ဘုရားသခင်ပေးတဲ့မြေ



တိုးရစ်တယောက်က ကျွန်တော့်ကို ပုံပြင်တပုဒ်ပြောဖူးသည်။ ထိုပုံပြင်လေးမှာ ဤသို့ဖြစ်သည်။ ကမ္ဘာကြီးကိုစတင်ဖန်ဆင်းပြီးနောက် အချိန်ကာလတခုသို့ရောက်သောအခါတွင် ဘုရားသခင်ထံသို့ ကမ္ဘာ့နိုင်ငံ အသီးသီးမှ လူများရောက်လာကာ သက်ဆိုင်ရာလူမျိုးအလိုက် နိုင်ငံထူထောင်ရန် မြေနေရာများ တောင်းခံခဲ့ ကြသည်ဟုဆို၏။ ထို့ကြောင့် ဘုရားသခင်သည် အင်္ဂလိပ်များကို ယခုအင်္ဂလန်ကျွန်းနေရာ၊ အမေရိကန်များကို အမေရိကန်ပြည်ထောင်စုနေရာ၊ ရုရှားများကို ရုရှားနိုင်ငံနယ် နိမိတ်၊ တရုတ်များအား တရုတ်ပြည်၊ ဂျပန်တို့အား ဂျပန်ကျွန်း၊ အာဖရိကန်များအား အာဖရိကတိုင်းပြည်များစသည်ဖြင့် အရင်လာသူ အရင်ယူ စနစ်ဖြင့် ကမ္ဘာပေါ်ရှိမြေနေရာများကို ဝေခြမ်းပေးခဲ့သည်ဟုဆို၏။ ထိုမြေ ယာဝေခြမ်းပွဲသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် သည် အတော်ကြီးအချိန် နောက်ကျမှ မောကြီးပန်းကြီးရောက်လာသည်ဟုဆို၏။ သူရောက်လာချိန်တွင် မြေယာများမှာ တကမ္ဘာလုံးဝေခြမ်း၍ပြီးသွားလေပြီ။ သူ့အတွက် နေရာမကျန်ရှိတော့ပြီ။ ထိုအခါ နောက်ကျမှရောက်လာသော မြန်မာသည် သူ့အတွက် နေရာတနေရာပေးသနားပါရန် ဘုရားသခင်အားငိုယို လျှောက်ထားရာ အလွန်သနားသွားသော ဘုရားသခင်သည် မြန်မာအား ဤသို့ပြောသည်ဆို၏။

''ဒီကမ္ဘာပေါ်မှာ မင်းတို့ကိုပေးဖို့ မြေလက်ကျန်မရှိတော့ဘူး၊ အားလုံးကိုပေးဝေပြီးသွားပြီ။ ဒါပေမဲ့ မပူပါနဲ့၊ ငါဘုရားအတွက် သီးသန့်ချန်ထားတဲ့အကောင်းဆုံးမြေနေရာတခု ကျန်နေသေးတယ်။ အဲဒါကတော့ ငါဘုရားအတွက်ချန်ထားတာမို့ အကောင်းဆုံးထဲက အကောင်းဆုံးပေါ့ကွာ။ အဲဒီမြေကွက်မှာ ပင်လယ်ကြီးလည်း ရှိတယ်၊ မြစ်ချောင်းအင်းအိုင်တွေလည်း ရှိတယ်၊ ကျွန်းသစ်တောတွေလည်း ရှိတယ်၊ အမြဲစိမ်းသစ်တောတွေလည်းရှိတယ်၊ ကျောက်စိမ်း၊ နီလာ၊ ပတ္တမြား စတဲ့ ကျောက်မျက်တွေလည်းရှိတယ်။ ရွှေ၊ ငွေ၊ ကြေးနီ၊ ပယင်း၊ ဒုတ္ထာတွေလည်းရှိတယ်၊ နှင်းဖုံးတောင်တန်းကြီးတွေလည်း ရှိတယ်၊ ပင်လယ်ထဲက ကျွန်း အလှတွေလည်းရှိတယ်။ သဘာဝသဲသောင်ပြင်တွေလည်းရှိတယ်၊ ဘာပဲစိုက်စိုက် ပေါက်ရောက်ရှင်သန်နိုင်တဲ့ မြေဆီမြေသြဇာတွေလည်းရှိတယ်၊ နွေ၊ မိုး၊ ဆောင်းဆိုတဲ့ ဥတုသုံးလီလည်းရှိတယ်၊ ကဲကဲ အဲဒီမြေကြီးကိုပဲ မင်းတို့ယူသွားပေတော့၊ ဒါပေမဲ့ တခုတော့ရှိတယ်၊ အဲဒီမြေကြီးဟာ ဘုရားအတွက် ရည်ရွယ်ထားတဲ့ မြေကြီးဖြစ်တာကြောင့် ကျိန်စာတခုတော့ရှိတယ်၊ အဲဒီမြေကြီးမှာ ပညာရှိတဲ့သူတွေ၊ အတ္တနည်းတဲ့သူတွေ၊ ကိုယ်ကျိုးမကြည့်တဲ့သူတွေ၊ အမြင်ကျယ်တဲ့သူတွေပဲ နိုင်ငံကိုဦးဆောင်ရမယ်။ ပညာမရှိသူ၊ အတ္တကြီးသူ၊ ကိုယ်ကျိုးကြည့်လွန်းသူ၊ အမြင်ကျဉ်းမြောင်းသူတွေ နိုင်ငံကိုဦးဆောင်ခဲ့ရင် အဲဒီမြေဟာ သယံဇာတ ကျိန်စာသင့်ပြီး ဘေးဒုက္ခအမျိုးမျိုးရောက်ပြီး လူတွေဟာ ဆင်းရဲဒုက္ခရောက်လိမ့်မယ်'' လို့ ပြောဆိုပြီး သူ့အတွက် သီးသန့်ချန်ထားတဲ့မြေကို ဘုရားကပေးလိုက်ပါသတဲ့။

