အကွဲအပြဲတွေနဲ့ ပြည့်နှက်နေတဲ့ မြန်မာပြည်

လောက၌ လူမိုက်တို့သည် ငါတို့သေကြလိမ့်မည်ဟုမသိကြကုန်၊ ထိုမသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် မပြေငြိမ်းနိုင်ကုန်။ ဤလောက၌ ပညာရှိသူတို့သည် ငါတို့သေကြလိမ့်မည်ဟုသိကြကုန်၏၊ ထိုသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် ပြေငြိမ်းနိုင်ကုန်၏။ (မြတ်ဗုဒ္ဓ)

မိမိတို့နိုင်ငံရဲ့အပြောင်းလဲကြီးတခုဖြစ်တဲ့ အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့တာ အခုဆိုရင် တနှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကြီးမတိုင်ခင်က လက်ရှိအစိုးရနဲ့ အတိုက်အခံပါတီ၊ လက်ရှိအစိုးရကိုထောက်ခံသူ ပြည်သူတွေနဲ့ အတိုက်အခံပါတီကိုထောက်ခံသူ ပြည်သူတွေ၊ လက်ရှိ အစိုးရကိုထောက်ခံသူ ရဟန်းသံဃာတွေနဲ့ အတိုက်အခံပါတီကို ထောက်ခံသူ ရဟန်းသံဃာတွေဆိုပြီး ဆန့်ကျင်ဘက်အကွဲအပြဲတွေ မြောက်မြားစွာဖြစ်ပေါ်ခဲ့ပါတယ်။

ဒီအကွဲအပြဲတွေကိုအကြောင်းပြုပြီး အသက်စတေးခဲ့ရသူတွေ၊ ဘ၀ပျက်သွားခဲ့သူတွေ၊ ထောင်နန်းစံခဲ့ရ သူတွေ၊ တိုင်းပြည်ကနေ ထွက်ပြေးခဲ့ရသူတွေ စသည်ဖြင့် အများကြီးကြုံတွေ့ခဲ့ကြရပါတယ်။ ဒါ့အပြင်အမြင် မတူတာတွေ၊ ရပ်တည်ချက်မတူတာတွေ၊ ခံယူချက်မတူတာတွေကြောင့် တဖက်နှင့်တဖက်ယုတ်မာကြ၊ ကောက်ကျစ်ကြ၊ အနိုင်ရယူလိုမှုကို ရှေ့တန်းတင်ပြီး မတရားမှုတွေပြုမိကြပါတယ်။ အဆိုးဆုံးအရာကတော့ ရတနာသုံးပါးမှာ တပါးအပါအ၀င်ဖြစ်တဲ့ ရဟန်းသံဃာတွေကို ဆဲကြဆိုကြ၊ ဒုက္ခရောက်အောင် ကုန်းချောကြ တဲ့အထိ မောဟတရားတွေဖုံးလွှမ်းပြီး ကျူးလွန်မိခဲ့ကြပါတယ်။ မိမိတို့နိုင်ငံဟာ ထေရ၀ါဒဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူတွေ အများစုဖြစ်တာကြောင့် ကံ၊ ကံ ၏အကျိုးကို အပြည့်အ၀ယုံကြည်ကြသူတွေပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် မိမိတို့ရဲ့ အကျိုးရရှိရေးကိုသာ ဦးတည်ပြီး မမှန်ကန်တဲ့နည်းလမ်းတွေ၊ မပြောသင့်၊ မလုပ်သင့်တာတွေကို ပြုလုပ်မိသူတွေဟာ အနာဂတ်ဘ၀အတွက် မလှပနိုင်သလို ပစ္စုပ္ပန်ဘ၀မှာလည်း အမည်း ရောင်ပုံရိပ်တွေသာ လွှမ်းမိုးထားပါလိမ့်မယ်။

