ရှက်သင့် ရှက်ထိုက်တာ ရှက်တတ်ကြပါ


စည်သူအောင်မြင့်

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့စွဲနဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေဖြစ်တဲ့ MJA, MJN,MJU ၊ မီဒီယာ သမားတွေကို ရှေ့နေလိုက်ပေးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ MMLN နဲ့ BNI အားလုံး (၅) ဖွဲ့ပေါင်းပြီး ကြေငြာချက်ထုတ်တယ်။ ခေါင်းစဉ်က အလဲဗင်း မီဒီယာ စီအီးအိုနှင့် အယ်ဒီတာချုပ်တို့အပေါ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အရေးယူခြင်းနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက်။ အချက်(၇) ချက်ပါတယ်။

အများကြီး မပြောတော့ပါဘူး။ နောက်ဆုံး နံပတ် (၇) တစ်ချက်တည်း ကိုပဲ ဝေဖန်ကြည့်ပါမယ်။ နောက်ဆုံး စာပိုဒ်မှာ ခုလို ရေးထားပါတယ်။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအနေဖြင့် ယခင် အစိုးရ လက်ထက်က အသုံးပြုခဲ့သည့် ဆက်သွယ်ရေး ဥပဒေဖြင့် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်စေနိုင်သည့် လုပ်ဆောင်မှုများကို အမြန်ဆုံး ရပ်တန့်ကာ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်ပြီး သတင်းမီဒီယာ ဥပဒေနှင့်အညီ အဖြေရှာရန် တိုက်တွန်းပါသည် တဲ့။

ကောင်းပါပြီ။ ရန်ကုန်တိုင်း အစိုးရ ၆၆(ဃ) သုံးတာဟာ “သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်” တယ်လို့ ဆိုထားတယ်။

ဒေါက်တာသန်းထွဋ်အောင် (Eleven Media Group) ဟာ အစောကြီးကတည်းက ၆၆(ဃ) နဲ့ ၁၀ မှုကျော်လောက် တရားစွဲခဲ့တယ်။ နောက် သတင်းမီဒီယာ သမားတွေကို ပုဒ်မ ၅၀၀၊ ၃၄(ဃ) နဲ့ စွဲတာတွေလည်း အများကြီး။ အခုလက်ရှိ တရားရုံး ရောက်နေတဲ့ အမှုကလည်း အများကြီး။ အဲဒါတွေဟာ “သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်” တာ မဟုတ်ဘူးလား။ အဲလို အမှုပေါင်းများစွာ တရားစွဲစဉ်တုန်းက အခု ကြေငြာချက်ထုတ်တဲ့ အဖွဲ့အစည်းတွေ ရေငုံနှုတ်ပိတ် နေခဲ့တယ်။

ကောင်းပါပြီ။ ပြသနာ မရှိပါဘူး။ အခု အစိုးရက စွဲတော့မှ “သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်” တယ်ဆိုပြီးပြောတယ်။ အလဲဗင်းကိုတော့ “သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်” ဆိုပြီး ဒီကနေ့အထိ မပြောဘူး။ ဆိုတော့ ဒါဟာ တရားမျှတတဲ့ မှန်ကန်တဲ့ သဘောထား ရပ်တည်ချက် မဟုတ်နိုင်ဘူး။

ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒီ ကြေငြာချက် ထုတ်တဲ့သူတွေကိုယ်တိုင် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို တကယ်လိုလား မြတ်နိုးတဲ့ သူတွေ ဟုတ်ရဲ့လား ဆိုတာ မေးခွန်းထုတ်စရာ။ ဒါမှမဟုတ် သတင်းမီဒီယာ လွတ်လပ်ခွင့်ထက် အကြောက်တရားက ခုချိန်ထိ ပိုပြီး ဖုံးလွှမ်းနေတာများလား။

အစိုးရကို “မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်ပြီး သတင်းမီဒီယာ ဥပဒေနှင့်အညီ အဖြေရှာရန်” တိုက်တွန်းတယ်။ ကောင်းပါပြီ။

အလဲဗင်း မီဒီယာဟာ ပြန်ကြားရေးနဲ့ ပြသနာဖြစ်တဲ့ ပုံနှိပ်စက်ဝယ်တဲ့ အကြောင်း သတင်းရေးတဲ့ကိစ္စ အရင် စာနယ်ဇင်း ကောင်စီကို လုံးဝ ဂရုမစိုက်လို့ နောက်ဆုံး တရားရုံး ရောက်ရတယ်။ ပြန်ကြားရေးက လုံးဝ မတတ်သာတော့ တရားစွဲရတာပါ။ အခု အဲဒီ အမှု နေပြည်တော်မှာ ရှိတုန်း။ နောက် သတင်းမီဒီယာ ကောင်စီသစ် ပေါ်လာတယ်။ သတင်းမီဒီယာ ဥပဒေ ပေါ်လာတယ်။ အဲဒီနောက်ပိုင်းမှာရော အလဲဗင်းက သတင်းမီဒီယာကောင်စီ နဲ့ ပူးပေါင်းသလား။

