ကင်ဆာကို ဖိတ်ခေါ်နေသော ရောနှောဆီ နှင့် ပြန်ကြော်ဆီများ -


| သက်ထားဆွေ / ဧရာဝတီ ||

ရန်ကုန် သင်္ဃန်းကျွန်း စံပြဈေးအနီး ရောင်ခြည်သစ် ကုသိုလ်ဖြစ် ဆေးခန်းရှေ့ တွင် မိမိအမည်ကို ခေါ်ရန် စောင့်ဆိုင်း နေသူများထဲတွင် အသက် ၃၇ နှစ် အရွယ် မကျော့ တစ်ယောက်လည်း အပါအဝင် ဖြစ်သည်။ အသားဖြူဖြူ အနည်းငယ် ၀ဖိုင့်သော ခန္ဓာကိုယ်ရှိပြီး ဝေဒနာကြောင့် မျက်နှာ က နွမ်းလျနေသည်။ မကြာခဏ ယားယံသည့် ရောဂါခံစားရ၍ ဆေးခန်းပြ ရာမှ ဆီးချိုဝေဒနာဖြစ်နေမှန်း သိခဲ့ရပြီး ကုသမှုခံယူနေသည်မှာ တစ်နှစ်ကျော် ရှိသွားပြီ ဖြစ်သည်။

“ကျွန်မမှာ ဆီးချိုမျိုးရိုးလည်း မရှိဘူး။ သူများတွေလို အချိုတွေ၊ လက်ဖက်ရည်တွေကို စွဲစွဲမြဲမြဲ သောက်လေ့မရှိဘဲ ဆီးချို ဖြစ်တယ်ဆိုတော့ အံ့သြနေတာ” ဟုလည်း မကျော့က ဆိုသည်။ ကူးစက်ရောဂါ မဟုတ်သည့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါများ အဖြစ်များလာခြင်းက စားသုံးဆီများနှင့် ဆက်စပ်မှု ရှိနေကြောင်း ဆေးပညာရှင်တချို့က သုံးသပ်လာကြသည်။

“အရင်တုန်းက သွေးတိုးဆီးချိုဆိုရင် သူဌေးရောဂါပေါ့။ အဆီအစိမ့်တွေ အရမ်းစားတဲ့သူတွေမှာ ဖြစ်တယ်လို့ ယေဘုယျ အားဖြင့် သုံးသပ် တာပေါ့။ နောက်ပိုင်း လမ်းဘေးဈေးသည်တွေ၊ ဆိုက်ကားသမားတွေက အစ ဆီးချိုဖြစ်လာတယ်” ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာကျော်စွာဦး က ပြောသည်။

ဆီးချိုရောဂါ ဖြစ်ပွားပါက အမြင်အာရုံ ဆုံးရှုံးခြင်း၊ နှလုံးသွေးကြောဆိုင် ရာ လေဖြတ်ရောဂါနှင့် နှလုံးသွေးကြော ပိတ်ခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း၊ ခြေပုပ်၍ ဖြတ်တောက်ပစ်ရခြင်း စသည့် ရောဂါများ ဖြစ်လာနိုင် သည်။ အိမ်ထောင်သည် ကလေးတယောက်အမေ ဖြစ်သော မကျော့တို့ မိသားစု၏ အဓိက၀င်ငွေမှာ ရာသီပေါ်ပန်းများကို ရောင်းရငွေ ဖြစ်သည်။ အသက် ၁၄ နှစ်အရွယ် ကလေးတဦးအတွက် ကျောင်းစရိတ်လည်းရှိသော သူတို့ မိသားစုသည် ချောင်ချောင်လည်လည် နေထိုင် စားသောက်ရေး မလွယ်ကူပေ။ နေ့စဉ် စားသောက်ရာတွင် သုံးစွဲသော ဆီအမျိုးအစားနှင့် ပတ်သက်ပြီး ပဲဆီ ရိုးရိုးသာ စားသုံးနိုင်သည်ဟု မကျော့က ပြောသည်။ “ပဲဆီပေါ့၊ အရမ်း အကောင်းကြီးတော့ မသုံးနိုင်ဘူး။ ပဲရိုးရိုးပေါ့။ တစ်ပိသ၁ာ ကျပ်နှစ်ထောင် ပေးရတယ်” ဟုလည်း သူက ပြောပြ သည်။