ဒီလိုနဲ့ ဒီမြေဟာ မြန်မာနိုင်ငံရယ်လို့ဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။ ပုံပြင်လေးတပုဒ်ပေမယ့် စဉ်းစားစရာ တွေလည်း ပါလာပါတယ်။ ဟုတ်ပါတယ်၊ ကျွန်တော်တို့နိုင်ငံဟာ ရောက်ဖူးသူတိုင်းက ကမ္ဘာပေါ်မှာ အလှဆုံး တိုင်းပြည်တပြည်ရယ်လို့ ၀န်ခံကြပါတယ်။ ဒါပေမဲ့ အဲဒီလောက်သာယာ လှပတဲ့နိုင်ငံကို လာရောက်လေ့လာတဲ့ ကမ္ဘာလှည့်တိုးရစ်တွေနဲ့ ခြေချင်းလိမ်နေတာတော့ မဟုတ်ပါဘူး။ မကောင်းခြောက်လ ကောင်းခြောက်လဆိုတဲ့ ခရီးသွားလုပ်ငန်းကစကားတခွန်းလို နိုင်ငံခြားသားအလာနည်းလို့ တမော့မော့မျှော်နေရတဲ့ တိုင်းပြည်ပါ။ တနှစ်ကို လေးသန်းလာတယ်၊ ငါးသန်းလာတယ်နဲ့ မစားရ၀ခမန်းပြောနေကြပေမယ့် နယ်စပ်စည်းမျဉ်း ကိုဖြတ်ပြီး သေးဝင်ပေါက်တဲ့သူတွေ၊ ဈေးလာဝယ်တဲ့သူတွေ၊ အိန္ဒိယဘက်က ကူလီလာထမ်းတဲ့သူတွေ၊ စီးပွားရေးကိစ္စနဲ့လာတဲ့သူတွေ၊ အစည်းအဝေးလာတက်သူတွေ အစိုးရဧည့်သည်တော်တွေ မည်းမည်းမြင်သမျှ နိုင်ငံခြားသားတိုးရစ်ထဲ စာရင်းထည့်ထားတဲ့အရေအတွက်ပါ။ တကယ့်တိုးရစ်အစစ်တွေကတော့ ပုဂံကိုလာတဲ့ ခရီးသည်အရေအတွက်၊ ရွှေတိဂုံဘုရားကိုလာတဲ့ နိုင်ငံခြားသားအရေအတွက်ကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီလူတွေဟာ တနှစ်ကိုတခါမှ သန်းဂဏန်းမရှိခဲ့ပါဘူး။ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ အာဆီယံ မလေးရှားနိုင်ငံတွေမှာတော့ တနှစ်ကို ၁၉ သန်းလာ တဲ့နိုင်ငံနဲ့ ၂၃ သန်းလာတဲ့နိုင်ငံနဲ့ ခရီးသွားလုပ်ငန်းဟာ အားရစရာကြီးပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့က ကျွန်တော်ဟာ မြန်မာပြည်တောင်ပိုင်း မြိတ်မြို့ကို စာပေဟောပြောပွဲတခုကို ဟောပြောဖို့ရောက်ခဲ့ပါတယ်။ ဟောရမယ့်သူတွေကတော့ ဦးဘုန်း(ဓာတု)၊ ဆရာမနှင်းပန်းအိမ်နဲ့ စာရေးသူသရ၀ဏ်(ပြည်)တို့ သုံးယောက်ဖြစ်ပါတယ်။ မြိတ်ဆိုတာနဲ့ ပျော်ရွှင်မိတယ်။ အရမ်းလှတဲ့မြို့လို့ ခရီးသွားလမ်းညွှန်စာအုပ်တွေထဲမှာရေးတာကြောင့်ရော၊ စာရေးဆရာကြီးမောရစ်ကောလစ်နေသွားတဲ့မြို့ ဖြစ်တာကြောင့်ရော၊ နိုင်ငံခြားသားတိုးရစ်တွေ ပြောသံကိုကြားဖူးတာကြောင့်ရော၊ အဏ္ဏ၀ါခရီးသွားလုပ်ငန်းမှာ ထွန်းပေါက်လာနိုင်တဲ့ဒေသဖြစ်တယ်ဆိုတာ သိဖူးကြားဖူးထားတာကြောင့်ရော ဖြစ်ပါတယ်။ ကျွန်တော် တို့နိုင်ငံဟာ ခရီးသွားလုပ်ငန်းကနေ ငွေမရှာတတ်တာ၊ စီးပွားရေးအမြင် မရှိတာကို ရန်ကုန်လေဆိပ်မှာ ကတည်းက သတိထားမိပါတယ်။ မနက်အစောကြီး လေဆိပ်ပြည်တွင်းထွက်ခွာစောင့်ဆိုင်းခန်းမမှာ စောင့်နေကြတဲ့ ပြည်တွင်းပြည်ပကခရီးသည်တွေဟာ လူငါးရာ၊ ခြောက်ရာလောက်ရှိမှာပါ။ ဒီလူတွေဟာ လေယာဉ်စီးနိုင်တယ်ဆိုကတည်းက ပိုက်ဆံသုံးနိုင်တဲ့သူတွေဖြစ်မှာ သေချာပါတယ်။

