ဂျာကာတာ အုံကြွမှုကြောင့် ဂျိုကိုဝီ နိုင်ငံခြားခရီး ပယ်ဖျက်


အင်ဒိုနီးရှား နိုင်ငံ ဂျကာတာ မြို့တော်မှာ ဘာသာရေး အယူသည်း မွတ်ဆလင်မ် တွေ သောင်းချီ ဆန္ဒပြ ကြတာကနေ သွေးထွက်သံယို ဖြစ်ရပ်တွေ ပေါ်ပေါက် လာပြီး လူသေဆုံးတဲ့ အထိ ဖြစ်လာခဲ့တဲ့ အတွက် အခုဆိုရင် သမ္မတ ဂျိုကို ဝီဒိုဒို တစ်ယောက် သူ့ရဲ့ နိုင်ငံခြား ခရီးစဉ်ကို ပယ်ဖျက် လိုက်ပါတယ်။

ဂျာကာတာ အုပ်ချုပ်ရေးမှုး အပေါ် ဘာသာရေး အခြေခံနဲ့ ဆန္ဒပြ လာသူတွေကြား နိုင်ငံရေး ခြေထိုးမှု တွေလည်း ရှိလာခဲ့တယ်လို့ ဂျိုကိုဝီ လို့ လူတွေကြား အခေါ်များတဲ့ သမ္မတ ဝီဒိုဒိုက စွပ်စွဲ ပြစ်တင်ရင်း သူ့ရဲ့ ဩစတြလျ ခရီးစဉ်ကို ဖျက်လိုက် တာပါ။

ခရစ်ယာန် တစ်ယောက် ဖြစ်တဲ့ ဂျကာတာ မြို့တော်ဝန် ဘာဆူကီ ကျဟာယာ ပူရ်နာမာ ဟာ အစ္စလာမ် ဘာသာက အထွဋ်အမြတ် ထားတဲ့ ကိုရ်အန် ကျမ်းစာကို စော်ကား ပြောဆို ခဲ့တယ် ဆိုတဲ့ အမြင်နဲ့ မြို့တော် ဂျကာတာမှာ သောကြာနေ့ က စလို့ ဘာသာရေး ပြင်းထန်တဲ့ လူတွေ ၅ သောင်း ဝန်းကျင် စုဝေး ဆန္ဒပြလာ ခဲ့ကြပါတယ်။

မွတ်ဆလင်မ်တွေဟာ မွတ်ဆလင်မ် မဟုတ်သူကို ခေါင်းဆောင် အဖြစ် မရွေးသင့်ဘူး ဆိုတဲ့ ကိုရ်အန်ပါ စာသား ကို နိုင်ငံရေး အတိုက်အခံတွေက အသုံးချ နေတယ်လို့ မြို့တော်ဝန် ပူရ်နာမာ က ပြောခဲ့တာဟာ ကိုရ်အန် အပေါ် တလွဲ ဖွင့်ဆိုတာပဲ ဆိုပြီး ဆန္ဒပြ မွတ်ဆင်မ်တွေက မကျေ မနပ် ဖြစ်နေ ခဲ့ကြပါတယ်။

သောကြာနေ့ စုပေါင်း ဝတ်ပြုမှု အပြီး လူစုခွဲဖို့ အာဏာပိုင်တွေက အမိန့် ထုတ်ထားတာကို ဆန္ဒပြသမားတွေက မလိုက်နာပဲ ဂျာကာတာ မြို့လယ်က လမ်းတွေပေါ် ဆက်လက် စုရုံး ခဲ့ကြပြီး မြို့တော်ဝန် ပူရ်နာမာကို ဖမ်းဆီး အရေးယူ ပေးဖို့ အစိုးရ ကို တောင်းဆို ခဲ့ကြပါတယ်။

အထူးသဖြင့် သမ္မတ အိမ်တော် အနီး ဆန္ဒပြသမားတွေ လူစုမခွဲပဲ ဖြစ်နေတဲ့ အတွက် ရဲက မီးသတ်ပိုက်တွေသုံး လူစုခွဲ ခဲ့တာကနေ ကိုယ်ထိလက်ရောက် ရုန်းရင်းဆန်ခတ်တွေ ဖြစ်လာကြပါတယ်။

ညမှောင်လာလေ ဆန္ဒပြသူတွေက လမ်းပေါ်က ကားတွေကို မီးရှို့ကြ၊ ရဲတွေနဲ့ ကိုယ်ထိ လက်ရောက် ဖြစ်ကြနဲ့ အုံကြွ လာခဲ့ကြပါတယ်။

ဒီဖြစ်ရပ်ကြောင့် အနည်းဆုံး လူတစ်ယောက် သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူ ၁၂ ယောက် ရှိတယ်လို့ ဂျကာတာ မြို့က လာတဲ့ သတင်းတွေက ဆိုပါတယ်။

ဆန္ဒပြသမားတွေ ရန်လိုလာအောင် လှုံ့ဆော်ခဲ့သူ တချို့ကို ဖမ်းဆီး ထားကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့ရ ပြောခွင့်ရ ရပ်ဖ်လီ အမဲရ် က ပြောပါတယ်။

မြို့တော်ဝန် ပူရ်နာမာ က သူ့ ပြောဆိုမှု နဲ့ ပတ်သက်လို့ တောင်းပန် စကား ဆိုခဲ့ပေမယ့်၊ ဒီစကား အပေါ် တရားဝင် ကန့်ကွက်မှုတွေ ရှိနေတဲ့ အတွက် မြို့တော်ဝန်ကို စုံစမ်းမှုတွေ ပြုလုပ် လာနိုင်ဖွယ် ရှိနေပါတယ်။
BBC Burmese
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.