မုံးကိုး ( သို့မဟုတ် ) နှစ် ၅၀ နီးပါး မငြိမ်းချမ်းတဲ့မြို့ || စိုင်းထွန်းအောင်လွင် ||


တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စုပေါင်းထား သည့် မြောက်ပိုင်း မဟာမိတ် အဖွဲ့တို့အကြား အပြင်းအထန် တိုက်ခိုက်နေကြ သည့် မုံးကိုးမြို့ကလေး၏ သမိုင်းမှာလည်း စိတ်ဝင်စားစရာပင်။ နှစ် ၆၀ ကျော် ပြည်တွင်းစစ် သမိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းပေါင်းစုံ ပေါ်ထွက်ခဲ့သည့် နည်းတူ မုံးကိုးမှာလည်း အဖွဲ့အစည်း ပေါင်း စုံ ခြေချခဲ့ဖူးသည့် နေရာ ဖြစ်နေခြင်းပင်။ ပြည်တွင်း စစ်သမိုင်းကို တစ်မူ ထူးခြားစေသည့် လှုပ်ရှားမှုများမှာလည်း အဆိုပါ မုံးကိုး ၊ မုံးပေါ် အစရှိ သည့် ဒေသများမှ ပေါ်ထွက်ခဲ့သည်သာ။ တရုတ်မြန်မာ နယ်စပ်မျဉ်းတွင် တည်ရှိပြီး မြို့တောင်ဘက်တွင် တောင်တန်းများ ကာရံထားသည့် မုံးကိုးမှာ ခေတ်အဆက်ဆက် လက်နက်ကိုင် အဖွဲ့များအတွက်လည်း သဘာဝက ပေးထားသည့် အကာအရံကို အသုံးချရန် အကောင်း ဆုံး နေရာ ပင်။ မြေပြန့်တွင် ရှိနေသည့် မုံးကိုးမှာ ၄င်းကို ကာရံထား သည့် တောင်တန်း များအပေါ် လက်နက်ကြီးဖြင့် ကျော်ပစ်ပါက တစ်ဖက်နိုင်ငံ အတွင်း ကျရောက် ရန် ရာနှုန်းများသည့် ဒေသလည်း ဖြစ်သည်။

**** ၁ ) ကိုလိုနီခေတ် မြောက်သိန္နီနယ်ထဲက မုံးကိုး

ကိုလိုနီခေတ် အစောပိုင်းက တရုတ်မြန်မာ နယ်စပ်ရှိ မူဆယ် ၊ နမ့်ခမ်းကဲ့သို့ ဒေသများ ၊ နမ္မတူ တစ်ခြမ်း ၊ ကွတ်ခိုင် ၊ လားရှိုး ၊ ကိုးကန့် နယ်တို့မှာ မြောက်သိန္နီစော်ဘွား ခွန်ဆန်တွန်ဟုန်း၏ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့သည်။ မိုင်းလင်းနယ်ရှိ တွန်ဟုန်းဆိုသည့် ဇာတိရွာအမည်ကို ခံယူ၍ နာမည် ခွန်ဆန်တွန်ဟုန်း ဖြစ်လာခြင်း ဖြစ်သည်ဟု လည်း ဆိုကြသည်။ အမှန်စင်စစ် ခွန်ဆန်တွန်ဟုန်းမှာ စော်ဘွားမျိုးရိုး အစဉ်အဆက်တော့ မဟုတ်ပေ။ သိန္နီနယ်မှာ ၁၆၀၀ ပြည့်နှစ်ကျော် ကာလက မောဝ်ရှမ်း နိုင် ငံတော် ပျက်သုဉ်းပြီးနောက် မျက်မှောက်ခေတ် ရှမ်းပြည်နယ်နိမိတ်နှင့် တွက်ပါက အကျယ်ပြန့်ဆုံး စော်ဘွားနယ်လည်း ဖြစ်သည်။ ၁၈၄၆ ခုနစ်တွင် နောက်ဆုံး ဆက်ခံခဲ့သည့် ဆိုင်နော်ဖမှာ သိန္နီနယ်၏ မျိုးရိုးစဉ်ဆက်အလိုက် စော်ဘွားရာထူး ဆက်ခံခဲ့သူအဖြစ် မှတ်တမ်း တင်နိုင်သည်ဟု ဆိုနိုင်ပေသည်။ အုပ်ချုပ်သည့် နယ်မြေကို နိုင်နင်းစွာ မအုပ်ချုပ်နိုင်သည့်အတွက် ယိုးဒယားနှင့် မြန်မာတို့ ကျိုင်းတုံတွင် ဖြစ်သည့် စစ်ပွဲတွင် မြန်မာဘက်မှ ရှမ်းတပ်များ ကိုယ်စား သွားရောက် တိုက်ခိုက်ပေး ခဲ့သူ တပ်မှူးဆန်ဟိုင်းဆိုသူမှာ သိန္နီစော်ဘွားကို ပုန်ကန်ခဲ့သူ ဖြစ်သည်။