သူတို့ဖော်ပြတဲ့ ဆောင်းပါးတွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာ ကောင်စီကို လုံးဝ အကြောင်းမကြားပဲ ပုဒ်မ ၅၀၀၊ ပုဒ်မ ၃၄(ဃ) တွေနဲ့ တန်းတရားစွဲတာ အများကြီးပါပဲ။ ဒါနဲ့ပတ်သက်ပြီး မဇ္ဈိမ ဦးစိုးမြင့်နဲ့ ကိုမျိုးသန့်တို့ တရားစွဲခံရတော့ ကြေငြာချက် ထုတ်ခဲ့ကြသေးတယ်။ အခု ကြေငြာချက်ထုတ်တဲ့ သူတွေ ဘယ်သွား အိပ်ပျော်နေကြပါသလဲ။ ပြောရရင် မီဒီယာ အဖွဲ့အစည်းတွေ အနေနဲ့ မီဒီယာ ကောင်စီကို အစိုးရနဲ့ အခြား အဖွဲ့အစည်းတွေ အသိအမှတ်ပြုလာအောင် လုပ်ဖို့ ခဏအသာထား၊

အလဲဗင်းလို ကိုယ့်မီဒီယာ ကုမ္ပဏီက အသိအမှတ်ပြုလာအောင် အရင်ကြိုးစားသင့်နေပါတယ်။ မီဒီယာ ဥပဒေကို အသုံးပြုဖို့ အစိုးရနဲ့ တပ်မတော်ဘက် လှည့်ပြီး မပြောပါနဲ့ဦး။ အလဲဗင်းလို ကိုယ့်မီဒီယာ ကုမ္ပဏီက အသုံးပြုလာအောင် အရင်ကြိုးစားပါဦးလို့ ပြောချင်တယ်။

ကြောက်နေ ရင်တော့လည်း မတတ်နိုင်ဘူးပေါ့။

မီဒီယာ အဖွဲ့အစည်းတွေ အဓိက လုပ်ရမှာ အကြမ်းဖျဉ်း သုံးခုလောက် ရှိမယ်ထင်တယ်။

(က) သတင်းမီဒီယာ လွတ်လပ်ခွင့် ပိုပြီး ရှိလာအောင် လုပ်ဖို့။ (သတင်းမီဒီယာ လွတ်လပ်ခွင့်ကို လာဖိနှိပ်တယ်လို့ဆိုပြီး ပြင်ပ အဖွဲ့အစည်းတွေကို ဝေဖန်တာအပြင် ကိုယ့်အတွင်းမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် ဆိပ်သုဉ်းအောင် လုပ်နေတာတွေကိုလည်း ရဲရဲဝန့်ဝန့် ဝေဖန်ထောက်ပြဖို့ လိုတယ်။)

(ခ) သတင်းမီဒီယာလောက ကျင့်ဝတ်နဲ့အညီ ရေးသားဖော်ပြလာအောင်၊ ထုတ်လွှင့်လာအောင်၊ အရည်အသွေး မြင့်မားလောအောင် လုပ်ဖို့။ (ဒါလုပ်ဖို့ ဝေဖန်ရေး ထွန်းကားလာဖို့ လိုတယ်။ သတင်းမီဒီယာလောကအတွင်း ဝေဖန်ရေး ဆိပ်သုဉ်းနေလို့ ဒါကိုလည်း မလုပ်နိုင်။)

(ဂ) သတင်းမီဒီယာ လောကသားတွေကို အကာအကွယ်ပေးဖို့။ (အပြင်က အစိုးရ၊ တပ်မတော် က တရားစွဲမှ ကာကွယ်ဖို့ မဟုတ်ဘူး။ ကိုယ့်အချင်းချင်း မတော်မတရား လုပ်တာလည်း ကာကွယ်ပေးရမယ်၊ ကိုယ့်လောကသား အချင်းချင်း ဖိနှိပ်တာလည်း ကာကွယ်ပေးရမယ်။)

ကဲ အခု ကြေငြာချက်ထုတ်တဲ့ အဖွဲ့အစည်းက ခေါင်းဆောင်တွေ အဲဒီတာဝန် ဘယ်လောက် ကျေသလဲ။ ပြန်ဆန်းစစ်ကြည့်ပါ။

နိဂုံးချုပ်ရရင် မီဒီယာ အဖွဲ့အစည်းတွေရဲ့ ကြေငြာချက်ဟာ ပြည်သူလူထုရဲ့ အမြင်မှာ တကယ့် သတင်းမီဒီယာသမားတွေကို အရှက်ရစရာ ဖြစ်စေလိမ့်မယ်။ အစိုးရ၊ တပ်မတော်နဲ့ အခြားသော အဖွဲ့အစည်းတွေရဲ့ အမြင်မှာ မီဒီယာလောကကို အထင်အမြင် သေးစရာ ဖြစ်လာလိမ့်မယ်လို့ပဲ ထင်ပါတယ်။ သတင်းမီဒီယာ အဖွဲ့အစည်း ခေါင်းဆောင်တွေ အနေနဲ့ မှန်ကန်မှု တရားမျှတမှုနဲ့ ပြသနာတွေကို ရှုမြင်ပါ။ အကြောက်တရား ကင်းကင်းနဲ့ ရပ်တည်နိုင်အောင် ကြိုးစားပါ။

ရှက်သင့် ရှက်ထိုက်တာ ရှက်တတ်ကြပါ။

စည်သူအောင်မြင့်
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.