လက်ရှိတွင် မြေပဲ တစ်ပိသ၁ာ ခန့်မှန်းခြေ ၂,၅၀၀ ကျပ် ကျသင့်ပြီး မြေပဲ တစ်ပိသ၁ာကို ဆီကြိတ်ပါက ဆီလေးဆယ်သားခန့် ရနိုင်ကြောင်း ဆီလုပ်ငန်းရှင်များထံမှ သိရသည်။ အလုပ်သမားခ၊ မီတာခ၊ သယ်ယူပို့ဆောင်ရေး စရိတ်များ ထည့်တွက်ပါက ပဲဆီစစ်စစ်ရရှိရန် တစ်ပိသ၁ာလျှင် အရင်းအနှီး ကျသင့်ငွေမှာ ၅,၅၀၀ ကျပ် နီးပါးရှိသည်။ ထို့ကြောင့် ဈေးကွက်ထဲတွင် ပဲဆီဟုဆိုကာ ရောင်းချနေသော ဆီများ၏ ဈေးနှုန်းနှင့် ချိန်ထိုး စဉ်းစားပါက ယင်းဆီများမှာ ပဲဆီစစ်စစ် မဖြစ်နိုင်ပါ။

ဒေါက်တာ ကျော်စွာဦးက “ဆီမသန့်တဲ့အခါ ခန္ဓာကိုယ်တွင်းမှာ မကောင်းတဲ့ အဆီဓာတ်တွေ များလာရင်၊ သွေးထဲမှာ အဆီ ဓာတ်တွေ များလာ ရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြော ကျဉ်းတာတွေ က ဖြစ်လာနိုင်တယ်။ အသက်ငယ်ငယ်နဲ့ ဖြစ်တော့ နောက်ပိုင်းမှာ ဒီရောဂါတွေကြောင့် အသက်တိုသွားနိုင်တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် မကူးစက်နိုင်သော ရောဂါများကြောင့် သေဆုံးနှုန်း သည် နှစ်စဉ် အခြားသော သေဆုံးနှုန်းများ၏ ထက်ဝက်ကျော် ဖြစ်သော ၅၉ ရာခိုင်နှုန်းခန့် ရှိသည်။ မကူးစက်နိုင်သော ရောဂါများမှာ သွေး တိုး၊ နှလုံးသွေးကြော ကျဉ်း ရောဂါ၊ ဆီးချို သွေးချိုရောဂါ၊ ကင်ဆာ၊ နာတာရှည် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါများဖြစ်သည်။ သွေးတိုး၊ နှလုံး၊ ဆီးချိုနှင့်ကင်ဆာ ရောဂါများဖြစ်ပါက ရောဂါကို အမြစ်ပြတ် ပျောက် ကင်းအောင် ကုသ၍ မရနိုင်တော့ဘဲ ယင်းရောဂါများနှင့် နောက်ဆက် တွဲ ရောဂါများကြောင့် အသက်ဆုံးပါးသွားနိုင်သည်။

မကူးစက်နိုင်သော ရောဂါများသည် ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များ စားသုံးခြင်းနှင့် ကိုယ်လက် လှုပ်ရှားမှု နည်းခြင်းကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များသည် ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းသော အစားအသောက်များ ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြင့်ရွှေက ပြောပြသည်။