ဒီလိုအပြုအမူတွေဟာ ရွေးကောက်ပွဲကာလအတွင်းမှာသာ တဖက်နဲ့တဖက် အာဏာရရှိရေးအတွက် ကြိုးပမ်းရင်း ပြုမူမိခဲ့ကြတာမဟုတ်ပါဘူး။ ရွေးကောက်ပွဲပြီးလို့ တနှစ်မြောက်တဲ့ ယနေ့အချိန်ထိ ဒီလိုအလားတူ လွန်ကျူးမှုတွေဟာ မရပ်မနား တည်တံ့နေပါသေးတယ်။ လောကီ လူ့ဘောင်က လူပုဂ္ဂိုလ်တွေအတွက် ဒီလိုကိစ္စတွေဟာ မထူးဆန်းပေမယ့် ဦးပြည်းကတုံးတုံးထားပြီး လူ့ဘောင်လောကကိုစွန့်ခွာခဲ့သူ ရှင်ရဟန်းတွေ အနေနဲ့ ပါတီစွဲအာဏာစွဲတွေကြောင့် ဂိုဏ်းကွဲကုန်တာတော့စိတ်မကောင်းစရာပါပဲ။ အချို့သောရှင်ရဟန်းတွေဟာ လူ့ဘောင်ကိစ္စတွေကို ၀င်ရောက်စွက်ဖက်ရင်း လူပုဂ္ဂိုလ်တွေနဲ့ မထူးမခြားနားအပြုအမူတွေ အပြောအဆိုတွေကို ပြောင်ပြောင်တင်းတင်းပြုလုပ်လျက်ရှိပါတယ်။ ဒါတွေကြောင့်ပဲ လူပုဂ္ဂိုလ်တို့ရဲ့လေးစားကြည်ညိုမှုကိုခံရခြင်းမှ လျော့ပါးလာခဲ့ကြသလို သီတင်းသုံးဖော် အချင်းချင်းတို့ရဲ့ ကြည်ညိုမှုများကို မရရှိတော့ပါဘူး။

ခေတ်မီနေတဲ့ ယနေ့ခေတ်ကြီးမှာ လူတိုင်း၊ ရှင်ရဟန်းတိုင်း အားလုံးနီးပါးဟာ ကိုယ်စီကိုယ်စီ စမတ်ဖုန်းတလုံးနဲ့ လူမှုရေးကွန်ရက် အကောင့်တခုစီရှိကြပါတယ်။ ဒီလူမှုရေးကွန်ရက်ကိုအခြေပြုပြီး နိုင်ငံရေးတွေ၊ ဘာသာ ရေးတွေ၊ လူမျိုးရေးတွေ ဆူဆူပူပူဖြစ်အောင်ပြုလုပ်သူတွေလည်း ဒုနဲ့ဒေးရှိနေပါတယ်။ သတင်းတခု ပြဿနာတခုကို မူလအရင်းအမြစ်ထိ လိုက်လံစုံစမ်းစစ်ဆေးလေ့လာခြင်းမရှိဘဲ မိမိတို့အမြင် မိမိတို့စိတ်ခံစားမှုပေါ် အခြေပြုပြီး ငြင်းခုံကြရင်းဆူပူအောင် ပြုလုပ်မိသူတွေလည်း အများကြီးပါ။ ဒီလိုလူတွေကြောင့်ပဲ တိုင်းပြည်မှာအကွဲအပြဲတွေနဲ့သာ ပြည့်နှက်နေပြီး စီးပွားရေး၊ ဘာသာရေး၊ လူမှုရေး အစရှိတာ အရာရာနောက်ကောက်ကျပြီး ရှေ့မတိုးနိုင်ဘဲ ဖြစ်နေရပါတယ်။

ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းထားတာ နုနယ်သေးတဲ့ မိမိတို့နိုင်ငံဟာ အမြန်ဆုံးတည်ငြိမ်အေးချမ်းမှုကို ရရှိဖို့မလွယ်ကူတာမှန်ပေမယ့် နိုင်ငံခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များက စွမ်းနိုင်သမျှ တည်ငြိမ် အေးချမ်းတဲ့နိုင်ငံတခုဖြစ်လာဖို့ စုပေါင်းပြီးနည်းအမျိုးမျိုးနဲ့ကြိုးစားနေကြတာ အားလုံးအသိပဲ ဖြစ်ပါလိမ့်မယ်။ သို့သော် တိုင်းပြည်အတွင်းမှာ ဆူပူမှုတွေက များလွန်းနေသေးတော့ ထင်ထားသလောက် ဖြစ်မလာ သေးဘူးလို့ဆိုနိုင်ပါတယ်။ ဒီလိုသာဆူပူမှုတွေ၊ အကြမ်းဖက်မှုတွေ၊ ဆန္ဒထုတ်ဖော်မှုတွေ၊ ငြင်းခုံမှုတွေနှင့် နေ့တိုင်းလိုလိုဖြေရှင်းပေးနေရမယ်ဆိုရင် အိမ်နီးနားချင်းနိုင်ငံတွေရဲ့ စီးပွားဖွံ့ဖြိုးမှု အနေအထားမျိုးကို အမီလိုက်နိုင်ဖို့ဆိုတာ မလွယ်ကူသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကိုပျက်ပြားစေနိုင်တဲ့ ငြင်းခုံမှု၊ ဆန္ဒထုတ်ဖော်မှုအကွဲအပြဲတွေက နိုင်ငံနှင့်မမျှအောင်များပြားနေတဲ့အတွက် ပြည်ပက စီးပွားရေးရင်းနှီးမြှုပ်နှံလိုသူ လုပ်ငန်းရှင်တွေဟာ ဒီလိုနိုင်ငံ မျိုးကို ရွေးချယ်လိုစိတ် နည်းပါးသွားမယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါ။