ဆန်ဟိုင်း၏ သူပုန်အဖွဲ့မှာ အားကောင်းသည့်အတွက် မြန်မာဘုရင်ဘက် မှ နောက်ထပ် စော်ဘွားများ ခန့်အပ်ခဲ့သော်လည်း ထွက်ပြေးကြရသည်သာ။ သို့နှင့် ရတနာပုံ နေပြည်တော်ကို အင်္ဂလိပ် သိမ်းပိုက်ပြီးသည့် အချိန်တွင် ဆန်ဟိုင်း၏ သားတပည့်ဖြစ်သူ ခွန်ဆန်တွန်ဟုန်း ဆိုသူက နယ်ကို ချုပ်ကိုင် ထားခဲ့သည်။ ခွန်ဆန်တွန်ဟုန်း၏ သူပုန်တပ်တွင် သိန္နီမြောက်ပိုင်းမှ ကချင်တိုက်နယ် ၅၆ နယ်မှ ကချင်များလည်း ပါဝင်သည်။ အင်္ဂလိပ်များ ရှမ်းပြည် ရောက်မလာမီ မြန်မာဘုရင်ခန့် စော်ဘွားအချို့နှင့် မြင်စိုင်း မင်းသားတို့ ပူးပေါင်းသည့် တပ်နှင့် ခွန်ဆန်တွန်ဟုန်း ၊ သီပေါစော်ဘွားတို့ ပူးပေါင်းထားသည့် တပ်များအကြား တိုက်ပွဲများ ဖြစ်သော်လည်း ခွန်ဆန်တွန်ဟုန်းတို့ ဘက်ကသာ အသာရခဲ့လေသည်။ ၁၈၈၈ ခုနစ် တွင် သိန္နီနယ်ကို နှစ်ပိုင်း ခွဲလိုက်ကြောင်း ကြေညာလိုက်ပြီး ခွန်ဆန်တွန်ဟုန်း မှာ မြောက်သိန္နီနယ် ( ယခု သိန္နီမြို့၏ မြောက်ဘက်ခြမ်း တရုတ်နယ်စပ် အထိ ) မြို့အား အပိုင်စား ရယူခွင့်ရှိသည့် စော်ဘွားဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သံလွင် အရှေ့ဘက်ခြမ်းရှိ ကိုးကန့်နယ်မှာ ကိုးကန့်နှင့် တရုတ်လူမျိုးများ နေထိုင် ရာ ဒေသဖြစ်ခဲ့ပြီး သံလွင် အနောက်ဘက် ကမ်းတွင်လည်း ကျေးရွာအချို့တော့ ရှိခဲ့သည်သာ။ ယင်းကိုးကန့်နယ်ကို ဟိန်ခေါ် သူကြီးများက အဆက်ဆက် အုပ်ချုပ်ခဲ့ရာ နယ်ကလေး ၊ မြို့စားစသည့် အဆင့်ဆင့် ပြောင်းလဲပြီးနောက် လွတ်လပ်ရေးခေတ်သို့ ရောက်သည့်အခါ ကိုးကန့်ဒေသမှာ စော်ဘွား အုပ်ချုပ်သည့် ဒေသ ဖြစ်လာခဲ့သည်။