သူတို့ဟာ ဘာဝန်ဆောင်မှုမှမရှိတဲ့ အခန်းထဲမှာ တနာရီ၊ တနာရီ ခွဲလောက် ငုတ်တုတ်ထိုင်စောင့်ကြရတာပါ။ အပေါ်ထပ်ကိုတက်သွားရင် ကော်ဖီ၊ လက်ဖက်ရည်ရောင်းတဲ့ဆိုင် နှစ်ဆိုင်ရှိတာကလွဲတို့ တခြားဝင်ငွေရရာ ရကြောင်း ဘာမှမလုပ်ကြတာ တွေ့ ရပါတယ်။ တကယ်ဆိုရင် စာအုပ်၊ သတင်းစာ၊ ဂျာနယ်ရောင်းတဲ့ဆိုင်၊ မြန်မာ့လက်မှုပစ္စည်းအမှတ် တရလက်ဆောင်အရောင်းဆိုင်၊ Duty Free အရောင်းဆိုင်၊ စတိုးဆိုင်၊ အလှကုန် ပစ္စည်းအရောင်းဆိုင်၊ ပန်းချီကားအရောင်းဆိုင်၊ ရန်ကုန် လက်ဆောင်ကိတ်မုန့်၊ ပေါင်မုန့်၊ ဒိုးနတ်မုန့်အရောင်းဆိုင်တွေ ထားပေးနိုင်ရင်ခရီးသည်တွေအိတ်ထဲကငွေတွေကို အသာကလေးပညာပါပါ ယူထားနိုင်မှာပါ။ ထိုင်းနိုင်ငံက လေဆိပ်တွေမှာဆို စာအုပ်ဆိုင်၊ စတိုးဆိုင်၊ စားသောက်ဆိုင်အမျိုးမျိုးအပြင် အနှိပ်ခန်းတွေ၊Day Room လို့ခေါ်တဲ့ ခဏတဖြုတ် နားနေလို့ရတဲ့၊ ရေချိုးလို့ရတဲ့ အခန်းလေးတွေကို စီစဉ်ထား ရှိပေးပါတယ်။ ကိုယ့်နိုင်ငံထဲကိုဝင်လာတဲ့ ပြည်တွင်းပြည်ပက ဧည့်သည် တွေဆီက ပိုက်ဆံကို တရားမျှတတဲ့ နည်းပေါင်းစုံနဲ့ရှာဖွေတတ်ခြင်းက မြန်မာတွေ အတုယူသင့်ပါတယ်။ မြန်မာနိုင်ငံရဲ့အကြီးဆုံးဖြစ်တဲ့ ရန်ကုန် လေဆိပ်ပြည်တွင်းထွက်ခွာဆောင်ကတော့ မနက်စောစော ခရီးသည် လေး၊ ငါး၊ ခြောက်ရာကို ခန်းမကြီးထဲမှာ စုထည့်ထားပြီး လက်ဖက်ရည်၊ ကော်ဖီရောင်းတာကလွဲလို့ ဘာစီးပွားရေးမှ မလုပ်တတ်တာကြောင့် ခရီးသည် များဟာ ပိုက်ဆံရှိပါလျက် ငုတ်တုတ်ထိုင်နေရတဲ့ အဖြစ်ပါပဲ။ ဒါ့ကြောင့် ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုဆိုတာ အဲဒီနေရာ တနေရာကို ကြည့်လိုက်ရုံနဲ့ မြင်သာထင်ရှားရှိလှပါတယ်။

မြိတ်မြို့ကိုရောက်တဲ့အခါ စာပေဟောပြောပွဲနှစ်ပွဲ ဟောရပါတယ်။ နေ့ခင်းပွဲတပွဲ ညပွဲတပွဲပါ။ နေ့ခင်းပွဲကတော့ ကန်စွန်းအင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ကျောင်းသားကျောင်းသူတွေကို ဟောပြောရတာပါ။ ကိုယ်ပိုင်ကျောင်းဆိုပေမယ့် ရန်ကုန်ကကျောင်းတွေလို ကျဉ်းကျဉ်းကျပ်ကျပ်မဟုတ်ဘဲ အင်မတန်ကျယ်ဝန်းတဲ့ ကျောင်းဝင်းကြီးထဲက ခန်းမကြီးထဲမှာ ဟောရတာပါ။ အင်မတန်အောင်မြင်တဲ့ ဟောပြောပွဲဖြစ်ပါတယ်။ ညဘက်ကျတော့ ရပ်ကွက်ထဲမှာ ဟောရပါတယ်။ ဆရာမနှင်းပန်း အိမ်၊ သရ၀ဏ်(ပြည်) ၊ဦးဘုန်း(ဓာတု) အစဉ်အလိုက် ဟောကြပါတယ်။ မြိတ်စာပေပရိသတ်ဟာ အင်မတန်အားပေးကြပါတယ်။ မိုးကရွာမလိုလိုနဲ့ နောက်တော့ မရွာပါဘူး။ စာပေမဟောခင်နဲ့ ဟောပြောအပြီးမှာ မြို့ခံတွေဖြစ်တဲ့ ဦးအောင်သန်း၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်တင်တင်ထွေး၊ ဒေါ်နွယ်နွယ်ယု၊ ဒေါ်မို့မို့သူ၊ စာရေးဆရာကိုမြတ်ရှိန်တို့က Myeik Shopping Center ကမ်းနားလမ်းမှာ ညစာနဲ့တည်ခင်းဧည့်ခံပါတယ်။ မြို့ခံ စာရေးဆရာတွေဖြစ်တဲ့ ဆရာနရီ(မြိတ်)၊ ကဗျာဆရာမဆောင်းရိပ်ခို၊ ဆရာ ရည်မွန်သင်းနဲ့ ဘုန်းဘုန်းတပါး လာရောက်နှုတ်ဆက်အားပေးပါတယ်။