တိုင်းပြည်ရဲ့တည်ငြိမ်အေးချမ်းရေးကို ရှေးရှုပြီးအမြင်မတူတာတွေ ဘေးဖယ်ထားကာ၊ အမြင်တူတာ တွေနှင့်စုပေါင်းပြီး တိုင်းပြည်အတွက် အလုပ်လုပ်ကြဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မကြာခဏပြောကြား လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီသက်တမ်းနုနယ်လွန်းနေတော့ မိမိတို့ ပြည်သူတွေရဲ့ နှလုံးသားဟာ အမြင် မတူတာတွေကို ဘေးဖယ်ထားပြီး အမြင်တူတာတွေကို စုပေါင်းလုပ်နိုင်တဲ့ခွန်အားတွေ သိပ်မရှိလှသေးပါဘူး။ ဒါကြောင့်လည်း ယနေ့အချိန်ထိ ငြင်းခုံမှုတွေ၊ တိုင်းရင်းသားအချင်းချင်းတိုက်ခိုက်မှုတွေ စွဲစွဲမြဲမြဲပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ အဲဒီအတွက် အခုချိန်မှာ အဖြစ်သင့်ဆုံးက မိမိတို့တိုင်းပြည်ဟာ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေချိန်ဖြစ်လို့ ပြည်သူတွေအနေနဲ့ အရာရာကိုရယူဖို့ထက် ပေးဆပ်ဖို့ကို များများစဉ်းစားပေးရမယ့် အချိန်အခါဖြစ်တယ်လို့ အကြံပြုလိုပါတယ်။

နိုင်ငံရေး၊ ဘာသာရေးလုပ်နေတဲ့ သူတွေထဲမှာကိုယ့်ဆန္ဒ၊ ကိုယ့်အကျိုးစီးပွားကိုသာ ရှေ့တန်းတင်ပြီး ပြောနေသူ၊ ဆောင်ရွက်နေသူများ ရှိနိုင်သလို ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားများကို ရှေ့တန်းတင်ပြီး တိုင်းပြည်အကျိုး၊ ဘာသာသာသနာအကျိုးကို ဆောင်ရွက်နေသူများလည်း ရှိနိုင်ပါတယ်။ ဘယ်လိုပုဂ္ဂိုလ်မျိုးပဲဖြစ်ဖြစ် မိမိတို့ဟာ ပုထုဇဉ် လူသားတွေပီပီ ကိုယ်ပြောသမျှ၊ လုပ်သမျှကိုသာ မှန်တယ်လို့ယူဆတတ်ကြပါတယ်။ တကယ်တော့ မိမိတို့ယုံကြည်ထားတဲ့ အသိအမြင်တွေဟာ မှန်တာတွေ ရှိနိုင်သလို၊ မှားတာတွေလည်း ရှိနိုင်ပါတယ်။ ကိုယ်သိထားတဲ့အရာတိုင်းကို အမှန်တွေချည်းလို့ယူဆထားပြီး ငါတကောကောနေမယ်ဆိုရင် ဆန့်ကျင်ဘက်သူများနှင့် ဘယ်လိုမှ အဆင်မပြေနိုင်သလို၊ အကွဲ အပြဲရလဒ်တွေ သာ ခံစားကြရမှာ ဖြစ်ပါတယ်။