မြောက်သိန္နီစော်ဘွား အဖြစ် ရယူခဲ့သူ ခွန်ဆန်သည် ကချင်များကို စုစည်း ၍ တော်လှန်ပုန်ကန်ကာ စော်ဘွားရာထူး ရယူနိုင်ခဲ့ခြင်း ဖြစ်သော် လည်း စော်ဘွားဖြစ်ပြီးနောက် ကချင်အရေးကို မေ့လျော့နေခဲ့သည်။ မြောက် သိန္နီနယ် တစ်ခုလုံးကို ကြည့်ပါက အဆိုပါ ခေတ်အခါက ကချင်တိုက်နယ် ၅၆ နယ် ၊ ရှမ်းတိုက်နယ် ၄၅ နယ်သာဖြစ်ရာ ကချင်အရေးကို စော်ဘွား က မေ့လျော့နေသည့် အတွက် ၁၈၉၁ ခုနစ်တွင် သိန္နီမြိုကို ကချင်များ ၀ိုင်းထားမှုနှင့် ကြုံခဲ့ရသည်။ ကချင်အမျိုးသားများ၏ မကျေနပ်မှုကို မည်သူမျှ မနှစ်သိမ့်နိုင်သဖြင့် ၁၈၉၃ ခုနစ်တွင် ကချင်တောင်တန်းများကို အုပ်ချုပ်ရန် အင်္ဂလိပ်တစ်ဦးကို ခန့်ထားလိုက်ပြီး ကချင်တောင်တန်း စည်းမျဉ်းအရ ဒူဝါများကို အုပ်ချုပ်စေခဲ့သည်။ ကချင် Sub state ဟု ဆိုသော်လည်း နယ်အလိုက် ဒူဝါများက စော်ဘွားအောက်မှ အုပ်ချုပ်သည့် စနစ်သာဖြစ်ပြီး Federate Shan State ( ရှမ်းပြည် ) အတွင်းမှ ပြည်နယ်ခွဲအဆင့် အထိတော့ မဟုတ်ပါချေ။ သို့အတွက်ပင် ရှမ်းမြောက်မှ ကချင်ဒူဝါများအနက်မှ ကိုယ်စားလှယ် တစ်ဦးသာ ရှမ်းမြောက် ကချင်နယ်မြေ လူထု ကိုယ်စားလှယ်အဖြစ် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုး ခဲ့ရဟန်ရှိပါသည်။

ပဒေသရာဇ်ရှမ်းပြည် အုပ်ချုပ်ရေးမှာ စော်ဘွားများ အဓိကကျသော်လည်း သက်ဆိုင်ရာ ကျေးရွာအလိုက် အုပ်ချုပ်ရေးမှာ သက်ဆိုင်ရာ ကျေးရွာအလိုက် ရှမ်းရွာဆိုလျှင် ၊ ရှမ်းသူကြီး ကချင်ရွာဆိုလျှင် ကချင် ဒူဝါ ၊ ကိုးကန့်ရွာတွင် ဟိန် စသဖြင့် မျိုးနွယ်စုအလိုက် အကြီးအကဲ အုပ်ချုပ်မှုဖြင့်သာ အဓိက အုပ်ချုပ်ခဲ့သည်။

တရုတ်မြန်မာ နယ်စပ်ရှိ မုံးကိုးမှာလည်း မြေပြန့်တွင် ရှမ်းတောင်ပေါ်တွင် တခြားလူမျိုး ရှိသည့် ရှမ်းပြည်၏ သဘာဝ နည်းတူ လူမျိုးစုံရှိသော်လည်း ကိုလိုနီခေတ်တွင်တော့ သိန္နီစော်ဘွား လက်အောက်မှ မုံးကိုးမှာ ကိုလိုနီခေတ် တစ်လျှောက်တွင်တော့ ရှမ်းသူကြီး အုပ်ချုပ်သည့် နယ်မြေသာ ဖြစ်ခဲ့ပါသည်။ မုံးကိုးအရှေ့ဘက်ရှိ ဖောင်းဆိုင်မှာ ကချင်ဒူဝါ အုပ်ချုပ်သည့် နယ်မြေဖြစ်သည်။ တာမိုးညဲ ၊ မုန်းယားခွင်တွင် ကိုးကန့် ရွာအချို့နှင့် တရုတ်ရွာ အချို့မှာ မှာ ကိုလိုနီခေတ် ကတည်းက ရှိနေခဲ့ပြီးဖြစ်သည်။