“အဆီလို့ဆိုရင် တိရစ္ဆာန်ကထုတ်တဲ့ ဝက်ဆီ၊ အမဲဆီ၊ နောက် စားအုန်းဆီ လည်း ပါတယ်။ ကျွန်တော်တို့ ဆေးပညာမှာ ပြည့်ဝဆီလို့ ခေါ်တယ်။ အဲဒီ ပြည့်ဝဆီတွေကို လျှော့သုံးဖို့လိုတယ်။ ဖြစ်နိုင်ရင် ရှောင်ရမယ်” ဟုလည်း ၎င်းကပြောသည်။ ပြည့်ဝဆီများကို စားသုံးခြင်းကြောင့် ရေရှည်တွင် သွေး တွင်း အဆီဓာတ်များကာ သွေးကြောဆိုင်ရာ ရောဂါများ၊ အသည်း အဆီဖုံးခြင်း၊ နှလုံးရောဂါနှင့် နောက်ဆက်တွဲ ရောဂါဆိုးများ ဖြစ်လာနိုင်သည်။

၂၀၁၄ ခုနှစ်အတွင်းက ကမ္တာ့ကျန်းမာရေး အဖွဲ့ (WHO) ၊ ကမ္ဘာ့ ဆီးချိုသွေးချို ဖောင်ဒေးရှင်း (WDF) နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း ကောက်ယူသော စစ်တမ်းအရ မြန်မာတစ်နိုင်ငံလုံးတွင် သွေးတွင်း အဆီများနေသူမှာ ၃၆.၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ဆီဟုဆိုလျှင် ကလေးမှအစ လူကြီးအဆုံး မည်သူမျှ မကင်းနိုင်ပေ။ နေ့စဉ် စားသုံးသော အစာအာဟာရများတွင် အဆီဓာတ် ပါဝင်သည်။ ထမင်းနှင့် ဟင်းကို အဓိက စားသုံးသော မြန်မာနိုင်ငံတွင် ဟင်းချက်ရာတွင် ဆီကို နစ်နေအောင် သုံးတတ်ကြသည်။ လမ်းဘေး စားသောက်ဆိုင် အများစုနှင့် မြန်မာ စားသောက်ဆိုင် တချို့ကို ကြည့်ပါကလည်း ငရုတ်ဆီရောင် ရဲရဲနှင့် ဆီပြန် ဟင်းမျိုးစုံမှာ နေရာယူလျက်။ ဆီကိုရေချိုး ဆေးရိုးမီးလှုံဆိုသည့် ဆိုရိုးစကား အတိုင်းပင်။

*** ဈေးကွက်ထဲက စားသုံးဆီ ဆိုတာ

စားသုံးဆီ အမျိုးမျိုးကို အမှတ်တံဆိပ် ကပ်ကာ ပါကင်ဘူးများဖြင့် ရောင်းချခြင်း များ ရှိသလို လက်လီဆိုင်များတွင် ပဲဆီ ရိုးရိုး၊ ပဲဆီသန့်၊ ရှယ်ပဲဆီ စသဖြင့် ရောနှောဆီ အမျိုးမျိုးကို ဒန်အိုး၊ ဒန်ချိုင့်များထဲထည့်ကာ ခွက်ခြင် ရောင်းချခြင်းများလည်း ရှိသည်။ ဆင်းရဲမွဲတေမှု ၂၆ ရာခိုင်နှုန်း ရှိနေသော မြန်မာနိုင်ငံတွင် လူအများစုသည် ခွက်ခြင် စနစ်ကိုသာ အားထားနေရဆဲ ဖြစ်သည်။

ထို့ကြောင့် ဈေးကွက်ထဲတွင် ရောင်းချနေသော စားသုံးဆီများ၏ အရည် အသွေးကို သိရှိနိုင်ရန် လက်လီလက်ကား ရောင်းဝယ် ဖောက်ကား ရာ ညောင်ပင်လေးဈေးနှင့် လှည်းတန်းဈေး အပြင်ဘက်တန်းမှ အိမ်ရှင်မအများစု ဝယ်ယူကြသော တစ်ပိသ၁ာ ၂,၅၀၀ ကျပ် နှင့် တစ်ပိသ၁ာ သုံးထောင်ကျပ်တန် ဆီနမူနာ နှစ်မျိုးကို ယူ၍ ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်း နှစ်ခုသို့ ပို့ဆောင်၍ ဓာတ်ခွဲ စမ်းသပ်ခဲ့သည်။