ဟောပြောပြီးနောက်တနေ့မှာ ကျွန်တော်အကြိုက်ဆုံး အပိုင်းကဏ္ဍကို ရောက်လာပါတယ်။ အဲဒါကတော့ ပင်လယ်ထဲက မြိတ်ကျွန်းစုတွေကို လေ့လာရေးခရီးထွက်ကြတာပါပဲ။ ကျွန်တော်က အဲဒိခရီးကိုသွားချင်လို့ နိုဝင်ဘာ(၁၁)ရက်နေ့ ရန်ကုန်မှာTour Guide လိုက်ရမယ့်ခရီးတခုကို ကြိုတင်ဖျက်သိမ်းပြီး အခြားဂိုက် တယောက်ကို လွှဲပေးခဲ့ပါတယ်။ ဦးဘုန်း (ဓာတု)နဲ့ ဆရာမနှင်းပန်းအိမ်ကတော့ ချိန်းထားပြီးသား အလုပ်တွေရှိတာကြောင့် ပင်လယ်ခရီးကိုမလိုက်နိုင်ဘဲ ရန်ကုန်ကို လေယာဉ်နဲ့ပြန်သွားကြပါတယ်။ နံနက် ၇ နာရီခွဲမှာ မော်တော်ထွက်မှာမို့ မြိတ်ဆိပ်ကမ်းကို နံနက် ၇း၁၅ နာရီလောက်မှာ ဆင်းခဲ့ကြပါတယ်။ SAKURA ခရီးသွားကုမ္ပဏီပိုင်ရှင်၊ မြိတ်ခရီးသွားလုပ်ငန်းအသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ ကိုဇော်မင်းဦးက ဒီခရီးကိုစီစဉ်ပေးတာပါ။ ခရီးစဉ်မှာ ကျွန်တော်အဖော်ရအောင် ကန်စွန်းအင်းကိုယ်ပိုင်ကျောင်းရဲ့ ပူးတွဲတည်ထောင်သူ ဦးအောင်သန်းနဲ့ စာရေးဆရာမြတ်ရှိန်တို့ လိုက်ပါလာကြပါတယ်။ နိုင်ငံခြားသား (၆)ယောက်နဲ့ မြန်မာခရီးသည် (၅)ယောက် လည်း လိုက်ပါလာသေးတာကြောင့် စုစုပေါင်းခရီးသည် (၁၄)ယောက်ဖြစ်ပါတယ်။ ကျွန်တော်တို့စီးရတဲ့ မော်တော်ကတော့ လူ ၂၄ ယောက်လောက်အထိ သယ်ဆောင်နိုင်တဲ့ ထိုင်းနိုင်ငံလုပ် Mergui Angel 1 လို့ အမည်ပေးထားတဲ့ စပိဘုတ်တစီးပဲဖြစ်ပါတယ်။ စပိဘုတ်ဟာ မြင်းကောင်ရေ ၂၅၀ အားရှိတဲ့ အင်ဂျင် အသစ်နှစ်လုံးတပ်ထားတဲ့ ခေတ်မီစက်လှေတစီး ဖြစ်ပါတယ်။ စက်လှေပေါ်မှာ အပေါ်ထပ် အောက်ထပ်နှစ်ထပ်ရှိပြီး အောက်ထပ်မှာ အိမ်သာပါတဲ့အတွက် ခရီးသည်များအတွက် အပေါ့အလေးသွားဖို့ အဆင်ပြေလှပါတယ်။ စက်မောင်းသူနှစ်ယောက်နဲ့ ၀န်ထမ်းလူငယ်နှစ်ဦးလည်း လိုက်ပါလာပါတယ်။ စက်လှေဟာ ရေပြင်ပေါ်မှာ တရိပ်ရိပ်ပြေးလွှားနေပါတော့တယ်။ မမြန်လွန်းမနှေးလွန်းတဲ့ အမြန်နှုန်းနဲ့ ကျွန်တော်တို့ဟာ ပင်လယ်ဘက်ကို ထွက်ခွာလာကြပါတယ်။ ကမ်းခြေတလျှောက်မှာ ဒီရေတော (Mangrove Swamp)တွေလည်း အများကြီးတွေ့ပါတယ်။ မီးသွေးဖုတ်တဲ့လူတွေလက်ချက်နဲ့ ဒီရေတောတွေ နည်းပါးလာ နေတယ်ဆိုတာ ကြားရတော့ စိတ်မကောင်းပါဘူး။ ပုဂံမှာကြည့်လေရာရာ ဘုရားစေတီပုထိုးတွေ လက်ညှိုး ထိုးမလွဲအောင် တွေ့မြင်ရသလို မြိတ်ဆိပ်ကမ်းကနေ ပင်လယ်ဘက်ကို ထွက်လာတာနဲ့ အရွယ်အစားအမျိုးမျိုးသော ကျွန်းကြီးကျွန်းငယ်တွေဟာ လက်ညှိုးထိုးလို့မလွဲအောင် တွေ့မြင်နေရပါတော့ တယ်။ မြိတ်ကျွန်းစုဟာ ကျွန်းပေါင်း (၈၀၀)ကျော်နဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။ အင်မတန်လှပတဲ့ မြင်ကွင်းပါပဲ။ ရေဟာ အခိျု့နေရာမှာစိမ်းနေ၊ အခိျု့နေရာမှာ ပြာနေပါတယ်။ ငါးဖမ်းစက်လှေတချို့ကိုတွေ့ ပါတယ်။ ကမ်းဝေးငါးဖမ်းစက် လှေလိုင်စင်ခံထားပြီး ကမ်းနီးမှာဖမ်းနေကြလို့ နိုင်ငံတော်ကနစ်နာနေ ကြောင်း ဒေသခံတွေကပြောပါတယ်။ ခိုးဖမ်းတယ်ဆိုတဲ့ ငါးဖမ်းသင်္ဘောဟာ အတော်ကြီးပါတယ်။ ခိုးဖမ်းတယ်ဆိုပေမယ့် နေ့ခင်းကြောင်တောင်ကြီး အဝေးကြီးက သာမန်မျက်စိနဲ့ကြည့်ရင်တောင် မြင်နေရတာကြောင့် တရားဝင်ခိုး ဖမ်းတာဖြစ်နိုင်ကြောင်း သဘောပေါက်မိပါတယ်။ မြန်မာပြည် မှာကတော့ ရေလောင်းရင်နေကောင်းသွားတာ ထုံးစံတခုလိုပါပဲ။ မြိတ်က ထွက်လာပြီး တနာရီလောက်ကြာတော့ ရေတံခွန်ဖြုဖြူတန်းကြီး ပင်လယ်ထဲကို တဖွားဖွားကျနေတဲ့ လှပတဲ့ကျွန်းတကျွန်းကို တွေ့လိုက်ရပါတယ်။