**** ၂) လွတ်ရေးရပြီးနောက်ပိုင်း ပြည်တွင်းစစ်ကာလက မုံးကိုး

မုံးကိုးတွင် စစ်ဖြစ်သည်မှာ ယခုမှ မဟုတ်ဆိုသည်မှာလည်း အမှန်ပင်။ ဒုတိယကမ္ဘာစစ် ကာလအတွင်း မဟာမိတ် တပ်များနှင့် ချိတ်ဆက်သည့် ချန်ကေရှိတ် တပ်များ ၀င်ရောက်ခဲ့မှု ၊ မဟာမိတ် တပ်များမှာလည်း ရှမ်းပြည်နယ်တွင် တိုက်ခိုက်ခဲ့မှုများ ပေါ်ပေါက်ခဲ့သည့် အလျောက် နယ်စပ်ရှိ မုံးကိုးမှာလည်း အငြိမ်တော့ နေရခဲ့ဟန် မတူပေ။ ပြည်တွင်းစစ် ခေတ်ဦး ကာလတွင်တော့ မုံးကိုးကို အခြေပြုပြီး တရုတ်နယ်ထဲ ၀င်သွားခဲ့သည့် နာမည်ကျော် ကချင်တပ်မှူး တစ်ဦးရှိခဲ့သည်။ တရုတ်မြန်မာ နယ်စပ်ရှိ မုံးကိုးမှာ ကွတ်ခိုင် အရှေ့ဘက်ခြမ်းမှာ တက်လာပါက မုန်းစီး ဖောင်းဆိုင်တို့မှ တစ်ဆင့်သာ ရောက်နိုင်သလို တရုတ်မြန်မာ နယ်စပ်အတိုင်း မူဆယ်မှ လာပါက ပန်ဆိုင်း မုံးပေါ်တို့ကို ဖြတ်မှသာ တရုတ်မြန်မာ နယ်စပ် မုံးကိုးသို့ ရောက်နိုင်ပေသည်။

သို့အတွက် ၁၉၄၉ ၊ ၅၀ ၀န်းကျင်က တောခိုလာကြသည့် ဗိုလ်နော်ဆိုင်း အပါအ၀င် ကချင်ရဲဘော်များမှာ မုံးကိုးရွာမှ တစ်ဆင့် တရုတ်ပြည် အတွင်းသို့ ရောက်ရှိသွားခဲ့သည်။ ဒုတိယကမ္ဘာစစ် အတွင်းက နာမည်ကျော် စစ်သည်တစ်ဦး ဖြစ်ခဲ့သည့် ဗိုလ်နော်ဆိုင်းမှာ ကချင်အများစု၏ မူလ အိပ်မက်ဖြစ်ခဲ့သည့် ၀မ်ပေါင်နိုင်ငံ ထူထောင်ရေးအတွက် အိပ်မက်ခဲ့သလိုပင် ဟိမ၀န္တာမှ နီပေါကဲ့သို့ ကုန်းတွင်းပိတ် တောင်ပေါ် နိုင်ငံထူထောင်ရန် ဗိုလ်နော်ဆိုင်း စိတ်ကူး ယဉ်ခဲ့ပါသည်။ ထို့ကြောင့်ပင် ကချင်တပ် သားများနှင့် ပြင်ဦးလွင်ကို တိုက်ခိုက်ကာ နမ့်ခမ်းကိုလည်း တိုက်ခိုက်ခဲ့ပြီး ရှမ်းမြောက်ရှိ ကချင်ကျေးရွာများမှ တစ်ဆင့် မုံးကိုး ၊ ထိုမှ တစ်ဆင့် တရုတ်ပြည်ထဲသို့ ၀င်သွားခဲ့ခြင်း ဖြစ်သည်။

သို့သော် ဗိုလ်နော်ဆိုင်း၏ ကချင် နိုင်ငံတော် အိပ်မက်မှာ လက်တွေ့ဖြစ် မလာဘဲ တရုတ်ပြည်တွင် ကာလအတန်ကြာ အချိန်ဖြုန်း နေပြီးမှ သာ ပြန်ဝင်လာနိုင်ခဲ့သည်သာ။ သည်တစ်ကြိမ်တွင်တော့ သူ့ချည်းသီးသန့် မဟုတ်ဘဲ ဗမာပြည် ကွန်မြူနစ်ပါတီနှင့် အတူတူ တံဇဉ်အလံလွှင့်၍ပင်။ ဗြိတိသျှ Levis တပ်ဖွဲ့ဝင်ဟောင်း ဖြစ်ခဲ့ပြီး တိုက်ရည်ခိုက်ရည် ထက်မြက်သူ ဗိုလ်နော်ဆိုင်းမှာ ဂျပန်နှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများအတွင်း စွမ်းဆောင်ရည်များကြောင့် ဗြိတိသျှ အာဏာပိုင်များ၏ သူရဲကောင်းဆုတံဆိပ် ချီးမြှင့်ခံခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ်အပြီး ကန္ဒီစာချုပ်အရ ပြန်လည် ဖွဲ့စည်းသော မြန်မာ့တပ်မတော် တွင်လည်း တပ်ရင်းမှူးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ဗိုလ်နော်ဆိုင်းမှာ တရုတ်ပြည်တွင်း ခိုလှုံသွားကတည်းက မုံးကိုး နယ်ခြားရွာမှတစ်ဆင့် ရောက်ရှိသွားခဲ့ခြင်း ဖြစ် ပြီး ဗကပ နှင့်အတူ ပြန်ဝင်လာတော့လည်း မုံးကိုးမှ တစ်ဆင့် ၀င်လာခဲ့ရ သည်။

သူတို့ ပြန်ဝင်လာသည့် နေ့သည် မြန်မာပြည်တွင်း စစ်လမ်းကြောင်းနှင့် မုံးကိုးကျေးရွာ သမိုင်းကို အကြီးအကျယ် ပြောင်းလဲပေးလိုက်သည့် နေ့ လည်း ဖြစ်သည်။ တရုတ်မြန်မာ အရေးအခင်း ပြီးသည့်နောက် ပေကျင်း အစိုးရက ဗကပ ကို ပေါ်ပေါ်ထင်ထင် ထောက်ပံ့ရန် ဆုံးဖြတ်လိုက်သည်။ ၁၉၆၈ ခုနစ် နှစ်သစ်ကူး မနက် ဝေလီဝေလင်းအချိန်တွင် တရုတ်ဘက်မှ မန်ဟိုင်းနှင့် မြန်မာဘက်မှ မုံးကိုး အကြားချောင်းကို ဖြတ်၍ မုံးကိုးကို ၀င်ရောက် တိုက်ခိုက်ခဲ့သည်။

တစ်နာရီမပြည့်မီမှာပင် အစိုးရတပ်စခန်း ချေမှုန်းခံလိုက်ရပြီး တပ်မှူးကျသွား ခဲ့သည်။ ရက်ပိုင်းအတွင်းမှာပင် မုံးကိုးမှ တစ်ဆင့် အရှေ့ဘက် သံလွင်မြစ်နှင့် မုံးကိုးအရှေ့ဘက် ကိုးကန့်ဒေသသို့ ကွန်မြူနစ်တပ်များ ထိုးဖောက်လာခဲ့ရာ ၁၉၆၈ ခုနစ် မကုန်ခင်မှာပင် ဒေသတွင်း နယ်မြေ အမြောက်အမြားမှာ ဗကပ လက်တွင်းသို့ ကျသွားခဲ့သည်။ ရွှေလီမြစ် ၊ မြောက်ဘက် နမ့်ခမ်းနှင့် မူဆယ် တစ်ဖက်တွင် ရှိနေသော် မြန်မာပိုင် ခွန်ဟိုင်းနှင့် မန်းဟိုနယ်မှာလည်း တစ်ချိန်တည်းတွင် သိမ်းပိုက်ခံခဲ့ရသည်။ မုံးပေါ်ကိုမူ ၁၉၇၀ ခုနစ် မတ်လ ၂၁ ရက်နေ့က သိမ်းပိုက်ခဲ့သည်။ ဗကပများ သိမ်းပြီးနောက် မုံးကိုးမှာ ဗကပ၏ ဒေသအလိုက် ဌာနချုပ်များအနက် နေရာတစ်ခု ဖြစ်ခဲ့သည်။