“ရလဒ်တွေအရတော့ မြေပဲဆီမစစ်ဘူး။ မြေပဲဆီဆို သူ့ Iodine Value (IV) က ရှစ်ဆယ်ကနေ ၁၀၆ ဖြစ်ရမှာ။ အခုက ခြောက်ဆယ်ကျော် ပဲရှိတယ်ဆိုတော့ မြေပဲဆီ မဟုတ်ဘူး” ဟု ဆီလုပ်ငန်းနှင့် ဆီထွက် သီးနှံဆိုင်ရာ အကြံပေး အဖွဲ့တစ်ဖွဲ့ဖြစ်သော Green Grain Group အဖွဲ့မှ ဒါရိုက်တာ အကြံပေးပညာရှင် ဦးသန်းဌေးက ပြောသည်။ မည်သည့်ဆီများ ရောစပ်ထားကြောင်း FAME Profile ဟုခေါ်သော အသေးစိတ် စစ်ဆေးမှု ရလဒ်အရ စားအုန်းဆီတွင် ပါဝင်သော ဓာတ်ပစ္စည်းများ လွှမ်းမိုးမှုရှိနေကြောင်း ဓာတ်ခွဲခန်းပညာရှင် တစ်ဦးကလည်း ပြောပြသည်။

*** ရောနှောဆီ ပြသ၁နာ

နိုင်ငံတကာတွင်လည်း ရောနှောဆီ(Blanded oil) ဈေးကွက်ရှိပြီး တွင်ကျယ်စွာ ရောင်းဝယ်နေကြကြောင်း၊ သို့သော် အဆိုပါ နိုင်ငံများတွင် ဥပဒေ စည်းမျဉ်း စည်းကမ်းများ (Blanded oil law, labeling law) ဖြင့် မှန်မှန်ကန်ကန် လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း ဆီစက်လုပ်ငန်းကို ၁၅ နှစ်ခန့် လုပ်ကိုင်ခဲ့သည့် မန္တလေးမှ ကိုကျော်ဆန်းလင်း က ပြောသည်။

ရောစပ်ရာတွင် အသုံးပြုသည့် ဆီများသည် ပြည်ပ နိုင်ငံများမှတင်သွင်း သည် ဖြစ်စေ ပြည်တွင်းထွက် ဆီများပင် ဖြစ်စေ ဈေးပေါပြီး ကျန်းမာရေး အန္တရာယ်ရှိသော စက်မှုလုပ်ငန်းသုံး ဆီများ ပါဝင်နေခြင်း၊ ပြည်တွင်းတွင် ပျက်စီးနေသော၊ ပုပ်နေသော ဆီထွက် သီးနှံများကို ကြိတ်ခွဲ ထုတ်လုပ် ထားသော ဆီများ၊ နည်းစနစ်တကျ သန့်စင်ထားခြင်း မရှိသော ဆီများ ပါဝင်နေခြင်း၊ ရောစပ်ရာတွင် အပူချိန်မြင့်မားစွာ ပေး၍ ရောစပ်နေကြခြင်း များ (Over 90'C)၊ အနံ့ (Artificial Flavor) ကို အချိန်အဆနှင့် နည်းစနစ် မှားယွင်းစွာ ရောစပ်နေကြခြင်း၊ ထုတ်လုပ်သည့် နိုင်ငံ၏ ထောက်ခံချက် မပါသည့် အနံ့ဆေးများကို အသုံးပြု ရောစပ်နေကြခြင်း စသည့် အကြောင်းရင်းများကြောင့် ရောစပ် အနံ့သုံးဆီများသည် ကျန်းမာရေး အန္တရာယ် ရှိနိုင်ကြောင်းလည်း ကိုကျော်ဆန်းလင်းက ဆက်ပြောပြသည်။