''ဆရာသရ၀ဏ် ဒုံး မဝေးတော့ဘူးဗျ''လို့ ကိုမြတ်ရှိန်က ပြောပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ ကျွန်းနာမည်က ဒုံးကျွန်းပါတဲ့။ ဒုံးကျွန်းဟာ ပင်လယ်ထဲမှာ ရှားရှားပါးပါးရေချိုတွေဟာ ပင်လယ်ရေငန်တွေထဲကို အဆက်မပြတ် စီးကျနေပါတယ်။ ရေတွေဟာ နှမြောစရာတောင်ကောင်းပါတယ်။ အရာရာဟာ ကမ္ဘာဦးခေတ်ကလို သဘာဝအတိုင်းဖြစ်တည် နေတာပါ။ အချို့ ရေချိုလိုချင်တဲ့တံငါသည်တွေ ကျွန်းသားတွေအချို့ကတော့ အဲဒီဒုံးကျွန်းရေတံခွန်ကို လှေကလေးတွေနဲ့ ရေလာခပ်တာလည်း တွေ့ရပါတယ်။ အဲဒီကျွန်းဟာ သာယာလွန်းပြီး လူမရှိပါဘူး။ နာရီဝက်လောက် ခဏရပ်နားတဲ့အတွင်းမှာ ခရီးသည် အားလုံးနီးပါးဟာ ရေတံခွန်အောက်က သဘာဝရေကန်လိုဖြစ်နေတဲ့နေရာမှာ ရေကူးရေချိုးကြပါတယ်။ ကျွန်တော်လည်း သဘာဝရဲ့ဖြားယောင်းမှုဒဏ်ကို မခံနိုင်တော့လို့ ၀င်ပြီးရေချိုးမိပါတယ်။ ရေဟာ ကြည်လင်ပြီး အောက်ခြေကျောက်သားကိုတောင် မြင်နေရပါတယ်။ အဲဒီကျွန်းကနေထွက်လာတော့ ရှုခင်းတွေဟာ ပိုပြီးလှလာပါတယ်။ ကျွန်တော်ကြည့်ဖူးတဲ့ ဓာတ်ပုံတွေ၊ ရုပ်ရှင်တွေထဲက ထိုင်းနိုင်ငံရဲ့ ဖူးခက်ကျွန်းတို့၊ ဖီဖီကျွန်းတို့၊ ဗီယက်နမ်နိုင်ငံက ကမ္ဘာကျော်ဟောင်လုံဘေး(Ha Long Bay)တို့က မြင်ကွင်းမျိုးကို တွေ့ရတာပါ။ ဒါဟာ မြန်မာပြည်မှဟုတ်ရဲ့လား၊ နိုင်ငံခြားကိုရောက် နေသလားဆိုတဲ့ခံစားချက်မျိုးကိုတောင် ဖြစ်ပေါ်စေ ပါတယ်။ သစ်ပင်တွေနဲ့ ညို့မှိုင်းနေတဲ့ ကျွန်းစိမ်းကြီးတွေ၊ စိမ်းလဲ့နေတဲ့ရေပြင်၊ ဟိုတစသည်တစ ရေပေါ်မှာပေါ်နေတဲ့ မျှော်စင်လိုကျွန်းတွေ၊ ပြေပြေလျှောလျှောတောင်တန်းလေးတွေလိုဖြစ်နေတဲ့ ကျွန်းတွေ၊ လူသူမနေထိုင်တဲ့ သဘာဝအရိုင်း သက်သက်ပဲရှိနေသေးတဲ့ ကျွန်းတွေ။ အေးမြလတ်ဆတ်တဲ့ ပင်လယ် ရေတွေ။ မြို့ပြရဲ့ဆူညံမှုတွေမရှိတဲ့ ငှက်အော်သံသဲ့သဲ့နဲ့ ငြိမ်းချမ်းလှတဲ့ ပတ်ဝန်းကျင်။ ဘယ်လောက် ဝေးဝေးကိုပဲကြည့်ကြည့် အစအဆုံးမထင်နိုင်တဲ့ ပင်လယ်မြင်ကွင်းတွေဟာ မွန်းကျပ်လှတဲ့မြို့ပြမှာ နေထိုင်ခဲ့ရသူတွေအတွက်တော့ နတ်ပြည်ကို ရောက်သွားသလိုပါပဲ။ နိုင်ငံခြားသားတွေလည်း အင်မတန် သဘောကျနေတာကို တွေ့ရပါတယ်။

မကြာခင်မှာ နတ်သမီးရေတွင်းကျွန်းဆိုတဲ့ နာမည်ဆန်းဆန်းနဲ့ ကျွန်းတကျွန်းကို ရောက်ပါတယ်။ မြိတ်မြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် (၅၀)ခန့်မှာ တည်ရှိတဲ့ကျွန်းပါ။ ထုံးစံအတိုင်း လူမနေတဲ့ ကျွန်းတကျွန်းဖြစ်တယ် လို့ ဆိုပါတယ်။ အဲဒီကျွန်းကို သဘာဝအခြေခံခရီးသွား လုပ်ငန်းအတွက်သုံးဖို့ SAKURA Travels and Tours က ကိုဇော်မင်းဦးက ကြိုးစားနေပါတယ်။ သဘာဝခရီးသွားလုပ်ငန်းသာ တွင်ကျယ်လာမယ်ဆိုရင် ဒီနတ် သမီးရေတွင်းကျွန်းဟာ နိုင်ငံခြားသားတွေကို အတော်ဆွဲဆောင်နိုင်မှာ သေချာပါတယ်။ ကျွန်းဟာ ချောင်းသာ၊ ငွေဆောင်လောက် ကမ်းခြေမရှည်ပေမယ့် ဖြူလွလွသဲသောင်ခြေဟာ အတော်ကြီးကိုရှည်လျားပါတယ်။ ရေဟာလည်း ကြည်လင်နေလိုက်တာ အောက်ကသွားနေတဲ့ ငါးအုပ်ကိုတောင် မြင်ရပါတယ်။ သန္တာ ကျောက်တန်းတွေလည်း ရှိပါတယ်။ သဲဟာမြင်ဖူးသမျှ သဲထဲမှာ အနူးညံ့ဆုံးသဲပါပဲ။ ခြေထောက် နဲ့နင်းလိုက် တိုင်း သဲအောက်က အသံမြည်နေပါတယ်။ နုလိုက်တာမှ ဆန်ခါချထားတာထက်တောင် နူးညံ့တဲ့သဲတွေပါပဲ။ လူမနေတဲ့ကျွန်းဆိုတော့ တိတ်ဆိတ်လိုက်တာမှ ကမ္ဘာဦးခေတ်ကိုပြန်ရောက်သွားသလား ထင်ရပါတယ်။ အဆင်သင့်ယူဆောင်လာတဲ့ စားစရာတွေကို အသင့်ဆောက်လုပ်ထားတဲ့ သစ်သားစားပွဲတွေပေါ်မှာ စားသောက်ကြပါတယ်။ ခရီးသွားကုမ္ပဏီက ခရီးသည်အားလုံးအတွက် အစားအသောက်ပါ စီစဉ်ထား ပေးတာပါ။ လမ်းမှာ ရေ၊ ကိုကာကိုလာများလည်း အလျှံပယ်တိုက်ပါတယ်။ ကော်ဖီမစ်တွေလည်း ပါလာ ပါတယ်။ ဖရဲသီး၊ ငှက်ပျောသီးများလည်း ကျွေးပါတယ်။ ထမင်းကတော့ ကြက်သားနဲ့ ဘူးသီးဟင်း၊ ရေခူသုပ်၊ အစိမ်းကြော်များ ဖြစ်ပါတယ်။ ပင်လယ်လေတဖြူးဖြူးနဲ့စားလို့ မြိန်လွန်းပါတယ်။

ဒီလောက်သာယာလှပလွန်းတဲ့နေရာတွေမှာ တိုးရစ်တွေကို မမြင်တာနဲ့မေးကြည့်မိပါတယ်။ ဒေသခံတွေဟာ ဒီဒေသမှာ ခရီးသွားလုပ်ငန်းထွန်းကားစေချင်ပါတယ်။ ရေလုပ်ငန်းတံငါလုပ်ငန်းပဲရှိတဲ့နေရာ၊ ထိုင်းနိုင်ငံကိုပဲ လူငယ်တွေ အရွယ်ကောင်းတွေ အလုပ်သွားလုပ်ရတဲ့နေရာကနေ ကိုယ့်ဒေသမှာကိုယ်ပိုင်ပိုင်နိုင်နိုင် ငါးလေလံ ဈေးတွေ၊ ခရီးသွားလုပ်ငန်းတွေ ထွန်းကားစေချင်ကြပါတယ်။ ငါးလေလံဈေးကလည်း လုပ်ဖူးပေမယ့် စီမံခန့်ခွဲမှု ဘက်စုံထောင့်စုံက မစဉ်းစားပေနိုင်ခဲ့တာမို့ မအောင်မြင်ပါ။ မြန်မာ့ပင်လယ်ပြင်က ဖမ်းမိတဲ့ငါး ၉၉ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံ ရနောင်းကို ရေလမ်းကနေသွားရောင်းနေရဆဲပါ။ မြန်မာတွေ အနှိမ်ခံနေရဆဲပါ။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကလည်း ထိုနည်းလည်းကောင်းပါပဲ။ နှစ်ပေါင်းများစွာ အရိုးစွဲလာခဲ့တဲ့ကြိုးနီစနစ်တွေ၊ စီမံခန့်ခွဲမှုအမှားတွေ။ ခေတ်နောက်ကျနေတဲ့ အယူအဆတွေ၊ မဆလခေတ်က အခြေတည်ခဲ့တဲ့ နိုင်ငံခြားသားကြောက်တဲ့ (Xenophobia )ရောဂါတွေ၊ အရာရာကိုကာကွယ်ရေးအမြင်၊ စစ်ရေးအမြင် ရှုထောင့်ကနေ ကြည့်လွန်းတာတွေကြောင့် ဘယ်လိုမှ အလုပ်လုပ်လို့မရအောင်ဖြစ်နေကြောင်း သိရပါတယ်။ ဥပမာအားဖြင့် မြိတ်ကိုရောက်လာတဲ့ နိုင်ငံခြားသားတွေ၊ ထိုင်းနိုင်ငံကနေ ရေကြောင်းက ၀င်လာမယ့် နိုင်ငံခြားသားတွေဟာ မြိတ်ကျွန်းစုရဲ့လှပတဲ့ကျွန်းတွေကို သွားရောက်လည်ပတ်ရာမှာ ခက်ခက်ခဲခဲ သွားပြီးမှ နေ့ချင်းပြန်ခရီးတိုအဖြစ် မသွားချင်ပါဘူး။ ညအိပ်ရပ်နားချင်ပါတယ်။ ခရီးသွားကုမ္ပဏီတွေကလည်း ကျွန်းပေါ်မှာ ညအိပ်လို့ရအောင် ရွက်ဖျင်တဲတွေ၊ ဘာတွေနဲ့ စီစဉ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေးအမိန့်ညွှန်ကြားချက်တွေအရ ညအိပ်ခရီးစဉ်များကို နေပြည်တော် ကက(ကြည်း)ကို ကြိုတင်လျှောက်ထားရပါတယ်။ လျှောက်ထားတာကနေ အမိန့်ပြန်ကျလာတဲ့ကာလအထိအချိန် (၁၅)ရက်လောက်ကြာတယ်လို့ သိရပါတယ်။