မုံးကိုး နှင့် ဆက်စပ်ဒေသများ ဖြစ်သည့် ကွတ်ခိုင် အရှေ့ဘက်ရှိ သံလွင်မြစ် ၀ှမ်းနှင့် တရုတ်မြန်မာ နယ်စပ်အကြားရှိ ဒေသများအကြောင်း ပြောမည်ဆို လျှင် ကေအိုင်အေ အကြောင်းလည်း ပြောမှရမည်ထင်သည်။ မျက်မှောက်ခေတ် ကာလ ကေအိုင်အေ ဌာနချုပ်မှာ ကချင်ပြည်နယ် အတွင်း တွင် ဖြစ်သော်လည်း ကေအိုင်အေ စတင်ဖွဲ့စည်းခဲ့သည်မှာ ကချင်ပြည်နယ် တွင် မဟုတ်ပေ။ ရှမ်းမြောက် ဒေသတွင်သာ ဖြစ်သည်။ နော်ဆိုင်းနှင့် အဖွဲ့ တရုတ်ပြည်တွင် အားယူနေစဉ် နိုင်ငံတော် ဘာသာကို ဗုဒ္ဓဘာသာ အဖြစ် ကြေညာမှုမှ အစပြု၍ တရုတ်မြန်မာ နယ်ခြား ပြသ၁နာ ဖြေရှင်းမှုတွင် ကချင်ကျေးရွာအချို့ တရုတ်နယ်ထဲ ရောက်သွားခဲ့မှုမှ တစ်ဆင့် ကချင်လူငယ် ရာပေါင်းများစွာ သေနတ်ကိုင် တိုက်ခိုက်တော်လှန်ရန် ဖြစ်လာခဲ့သည်။ ကေ အိုင်အေ စတင်ဖွဲ့စည်းစတွင် လူအယောက် သုံးဆယ်သာ ပါဝင်ပြီး ဇော်ဆိုင်း ၊ ဇော်တူးနှင့် ဇော်ဒန် ညီအစ်ကို သုံးဦးက ဦးဆောင်ခဲ့ကာ ယခု ရှမ်းမြောက်ရှိ ကချင်လူမျိုးများ နေထိုင်ရာ ဒေသတွင် တော်လှန်ရေးစခဲ့ခြင်း ဖြစ်သည်။ ကေအိုင်အေမှာ ဗကပ အရှေ့မြောက် မရောက်ခင်ကပင် အဆိုပါဒေသတွင် စတင်နေပြီဖြစ်ရာ ဗကပ ၀င်လာတော့ နယ်လု၍ တိုက်ပွဲများ ဖြစ်ခဲ့ကြသေး သည်။ ဗိုလ်နော်ဆိုင်းမှာ “၀” တောင်တန်းတွင် အမဲလိုက်နေစဉ် သေ ဆုံးခဲ့သည်ဟု ဗကပ က ထုတ်ပြန်ခဲ့သော်လည်း ကချင်အများစုက မူ ကေအိုင်အေ နှင့် တိုက်ရန်အမိန့်ပေးပြီး မတိုက်သည့် အတွက် ဗကပ က ရှင်းပစ်လိုက်သည်ဟု ယုံကြည်ခဲ့ဟန် တူသည်။ တိုက်ပွဲများမှာ ၁၉၇၆ ခုနစ်လောက်အထိ ဖြစ်ခဲ့ပြီး ယင်းနောက်ပိုင်းတွင်မှ ဗကပ နှင့် အပစ်ရပ် စာချုပ် ချုပ်ဆိုမှုနှင့်အတူ နှစ်ဖက်တိုက်ပွဲများ ချုပ်ငြိမ်းခဲ့သည်။ ဗကပ မပြိုကွဲခင်အထိ ကေအိုင်အေ တပ်မဟာ ၄ ဌာနချုပ်မှာ မန်းပိန်း ဒေသတွင် ရှိနေခဲ့သည်။ မုံးကိုး မှ အရှေ့ဘက်ဖောင်းဆိုင်မှ တစ်ဆင့် ကိုးကန့်နယ်သို့ တရုတ်မြန်မာ နယ်စပ်အတိုင်း ၀င်သည့် လမ်းကြောင်းမှာ မြန်မာပြည် အရှေ့မြောက်ဒေသတွင် လှုပ်ရှားသည့် လက်နက်ကိုင်များ အတွက် အဓိကလမ်းကြောင်း ဖြစ်ခဲ့ပေသည်။