ရန်ကုန် လှိုင်မြို့နယ်နေ အိမ်ရှင်မတစ်ဦး ဖြစ်သူ မဖြူဖြူဇင်က “အညာက အသိတစ်ယောက်ကို ဆုံဆီ ၁၀ ပိသ၁ာ မှာလိုက်တဲ့အချိန်မှာ စားအုန်းဆီ ထည့်တဲ့ အဝါရောင်ပုံးနဲ့ ရောက်လာတယ်။ ဆက်စပ် တွေးကြည့်တော့ ဒီပုံးတွေ အညာမှာ ရောက်နေတယ် ဆိုကတည်းက သူတို့ဒါတွေ ကို ရောလို့ပေါ့။ အဲဒါကို နောက်ပိုင်းကျ ကြောက်လို့ မစားတော့ဘူး” ဟု ပြောသည်။ ဆုံဆီဆိုသည်မှာ မြေပဲဆန်ကို သစ်သားဆုံဖြင့် ကြိတ်ခွဲပြီး ရရှိလာသော ဆီဖြစ်သည်။

သစ်သားဆုံဖြင့် ကြိတ်ခြင်းသည် သံဆုံဖြင့် ကြိတ်သလို အပူချိန်မမြင့်၍ အအေးသား စနစ်ဖြင့်ကြိတ်ခွဲ ရရှိသောဆီ (Cold Press Oil) ဟူ၍ နိုင်ငံအများအပြားတွင် ခေါ်ဆိုကြပြီး ကျန်းမာရေးနှင့် အသင့်လျော်ဆုံး ဆီကြိတ် နည်းလမ်းတစ်ခု ဖြစ်သည်။ ပုံမှန်မြေပဲဆီ စစ်စစ်၏ အရောင်အသွေးသည် ဖြူဖျော့ဖျော့ အရောင်ဖြစ်ပြီး ဈေးကွက် အတွင်း ရောင်းချနေသော ပဲဆီများမှာ နနွမ်းရောင်ကဲ့သို့ ဝါဝင်းနေသည်ကို တွေ့ရသည်။ ထိုကဲ့သို့ ရွှေဝါရောင် တောက်နေသော ဆီများသည်လည်း မြေပဲဆီစစ်စစ် မဖြစ်နိုင်ကြောင်း ဦးသန်းဌေးက ပြောသည်။

“ဈေးထဲမှာ ကြည့်လိုက်လို့ သိပ်ဝါနေတာကြီးဆို ဒါ ပဲဆီမဟုတ်ဘူး။ တစ်ခုခု ရောထားတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။ သို့သော်လည်း လက်ရှိအချိန်တွင် ပြည်တွင်းထုတ် ပဲဆီ၊ နှမ်းဆီများကို ပြည်ပမှတင်သွင်းသော အခြား ဟင်းသီးဟင်းရွက် ဆီများဖြင့် ရောနှောကာ အရည်အသွေး ညံ့ဖျင်းအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းသည် ပုံမှန်ကိစ္စတခု ဖြစ်နေကြောင်း နယ်သာလန်နိုင်ငံ LEI Wageningen တက္ကသိုလ်နှင့် မြန်မာအစိုးရတို့ ၂၀၁၄ ခုနှစ်က ပူးပေါင်း လုပ်ဆောင်သော Business opportunities and food safety of the Myanmar edible oil sector စစ်တမ်းအရ သိရသည်။

