကြောင်း၊ အဲဒီလိုတိုင်းပြည်အတွက် လုပ်ဆောင်ရာမှာ ရာထူးရမှလုပ်ကိုင်လိုတဲ့ စိတ်ဓါတ်ကို ပြင်ကြဖို့လိုကြောင်း၊ ဒီနေ့မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိလာတာဟာ အခွင့်အရေးတွေ ရာထူးတွေ မက်မောခြင်းမရှိတဲ့ ပြည်သူတွေရဲ့ ကြိုးစားဆောင်ရွက်မှုကြောင့်ဖြစ်ကြောင်း ပြောကြားရင်း စီးပွားရေးအောင်မြင်ပြီး ချမ်းသာနေတဲ့ မြန်မာတွေအနေနဲ့လည်း မိမိတယောက်တည်းချမ်းသာနေတာကို ကြေနပ်မနေပဲ ကျန်တဲ့ ပြည်သူပြည်သားတွေနဲ့ မျှဝေခံစားစေလိုကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်ရောက်မြန်မာတွေအနက် အခွန်ဆောင်သူတွေ ရှိသလို အခွန်မဆောင်ဘဲနေသူတွေလည်းရှိကြောင်းနဲ့ အခွန်ငွေဆောင်တာကို ယဉ်ကျေးမှုတရပ်အဖြစ် သဘောပေါက်ကြစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ကပြောပါတယ်။

“အခွန်ဆောင်တဲ့သူတွေကို အခွန်မဆောင်ခဲ့သူတွေနဲ့ အခုနေမှာ တန်းတူအခွင့်အရေးပေးမယ်ဆိုရင်လည်း အခွန်ဆောင်ခဲ့သူတွေအနေနဲ့ မတရားဘူးလို့ မြင်ပါလိမ့်မယ်။(လက်ခုပ်သံများ) နိုင်ငံရေးလုပ်တဲ့နေရာမှာ၊ နိုင်ငံတနိုင်ငံကို စံနစ်တခုကနေ နောက်တခုကိုပြောင်းဖို့ လုပ်တဲ့အချိန်မှာ အဲဒီလို အခက်အခဲတွေ အများကြီးတွေ့ရပါတယ်။ အရင်တုန်းက ဘယ်လိုအကြောင်းကြောင့်မို့လို့ ဘယ်သူတွေက ဘာလုပ်ခဲ့သလဲ။ ဘာကြောင့်အခုကျတော့ ဒီလိုဖြစ်ရသလဲဆိုတာ သုံးသပ်ရတဲ့အခါမှာ ကျမတို့ တဦးချင်းတဦးချင်း အတတ်နိုင်ဆုံးပေါ့နော်။ case by case တမှုချင်းတမှုချင်းကို စဉ်းစားချင်ပေမယ့် တခုချင်းလိုက်နေမယ်ဆိုရင် အချိန်ကာလ အတော်ကြာပါလိမ့်မယ်။ အဲဒီတော့ ကျမတို့က အများအတွက် တရားမျတမယ့် မူတခုချပြီးလုပ်ရမှာပါ။ စောစောက ကျမပြောသွားတယ်လေ၊ အခွန်ဆောင်ခြင်းဟာလည်း ယဉ်ကျေးမှုတရပ်ပဲလို့။ (လက်ခုပ်သံများ)”

ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအခြေအနေမှာ မိမိတို့အစိုးရအနေနဲ့ မြန်မာပြည်ဖွံဖြိုးရေးအတွက် ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲကြိုးစားနေရကြောင်း အိမ်အဟောင်းတခုကို ပြုပြင်တည်ဆောက်နေရတာနဲ့ တူကြောင်းလည်း ဥပမာပြ ပြောသွားတယ်လို့ တိုကျိုမြို့ရောက် မြန်မာ ဒီမိုကရေစီရေးလှုပ်ရှားသူ ဦးထွန်းဝေ ကပြောပါတယ်။