မိမိတို့ရဲ့ အတ္တကိုယ်စီကိုအခြေခံပြီး ပြောဆို၊ ပြုလုပ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဒီအကွဲအပြဲတွေကို ပြန်လည်စုစည်းဖို့ဆိုရင် တခါတုန်းက ဓမ္မဘေရီဆရာတော်အရှင်ဝီရိယ(တောင်စွန်း) ပြောခဲ့ဖူးသလို သီလဟု ခေါ်တဲ့အကျင့်တွေကို ပြောင်းလဲရပါမယ်။ မြတ်စွာဘုရားက ဓမ္မဘက်တော်သားပီပီသီလ(အကျင့်)တွေကို ပြောင်းရမယ်ဆိုတဲ့ မိန့်ဆိုချက်ကို ပမာပြုပြီး လောကီနယ်ပယ်သား ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည် တိုးတက်ညီညွတ်ပြောင်းလဲရေးကို ရှေးရှုကာ ''ခင်ဗျားတို့ သောက်ကျင့်တွေကို ပြောင်းပစ်ရမယ်''လို့ အားမလို အားမရပြောခဲ့ဖူးပါတယ်။ ဒါကြောင့် မိမိတို့တွေဟာ စာရိတ္တမဏ္ဍိုင်ဖြစ်တဲ့ ကိုယ်ကျင့်သီလကို အတတ်နိုင်ဆုံး ပြုပြင်ကြဖို့လိုအပ်ပါတယ်။ ဒီကိုယ်ကျင့်သီလကောင်းမှသာ တဖက်နဲ့ တဖက် ယုံကြည်လေးစားမှုတွေ ရရှိကြမှာ ဖြစ်ပါတယ်။

ဒုတိယပြောင်းလဲရမယ့်အရာက သမာဓိလို့ခေါ်တဲ့ စိတ်ဓာတ်တွေပဲ ဖြစ်ပါတယ်။ ကိုယ်ကျိုးသက်သက်ကို ကြည့်သောအတ္တဖက်သည့်စိတ် ဓာတ်များနေရာမှာ အများအကျိုး၊ ပြည်သူ့အကျိုးကိုကြည့်သောစိတ်ဓာတ် များနှင့် အစားထိုးပြောင်းလဲရပါမယ်။ စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေးဟာ လောကုတ္တရာရေးမှာသာမက လောကီရေးမှာလည်း အင်မတန် အရေးပါလှပါတယ်။ မိမိတို့ရဲ့စိတ်ဓာတ်တွေဖြူစင်နေမှသာ အရာရာကို သည်းခံတတ်ပြီး ခွင့်လွှတ်ခြင်းဖြင့် ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ တတိယ ပြောင်းလဲရမယ့်အရာဟာ ပညာလို့ခေါ်တဲ့ အသိဥာဏ်ဆင်ခြင်တုံတရားပဲ ဖြစ်ပါတယ်။ ဒီအသိဥာဏ်ဆင်ခြင်တုံတရားကို လက်ကိုင်မထားဘူးဆိုရင် မိမိတို့ရဲ့အတွေး၊ အကြံ၊ အယူတွေဟာ မှားယွင်း နေပြီး ပြောသမျှ၊ ပြုသမျှ အကျိုးမဲ့တွေသာ ဖြစ်ကုန်ပါလိမ့်မယ်။

တိုင်းပြည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ်ရရှိဖို့ ဒီသီလ၊ သမာဓိ၊ ပညာဆိုတဲ့ အခြေခံ အုတ်မြစ်တရားသုံးပါးကို ခိုင်မြဲအောင်ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီတရားသုံးပါး မိမိတို့ရဲ့သဏ္ဌာန်မှာ အမြဲမပြတ် ကိန်းအောင်းနေပြီဆိုရင် ယခုလိုအကွဲအပြဲတွေ၊ ငြင်းခုံမှုတွေ၊ ဆန္ဒပြမှုတွေ လျော့ပါးလာလိမ့်ပါမယ်။ ဒီလိုဝိ၀ါဒ ကွဲပြားမှုတွေ လျော့နည်းလာပြီဆိုတာနဲ့တပြိုင်နက် မိမိတို့တိုင်းပြည်ဟာ အများနည်းတူ အရာရာမှာ တိုးတက် ကောင်းမွန်လာမှာ မြေကြီးလက်ခတ် မလွဲပါဘူး။ ယခုလက်ရှိဖြစ်နေတဲ့ လူမျိုးစုပြဿနာများ၊ ဘာသာရေး အသွင်ဆောင်နေတဲ့ လူမှုရေးပြဿနာများ၊ နိုင်ငံရေးပြဿနာများဟာ ပြည်တွင်းမှာရှိနေကြတဲ့ မိမိတို့အချင်းချင်း မညီညွတ်မှုများ၊ သဘောထားကွဲလွဲမှုများကြောင့် ဖြစ်နေရတာပါ။ အချို့ကိစ္စများမှာတော့ ပြည်ပ ပယောဂတွေ၊ ပြည်ပကျောထောက်နောက်ခံရှိတဲ့ အသင်းအဖွဲ့တွေကြောင့်လို့ ကောက်ချက်ချနိုင်ပါတယ်။