အဆိုပါစစ်တမ်းသည် ရန်ကုန်မှ မြစ်ကြီးနားမြို့အထိ တစ်နိုင်ငံလုံး အတိုင်းတာဖြင့် ဆီစက်ရုံများသို့ ကွင်းဆင်းကာ ကောက်ယူ ခဲ့ခြင်း ဖြစ်သည်။ မြန်မာ့ရိုးရာ အစားအစာများ ဖြစ်သော ငါးခြောက်ဖုတ်၊ ပဲပြုတ်ထမင်း ဆီစမ်း၊ လက်ဖက်သုပ် စသည့် အစားအစာများကို စားရာတွင် ပဲဆီ နှမ်းဆီ အနံ့လေး မွှေးနေမှပင် သဘောကျတတ်ကြသည်။ ယင်းကို အခွင့်ကောင်းယူကာ တချို့က ဈေးသက်သာသော စားအုန်းဆီထဲသို့ ဓာတု အနံ့များထည့်ကာ ပဲဆီဟု လိမ်ညာရောင်းချလာခဲ့သည်။

မန္တလေးမြို့ရှိ အာရှသား ဆီစက်လုပ်ငန်းမှ ဦးသန်းလွင်က ဆီစက်လုပ်ငန်း လုပ်ရာတွင် ကုန်ကြမ်းခ၊ စက်လည်ရန်အတွက် မီတာခ၊ အလုပ်သမားခ စသည်ဖြင့် ကုန်ကျစရိတ်များ ရှိကြောင်း၊ အနံ့ထည့်ပဲဆီ ဈေးကွက် ကြီးထွားလာပြီးနောက် မှန်မှန်ကန်ကန် ထုတ်လုပ်ရောင်းချသူများ တွက်ခြေမကိုက်တော့၍ လုပ်ငန်း ရပ်ဆိုင်းသွားသူများလည်း ရှိကြောင်း ပြောပြသည်။

“အရင်တုန်းက နိုင်ငံတော်အစိုးရက ဆင်းရဲသားပြည်သူတွေ စားနိုင်အောင် စားအုန်းဆီကို သွင်းတာပေါ့ဗျာ။ အခုက ဆင်းရဲသားတွေက အဲဒီစားအုန်းဆီကို မစားတော့ဘူး။ အနံ့ထည့်တဲ့ဆီကို ပဲဆီဆိုပြီး စားနေတာ” ဟုလည်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက လားရှိုးမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနကလည်း ဆီထုတ်လုပ်နေသော နေရာများသို့ ကွင်းဆင်းစစ်ဆေးရာတွင် အမှန်တကယ် ဆီစက် လည်ပတ် ထုတ်လုပ်နေခြင်းထက် ပုံးဆီများကို မှာယူ၍ မိမိတို့ကိုယ်ပိုင် အမှတ်တံဆိပ်ကပ် ရောနှော ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ထုတ်ပြန်ခဲ့သေးသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ပါဝင်သော လားရှိုးမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယ ပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်း က “အဲဒီပဲဆီကို ဘယ်က ဝယ်သလဲဆိုတော့ မန္တလေးက ဆီစက်တွေကဝယ်ပြီး သူတို့ တံဆိပ်ကပ် ပြန်ရောင်းတယ်။ တချို့ကျ စားအုန်းဆီတွေ ဝယ်တယ်။ ဒီမှာ စားဆီအနေနဲ့ ပြန်ရောင်းတယ်” ဟု ပြောပြသည်။