ရှမ်းလက်နက်ကိုင် တော်လှန်ရေးမှာ ၁၉၅၈ တွင် စတင်ခဲ့သော်လည်း ရှမ်းလက်နက်ကိုင် အများစုမှာ ရံဖန် ရံခါမှသာ အဆိုပါ ခွင်အတွင်း သို့ ရောက်ခဲ့သလို အရေအတွက် များများစားစားလည်း မရှိခဲ့ဘဲ နမ့်ခမ်း ၊ သီပေါ ၊ သိန္နီ ၊ မိုင်းရယ်၊ ကျေးသီး ၊ ကျောက်မဲ ၊ မိုးမိတ် ၊ နောင်ချို စသည့် ဒေသများတွင်သာ လှုပ်ရှားမှု များခဲ့ပါသည်။

**** ၃) န၀တ ၊ နအဖခေတ် မုံးကိုး

ဗကပ ပြိုကွဲပြီးနောက် ကိုးကန့် တပ်မှ ဖြစ်သည့် လီနင်မင်နှင့် မုန်ဆာလတို့၏ မုံးကိုး ကာကွယ်ရေး တပ် MDA မှာ မုံးကိုး ၊ ဖောင်းဆိုင်နှင့် မုန်းယား မုန်းဟောင်တို့တွင် အခြေချခဲ့သည်။ ၄င်းတို့မှာ MNDAA ဖုန်ကြားရှင်နှင့် မပြေလည်သူများ ဖြစ်သည့်အလျောက် န၀တ ခေတ်တွင် ကိုးကန့် MNDAA ၏ သြဇာမှာ ကိုးကန့်တောင်တန်း တွင်သာ တည်တော့ပြီး ကိုးကန့် နှင့် တရုတ်ရွာ အချို့ရှိသည့် သိန္နီမြောက်ဘက်ကွင်း ( တရုတ်မြန်မာ နယ်စပ် သံလွင်မြစ် အနောက်ဘက် တစ်လျှောက် ) တွင် MNDAA သြဇာ သိပ် မရှိတော့။ မုံးကိုးမှာ မြို့နယ်ခွဲ အဖြစ် သတ်မှတ် ခံလာခဲ့ရသည်။ ဗကပ ပြိုကွဲပြီးနောက် ဆယ်နှစ်လောက် အထိ မုံးကိုးသို့ တပ်မတော်မှ အခြေချနိုင် ခဲ့ခြင်း မရှိပေ။သို့သော် ကချင်လူမျိုးဖြစ်သည့် မုန်ဆာလနှင့် လီနင်မင်တို့၏ တပ်ဖွဲ့အကြား ဖြစ်ခဲ့သည့် ပဋိပက္ခကို အကြောင်းပြုပြီး မုံးကိုးနယ် အတွင်းသို့ တပ်မတော်က ၀င်ရောက် နေရာယူခဲ့သည်မှာ ယနေ့ခေတ်အထိပင်။ သို့သော် တပ်မတော်၏ နယ်မြေစိုးမိုးမှုမှာ အကန့်အသတ်ဖြင့်သာ။