အမြင်မတူမှုတွေ၊ အတွေးမတူမှုတွေကြောင့် မိမိတို့ကြားမှာ အချင်းချင်းအပြန်အလှန် ပုတ်ခတ်ပြောဆိုနေကြ ခြင်းဟာ သည်းခံမှု တရား၊ နားလည်မှုတရား၊ ယုံကြည်မှုတရားတွေ အားနည်းချို့တဲ့နေလို့ပဲ ဖြစ်ပါတယ်။ တဦးကိုတဦးအထင်နဲ့ ပြောဆိုခြင်းဆိုတာ တခါတရံမှာ သူတပါးရဲ့ အကျိုးမဲ့တွေ ဖြစ်သွားနိုင်သလို၊ တခါတရံမှာ မိမိကိုယ်ရော သူတပါးကိုပါ ထိခိုက်သွားနိုင်ပါတယ်။ ဥပမာပြရရင် လူမှုရေးကွန်ရက်ပေါ်မှာ စည်းမရှိ၊ ကမ်းမရှိ ရေးချင်ရာရေး၊ ပြောချင်ရာပြောလို့ ဆက်သွယ်ရေးပုဒ်မနှင့်ငြိပြီး ဒုက္ခရောက်သွားသူတွေ အများကြီးရှိပါတယ်။ ဒါဟာ ဘာမဟုတ်တဲ့ ၀ိဝါဒကွဲပြားမှုကိုအခြေခံပြီး အပြောအဆို၊ အပြုအမူတွေ စည်းမစောင့်မိလို့ ရရှိလာတဲ့ မကောင်းတဲ့အကျိုးရလဒ်တွေပဲ ဖြစ်ပါတယ်။

နိဂုံးချုပ်ပြောရရင် အရာရာတိုင်းမှာအားနည်းချက်၊ အားသာချက်တွေရှိနေလို့ ခြားနားမှုများ၊ ကွဲပြားမှုများ ဆိုတာရှိနေမည်သာ ဖြစ်ပါတယ်။ ဒီကွဲပြား၊ ခြားနားမှုတွေကြောင့်ပဲ လူ့သဘာဝဖြစ်တဲ့အချင်းချင်း ပုတ်ခတ် ပြောဆိုခြင်းတွေ ဖြစ်ပေါ်လာရတာပါ။ ဒါကြောင့် ဒီကွဲပြား၊ ခြားနားမှုတွေဟာ ဆင်းရဲကိုတိုးပွားစေတယ်ဆိုတာ သိထားကြဖို့လိုအပ်ပါတယ်။ သိထားသလိုလည်း ညီညွတ်စွာပူးပေါင်းပြီး လုပ်ကိုင်ပြောဆိုတဲ့ နည်းလမ်းကို လိုက်နာကျင့်သုံးကြဖို့ လိုအပ်ပါသေးတယ်။ ယနေ့ မိမိတို့နိုင်ငံမှာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကို ပြုပြင်ပြောင်းလဲဖို့လိုလားနေကြပေမယ့်လည်း အချင်းချင်း အတိုင်အဖောက်မညီနိုင်ကြသေးလို့ ဒုံရင်းက ဒုံရင်းပဲ ဖြစ်နေပါသေးတယ်။ ဒီမှောင်မိုက်နေတဲ့ အခြေအနေတွေကနေ ကျော်လွှားနိုင်ဖို့ မိမိတို့အားလုံး အကွဲအပြဲဇာတ်လမ်းတွေကိုတခန်းရပ်ဖို့ သင့်နေပြီဆိုတာ တိုင်းပြည်အကျိုးရှေးရှုလျက် ရေးသားအပ်ပါတယ်။

ဓမ္မသုတေသီ(မန္တလေး)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.