*** ဓာတုပစ္စည်းများ အသုံးပြုနေ

ရန်ကုန်မြို့ရှိ ဓာတုပစ္စည်း ကုန်ကြမ်းများ ရောင်းချနေသော ကုန်ဈေးတန်းတွင် ဆီမခဲဆေးအပြင် ပဲဆီ အနံ့ဘူးများကိုလည်း ရောင်းချနေကြသည်။ သကြားနှင့် ဆင်တူသော ဆီမခဲဆေးအမှုန့်သည် တစ်ပေါင်လျှင် ၁၃,၀ဝ၀ ကျပ်ခန့် ဈေးရှိပြီး စားအုန်းဆီ တစ်ပေပါလျှင် ယင်း အမှုန့်ကို ထမင်းစားဇွန်း နှစ်ဇွန်းခန့် ထည့်၍ ရကြောင်း ရောင်းချသူက အညွှန်းပေးသည်။ ထို့အပြင် တရုတ်စာများ ရေးထားသော ပဲဆီအနံ့ ဘူးငယ်များကို ဂရိတ် အမျိုးမျိုးဖြင့် လည်းကောင်း၊ ပဲစိမ်းနံ့၊ ပဲလှော်နံ့ စသဖြင့် အနံ့အမျိုးမျိုးဖြင့် လည်းကောင်း တစ်လီတာလျှင် ၁၂,၀ဝ၀ ကျပ်မှစ၍ ၁၄,၀ဝ၀ ခန့်အထိ ရောင်းချလျက် ရှိသည်။

ယင်း ပါကင်ပိတ် ပဲဆီအနံ့ဘူးများကို ဈေးကွက်တွင် လက်လီ ခွဲမရောင်းပါ။ မြေပဲဆီအတု ပြုလုပ်ရောင်းချသူများက ပါကင် မဟုတ်ပါက အရောအနှောပါမည်ကို စိုးရိမ်ကာ မယုံကြည်၍ ဖြစ်သည်။ ဓာတုပစ္စည်းများသည် အများအားဖြင့် တရုတ်နိုင်ငံဘက်မှ ဝင်ရောက်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်လှမ်းမီသရွေ့ လိုက်လံစုံစမ်းကြည့်သော ဓာတ်ခွဲခန်းများတွင် ယင်းဓာတုပစ္စည်းများကို ဓာတ်ခွဲ စမ်းသပ်၍ မရသဖြင့် ဓာတုကျွမ်းကျင် ပညာရှင်များပင် မည်သည့် ဓာတုပစ္စည်းများ ဖြစ်ကြောင်း အဖြေမထုတ်နိုင်ပေ။

“အနံ့ဘူးဆို အနံ့က ပြင်းလွန်းတော့ သေချာတာကတော့ ဒါကို ရှူမိရင် ရေရှည်မှာ အဆုတ်တို့၊ အသက်ရှူလမ်းကြောင်း ရောဂါတို့ ဖြစ်လာနိုင် တယ်။ အဆုတ်ထဲ ယဉ်သွားပြီးရင် ပြန်ထွက်ဖို့ မလွယ်ဘူး”ဟု Green Grain Group အဖွဲ့မှ ဒါရိုက်တာ အကြံပေးပညာရှင် ဦးသန်းဌေးက ပြောသည်။

အစားအသောက် ပညာရှင် ဒေါက်တာစိုးခိုင်က စားသုံးဆီများကို သန့်စင်စေရန် Solvent (အရည်ပျော်စေသည့် သတ္တိရှိသော) ဓာတုပစ္စည်းများကို သုံးရပြီး Hexane (အရောင်အသွေး မရှိသော ဟိုက်ဒရိုကာဗွန် ဓာတ်ပေါင်းရည်) ဆိုသော Solvent ကို အများဆုံး အသုံးပြုကြကြောင်း၊ Hexane သည် ပင်ကိုအားဖြင့် ကင်ဆာရောဂါ ဖြစ်နိုင်သော ဓာတ်ပစ္စည်း တစ်မျိုးဖြစ်ရာ စနစ်တကျ မှန်ကန်တိကျစွာ အသုံးမပြုလျှင် စားသုံးသူများကို ကင်ဆာရောဂါမျိုးစုံ ဖြစ်စေနိုင်ကြောင်း ပြောသည်။

“အုန်းဆီ၊ စားအုန်းဆီ၊ ဟင်းရွက်ဆီခဲ (Magarine) တွေက ပြည့်ဝဆီ (Saturated fats) ဖြစ်လို့ အခန်းအပူချိန် အောက် အေးတဲ့ အနေအထားဆို အစိုင်အခဲတွေ ဖြစ်နေတတ်တယ်။ အဲဒီလို မဖြစ်ဖို့ ခုနကပြောတဲ့ Solvent တွေကို သုံးရတဲ့အတွက် ရောဂါတွေ ဖြစ်လာနိုင်တယ်” ဟုလည်း ဒေါက်တာ စိုးခိုင်က ပြောဆိုသည်။