“ကျမတို့က တိုက်အဟောင်းကြီးကို ပြန်ပြင်နေရသလိုပဲ။ တိုက်အသစ်ဆောက်တာထက် အများကြီးပိုကြာပါတယ်တဲ့။ အရင်တုန်းက အဆောက်အအုံကလည်း ကျန်ခဲ့တာကိုး။ အင်မတန်ပိုပြီး ပင်ပန်းပါတယ်တဲ့။ အဲဒါပြောတော့ လူတွေက တဝါးဝါးနဲ့။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး မိမိတို့အနေနဲ့ အမြန်အဆန်လုပ်ဆောင်ရင် ထိခိုက်မှုများပြီး ဒဏ်ရာတွေကျန်ရစ်တတ်တဲ့အတွက် အချိန်ယူညှိနိုင်းတဲ့နည်းနဲ့ ဆောင်ရွက်မှာဖြစ်ကြောင်းပြောပါတယ်။

“အမြန်ပေါ့၊ လိုချင်တာရပြီးရော၊ ဘယ်လိုရရ ဆိုတဲ့ အဲဒီစိတ်ဓါတ်တွေဟာ တကယ်တော့ ကိုယ့်နိုင်ငံရဲ့ အနာဂတ်အတွက် ထည့်ပြီးမစဉ်းစားတဲ့ စိတ်ဓါတ်တွေပဲလို့ ကျမယုံကြည်ပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံဟာ တကယ့်ကို ၁ဝဝ% ဒီမိုကရေစီစံနှုံးစံထားတွေနဲ့ ကိုက်ညီတဲ့စံနစ်တခုဖက်ကို ရောက်သွားအောင်လို့ တဆင့်ခြင်းတဆင့် ညှိနိုင်းဆွေးနွေးပြီးတော့ ဖြစ်အောင်လုပ်သွားမယ်လို့ သံဓိဌာန်ချခဲ့တာဖြစ်ပါတယ်။”

တဆက်တည်းမှာပဲ ပြည်တွင်းစစ်ရပ်စဲရေးကြန့်ကြာနေရတဲ့ အချက်တခုကတော့ သက်ဆိုင်သူတချို့က အပစ်အခတ်ရပ်စဲရေးကို မလိုလားကြတဲ့အတွက်ပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ပြည်တွင်းစစ်ရပ်စဲဖို့က အဓိကအခက်အခဲက ဘာလဲဆိုတော့ မရပ်စဲချင်တဲ့ စိတ်ဓါတ်ပဲ (လက်ခုပ်သံများ)။ ရပ်စေချင်ရင် ရပ်စဲလို့ရတာပဲ။ ဒါပေမယ့်လည်း မရပ်စဲချင်တဲ့ အကြောင်းရင်းကို ကျမတို့ရှာရမယ်။ ဘာဖြစ်လို့ မရပ်စဲချင်တာလဲ။ ဒီစစ်ကိုရပ်စဲခြင်းအားဖြင့် ဘယ်လိုအကျိုးယုတ်မယ်ထင်လို့ မရပ်စဲချင်တာလည်း ဆိုတာ ကျမတို့မေးရမယ်။”

ပြည်တွင်းစစ်ရပ်စဲရင် အားလုံးအတွက် အကျိုးရှိမယ်ဆိုတာကို မှန်မှန်ကန်ကန် မသုံးသပ်နိုင်ကြသေးတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကပြောပါတယ်။ အဲဒီတွေ့ဆုံပွဲကို မြန်မာတချို့တက်ခွင့်မရပေမယ့် အများစုတက်ခွင့်ရတယ်လို့လည်း ဦးထွန်းဝေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်အစိုးရအသိုင်းအဝန်းကသာမက ဂျပန်နိုင်ငံသားတွေကလည်း အင်မတန်ချစ်ကြည်တာကို တွေ့ရကြောင်း နဲ့ တခြားနိုင်ငံခေါင်းဆောင်တွေ ဂျပန်ကိုလာရောက်တဲ့ခရီးစဉ်တွေနဲ့ နိုင်းစာရင် ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်ကို မီဒီယာတွေကလည်း ပိုမိုအသားပေး ဖေါ်ပြနေကြကြောင်း ဦးထွန်းဝေ ကပြောပါတယ်။