ခရီးသွားလုပ်ငန်းရဲ့သဘောသဘာဝအရ ခရီးတခုကိုသွားတယ်ဆိုတာ ခရီးသွားကုမ္ပဏီကို တလနှစ်လကြိုပြောတာမျိုးရှိသလို ဒီနေ့ မြိတ်ကိုရောက်လာပြီးမှ စိတ်ကူးပေါက်ပြီး မနက်ဖြန်သွားချင် တာမျိုးလည်း ရှိပါတယ်။ ၁၅ ရက်ကြိုလျှောက်စနစ်ဟာ နိုင်ငံတကာအမြင်နဲ့ကြည့်ရင် ခရီးသွားလုပ်ငန်းမှာ ဘယ်လိုမှ အဆင်မပြေပါဘူး။ ဘယ်ခရီးသည်မှ နေပြည်တော်က ပါမစ်ရဖို့ မြိတ်မှာ ဆယ့်ငါးရက်ထိုင်စောင့်မှာ မဟုတ်ပါ။ ထိုင်းဘက်ကိုကူးသွားတာနဲ့ ကြိုက်တဲ့ခရီးကို ကြိုက်သလိုထွက်နိုင်ဖို့ ထိုင်းခရီးသွား အာဏာပိုင် အဖွဲ့က စီစဉ်ပေးနေချိန်မှာ ဘယ်လောက်ပဲလှပတယ်ဆိုဆို ကြိုးနီစနစ်ကိုတော့ ကမ္ဘာလှည့်ခရီးသည်တွေ သည်းခံနိုင်မယ် မဟုတ်ပါ။ မြိတ်ကျွန်းစုတွေဟာ မလုံမခြုံတဲ့အခြေအနေရှိသလား၊ စစ်ရေးအရ သူပုန်အဖွဲ့၊ ဓားပြအဖွဲ့တွေရှိသလားလို့မေးတော့ သူတို့ဒေသဟာ ဘာမှအန္တရာယ်မရှိဘဲ အေးချမ်းတဲ့ဒေသပါတို့ ဒေသခံတွေက ပြောကြပါတယ်။ စီမံခန့်ခွဲမှုဟာ ဘယ်လုပ်ငန်းမှာမဆို လုပ်ငန်းအောင်မြင်ဖို့ အဓိကကျတဲ့ အချက်ပါပဲ။ မလေးရှားနိုင်ငံရဲ့ခေါင်းဆောင် မဟာသီယာမိုဟာမက်ဟာ မြိတ်မြို့ကိုရောက်လာစဉ်က ဒီဒေသဟာ ဒုတိယဖူးခက်လို ကမ္ဘာမှာ အောင်မြင်လာနိုင်တယ်လို့ ပြောသွားဖူးပါတယ်။ စီမံခန့်ခွဲမှု ကောင်းဖို့တော့ လိုတာပေါ့။ အခုတော့ ဒီမြိတ်ကျွန်းစုဒေသဟာ ကျွန်တော့်အမြင်မှာ မယ်စကြာဝဠာလောက် လှတဲ့ ကောင်မလေးဟာ ပိုးမယ့်ပန်းမယ့်သူမရှိဘဲ ချောင်ထဲမှာ ပစ်ပယ်ခံထားရသလိုပါပဲ။ ကိုယ့်လောက်မှ မလှတဲ့ ဖူးခက်တို့၊ ပတ္တယားတို့၊ ဖီဖီကျွန်းတို့က ပိုးသူပန်းသူတွေ တိုးဝှေ့လို့ မြင်ရတာ ရင်နာစရာပါ။ မျိုးချစ်စိတ် တခုတည်းနဲ့ နိုင်ငံကိုတိုးတက်အောင် မလုပ်နိုင်တာတော့ သေချာပါတယ်။ ကမ္ဘာကျော်ဂျိမ်းစ်ဘွန်း ဇာတ်ကား တကားဖြစ်တဲ့ Thunderbolt ကို မြိတ်ကျွန်းစုမှာ အခြေတည်ပြီး စာရေးဆရာအီယံဖလင်းမင်းကရေးခဲ့လို့ ရုပ်ရှင်လာရိုက်ချင်ပေမယ့် ဦးနေ၀င်းက ခွင့်မပြုခဲ့လို့ ထိုင်းနိုင်ငံကမ်းခြေတွေမှာ ရိုက်ခဲ့ရတယ်လို့ ကြားဖူးပါတယ်။

ကျွန်းပေါ်ကပြန်လာတော့ လမ်းမှာ ဒုံးညောင်မှိုင်းရွာဆိုတဲ့ ကျွန်းပေါ်က ရွာလေးတရွာကို ၀င်လည်ကြပါတယ်။ ကျွန်းပေါ်မှာ ဗမာ၊ ကရင်နဲ့ မော်ကင်းတို့ခေါ်တဲ့ ဆလုံလူမျိုးတွေနေပါတယ်။ ကျွန်းပေါ်မှာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး ဆလုံကတော့ အိမ် ၃၀ လောက်ပဲရှိပါတယ်။ ဆလုံရွာထဲကိုသွားလည်တော့ ရွာထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေပဲရှိပါတယ်။ အရွယ်ကောင်းယောကျာ်းလေးတွေကတော့ လှေကိုယ်စီနဲ့ ပင်လယ်ထဲကို ထွက်နေတယ်ပြောပါတယ်။ ဆလုံတွေထဲမှာ တချို့က မြန်မာလို နည်းနည်း ပါးပါးပြောတတ် ပါတယ်။ မေးကြည့်တော့ မိန်းကလေးတွေက ပငို့လို့ခေါ်တဲ့ ခရုတမျိုးကို ပင်လယ်မှာလိုက်ရှာပြီး အချဉ်လုပ်ပြီး ရောင်းပါတယ်။ ယောကျာ်းလေးတွေကတော့ ပုလဲငုပ်၊ ငါးဖမ်းကြတယ်။ တခါထွက်သွားရင် အရက်နှစ်ဆယ် လောက်ကြာမှ ရွာကိုပြန်လာကြတယ်လို့ ဆိုတယ်။ခပ်ငယ်ငယ် ဆလုံအမျိုးသမီးတယောက်ဟာ ထဘီရင်လျားနဲ့ထိုင်နေပါတယ်။ အသက်ဘယ်လောက်ရှိပြီလဲဆိုတော့ မသိဘူးလို့ ပြောပါတယ်။ ဘယ်တုန်းက အိမ်ထောင်ကျလဲဆိုတော့လည်း နှစ်တွေလတွေဟာ သူတို့အတွက် ဘာမှအသုံးဝင်ဟန်မတူပါဘူး၊ မသိဘူးလို့ပဲ ပြောတယ်။ သူပြောနိုင်တာက သူ့မှာ ယောကျာ်းရှိတယ်။ ကလေးနှစ်ယောက်ရှိတယ်။ အကြီးကောင်လေး သေသွားပြီ။ အငယ်ကောင်က လက်ရှိ ပုခက်ထဲမှာအိပ်နေတယ်။ ဒါဆို လုံလောက်ပါပြီ။ သူတို့သဘာဝတွေဟာ မြန်မာနိုင်ငံသားချင်းသော်မှ အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ နိုင်ငံခြားသားတွေကတော့ အရမ်းစိတ်ဝင်စားမှာသေချာပါတယ်။ တနေ့နေ့တချိန်ချိန် ဒီဒေသမှာ မြန်မာ့ခရီးသွားလုပ်ငန်း အထွတ်အထိပ်ကို ရောက်လာပါလိမ့်မယ်။ အခုအချိန်မှာတော့ ထိုင်းနိုင်ငံနဲ့ယှဉ်ဖို့မပြောနဲ့ သူ့လောက် ဆယ်ပုံပုံတပုံ လောက် တောင်မလှတဲ့ ငွေဆောင်၊ ချောင်းသာ၊ ငပလီကိုတောင်မယှဉ်နိုင်ဘဲ နောက်ကျကျန်နေရတာ ရင်နာစရာပါ။

ညနေစောင်းတော့ ကျွန်တော်တို့ ပြန်လာခဲ့တယ်။ နတ်သမီးရေတွင်း ကျွန်းနဲ့ကပ်လျက် ကျွန်းကြီးတကျွန်းနားက စက်လှေဖြတ်မောင်းလာတော့ ဒေသခံတယောက်က အလွန်ကြီးမားတဲ့ ကျွန်းကြီးတကျွန်းကို လက်ညှိုးထိုးပြပြီး ဒီကျွန်းကတော့ မကြာသေးခင်ကမှ ဒေါက်တာစိုင်းမောက်ခမ်းရဲ့သမီးနဲ့ မြိတ်မြို့ကလုပ်ငန်းရှင်တဦးကို MIC က ဖက်စပ်လုပ်ဆောင်ခွင့်ပြုလိုက်တဲ့ ပုလဲမွေးတဲ့ကျွန်းပဲ။ ဧကနှစ်သောင်းကျော်တယ်လို့ ပြောပါတယ်။ အိပ်ငိုက်နေတဲ့ ကျွန်တော်ဟာ မျက်စိတွေကျယ်သွားပါတယ်။ လူမနေတဲ့ကျွန်းတွေတောင် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က လုပ်ပိုင်ခွင့်တွေ ခွဲဝေပေးနေပါပကောလို့ အံ့သြရပါတယ်။ ဦးသိန်းစိန် အစိုးရ ဟောင်းမဆင်းခင် ချပေးသွားတာလို့ ဒေသခံတွေက ပြောကြပါတယ်။ ပုလဲမွေးလို့မအောင်မြင်ရင်တော့ ကျွန်းပေါ်မှာ ဟိုတယ်တွေဆောက်မယ်လို့ကြားကြောင်း ဒေသခံက ပြောပါတယ်။ စီးပွားရေးလက်တံ ရှည်သူတွေမို့ ကျွန်းပေါ်မှာသူတို့ ဟိုတယ်တွေဆောက်ရင်တော့ နိုင်ငံခြားသားတွေလာအောင် ကြံဖန်လုပ်နိုင်စွမ်းရှိမှာပဲလို့ ကျွန်တော် တွေးနေမိတယ်။ အင်း မပြောစကောင်းမဆိုကောင်း မြိတ်မြို့မှာ ခရီးသွားလုပ်ငန်းတိုးတက်ဖို့ ပင်လယ်ထဲကကျွန်းတွေမှာ ပုလဲမွေးတဲ့လုပ်ငန်းတွေ မအောင်မြင်ပါစေနဲ့လို့ ဆုတောင်းရမလို ဖြစ်နေတာပါ။ တိုးရစ်ကြီးပြောတဲ့ပုံပြင်ထဲက ဘုရားသခင်ပေးတဲ့မြေဆိုတဲ့စကားကိုပဲ ကြား ယောင်မိပါတယ်။

သရ၀ဏ်(ပြည်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.