*** ဈေးကွက်ထဲက ဘေးအန္တရာယ်

ကွန်ကရစ် အကြမ်းခင်းထားသော ရန်ကုန် ဘုရင့်နောင် ပွဲရုံရှေ့ လမ်းပေါ်နှင့် ပေနှစ်ဆယ်ခန့် အကျယ်ရှိ မှောင်ကုပ်ကုပ် ပွဲရုံခန်းထဲတွင် ဆီချိုးများတက်ပြီး ညစ်ပတ်ပေရေနေသော တိုင်ကီများသည် ဟိုတစ်စု၊ ဒီတစ်စု ပြန့်ကျဲလျက် ရှိသည်။ မည်းညစ်ပြီး ဆီကြေးများ အထပ်ထပ် တက်နေသော ယင်းတိုင်ကီများထဲတွင် လူအများစု စားသုံးကြသည့် စားအုန်းဆီများ ရှိနေသည်။ ပြည်တွင်းသို့ တရားဝင် ဝင်ရောက်သော စားအုန်းဆီများ၏ အရည်အသွေးနှင့် ပတ်သက်၍ တင်သွင်းခွင့်ပြုသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် တရားဝင် တင်သွင်းနေသော ဆီကုန်သည်များက အပြည့်အဝ တာဝန်ယူသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ တွဲဖက် အတွင်းရေးမှူး ဦးပိုင်ဖြိုးသန့် က “Normal trade (တရားဝင် လမ်းကြောင်း) နဲ့ ဝင်တဲ့ဆီက အကုန် ကျန်းမာရေး စစ်ဆေးပြီးမှ ဝင်တာ။ နိုင်ငံတော်လည်း အခွန်ရတယ်။ ပြည်သူတွေ အနေနဲ့လည်း ကျန်းမာရေး အာမခံချက် ရှိတယ်”ဟု ပြောသည်။ သို့သော်နယ်စပ်မှ တရားမဝင် တင်သွင်းလာသော ဆီများသည် အာမခံချက်မရှိသလို ပြည်တွင်းတွင် မည်မျှပျံ့နှံ့ ရောင်းချ နေသည် ဆိုသော ကိန်းဂဏန်း အချက်အလက်လည်း မရှိပေ။ ထို့အပြင် ပြည်တွင်း တွင် ရောင်းချနေသော စားသုံးဆီများနှင့် ပတ်သက်၍ ပြည်သူများ၏ ကျန်းမာရေးအပေါ် မည်ကဲ့သို့ သက်ရောက်နိုင်ကြောင်း သုတေသန ပြုလုပ်ထားသော စစ်တမ်းများလည်း ရှာမရပါ။

လက်ရှိအချိန်ထိ စားသုံးဆီဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ချက်နှင့် စည်းမျဉ်း သတ်မှတ်ချက်များ မရှိသဖြင့် စားသုံးဆီ များ၏ အရည်အသွေး နှင့် ဘေးအန္တရာယ် ကင်းမှုအခြေအနေကို မသိနိုင်ကြောင်း၊ အခြားသော ဘေးအန္တရာယ် ကင်းရှင်းရေး ပြသ၁နာ တစ်ရပ်မှာ ယခင်က ဓာတုဆီများ သိုလှောင်ထားသော ပုံးများဖြင့် စားသုံးဆီများကို သယ်ယူ သိုလှောင်ခြင်း ဖြစ်ကြောင်း Business opportunities and food safety of the Myanmar edible oil sector စစ်တမ်း အရ သိရသည်။

ဆက်ရန် …
သက်ထားဆွေ/ဧရာဝတီ
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.