**** ၄) မုံးကိုး ဒေသ အေးချမ်းရင် ၊ မြန်မာပြည် ငြိမ်းချမ်းသွားမလား

၂၀၁၁ ခုနစ် နောက်ပိုင်းတွင် အဆိုပါ ဒေသများတွင် ကိုးကန့် ၊ ကေအိုင်အေ စသည့်အဖွဲ့များ ပြန်လည် အားကောင်းလာခဲ့သည်။ ဗကပ ပြိုကွဲပြီးနောက် လက်နက်ကိုင် ပဋိပက္ခပြသ၁နာ လျော့နည်းသွားမည်ဟု စစ်အစိုးရ၏ တွက်ချက်မှု မှာလည်း လက်ရှိ အနေထားအရ ဆိုလျှင် မှန်ကန်ခဲ့သည်ဟု မဆိုနိုင်ပါ။ ဗကပ ပြိုကွဲပြီးနောက် ရှမ်းမြောက် မူဆယ်လမ်းမှ တစ်ဆင့် ကူးသန်း သွားလာမှုများ များပြားလာသော်လည်း ဖွံ့ဖြိုးမှု နိမ့်ကျသည့် ဧရိယာမှာ အမြောက်အမြား ရှိနေပြီး ဒေသတွင်း နေထိုင်သည့် မျိုးနွယ်စုများဘ၀မှာ ထူးခြားမှု သိပ်မရှိခဲ့သလို ၊ မူဆယ်လမ်းမ တစ်လျှောက် အခွန်အခနှင့် လမ်းကြေး တံတားကြေးများမှာလည်း ဗဟိုအစိုးရနှင့် အေး ရှားဝေါလ် ကုမ္ပဏီတို့ အတွက်သာ အဓိကလိုလို ဖြစ်နေသည်။ ချုပ်ကြည့် လျှင် ပြည်တွင်းစစ် ခေတ်ဦးပိုင်း ကတည်းက လက်နက်ကိုင် လှုပ်ရှားမှုများ အခြေပြုခဲ့ရာ မုံးကိုးမှာ ယခုအထိ မတည်ငြိမ်သလို လတ်တလော မြို့တွင်း တိုက်ပွဲများဖြင့် ဒေသခံ ထောင်ပေါင်းများစွာမှာ တရုတ်ပြည်အတွင်း နေရပ် စွန့်ခွာ ထွက်ပြေးနေရသည်။ ယုတ်စွအဆုံး န၀တ ၊ နအဖ လက်ထက် ယာယီ အပစ်ရပ်စဲရေး ကာလတွင်ပင် မုံးကိုး ဒေသမှာ မူးယစ်ပြသ၁နာ ၊ တိုက်ပွဲ ပြသ၁နာများနှင့် လုံးပန်းနေခဲ့သည်သာ။ ဒေသတွင်း ပြည်သူ့စစ် အဖွဲ့များ ရှိနေသော်လည်း အဆိုပါ ဒေသတွင် အခြေလာစိုက်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှာ အားကောင်းမြဲ အားကောင်းဆဲပင်။ ယင်းအချက်က အဆိုပါ ပြည်သူ့စစ်များ ရှိနေလျက်နှင့် မည်သည့် အတွက်ကြောင့် အစိုးရအား တော်လှန် ပုန်ကန်သည့် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့များ ပြန်လည် အားကောင်းလာရသည် ဆိုသည်မှာ အထူး အထွေပင် ရှင်းပြရန် လိုအပ်မည် မထင်။ ဒေသခံ မထောက်ဘဲနှင့်လည်း အင်အားကောင်းရန် မလွယ်လှချေ။ ယခု လတ်တလော မြောက်ပိုင်း မဟာမိတ် အဖွဲ့နှင့် တပ်မတော်တို့ တိုက်ပွဲများတွင်လည်း မုံးကိုးဒေသမှာ အခရာ ဖြစ်နေသည်။

မည်သို့ပင်ဆိုစေ နှစ် ၅၀ နီးပါး မတည်မငြိမ် ဖြစ်ခဲ့သည့် မုံးကိုးဒေသ ကို အေးချမ်းစေချင် လှပါသည်။ တစ်ဆက် တည်းမှာပင် ခေတ်အဆက်ဆက် လက်နက်ကိုင် အဖွဲ့များ အခြေချခဲ့သည့် မုံးကိုးဒေသ အေးချမ်းပါက မြန် မာပြည် ငြိမ်းချမ်းရေး ရသွားမလား ဆိုသည်ကိုလည်း တွေးဆနေမိသည်။

Ref; Land of Jade / ဦးအုန်းဖေ ( ပင်လုံစစ်တမ်း )
စိုင်းထွန်းအောင်လွင်
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.