“တခြားတိုင်းပြည်တွေက နိုင်ငံ့ခေါင်းဆောင်တွေလာလို့ရှိရင် ရုပ်မြင်သံကြားတွေမှာ ဖေါ်ပြတာတွေက မိနစ်ပိုင်းပဲရှိတယ်။ အခုဟာက ဂျပန်မှာလွှင့်တဲ့ ဖူဂျီတို့ NHK တို့ နံမည်ကြီး TV ဌာနတွေက တချိန်လုံး တောက်လျှောက်ဖေါ်ပြနေတာ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒီတယောက်ပဲရှိတာ။ သူအခု ခေါင်းဆောင်ဖြစ်သွားပြီဆိုပြီး သူတို့က ဂုဏ်ယူဝမ်းသာစွာကြည့်နေကြတာ၊ စားသောက်ဆိုင်တွေကြည့်မလား၊ ကာရာအိုကေဆိုင်တွေ၊ ဟိုတယ်တွေကြည့်မလား၊ လမ်းသွားလမ်းလာတွေ TV အကြီးကြီးတွေနဲ့ တကူးတကဖေါ်ပြနေကြတာကြောင့် တခြားနိုင်ငံခေါင်းဆောင်တွေလာတာထက် သာတယ်လို့ ပြောလို့ရပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိတဲ့ နိုဝင်္ဘာလ ၁ ရက်နေ့မှာ ဂျပန် NHK ရုပ်မြင်သံကြားကပြသတဲ့ ကာတွန်းတခုကိုလည်း လူတွေက အတော်နှစ်သက်ကြပါတယ်။ အဲဒီကာတွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်အလံ တံဆိပ်ကပ်ထားတဲ့ ပြိုင်ကားတစင်းပေါ်က ကားမောင်းသူနေရာမှာ ထိုင်နေပြီး ညာဖက်လက်မကို ထောင်ပြကာ သူမောင်းနှင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အချက်ပြနေပါတယ်။ ကားဘေးမှာရှိတဲ့ ဂျပန်တွေက အဲဒီပြိုင်ကားကို အင်ဂျင်ကအစ ကားဘီးတွေအဆုံး အသစ်လဲပြီး ဓါတ်ဆီပါထည့်ပေးဖို့ လုပ်ဆောင်နေကြပါတယ်။ ထူးခြားတာကတော့ ဒေါ်အောင်ဆန်းစုကြည်မောင်းမဲ့ အဲဒီမြန်မာနိုင်ငံဆိုတဲ့ ပြိုင်ကားက တခြားပြိုင်ကားတွေလို တစင်းတည်းမဟုတ်ပဲ နောက်တွဲတခုပါနေခြင်းပါပဲ။ ပြိုင်ကားနဲ့ချိတ်ထားတဲ့ နောက်တွဲမှာထိုင်နေတာကတော့ အမျိုးသားတဦးပါ။ အဲဒီ ပုဂ္ဂိုလ်က အရပ်သား ဝတ်စုံဝတ်ထားပေမယ့် သူ့နောက်ကခုံပေါ်မှာတော့ ခေါင်းကချွတ်ထားတဲ့ စစ်ဦးထုပ်တလုံးကို မြင်ရပါတယ်။ မြန်မာပြည်ရဲ့အခြေအနေကို ဂျပန်တွေက ဘယ်လိုမြင်ကြသလဲ ဆိုတာ အဲဒီကာတွန်းမှာ ထင်ဟပ်နေတယ်လို့ ယူဆရကြောင်းပါခင်ဗျာ။

Photo: Myanmar State Counsellor Office
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.